ပြဇာတ်

ဝီကီပီးဒီးယား မှ

ပြဇာတ် (drama) ဟူသည် ဆိုလိုသည့်အဖြစ်အပျက် တစ်စုံတရာကို ပွဲကြည့်သူတို့တွင် စိတ်တွင် ထင်ရှားပေါ်လွင်လာစေရန် လူကိုယ်တိုင်ထွက်၍ သရုပ်ဖော်ပြသရသည့် အနုပညာတစ်ရပ် ဖြစ်သည်။[၁]

အိန္ဒိယ ပြဇာတ်တစ်ခု

အဓိပ္ပာယ်[ပြင်ဆင်ရန်]

ပြဇာတ်ဆိုသည့် စကားလုံးမှာ မြန်မာစကား 'ပြ' နှင့် ပါဠိပျက် 'ဇာတ်' စကား ၂ လုံးကို ပေါင်း ထားသောစကားရပ်ဖြစ်သည်။ ' ပြ ' ဆိုသည်မှာ မျက်စိနှင့် မြင်ရအောင် ပြုလုပ်ပေးခြင်းဟု အဓိပ္ပာယ်ရ၍ ' ဇာတ် ' ဆိုသောစကားမှာ ဖြစ်ခဲ့ပြီးအရာနှင့် စပ်ဆိုင်သောဟု အဓိပ္ပာယ်ရသော ' ဇာတက' မှလာသည်။ ထိုကြောင့် ပြဇာတ်ဟူသည် အဖြစ်ကို ပြချက်ဟု အဓိပ္ပာယ်ရသည်။ မျက်စိဖြင့်ကြည့်ပြီး နားလည်ရသော အဖြစ်အပျက် (သို့မဟုတ်) ဇာတ်ကို ပြဇာတ်ဟုသမုတ်ကြသည်။


သမိုင်း[ပြင်ဆင်ရန်]

ပြဇာတ်များသည် ရှေးပဝေသဏီခေတ်မှ ယခုတိုင် ဘာသာနိုင်ငံမရွေး၊ လူမျိုးမရွေး အသီးသီး မိမိတို့၏ထုံးစံဓလေ့အလျောက် ပေါ်ပေါက်ခဲ့ကြသည်။ ရှေးနှစ်ပေါင်း ၆ဝဝ ခန့်က အီဂျစ်နိုင်ငံ နိုင်းမြစ်တစ်လျှောက်တွင် နတ်များကို ပူဇော်ပသရာ၌ ကခုန်ကြရာမှစ၍ ပြဇာတ်အခြေခံများ ပေါ်လာသည်။ အဗိုင်ဒေါ့၊ သို့မဟုတ် အိုဆိုင်းရစ်ခေါ် ပြဇာတ်သည် အိုဆိုင်းရစ်နတ်အကြောင်း သရုပ်ဖော်ပြသော အီဂျစ်ပြဇာတ် ဖြစ် သည်။ နတ်ကိုးကွယ်သည့်အလေ့သည် အီဂျစ်နိုင်ငံမှ ဂရိနိုင်ငံသို့ ကူးစက်ခဲ့သည့် နည်းတူ၊ ယင်းကိုမှီ၍ ဖြစ်ပေါ်လာသော ကပွဲများသည်လည်း ရောက်ရှိလာခဲ့သည်။ ဂရိနိုင်ငံတွင် ဒိုင်အိုနိုင်းဆပ်ခေါ် ဗက်ကပ်နတ် အား ပူဇော်ပွဲများတွင် ကခုန်ပွဲများ ကျင်းပကြသည်။

ဂရိနတ်ပွဲများသည် ဆိုင်ရာနတ်ကွန်း သို့မဟုတ် အိမ်နေရာတည်း၌သာ ကျင်းပလေ့မရှိဘဲ မြို့ရွာ လမ်းပေါ်ရှိ မြို့ရွာလမ်းပေါ်ရှိ လမ်းကြီး လမ်းငယ် အသွယ်သွယ်တို့တွင် လှည့်လည်ကခုန်ကြ ခြင်းသာဖြစ်သည်။ မကြာမီ ယင်းကခုန်ပွဲများအတွက် နတ်ချင်းများ တင်ကြိုရေးသားကြသည်။ တဖြည်းဖြည်းနှင့် ယင်းကခုန်ပွဲများသည် ယခင်ကထက် ပို၍ဇာတ်ဟန် ပါလာသည်။ ပါဝင်ကပြသူများသည် သဏ္ဌာန်လုပ် သရုပ်တူအောင် ဝတ်စားဆင်ယင်ကြသည်။

