နွဲ့ယဉ်ဝင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

နွဲ့ယဉ်ဝင်းသည် မြန်မာနိုင်ငံမှ အသံကောင်းသော အဆိုကျော် တစ်ဦးဖြစ်သည်။ တက္ကသိုလ်ဆရာမတစ်ဦးလည်းဖြစ်ပြီး “တက္ကသိုလ်က သီချင်း ဆိုကောင်းတဲ့ ဆရာမ” ဟု လူအများ စိတ်ဝင်စားခြင်းခံခဲ့ ရသည်။

အဆိုတော် နွဲ့ယဉ်ဝင်း

နာမည်ရင်းမှာ ဂျွိုက်(စ်)ဝင်းဖြစ်သည်။ ခရစ်ယာန် ဘာသာ ကိုးကွယ်သည်။

ဂျွိုက်(စ်)ဝင်းဆိုတဲ့ နာမည်က တက္ကသိုလ်မှာ ဆရာမ လုပ်တဲ့ အထိပဲပေါ့။ ဒါပေမဲ့ သီချင်း ဆိုတာကတော့ အင်္ဂလိပ် မေဂျာ ဒုတိယနှစ်လောက်က ဆိုတာလေ။ ဆိုတော့ ဂျွိုက်(စ်)ဆိုတဲ့ နာမည်က မြန်မာ လိုပေါင်းရင် “ဂငယ်၊ ယပင်း၊ ဝဆွဲ၊ လုံး ကြီးတင်၊ တစ်ချောင်းငင်၊ ကသတ်၊ စသတ်” အဲဒါမှ ဂျွိုက်(စ်) ဖြစ်တာကိုး။ အဲဒီတော့ မြန်မာလိုနဲ့ အင်္ဂလိပ်လို အသံထွက်က နည်းနည်း ကွာခြားတယ်လေ။ ရေးတဲ့ နေရာမှာလည်း မတူဘူး။ အဲဒီတော့ သီချင်း စဆိုတဲ့ အချိန်မှာ ဂျွိုက်(စ်)ဝင်းနဲ့ ဆိုရင် အဆင် မပြေဘူးလို့ ထင်တာပဲလေ။ မြန်မာ လူမျိုးနားထဲမှာ တစ်မျိုးဖြစ်မယ် ထင်ပြီးတော့ ဂီတစာဆို ကိုမြတ်လင်း အခုတော့ ဆုံးသွားပါပြီ။ သူ့ကို ပြောတယ်။ ကျွန်မကို မြန်မာလို နာမည်လေး တစ်ခုလောက် ရွေးပေးပါ။ “ဝင်း” ပါရင်ပြီးရော ဆိုတော့ ကိုမြတ်လင်းကလည်း ကိုယ့်ကို ဘယ်နေ့မွေးလဲ ဘာလဲ မမေးဘူး။ မမေးဘဲ နဲ့ “နွဲ့ယဉ်ဝင်း”လို့ ပေးလိုက်တယ်။ ကိုယ်က တကယ်တော့ တနင်္လာသမီး၊ “နွဲ့ယဉ် ဝင်း” ဆိုတော့ စနေနံနဲ့ ဗုဒ္ဓဟူးနံ တွဲပြီး ပေးလိုက်တာပေါ့နော်။ ဗုဒ္ဓဟူးနဲ့ စနေ တွဲရင် ကောင်းတယ်ဆိုတဲ့ အယူအဆ လားတော့ မသိဘူး။

