မိုးကောင်းငှက်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မိုးကောင်းငှက်။

မိုးကောင်းငှက်[ပြင်​ဆင်​ရန်​]

မိုးကောင်း ငှက်သည် ငှက်ခါးကဲ့သို့ပင် "ကိုရာဆိင် အီဒီး" မျိုးရင်းတွင်ပါဝင်၍ ပါဏဗေဒ အလိုအားဖြင့် "ယူရစ်စတိုး မတ်အိုရီယင့်တားလစ် အိုရီယင့်တားလစ်" ဟု ခေါ်သည်။ ငှက်ခါးနှင့် မျိုးတူဖြစ်သော်လည်း ငှက်ခါးလောက် လူသိမများ ချေ။ အလျား ၁၂ လက်မရှိသည်။ ပျံသန်းသည့်အခါ တောင်ပံ တစ်ဖက်တစ်ချက်တွင် အဖြူကွက်ကြီး တစ်ခုစီကိုမြင်နိုင်သည်။

နားနေသည့်အခါတွင် မိုးကောင်းငှက်၏ မည်းခြောက်ခြောက် အရောင်နှင့် နီရဲသော နှုတ်သီးကို ထင်ရှားစွာမြင်နိုင်သည်။ မိုးကောင်းငှက်သည် ငှက်ခါးကဲ့သို့ သစ်ပင်ကျိုးတိုး ကျဲတဲမျှရှိသည့် ကွင်းပြင်၌ ကျက်စားသော ငှက်မျိုးမဟုတ်ဘဲ၊ တောတွင်းငှက် စစ်စစ်ဖြစ်၍ ကျွန်းတောများတွင် အများဆုံး တွေ့ရသည်။ သစ်ပင်ခြောက်ထိပ်ဖျားပေါ်တွင် နားနေလေ့ရှိ၍ နေ့လယ်နေ့ခင်းပူချိန်တွင် ဦးခေါင်းကို ရင်အုပ်နှင့်ပခုံးရှိ အမွှေး များကြားတွင် ဖုံးဝှက်ကာ မလှုပ်မယှက်နေတတ်သည်။ ငှက်ခါး ကဲ့သို့ ပူပြင်းသောနေရောင်အောက်တွင် ကြာရှည်စွာနေနိုင် သည်။ သာမန်အားဖြင့်ပျင်းရိလေးကန်သော်လည်း စိတ်တက်ကြွ လာသည့်အခါ လျှင်မြန်ဖျတ်လတ်လေသည်။ ပျံနေသော ပိုး ကောင်များကို လင်းမြီးဆွဲများနှင့်အတူ လိုက်လံ ဖမ်းစားတတ် သည်။ သစ်စားပိုး၊ ပုစဉ်းရင်ကွဲ၊ နှံကောင် စသည်တို့သည် မိုးကောင်းငှက်၏ အစာများ ဖြစ်ကြသည်။

မိုးကောင်းငှက်သည် စူးရှသောအသံဖြင့် မကြာမကြာ အော်လေ့ရှိသည်။ ငှက်ခါးလောက် မဆူညံချေ။ သို့သော် သားပေါက်ချိန်တွင်ကား ငှက်ခါးကဲ့သို့ ဆူညံ၏။ မတ်လမှ မေလအထိ မိုးကောင်းငှက်များ သားပေါက်ကြသည်။ အသိုက် လုပ်လေ့မရှိဘဲ မြင့်သောသစ်ပင် အခေါင်းထဲတွင် အုလေ့ရှိ သည်။ တမြုံလျှင် ၃ ဥမှ ၄ ဥအထိ ရှိသည်။

မိုးကောင်းငှက်ကို အိန္ဒိယနိုင်ငံနှင့် အရှေ့မြောက် အာရှတိုက်နိုင်ငံများမှ ဩစတြေးလျကျွန်းအထိ၊ အနောက်ဘက်တွင် ဟိမဝန္တာတောင်တန်း အလယ်ပိုင်းအထိ တွေ့ရသည်။ မြန်မာနိုင်ငံ တောင်ခြေသစ်တောများတွင် အနှံ့အပြားတွေ့ရသည်။ မြင့်မားသော တောင်များပေါ်၌ တွေ့ရခဲသည်။ သို့သော် ပဲခူးရိုးမ အချို့နေရာများတွင်ကား မိုးကောင်းငှက်တို့ကို ထူးထူးခြားခြား တွေ့ရလေသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)