နတ်အခန်းမှ ပါရသူသည် နတ်ဝတ်တန်ဆာဝတ်၍၊ တိရစ္ဆာန်အခန်းမှ ပါရသူသည် တိရစ္ဆာန်အဆောင်းကို ဆောင်းကြရသည်။ ဆိုင်ရာ ဆိုင်ရာအခန်းများတွင် သီဆိုရန် အထူး သီကုံးထားသော သီချင်းများကို ထိုသူတို့က သီဆိုကြရသည်။ ပထမသော် ကပြသူနှစ်ဦးခန့်သာ ရှိ၍ နောက် မကြာမီ တစ်ယောက်တိုးလာပြီးလျှင် အချီအချ စကားပြောဟန်များကို ထည့်သွင်းလာကြသည်။

ဂရိပြဇာတ်လောကတွင် ရှေးဦးပေါ်ပေါက်သူမှာ အက်စကိလပ် ဖြစ်သည်။ အက်စကိလပ် ခေတ် မတိုင်မီက ပွဲတော်များ၌ ဆိတ်ရေများ ဝတ်ဆင်ထားသူ တစုသည် ယိမ်းသားများပမာ သီချင်းတစ်ပုဒ်ကို သံ ပြိုင်သီဆိုပြီးနောက်က၍ ယိမ်းခေါင်းဆောင်က နတ်မင်း၏ အကြောင်း လင်္ကာတစ်ပုဒ်ကို ရွတ်ဆိုလေသည်။ သို့ရာတွင် အက်စကိလပ်ကမူ ယိမ်းခေါင်းဆောင် တစ်ဦးတည်း လင်္ကာရွတ်ရသည့်နေရာတွင် ဇာတ်ကောင် ၂ ဦး အပြန်အလှန် စကားပြောခန်းကို ထည့်သွင်းပေးသည်။

ထို့ပြင်ပြကွက်တခန်းတည်း မဟုတ်တော့ဘဲအခန်း ခွဲပြစေသည်။ ယင်းသို့ဖြင့် ယခုပြဇာတ်သဘောမျိုး စတင်ခဲ့သည်။ သို့ရာတွင် ဇာတ်ကောင်များသည် ဟန်အမူ အရာ သရုပ်မပါလှသဖြင့် အက်စကိလပ်သည် ပြဇာတ် ၉ဝ ခန့် ရေးခဲ့သည့်အနက် 'ပရိုမီးသယူးဗောင်း' ပြဇာတ်အပါအဝင် ပြဇာတ် ခုနှစ်ခုသာ ယနေ့တိုင် မပျောက်မပျက် ကျန်ခဲ့သည်။

အက်စကိလပ်နောက် ထင်ရှားသော ဂရိပြဇာတ်ဆရာကြီးမှာ ဆောဖကလီ ဖြစ်သည်။ သူသည် ပန်းချီဆရာလည်း ဖြစ်သည့်အလျောက် သူ့ပြဇာတ်များတွင် အခမ်းအနားတွင် ရှုခင်းများကို ထည့်သွင်းသရုပ် ဖော်ခြင်း ပြုလာသည်။ အိမ်အခမ်းအနား ပြချင်သည့်အခါ အိမ်တံခါးပေါက်ပုံ ရေးခြယ်၍ ပြရလေသည်။ ဆောဖကလီ၏ ပြဇာတ်များမှ ဇာတ်ကောင်များသည် ရှေးဇာတ်ကောင်များထက် ဟန်အမူအရာ ပါလာသော် လည်း သဘာဝကျရမည်ထက် ပိုလွန်းနေ၏။

သူသည်လည်း ပြဇာတ်ပေါင်း ၁၅ဝ ကျော်ရေးခဲ့သည့်အနက် အီးဒီးပတ်ဘုရင် ပြဇာတ်အပါအဝင် ပြဇာတ်ခုနှစ်ခုသာ ကျန်ခဲ့သည်။ ဆောဖကလီနှင့် ခေတ်ပြိုင်လည်းဖြစ် ပညာပြိုင်ဖက်လည်းဖြစ်သော ယူရစ်ပီးဒီ၏ ပြဇာတ်များကား ဖတ်ရန်ရော ကပြရန်ပါ အထူးကောင်းမွန်သဖြင့် လူကြိုက်အလွန်များသည်။ ယူရစ်ပီးဒီးသည် သူ၏ပြဇာတ်များ၌ လွမ်းခန်းဖော်၍ အတော်အသင့် လွမ်းစေပြီးနောက် စိတ်ပေါ့ပါးသွားစေရန် တေးကဗျာသီဆိုသည့် အခန်းမျိုးကို ထည့်ပေးလေသည်။ သူသည် ပြဇာတ် ၉ဝ ရေးခဲ့သည့်အနက် ပြဇာတ် ၁၈ ခုမျှ ယနေ့တိုင် မပျောက်မပျက် ကျန်လျက်ရှိသည်။