တနင်္လာသမီးကို စနေ ဗုဒ္ဓဟူး နာမည် ပေးထားတော့ အဆင်ရော ပြေရဲ့လား။

အဲဒီ နာမည်နဲ့ပဲဆိုခဲ့လို့ အောင်မြင်တာ အခု ချိန်ထိပဲလေ။

မဂျွိုက်(စ်)ရဲ့ မိဘတွေ နာမည်လည်း သိပါရစေ။

မိဘတွေက ဦးမင်းဆွေ၊ ဒေါ်တင်တင်လှ။ အဖေက တခြား နာမည်လည်း ရှိတယ်။ ဦးဝင်းမောင်။ အစ်မ နာမည် ဂျိုက်(စ်)ဝင်းဆိုတာ အဖေက ဦးဝင်းမောင်မို့လို့ လေ။ အဖေက စစ်ကိုင်းသား။ အညာသားပဲ။ မြန်မာ စစ်စစ်ပေါ့။ အမေကတော ကပြား။ အမေ့ဘက်ကတော့ ခရစ်ယာန်ပေါ့နော်။ အမေ့ နာမည်က“ဂက်တီ” လို့လည်း ခေါ်တယ်။

မိဘတွေ အကြောင်း နည်းနည်းလောက် ပြောပြလို့ ရမလား။

မိဘတွေက ငယ်သူဘဝမှာပဲ အိမ် ထောင်ကျကြတာ။ အမေက ၁၆ နှစ်။ အဖေက ၁၉ နှစ်မှာပဲ Run Awayပေါ့နော်။ လိုက်ပြေးကြတာ။ စစ်ပြီးတဲ့အခါကျ တော့ ကျောင်းတွေဘာတွေကလည်း မဖွင့် သေးဘူး။ ဆယ်တန်းတောင်မှ မအောင် သေးဘူး ထင်ပါတယ်။ နောက်တော့ အဖေ က အဲဒီခေတ်မှာ ပညာဝန်ထောက်ခေါ် မလား၊ မင်းကြီးခေါ်မလား ဖြစ်လာတယ် ပေါ့လေ။

မဂျွိုက်(စ်)တို့ မွေးချင်း ဘယ်နှယောက်ပါလဲ။

အားလုံး (၅) ယောက်ပေါ့။မဂျွိုက်(စ်) ထက်ကြီးတဲ့ အစ်ကိုတစ်ယောက် ရှိသေးတယ်။ အဲဒီအစ်ကို မွေးခါစ၊ မြန်မာပြည်မှာ ဒုတိယကမ္ဘာ စစ်အတွင်းက လေယာဉ် ပျံပေါ်က ဗုံးတွေ ကျဲချရင် ဝင်အောင်းနေရတဲ့ ဗုံးကျင်းတွေထဲမှာ အမေက အဲဒီ့ ကလေးကို ချီထားတုန်းလား၊ နို့တိုက်နေလား။ အဲဒီအချိန်မှာ ဗုံးကျင်းပေါ်ကို ဗုံးက ဒါရိုက်ကျတာ။ ကျတော့ ကလေးက နားစည် ကွဲသွားတယ် ထင်တယ်။ အရမ်းငိုပြီး သုံးရက်လောက် နေတော့ ဆုံးသွားတယ်။ အဲဒါပြီးမှ မဂျွိုက်(စ်)ကို မွေးတာလေ။ အဲဒီ အစ်ကိုက မွေးတုန်းက ရုပ်ကချော ချော ဖြူဖြူလေးတဲ့။ အမေတို့ဘက်က ကပြား စပ်တော့ ဖြူဖွေးနေတာပေါ့နော်။ အဖေကတော့ အညာသားဆိုတော့ ညိုတာပေါ့လေ။ အဖေ့ မျက်နှာပေါက်က မဂျွိုက်(စ်) နဲ့ တစ်ပုံတည်း တူတာ။ ပထမ ကလေးတုန်းက လှပဖြူဖွေးပြီး မဂျွိုက်(စ်) ကျတော့ အသားကလည်း ညိုတယ်တဲ့။ မျက်လုံးကလည်း ပြူးတယ်။ ဆံပင်ကလည်း ကောက်တယ်တဲ့။ယှဉ်လိုက်တော့ မချောဘူးပေါ့နော်။

