မယ်တော်ဆေးခန်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

မယ်တော်ဆေးခန်းသည် ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့သို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ကရင်တိုင်းရင်းသား ဒေါက်တာ စင်သီယာမောင်က ၁၉၈၉ ခုနှစ်တွင် ဦးစီးဦးဆောင်ပြု တည်ထောင်ထားသည့် ဆေးခန်းဖြစ်သည်။ မဲဆောက်နှင့် အနီးတဝိုက်ဒေသသို့ ရောက်ရှိနေသည့် မြန်မာဒုက္ခသည်များ အဓီက အားထားရာ ဆေးခန်းလည်းဖြစ်သည်။ [၁]

သမိုင်း[ပြင်​ဆင်​ရန်​]

၁၉၈၈ ခုနှစ် မြန်မာစစ်အစိုးရက ၈၈၈၈ အရေးအခင်းအား အင်အားသုံး ဖိနှိပ်ခြေမှုန်းခဲ့ပြီးနောက် ဒေါက်တာ စင်သီယာမောင်သည် အခြား နိုင်ငံရေး လှုပ်ရှားသူများနှင့်အတူ ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။ ဒေါက်တာ စင်သီယာမောင် မဲဆောက်မြို့သို့ ရောက်ရှိပြီးနောက် ထိုဒေသရှိ နာမကျန်းသူများအား စောင့်ရှောက်ကုသပေးရန် ဆေးပေးခန်း တစ်ခုကို ထူထောင်ခဲ့သည်။ ထိုနှစ်တွင် လူနာပေါင်း ၂၀၀၀ ကျော်ကို ကုသပေးခဲ့သည်။ [၂] ထိုအချိန်မှစ၍ ကြီးထွားလာသည့် မယ်တော်ဆေးခန်းသည် ဆေးဝါးကုသရေးအပြင် လူမှုရေး အကျိုးဆောင်မှုများ၊ လေ့ကျင့်ရေးများ၊ ကျန်းမာရေးပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ၂၀၀၆ ခုနှစ်တွင် မယ်တော်ဆေးခန်းမှ ကူညီပေးခဲ့သူ ၈ သောင်းထက် မနည်း ရှိကြောင်း သိရသည်။ [၃].

ယနေ့တွင် မယ်တော်ဆေးခန်းမှ ကုသပေးနေရသည့် လူနာအများစုမှာ မြန်မာအစိုးရ၏ အဓမ္မမှုကြောင့် မိမိဌာနေကို ကျောခိုင်းခဲ့ရသည့် ကရင်လူမျိုး ဒုက္ခသည်များ ဖြစ်သည်။ [၄][၅].

၂၀၀၈ ခုနှစ် ဩဂုတ်လတွင် အမေရိကန်သမ္မတ ဂျော့ရှ် ဒဗလျူ ဘုရှ် တို့ ဇနီးမောင်နှံ ထိုင်းနိုင်ငံသို့ သွားရောက်ချိန်တွင် လော်ရာဘုရှ် သည် မယ်တော်ဆေးခန်းသို့ သွားရောက် ကြည့်ရှုကာ ဒေါက်တာ စင်သီယာမောင်နှင့် သူမ၏ အကျိုးပြု ဆောင်ရွက်ချက်များကို အားပေးထောက်ခံကြောင်း ပြောကြားခဲ့သည်။[၆] လော်ရာဘုရှ် က မယ်တော်ဆေးခန်းအား ဤကဲ့သို့ မီဒီယာရှေ့ မီးမောင်းထိုးခြင်းသည် နိုင်ငံရေး ရည်မှန်းချက် ရှိနေသည်၊ [၇] မြန်မာအာဏာပိုင်များအပေါ် အမေရိကန်တို့၏ ရပ်တည်ချက်ကို ဗွင်းဗွင်းလင်းလင်း ဖော်ပြလိုက်ခြင်း ဖြစ်သည်ဟု အချို့က ထင်ကြေးပေးကြသည်။

မယ်တော်ဆေးခန်း၏ ရည်မှန်းချက်[ပြင်​ဆင်​ရန်​]

  • ထိုင်းမြန်မာနယ်စပ် တလျှောက် အပြောင်းအရွှေ့ခံရသည့် မြန်မာနိုင်ငံသားများအား ကျန်းမာရေး စောင့်ရှောက်မှုပေးရေး၊
  • ကျန်းမာရေး ဝန်ထမ်းများအား ကနဦးလေ့ကျင့်မှုနှင့် နောက်ဆက်တွဲ ဆေးပညာ ပို့ချပေးရေး၊
  • နယ်စပ်ဒေသအတွင်း ကျန်းမာရေးစနစ် ဆိုင်ရာ အချက်အလက်များကို အားဖြည့်ပေးရေး၊
  • ဒေသတွင်းရှိ မြန်မာလူထုအကြား ကျန်းမာရေး ဗဟုသုတ တိုးပွားလာစေရေး၊
  • ဌာနေရှိ ကျန်းမာရေး အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်နိုင်ရန် ညှိနှိုင်းပေးရေး၊
  • နိုင်ငံတကာ ကျန်းမာရေးဌာနများ ကျွမ်းကျင်သူများနှင့် ပူးတွဲဆောင်ရွက်ခြင်းကို အားဖြည့်လုပ်ဆောင်ရေး တို့ဖြစ်သည်။[၁]

အကျိုးဆောင်မှု[ပြင်​ဆင်​ရန်​]

  • အပြင်လူနာ
  • အတွင်းလူနာ
  • ခွဲစိတ်ကုသမှု
  • သားဖွားမီးယပ်
  • ကလေးသူငယ် ကျန်းမာရေး
  • ကျန်းမာရေး ပညာပေး
  • ဓာတ်ခွဲခန်းနှင့် သွေးဘဏ်
  • မျက်လုံးနှင့် မျက်လုံးခွဲစိတ်ကုသမှု
  • ခြေတု၊ လက်တုများ တပ်ဆင်ခြင်း
  • ငှက်ဖျားရောဂါ ကုသရေး
  • HIV/AIDS ရောဂါ ကြိုတင်ကာကွယ်ရေး
  • တီဘီရောဂါ ရှာဖွေခြင်း
  • မဲဆောက်ဆေးရုံသို့ လမ်းညွှန်ပေးခြင်း

လက်ရှိဝန်ထမ်း[ပြင်​ဆင်​ရန်​]

  • ဆရာဝန် ၅
  • ကျန်းမာရေး ဝန်ထမ်း ၁၂၀
  • ရိုးရိုးဝန်ထမ်း ၄၀

ပြင်ပလင့်ခ်များ[ပြင်​ဆင်​ရန်​]

မယ်တော်ဆေးခန်းနှင့် ဒေါက်တာ စင်သီယာမောင်တို့နှင့် စပ်လျဉ်း၍

ဗီဒီယို

သတင်း

Facebook:

ဘလော့ဂ်

အထွေထွေ

ကိုးကား[ပြင်​ဆင်​ရန်​]