ဂရိအသော ပြဇာတ်များသည် အလွမ်းပြဇာတ်များနောက်မှ ပေါ်ပေါက်ခဲ့သည်။ ယင်းတို့သည်လည်း စက်တင်ဘာလ ကောက်သိမ်းပွဲတွင် ဆိုင်ရာနတ်မင်းအား ပူဇော်ပွဲမှ စတင်ခဲ့ခြင်းဖြစ်၏။ ထင်ရှားသော အသောပြဇာတ်ရေး ပုဂ္ဂိုလ်ကြီးများမှာ အယ်ရစ္စတော့ဖနီးနှင့် မီနန်ဒါတို့ဖြစ်သည်။

အယ်ရစ္စတော့ဖနီး၏ ပြဇာတ်များသည် ထိုခေတ်က ပေါင်းသင်းဆက်ဆံရေးနှင့် နိုင်ငံရေးတို့ကို သရော်ထားချက်များသည်။ မီနန်ဒါ၏ပြဇာတ်များသည် လူတို့၏ မိုက်မဲမှုကို သရုပ်ဖော်ထားသည်။ မိန်မများ နိုင်ငံရေး၌ ဝင်စွက်သည်ကို မကြိုက်သော ထိုခေတ်က အမျိုးသမီးများ အသောဇာတ်ကို ကြည့်ခွင့်မရှိချေ။

ဂရိပြဇာတ်များ၏ ဇာတ်လမ်းသည် လူအများသိပြီးသော ဂရိထုံးဟောင်းပုံပြင်မှ ဝတ္ထုသွားကို ဇာတ်အိမ်ဖွဲ့ကာ ကပြခြင်းဖြစ်သည်။ ဂရိတို့သည် ကြမ်းခန်းနှင့် သေကြေပျက်စီးခန်းမျိုးကို ပြသခြင်းမပြုဘဲ၊ ယင်းသည့် အခန်းမျိုးကို ကြေညာခြင်းဖြင့်သာ ပရိသတ်ကို သိရှိစေသည်။ ဇာတ်ကပြရာတွင် မိန်းမမင်းသမီးများမပါဝင်ဘဲ ယောက်ျားမင်းသမီးများသာ ကပြကြ၏။

အသောပြဇာတ်များတွင် ပါဝင်ပြသူများသည် ရယ်စရာကောင်းသော ကိုယ်ကျပ်လက်ပြတ် အင်္ကျီများကို ဝတ်ဆင်ပြီးလျှင် အချိုးမကျသော မျက်နှာဖုံးများ စွပ်ထားကြ၏။ အလွမ်းပြဇာတ် ကပြသူများကမူ ရှည်လျားသော အပေါ်အင်္ကျီဝတ်၍ ဝမ်းနည်းခြင်းကို ဖော်ပြသော မျက်နှာဖုံးများနှင့် အရပ်ထွက်လာစေသော ခုံမြင့်ဖိနပ်များကို ဝတ်ဆင်ကြ၏။

ဂရိနိုင်ငံကို ရောမလူမျိုးတို့ သိမ်းပိုက်လိုက်သည့်အခါ ရောမတို့သည် ဂရိတို့ထံမှ အနုပညာ အတတ်မျိုးစုံကို အမွေခံရရှိလိုက်သည်။ ယင်းတို့အနက် ပြဇာတ်ပညာလည်း တစ်ခုအပါအဝင် ဖြစ်သည်။ သို့ရာတွင် ရောမလူမျိုးတို့ လက်ထဲ၌ ပြဇာတ်ပညာသည် တိုးတက်လာခြင်းမရှိချေ။ ယင်းခေတ်က ထင်ရှားခဲ့သော လက်တင်ပြဇာတ်ဆရာကြီး သုံးဦးမှာ ပလော့တပ်၊ တားရင်းနှင့် ဆီနီကာတို့ ဖြစ်သည်။ ပလော့တပ်နှင့် တားရင်းတို့၏ အသောပြဇာတ်များကို ရံဖန်ရံခါပင် စင်တင်ကပြသော်လည်း၊ ဆီနီကာ၏ အလွမ်းပြဇာတ်ကိုမူ တစ်ကြိမ်တစ်ခါမျှ ကပြခြင်းရှိခဲ့ဟန် မတူချေ။ အဘယ်ကြောင့်ဆိုသော် ဂရိတို့သည် အလွမ်းဇာတ်ရော အသောဇာတ်ပါအားပေးကြသော်လည်း ရောမလူမျိုးတို့သည် စစ်၌ဝါသနာထုံသူများ ဖြစ်သည့်အလျောက် အလွမ်း ဇာတ်ကို မနှစ်သက်သောကြောင့် ဖြစ်သည်။