တစ်ခုလောက် မေးချင်တယ်။ စိတ်များ ဆိုးမလား မသိဘူး။

အသက်လား။

ဟုတ်ကဲ့။

ဟာ အခုတော့ စိတ်မဆိုးတော့ဘူး။ အခု အမှန်ပြောတယ်။ ၆၄ နှစ်။ ဘာဖြစ်လို့လဲ ဆိုတော့ ၆၄ နှစ်ပြည့်ကတည်းက ကိုယ်က “အသက်ကို အဖက်မလုပ်တော့ ဘူး” အကုန်လုံးက ကြီးကုန်တာပဲ။ တက္ကသိုလ် ထွန်းနောင်ဆို ကိုယ်နဲ့ ရွယ်တပဲ။ ဆုံးသွားပြီ။ ကြည့်လေ။ စိတ်မကောင်း ဘူးပေါ့နော်။ ကိုယ့်ပရိသတ်က ကိုယ့် အသက် ရဝ ဆိုလည်း ချစ်နေမှာပဲ။ ၈ဝ လည်း ချစ်နေမှာပဲ။ ဟိုတစ်နေ့က တစ်ဦး ပြောသွားတယ်။ “အစ်မနော် ဒီပုံကနေ မပြောင်းနဲ့”တဲ့။ ဟာ ဒီပုံကနေ မပြောင်းနဲ့ ဆိုတာ ငါလုပ်လို့ ရတာမှ မဟုတ်တာ။ လူတိုင်းက အသက်ကြီးရမှာပဲ။ ဒါပေမဲ့ ကိုယ့်အသက်ထက် ကျန်းမာနုပျိုအောင် ထိန်းသိမ်းလို့တော့ ရတာပေါ့နော်။ အဲဒီတော့ ပြောရရင် မဂျွိုက်(စ်)က ၁၉၄၅ ခုနှစ် ဧပြီလ ၂၃ ရက်နေ့မှာ မွေးဖွားတာဖြစ်ပါ တယ်။ စစ်ကိုင်း ဇာတိပါ။ ထူးခြားတာ ပြောပြဦးမယ်။ 23 April မှာ မွေးတာက ကမ္ဘာကျော် ပြဇာတ်ဆရာကြီး၊ စာရေး ဆရာကြီး “ရှိတ်စပီးယား” ဆိုတော့ ဂုဏ်ယူပါတယ်။

စစ်ကိုင်းမှာ မွေးတာဆိုတော့ ကျောင်းတက်တော့ရော။

အမေရဲ့ အဖေက အဲဒီခေတ်က ပညာ မင်းကြီးဆိုတော့ အဘိုးက နယ်တွေ လျှောက်လှည့်နေရတော့ စစ်ကိုင်းကို ရောက်ရော။ (စစ်ကိုင်းရောက်မှ အမေနဲ့ အဖေတွေ့ပြီး ခိုးပြေးကြတယ်။) အဖေကတော့ စစ်ကိုင်းသား အစစ်၊ အဖေ့ရဲ့ အဖေ ကလည်း အဲဒီခေတ်က ဘာခေါ်လဲ ဝတ်လုံတော်ရ ရှေ့နေကြီးလား ဘာလား အဲလိုမျိုး လေ။ အဘိုးက စစ်ကိုင်းကနေ ရန်ကုန် ပြောင်းတော့ မဂျွိုက်(စ်)ရန်ကုန်ကိုအသက် ၃ နှစ်နဲ့ ရောက်လာရော။ အဘိုးအဘွား က ပြောင်းတော့ အမေ၊ အဖေကလည်း ဘယ်လိုလုပ်မလဲ။ သူတို့က ငယ်ငယ်လေးတွေ ရှိသေးတော့ ဘယ်က အလုပ်အကိုင် ရှိမလဲဆိုပြီး အဘိုးအဘွားနဲ့လိုက်လာတာပေါ့။ ရန်ကုန်ရောက်မှ အဖေရော အမေ ရော အလုပ်လုပ်ကြတာ။ ပထမဆုံး မဂျွိုက်(စ်)က စိန့်ဖရန့်စစ် (ယခု အထက ၄ တာမွေ)အမျိုးသမီးကျောင်းမှာ သူငယ်တန်းကနေ ၄ တန်းအထိ တက်တယ်။ ကြွားတာတော့ မဟုတ်ဘူး။ အတန်းထဲမှာ ပထမ ချည်းပဲ ထွက်တယ်။ အားလုံး အင်္ဂလိပ်လို သင်တယ်လေ။ အမြဲတမ်း တစ် အဆင့်က မကျဘူးပေါ့နော်။ နောက်တစ်ခါ ငါးတန်းလည်းရောက်ရော အမေက စိန့်ဖလောမီးနား( ယခု အထက(၂) စမ်းချောင်း)ကို ပြောင်းလိုက်တယ်။