ရောမတို့သည် ဇာတ်ညွှန်းကောင်းမွန်ရေးထက် ဇာတ်ခုံအခင်းအကျင်း ကောင်းမွန်ရေးကို ပိုမိုဂရုစိုက်ကြရာ၊ ရောမပြဇာတ် အဆင့်အတန်းသည် တဖြည်းဖြည်း နိမ့်ကျသွားလေသည်။ ယခင်က ပူဇော်ပသမှုကို အခြေခံထား၍ ကပြခဲ့သော ပြဇာတ်များသည် မူးယစ်ပျော်ပါး စားသောက်ပွဲ တို့၌ အဝတ်ချည်းစည်းနှင့် ကချေသည်မများ ကပြအသုံးတော်ခံကြသည့် အဆင့်သို့ လျှောကျသွားလေသည်။ အေဒီ ၆ ရာစုနှစ်တွင် ရောမအင်ပိုင်ယာကို မြောက်ဘက်မှ ဝင်ရောက်သိမ်းပိုက်သော လူရိုင်းတို့သည် ပြဇာတ်များကို လုံးဝပိတ်ပင်လိုက်ရာ၊ ယင်းခေတ်မှ နှစ်ပေါင်း ၅ဝဝ အတွင်း ဥရောပပြဇာတ်သမိုင်းတွင် အမှောင်ခေတ်ကြီးဖြစ်လေသည်။ သို့ရာတွင် ပြဇာတ်ညာဉ်ကား ရှင်းရှင်းပျောက်ကွယ်သွားခြင်း မရှိခဲ့ဘဲ အငွေ့အသက်ရှိနေသေးသည်။

အနောက်တိုင်းပြဇာတ်[ပြင်ဆင်ရန်]

ခရစ်နှစ် ၁ဝဝဝ ခန့်တွင် ပြင်သစ်အင်္ဂလန်စပိန်အီတလီ၊ ဂျာမနီစသော ဥရောပနိုင်ငံများ၌ သမ္မာကျမ်းဝင်ပုံပြင် ပြဇာတ်များကို ဘုရားရှိခိုးကျောင်းဝင်းများအတွင်း၌ ဘုန်းကြီးများ ကိုယ်တိုင် စီမံ ခင်းကျင်းပြသရာမှစ၍ ပြဇာတ်ခေတ် ထလာပြန်သည်။ ယင်းမှ တစ်စတစ်စ ရာသီဥတုသာယာသောအခါ သမယဖြစ်သည့် မေဒေးနေ့နှင့် အီစတာပွဲတော်နေ့များတွင် ကျေးရွာသူ ကျေးရွာသားများသည် နီးရာမြို့စားကြီးများ၏ ရဲတိုက်များသို့ သွားရောက်ကာ ရော်ဗင်ဟု၊ မိတ်မာရီယန်၊ စိန့်ဂျော့နှင့် နဂါးစသော ပုံပြင်များကို ဇာတ်ခင်းကပြ ဖျော်ဖြေကြသည်။ မကြာမီ ယင်းသို့ကြပြဖျော်ဖြေမှုများသည် အယူဝါဒနှင့် ကင်းဝေးကာ အရပ်ပြဇာတ်သဘောသို့ သက်လျောကျဆင်းသွားကြ၏။ အပြန်အလှန် ပြောဆိုရာတွင်လည်း လက်တင် ဘာသာအစား အရပ်သုံးစကားများကိုသာ သုံးစွဲကြလေတော့သည်။ အင်္ဂလန်နိုင်ငံ၏ ပထမဆုံး အသောပြဇာတ်သည် ၁၅၃၃-ခုနှစ်က နစ်ကလာတ် ဥဒါးရေးသော ရပ်ရွိုက်စတာဒွိုက်စတာ ပြဇာတ်သည် ရောမပြဇာတ်ဆရာကြီး ပလောတပ်၏ ပြဇာတ်များကို အတုခိုးထားခြင်းဖြစ်၍၊ ၁၅၆၁-ခုနှစ်က တောမတ်ဆက်ဗေးနှင့် တောမတ်နော်တန်တို့ ရေးသားသော 'ဂေါ်ဗိုးဒျု ' အလွမ်းပြဇာတ်သည် ရောမအလွမ်းပြဇာတ်ရေး ဆရာကြီး ဆီနီကာ၏ အရေးအသားများကို အတုခိုးထားခြင်းဖြစ်သည်။ သူသည် အကကျော် ရစ်ချက်ဗားဗေ့ စသည်တို့နှင့်အတူ ပူးပေါင်း၍ ဂလုပ်ဇာတ်ရုံကြီးပင် တည်ဆောက်ခဲ့၏။

ရှိတ်စပီးယားနှင့် ခေတ်ပြိုင်ထွန်းကားသော အင်္ဂလိပ်ပြဇာတ်ရေး ဆရာကြီးများမှာ ခရစ္စတိုဖာ မာလိုနှင့် ဗင်ဂျွန်ဆင်တို့ဖြစ်သည်။ မာလို၏ ဒေါက်တာ ဖော့စတပ်၊ တမ်းဗားလိမ်းစသော ပြဇာတ်များသည် လည်းကောင်း၊ ဗင်ဂျွန်ဆင်၏ ဗောလပုန်း၊ အဂ္ဂိရတ်ဆရာ၊ ဆိတ်ဆိတ်နေသော အမျိုးသမီးစသည့် ပြဇာတ် များသည်လည်းကောင်း ရှိတ်စပီးယား၏ ပြဇာတ်များနှင့် အပြိုင်အဆိုင် ပေါ်ထွက်လာကြသည်။

အင်္ဂလန်၌ ရှိတ်စပီးယား၊ မာလိုနှင့် ဗင်ဂျွန်ဆင်တို့၏ပြဇာတ်များ ခေတ်စားနေချိန်တွင် ပြင်သစ်နိုင်ငံ၌လည်း ပြဇာတ်များခေတ်ကောင်းလျက် ရှိသည်။ ထယ်ဝါခန့်ညား၍ အသောမပါ၊ လွန်စွာ သဘာဝကျသော အလွမ်းဇာတ်များကို ရေးသားကြသူ ကော်နေးယီးနှင့် ရဆင်းတို့သည်လည်းကောင်း၊ အသော ပြဇာတ်ရေးဆရာကြီး မော်လျဲသည်လည်းကောင်း ယင်းခေတ်ပေါ်ထင်ရှားသော ပြဇာတ်ရေးဆရာကြီးများဖြစ်သည်။ ထိုခေတ်ပြင်သစ်ပြဇာတ်ရေး ဆရာကြီးများသည် ရှေးထုံးစဉ်လာကို အင်္ဂလန် ပြဇာတ်ရေးဆရာကြီးများထက် ပို၍လေးစားသမှုပြုသည်။ လိုပေးသေဗေးဂါ၊ ကာလဒေရွန်ဒေလာဗာကာ စသော စပိန်ပြဇာတ် ဆရာကြီးများသည်လည်း ယင်းခေတ်ပေါ် ထင်ရှားသော ပုဂ္ဂိုလ်ကြီးများဖြစ်သည်။

ရှိတ်စပီးယားမရှိသည့်နောက် အင်္ဂလိပ်ပြဇာတ် အဆင့်အတန်းသည် ရုတ်ခြည်းနိမ့်ဆင်းသွားခဲ့သည်။ (၁၇)ရာစုနှစ်တွင် ထင်ရှားသော ပြဇာတ်ဆရာ ဂျွန်ဝက်ဗစတား၏အလွမ်း ပြဇာတ်များသည် ရှိတ်စပီးယား၏ အလွမ်းပြဇာတ်များနှင့် မယိုးမစွဲလိုက်ခဲ့သော်လည်း မှီသည်ဟူ၍ကား မဆိုနိုင်ပေ။ ဗိုးမွန့်၊ ဖလက်ချာ၊ မက်ဆင်ဂျာ၊ ဖို့နှင့် မစ်ဒယ်လတန်တို့၏ ပြဇာတ်များသည်လည်း ဇာတ်ကွက်ကောင်း ဇာတ်ခန်းကောင်းများ ပါလင့်ကစား ရှိတ်စပီးယား ပြဇာတ်များကို မမှီနိုင်ကြပေ။