အဲဒီမှာ ကျောင်းပြောင်းရုံတင်မကဘူး။ ဘော်ဒါပါ ထားလိုက်တာ။ မိန်းကလေး ၃ ယောက်။ မဂျွိုက်(စ်)ရယ် ညီမအငယ် နှစ်ယောက်ရယ်။ ကိုယ်က ၁၂နှစ်ပြည့် ခါစပဲ ရှိသေးတယ်။ ပြီးတော့ ကျောင်းက မယ်သီလရှင်ကို သွားပြောတယ်။ ကျွန်မ သမီးက အရမ်း အသံကောင်းတာ။ သူ့ကို ဆိုခိုင်းပါတဲ့။

ဟား အဲဒီကတည်းကနေ နွဲ့ယဉ်ဝင်း ဆိုလိုက်ရတာ ယနေ့တိုင်ပဲ။ အဲဒီမှာ ဆိုက်ကို ပြောပြဦးမယ်။ ကလေး ဆိုက်ကို၊ ကျောင်းလည်း ပြောင်းလိုက်တယ်။ (ကလေးတွေဆို ကျောင်းခဏ ခဏပြောင်းရင် ဆိုက်ကို ဖြစ်တယ်လေ။ မတော်တော့ဘူး)။ ဘော်ဒါ နေရတယ်။ နောက်တစ်ခုက ဘာလဲသိလား။ မြန်မာလို အကုန်သင်ရတယ်။ သုံးခုပေါ့။ ကိုယ့်ကိုယ် ကိုယ်တော့ စာတော်တယ်လို့ ထင်ရတယ်။ ဒါပေမဲ့ ပထမ မထွက်တော့ဘူး။ အရင် တုန်းက စိန်ဖရန့် စစ်မှာဆို ဘာသာအားလုံး အင်္ဂလိပ်လို သင်ပြီး မြန်မာဘာသာပဲ မြန်မာလို သင်တာပေါ့။ ဒီဘက်လည်း ရောက်ရော အားလုံးက မြန်မာလို သင်တယ်။ အင်္ဂလိပ်စာ တစ်ခုပဲ အင်္ဂလိပ်လို သင်တယ်။ ဘဝက လုံးဝကြီး ပြောင်းသွားတော့လေ။ မတော်တော့ဘူး။ မတော်တော့ဘူးဆိုတာ ကိုယ်နားမှ မလည်တာ။ သင်ကြားပုံစနစ် လုံးဝ ပြောင်းသွားတော့ မြန်မာလို ပြန် ရေးရတာကို မလုပ်တတ်ဘူးကွာ။ ညံ့သွားတာပေါ့နော်။ အတန်းထဲမှာ ဘယ်လောက်တွေ ထွက်လဲဆိုတော့ အဆင့် ၂ဝ တို့၊ ၂၁ တို့ ထွက်တယ်။ ဆိုက်ကိုပေါ့ နော်။ အဲဒါ အမေ့ကို မတက်ချင်ဘူးဆိုရင် သမီးရယ် တစ်ပတ်လောက် နေလိုက်ပါဦး။ သမီးရယ် ဒီတစ်ပတ်ပြီး နောက်တစ်ပတ် ဆိုပြောင်းပေးမယ်။ သူကလည်း ကိုယ့်ကို ဆိုက်ကို ပြန်သုံးတယ်။ တစ်လလောက် နှစ်လလောက် နေတော့ သူငယ်ချင်းတွေ ပြန်ရရော၊ ရပြီးတော့ ဆက်နေလိုက်တာ ဆယ်တန်း အထိပဲ။