၁၈ ရာစုနှစ်များတွင် အင်္ဂလိပ်ပြဇာတ်ခေတ် အနည်းငယ်ပြန်လည် ကောင်းမွန်လာလေသည်။ ယင်းခေတ်၌ ထင်ရှားသော ပြဇာတ်ရေးဆရာများမှာ ဂိုးစမစ်နှင့် ရှရီဒန်တို့ ဖြစ်ကြသည်။ ဥရောပ ပြဇာတ် ဆရာကျော်များလည်း ထိုခေတ်တွက် ပေါ်ပေါက်ခဲ့သည်။ အီတလီမှ ကာလိုဂိုလဒိုးနီ၊ ပြင်သစ်မှ ဗော်လ တဲယား၊ ဂျာမဏီမှ ဂါတာတို့ဖြစ်သည်။ သို့ရာတွင် ပြဇာတ်အဆင့်အတန်းကား သဘင်မှုဂုဏ်ရသကင်းသည့် စီးပွားဖြစ် လုပ်ငန်းသဘောသို့ သက်လျောသွားလေတော့သည်။

၁၉ ရာစုနှစ်သည် ဒီမိုကရေစီစိတ်ဓာတ်များ ပြန့်ပွားသော ခေတ်၊ စက်မှုလက်မှုနှင့် သိပ္ပံပညာရပ်များတိုးတက်ထွန်းကားသောခေတ်၊ ဆန်းသစ်သော စိတ်ကူး ဆန်းသစ်သော အကြံအစည်တို့ဖြင့် လွှမ်းမိုးလျက် ရှိသော ခေတ်ကြီး ဖြစ်ပေသည်။ ရှိတ်စပီးယားမရှိသည့် အချိန်မှစ၍ မှေးမှိန်သွားခဲ့သော ပြဇာတ်ပညာ သည် လည်းထိုခေတ်တွင် အသက်ဝင်ထင်ရှားလာပြန်သည်။ ခေတ်ပေါ် ပြဇာတ်ဆရာကြီးများအနက် နော်ဝေးမှ ဟင်းနရစ်အစ်ဗဆင်နှင့် အိုင်ယာလန်မှ ဗားနတ်ရှောတို့သည် အထင်ရှားဆုံးဖြစ်သည်။ အစ်ဗဆင်သည် သူရေးသော ပြဇာတ်များတွင် ခေတ်အလျောက် ပြောင်းလဲလာသော အတွေးအခေါ် အယူအဆများနှင့် ဘဝအပြစ်မြင် စာပေများကိုသာ ရေးသားလေသည်။ ဗားနတ်ရှောသည် အင်္ဂလိပ် ပြဇာတ်ရေးဆရာကြီးဖြစ်လျက် မျက်မှောက်ခေတ်တွင် ပေါ်ပေါက်နေသော သဘောတရားများနှင့် အယူအဆများကွဲပြား မှုတို့ကို စကားလုံးပြောင်ပြောင်နှင့် ဘွင်းဘွင်းရေးတတ်သူ ဖြစ်သဖြင့် လူကြိုက်များ၏။ ဗားနတ်ရှောသည် ရှိတ်စပီးယားနောက် အထင်ရှားဆုံး ပြဇာတ်ရေးဆရာကြီးတို့ ဖြစ်သည်။

တိုးတက်မှုများ[ပြင်ဆင်ရန်]