ဆယ်တန်း အောင်တော့ ဆယ်တန်း အောင်တော့ စိန့်ဖလောကပဲ။ ဆေးကျောင်းတက်ဖို့ မီပါတယ်။ (အမေက ဆရာဝန် ဖြစ်စေချင်တာလေ)။ လုံးဝ မသွားဘူး။ အဖေ့ကို တိတ်တိတ်ကလေး ခေါ်ပြီးတော့ ကိုယ့်ဘာသာကိုယ် အင်္ဂလိပ်မေဂျာ သွားအပ်လိုက်တယ်။ ဆူလိုက်တာ။ နေ့တိုင်း ဆူခံရတယ်။ ဒါပေမဲ့ အမေ ဖြစ်စေချင်တာက သူ့မြေးမှာ လာဖြစ်တယ်။ အခု သမီး အေးဖြူဝင်းက ဆရာဝန် ဖြစ်နေပြီ။ မန်ချက်စတာကနေ ဆရာဝန် ဘွဲ့ရတယ်ပေါ့နော်။ မဂျွိုက်(စ်)က ငယ်ငယ် ကတည်းက ကိုယ်ကောင်းမယ် ထင်တာ လုပ်တာပေါ့။ လုပ်ချင်တာ လုပ်ပြီးတော့လည်း ကိုယ်အောင်မြင်အောင် လုပ်တယ်လေ။ ၁၉၆၇ ခုနှစ်ကျတော့ အင်္ဂလိပ်စာ အဓိကနဲ့ ကျောင်းပြီးတယ်။

ဘယ်အချိန်မှာ သီချင်း စဆိုတာပါလဲ။

တက္ကသိုလ် ရောက်တော့ ဆိုနေပြီ။ ပြောပြရဦးမယ်။ အဲဒီတုန်းက “ဂီတပဒေ သာပွဲ” တွေ ဘာတွေရှိတယ်။ မေမြို့သို့ မဟုတ် ပြင်ဦးလွင်တို့၊ တစ်လုံးနှစ်လုံး စာစီကုံးတို့၊ ကြည်ကြည်ဖြူဖြူတို့ အဲဒါတွေက Hit ဖြစ်နေတော့ ကိုယ်က အဲဒီမှာလေ တစ်ချိန်လုံး သွားဆိုနေတာ။ မနက်ဖြန် စာမေးပွဲFinal နော်။ ဒီနေ့ညမှာ မေမြို့ သို့မဟုတ် ပြင်ဦးလွင် သွားလုပ်နေတယ်။ အဲဒီတော့ အမေက ဆဲတာပေါ့။ နင် ဒီလောက်တောင် သီချင်းချည်းပဲ ဆိုနေတယ်။ စာမေးပွဲတော့ အောင်တော့မှာ မဟုတ်ဘူး ဆိုပြီး သူပြောတာ တစ်ဝက်တော့ မှန်တယ်။ အောင်တော့ အောင်တယ်။ ကွာလဖိုင်း မဖြစ်ဘူး။ MA ဖြေလို့ မရဘူး။ ဆဲ ခံရတာပေါ့နော်။ သီချင်းကို ဘယ်လောက် ဆိုချင်လဲ ဆိုတာ။ စာမေးပွဲ ရှိတာကို သီချင်း သွားဆိုနေတော့ ဉာဏ်ကောင်းလို့သာ နို့မို့ဆို ကျမှာ။

အဲဒီတုန်းကGrade တွေပဲ ပေးတယ်လေGrade 4 ပြည့်မှ Master တန်းတက်လို့ ရတာ။ မဂျွိုက်(စ်) က (3.8) ပဲ ရတယ်။ (.2) လိုနေတယ်။ ၁၉၆၇ ခုနှစ်မှာအောင်ပြီး အဲဒီနှစ်မှာပဲ ဆရာမ လျှောက်တဲ့ အတွက် ဆရာမဖြစ်ရင် MA က သုံးနှစ် မဖြေရဘူး။ ပြီးတော့ မန္တလေး တက္ကသိုလ် ပြောင်းရရော၊ အဲဒီမှာပဲ အင်္ဂလိပ်မေဂျာFinal Year မှာQuality ပြန်တက်လိုက်တယ်။ အဲဒီ အခါကျတော့လည်း ဂုဏ်ထူးတွေ ဘာတွေ ထွက်လို့။ ရပြီးသားတွေကိုး။ မန္တလေးမှာ သုံးနှစ်နေပြီး ရန်ကုန် ပြန်ပြောင်းတော့မှ ပညာရေး တက္ကသိုလ်မှာ မာစတာ ပြန်ဖြေပြီး ၁၉၇၃ ခုနှစ်မှာ အောင်သွားတာပေါ့။

ဂီတ အနုပညာ လောကထဲကို ဘယ်လို ရောက်ရှိလာတယ်ဆိုတာလည်း ပြောပြပါဦး။

တက္ကသိုလ် ဒုတိယနှစ်လောက်မှာပဲ “ပန်းကမ္ဘာ မျှော်စင်” နဲ့ စဆိုတာလေ။ ဂီတ စာဆို ကိုမြတ်လင်း ရေးတဲ့ သီချင်းလေး ပါ။ အဲဒီခေတ်က မြန်မာ့အသံမှာ အသံ စစ်ဆေးတာ တော်တော် ခက်ခဲလိုက်တာ။ ဦးမြကြီးက အရမ်းစစ်တာ။ ကိုယ်က အင်္ဂလိပ်ပိုင်းမှာပဲ ဆိုနေကျဆိုတော့ မြန်မာ လိုက ဘိုမကြီးတော့လည်း မဟုတ်ဘူး ပေါ့နော်။ ဒါပေမယ့် ကိုယ်က ကွန်ဗင့် ကျောင်းထွက်တယ် ဆိုတော့ အင်္ဂလိပ်လိုလည်း မွှတ်မွှတ်ထွတ်ထွတ် ရှိတယ်ဆိုတော့ အင်္ဂလိပ်နဲ့ မြန်မာနဲ့က အသံနေ အသံထား Essence တွေက မတူဘူးလေ။ မတူတော့ “မေတ္တာပန်းများ ချွေခူးထားတယ်” ဆိုလို့ ရှိရင် (ကိုမြတ်လင်းသီချင်းပဲ) မေတ္တာကို မပီဘူးပေါ့ကွယ်။ မြစ်ထာ(မေတ္ထာ) တို့ ဘာတို့ ဖြစ်နေတယ်။ အခုခေတ်များ လုပ်ဆိုတာပေါ့နော်။ ဦးမြကြီးက ဘာပြောလဲဆိုရင် “နွဲ့ယဉ်ဝင်း မေတ္တာ ဖြစ်ပါတယ်။ မေတ္ထာ မဟုတ်ဘူး။ ပြန်ဆိုပါ။ ပီအောင် ဆိုပါ” ဆိုပြီး အော်ခံရတာ။ အမလေး အသံ စစ်တာလေ။ ဒါပေမယ့် ကိုယ်က အခြေခံပဲ ကောင်းလို့လား မသိဘူး။ ကွန်ဗင့်ကျောင်းမှာ နေတော့ ခရစ်ယာန် ဘုရား သီချင်းတွေ အင်မတန် ခက်တယ်။ လက်တင်လိုပေါ့နော်။ လက်တင်က ရှေးအီတာလျံ စကားလေ။ အခု အီတလီမှာ ပြောတဲ့ အီတာလျံကို ရှေးကဟာ လက်တင်လို့ ခေါ်တယ်။ အဲဒီ စကားတွေနဲ့ ဆိုတော့ အသံတွေကလည်း အရမ်း ခက်တာတွေ ဆိုခဲ့ရတော့ ကိုယ်က တော်ရုံတန်ရုံ အသံဆိုရင် ခက်တယ်လို့ မခေါ်ဘူး။