ပြဇာတ်များ အဆင့်အတန်းမြင့်လာသလောက် ၁၉ ရာစုနှင့် ၂ဝ ရာစုနှစ်တို့တွင် အနောက်နိုင်ငံရှိ ဇာတ်ရုံများ၏ အသွင်အပြင်နှင့် အဆင်အယင်အခမ်းအနား များမှာ အထူးခေတ်မှီလာလေသည်။ ပထမတွင် လေထိုး ဓာတ်မီးများကို သုံးခဲ့ရာမှ လျှပ်စစ်ဓာတ်မီးများကို အသုံးပြုလာကြ၏။ လျှပ်စစ်ဓာတ်မီးများ ထွန်းညှိထားပုံမှာလည်း ကြည့်ရှုသူ ပရိသတ်တို့၏ အာရုံ၌ အဝေးကြည့် အနီးကြည့်သဘောမျိုး ထင်မြင်လာစေရန် ဇာတ်ခုံ၏ အထက်မှလည်းကောင်း၊ အောက်မှလည်းကောင်း၊ ရှေ့တည့်တည့်မှလည်းကောင်း၊ ဘေးမှလည်းကောင်း ဆလိုက်မီးရောင်စုံတို့ဖြင့် အလင်းပေးကာ အထူးပနံရစေသည်။ ဇာတ်လမ်းတွင် ပါသောအခန်းအမျိုးမျိုးတို့အတွက် အခမ်းအနား အပြင်အဆင်များကို ရုတ်တရက် ပြောင်းနိုင်ရွှေ့နိုင် တင်နိုင် ချနိုင်ရန် ဆုံလည်များ၊ စက်ခလုတ်များဖြင့်လည်း စီမံထားရှိလေသည်။ အချို့ဇာတ်ခုံများမှာ အသေမဟုတ် အနိမ့်အမြင့်လိုသလို ရနိုင်အောင် အရှင်ပြုလုပ်ထား၏။ ထိုသို့သော အစီအစဉ်များကြောင့် လှပ၍ သဘာဝကျသော အခင်းအကျင်းတို့ကို လိုသလိုဖန်တီး၍ ယူနိုင်လေတော့သည်။

ပြဇာတ်အခမ်းအနား အဆင်အပြင်နှင့် စပ်လျဉ်း၍ အယူအဆ ဝါဒနှစ်မျိုးကွဲပြားခဲ့ကြသည်။ ယူဆချက်တရပ်မှာ ပြဇာတ်သည် မျက်စိအာရုံ ခုံမင်ခံစားမှုအတွက် ဖြစ်သည့်အလျောက် ဇာတ်ခုံအဆင်အပြင် အ ခမ်းအနားမှာ အနုပညာပီပီ၊ လှလှပပရှိရမည်ဟူသော ယူဆချက်ဖြစ်သည်။ အခြားယူဆချက်မှာ ပြဇာတ်ကပြ ရာတွင်အပြင်လောက၌ တွေ့မြင်နိုင်သည်တို့ကို ဇာတ်ခုံပေါ်တွင် တင်ပြနေရန်မလိုဘဲ ဇာတ်ကွက်ဇာတ်ကြောင်း ၏ရည်ရွယ်ချက်အနက်သဘောကိုသာ ပရိသတ်နားလည်ထင်မြင်ရန် အရေးကြီးသည်ဟူသော ယူဆချက်ဖြစ် လေသည်။ ထိုသို့ ပွဲကြည့်ပရိသတ်အား ဇာတ်အိမ်ဇာတ်ကွက်၏ အတွင်းသဘော ပေါ်လွင်စေရန် ဖော်ပြသည့် အတတ်ကို သရုပ်ဖော်အတတ်ဟု ခေါ်ကြ၍၊ ခေတ်သစ်ပြဇာတ်များတွင် ထိုအတတ်ကို ခပ်များများပင် အသုံး ပြုလာကြလေသည်။

အရှေ့တိုင်းပြဇာတ်[ပြင်ဆင်ရန်]

အနောက်တိုင်း ပြဇာတ်များကဲ့သို့ပင် အရှေ့တိုင်းပြဇာတ်များသည်လည်း ကိုးကွယ်မှုအယူဝါဒနှင့် ယှဉ်၍ပေါ်ပေါက်လာခဲ့သည်။ အရှေ့တိုင်းပြဇာတ်သည် အနောက်တိုင်း ပြဇာတ်မှ ဆင်းသက်ပေါက်ဖွားလာ ခြင်းမဟုတ်၊ မိမိနိုင်ငံအလေ့အထနှင့် မိမိပေါ်ပေါက်လာခြင်းသာ ဖြစ်သည်။ ၁၇ဝဝ ပြည့်နှစ် ကျော်လွန်သည့် အချိန်မှစ၍ အရှေ့တိုင်း ပြဇာတ်များသည် အနောက်တိုင်းပြဇာတ်လောကကိုပင် အနည်းငယ် အငွေ့အသက် လွှမ်းမိုးနိုင်ခဲ့သည်။ အိန္ဒိယပြဇာတ်များသည် ၂ ရာစုနှစ်မတိုင်မီကပင် စတင်ပေါ်ပေါက်ခဲ့ဟန် တူသည်။ အယူဝါဒရေး ပွဲလမ်းသဘင်ဆိုင်ရာ ကပွဲများမှတစ်ဆင့် နန်းတွင်းပြဇာတ်များ ခေတ်စားလာခဲ့ရာ ၈ ရာစုနှစ်တိုင် ဖြစ်သည်။ နာမည်ကျော် သကုန္တလနန်းတွင်း ပြဇာတ်ကြီးကို ရေးသားသူ ကာလီဒါသနှင့် ရာမာယဏ နန်းတွင်းပြဇာတ် ရေးသူ ဘဝဘူတိတို့သည် ယင်းခေတ်၏ ထင်ရှားသော ပြဇာတ်ရေး ဆရာများဖြစ်သည်။