မြန်မာသံကိုကျတော့ အရင်တုန်းက အဆိုတော်တွေ တင်တင်မြတို့ တင်တင်လှတို့၊ ချိုပြုံးတို့ ဆိုတာလေးတွေ ကြားပြီးတော့ ကြိုက်တယ်လေ။ ကြိုက်တော့ အဲဒါတွေ ဆိုကြည့်ရင်းနဲ့ မြန်မာပိုင်းကို ဆိုဖြစ်တာ။ တကယ့် တကယ် စဆိုတာက အင်္ဂလိပ်ပိုင်း အစီအစဉ်Verity Show မှာ။ အင်္ဂလိပ်လိုကတော့ ၁၉၆၁ ခုနှစ်မှာ စဆိုတယ်။ ဆက်တိုက် ဆိုနေရင်းနဲ့ တက္ကသိုလ် ရောက်တော့လည်း တက္ကသိုလ် အနုပညာ အသင်းတွေ ဘာတွေလည်း ဝင်တယ်။ နောက်မြန်မာပိုင်းမှာ စဆိုတာကတော့ “မေတ္တာရိပ်မြုံ” တေးဂီတအဖွဲ့။ မေတ္တာ ရိပ်မြုံ ဦးမျိုးကြည်က အဖေ့ရဲ့ မိတ်ဆွေ။ စမ်းဆိုကြည့်ဖို့ ပြောတော့ ကိုယ်က သိပ်တော့ မဆိုချင်ဘူး။ ဘာလို့ဆိုတော့ ကိုယ်က မြန်မာလိုဆိုတာ သိပ်လည်း မကျွမ်းကျင်ဘူးလေ။

ဦးဆုံးဆိုတာကတော့ “ပန်းကမ္ဘာမျှော်စင်” ပေါ့။ ဒါပေမဲ့ ဆိုလိုက်တော့လည်း အဆင်ပြေပါတယ်။ တန်းပြီးတော့ ဓာတ်ပြားရတယ်လေ။ မြန်မာ့ အသံက ဓာတ်ပြားရရင် တစ်ခါတည်း လွှင့်ခွင့်ရတယ်။ မြန်မာလို စဆိုတာ ၁၉၆၄ ခုနှစ် ပေါ့နော်။ အဲဒီကနေစပြီး ဂီတ လောကထဲကို ရောက်လာတယ်။ အဲဒီတုန်းက တိတ်တွေဘာတွေမပေါ်သေးဘူး။ စီဒီ ဆိုဝေးသေးတယ်။

မဂျွိုက်(စ်)က တစ်ပုဒ်တည်းနဲ့ ဓာတ်ပြားတန်းရသလို ဆိုသမှျ ရေဒီယို သီချင်းတွေလည်း အောင်မြင်ခဲ့တယ် နော်။ သီချင်းနာမည်လေးတွေ မှတ်မိ သလောက်ပြောပြပါဦး။

အင်း . . .မေမြို့ သို့မဟုတ် ပြင်ဦးလွင်။ အဲဒီ “ပန်းကမ္ဘာမျှော်စင်” ပေါ့နော်။ နောက် “ချစ်သူတို့ ဘဝဝယ်”။ “တစ်လုံးနှစ်လုံး စာစီကုံး”၊ “မေတ္တာပန်းများ ချွေခူးထား တယ်”၊ “မောင်မောင့် အပေါ်ထားတဲ့ မေတ္တာ”၊ “ရွှေလှေခါးလေး ခင်းပေးမယ်”၊ အများကြီးပါပဲ သိပ်မမှတ်မိတော့ဘူး။ ရေဒီယို သီချင်းတွေ ဆိုနေတုန်းမှာပဲ (ဦးရဲ အောင်ဆိုတာလေ ဦးတီပိုးလို့ ခေါ်တယ်) ရုပ်ရှင် သီချင်းဆိုဖို့ လာခေါ်တယ်။ “ကျော်” ဆိုတဲ့ ဇာတ်ကားရဲ့ ဇာတ်ဝင်သီချင်းပေါ့။ နောက် အဲဒါလည်း ပြီးရော ဂီတလုလင် မောင်ကိုကိုစန္ဒရားလှထွဋ် ၊ ချိုတေးဆက် ဦးအောင်ကိုး၊ တော်တော်များများက ဆိုဖို့ လာခေါ်ကြတယ်။ အဲဒီတော့ ရေဒီယို ဆို လိုက် ရုပ်ရှင်သီချင်းဆိုလိုက်ပေါ့။ အဲဒီ ခေတ်က စတီရီယို မပေါ်သေးတော့ ရုပ်ရှင်သီချင်းက နည်းနည်း ထူးခြားနေတာပေါ့။ သူက ဇာတ်ဝင်ခန်းတွေ ရေးရတာ။ နောက်ပိုင်း ကိုယ်က ရုပ်ရှင်သီချင်းဆိုရင်း ဆိုရင်းနဲ့ ပန်းချီစိုးမိုးက တင်တင်ညို (အဲဒီတုန်းက သူ့မိန်းမ မဟုတ်သေးဘူးပေါ့) အတွက်ဆိုပေးပါဆိုပြီး လာခေါ်တော့ တင်တင်ညိုမျက်နှာနဲ့ မဂျွိုက်(စ်)အသံနဲ့ တော်တော်လိုက်တယ်။ လိုက်တော့ နောက်ပိုင်း သူ့ရုပ်ရှင်တွေပေါ့။ “ကျွန်တော့် နာမည် ကျော်ကျော်” တို့ “ကုဋေရှစ်ဆယ် သူဌေးသား” တို့ ကျော်ဟိန်းနဲ့ ကားတွေလေ။ တော်တော် ဆိုပေးခဲ့ ရတယ်။ နောက်ပိုင်း မောင်သိန်းဝင်းနဲ့ စုံတွဲသီချင်းတွေလည်း အများကြီးပဲ။ အဲဒါတွေ တောက်လှျောက် ဆိုခဲ့ရတယ်။

စတီရီယို သီချင်းတွေ ပေါ်လာတော့ စတီရီယို ခေတ်ဦး အဆိုတော်ကြီး တစ်ယောက်နဲ့ မဂျွိုက်(စ်)စုံတွဲ သီချင်းတွေ တော်တော် အောင်မြင်ခဲ့တယ်နော်။ စတီရီယိုသီချင်း ဘယ်လို ဆိုဖြစ်သွား တယ်ဆိုတာလည်း ပြောပြပါဦး။

တစ်ရက်၊ အမျိုးသား တိုးတက်ရေး ရုပ်ရှင်ခြံမှာ ရုပ်ရှင် သီချင်းသွင်းနေတုန်း ဂီတစာဆို ကိုသက်မှူးက လာခေါ်တယ်။ ပန်းကမ္ဘာမျှော်စင်က သူရေးတာလေ။ အဲဒါ လားရှိုးက အဆိုတော် တစ်ယောက်နဲ့ စုံတွဲ တစ်ခွေ ထုတ်ဖို့ လာခေါ်တယ်။ အဲဒီ အခွေထဲက “အလှကြည့်တဲ့ မှန်လို” တို့ ဘာတို့ အရမ်း နာမည်ကြီးသွားတယ်။ မဂျွိုက်(စ်)က ကံကောင်းတာလည်း ပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ ပါရမီနဲ့ ဘုရား သခင်ရဲ့ကျေးဇူးလည်းပါတယ်။ စဆိုရင် ဆိုတဲ့ဟာတိုင်း အောင်မြင်တယ်။ အင်္ဂလိပ်ပိုင်း၊ မြန်မာပိုင်း၊ ရုပ်ရှင်သီချင်း ပြီးတော့ စတီရီယို . . .

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. ပေဖူးလွှာ ရသစုံမဂ္ဂဇင်း အတွဲ(၁)၊ အမှတ်(၅)၂၀၁၀၊ ဇန္နဝါရီလ