ယင်းနောက် ၁၄ ရာစုနှစ်တိုင် အိန္ဒိယနိုင်ငံကြီးသည် မွတ်စလင်တို့၏ တိုက်ခိုက်သိမ်းပိုက်ခြင်းကို အကြိမ်ကြိမ်ခံနေရသဖြင့်၊ သက္ကတ ဘာသာနှင့် ရေးသားသော ပြဇာတ်များသာ ကြိုကြားပေါ်ခဲ့သည်။ သို့ရာတွင် ၁၉ ရာစုနှစ် ဆာရာ ရာဘင်ဒြာနတ် တဂိုး၏ ခေတ်ကျမှ အိန္ဒိယပြဇာတ်လောကသည် ပိုမိုထင်ရှားလာသည်။

'အမှောင်ခန်းမှဘုရင်ကြီး' 'ဆောင်းကူးရာသီ စက်လှည့်ပြီ' စသော ပြဇာတ်များမှာ သူ၏ထင်ရှားသော လက်ရာများဖြစ်သည်။

တရုတ်နိုင်ငံ၌မူ စင်တင်ကြပြခဲ့သည်မှာ နှစ်ပေါင်း ၄ဝဝဝ နီးပါးခန့် ရှိပြီးဖြစ်သော်လည်း စာနှင့်ပေနှင့် ပြဇာတ်အရေးသား ပေါ်ခဲ့သည်မှာ အနှစ် ၇ဝဝ ခန့်သာ ရှိသေးသည်။ ယွန်မင်းဆက် ( ၁၂၇၉ - ၁၃၈၆ ) မွန်ဂိုဘုရင် ကူဗလိုင်ခန် လက်ထက်တွင် တရုတ်စာပေ ပညာရှင်ကြီးများသည် ပြဇာတ်လောကကို ဦးလှည့်လာကြသဖြင့် စာပေလောကတွင် ပြဇာတ်အရေးအသား ပေါ်ပေါက်လာသည်။ ' တောင်အီ၏ဒုက္ခ ' ' အိမ်စေမကလေး၏ စက်ပုန်းခုတ်မှု ' ' အနောက်နန်းမှ အချစ်စခန်း ' စသော ပြဇာတ်များမှာ ယင်းခေတ်မှ ပြဇာတ်များဖြစ်၍ အနောက်နိုင်ငံများမှပင် ဘာသာပြန် ကပြကြသည်။ မင်မင်းဆက်ခေတ်တွင် ရေးသားသော ပြဇာတ်ပေါင်းများစွာအနက် ပြဇာတ် ၆ဝဝ ခန့် ယခုတိုင် ထင်ရှားရှိသည်။ ယင်းတို့တွင် 'ပြွေပုံပြင်' ပြဇာတ်သည် အနောက်တိုင်း ပြဇာတ်လောကတိုင် ကျော်ကြားသည်။

တရုတ်ပြဇာတ်များကို အနောက်တိုင်း ပြဇာတ်များကဲ့သို့ အသောပြဇာတ်နှင့် အလွမ်း ပြဇာတ်ဟူ၍ မခွဲဘဲ၊ စစ်သည်တော်ဘဝ ပြဇာတ်နှင့် အရပ်သားဘဝ ပြဇာတ်တို့အဖြစ်သာ ခွဲထားသည်။ တရုတ်ပြဇာတ်များသည် အိန္ဒိယပြဇာတ်များကဲ့သို့ လူထုနှင့် ကင်းဝေး၍ မင်းစိုးရာဇာ အတွက်သာ ဖြစ်နေမှုကြောင့် လူထုသည် ပညာရှင်ကြီးများ၏ အနုပညာ လက်ရာကို ခံစားခွင့် မရကြချေ။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. en.wikipedia
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ( )