နီကိုလာ တက်စလာ
နီကိုလာ တက်စလာ (Nikola Tesla) (၁၈၅၆-၁၉၄၃) သည် ဆာဗီးရန်း-အမေရိကန် လူမျိုး သိပ္ပံပညာရှင်၊ လျှပ်စစ် အင်ဂျင်နီယာနှင့် တီထွင်သူ တစ်ယောက် ဖြစ်ပါသည်။ Alternating current (a.c) ကို စတင် အသုံးချရန် ကြိုးစားခဲ့သူ တစ်ဦးလည်း ဖြစ်ပါသည်။ A.C လျှပ်စစ်ဆိုသည်မှာ အချိန်နှင့်လိုက်ပြီး ကြိမ်ဖန်များစွာ ပြောင်းလဲနေတတ်သော sine wave ပုံစံရှိ လျှပ်စစ်ဓာတ်အား ဖြစ်ပြီး ယနေ့ အိမ်သုံး ဓာတ်အားလည်း ဖြစ်ပါသည်။ တက်စလာ အနေနှင့် a.c induction generator၊ Tesla coil နှင့် a.c current ၏ frequency ကို ပြောင်းပေးနိုင်သော ထရန်စဖေါ်မာ အစရှိသော တီထွင်မှုပေါင်း မြောက်များစွာကို ပြုလုပ်ခဲ့သူဖြစ်သည်။
တက်စလာ၏ ဘဝဖြစ်စဉ် [ပြင်ဆင်ရန်]
တက်စလာကို ဆာဘီးယန် မိဘများမှ ခရိုအေးရှား (Croatia) ရှိ စမီးလ်ဂျန်(smiljan) အရပ်တွင် မွေးဖွားခဲ့သည်။ သူ့ဖခင်မှာ ထိုဒေသရှိ ရှေးရိုး ဘုရားရှိခိုး ကျောင်းလေးမှ သင်းအုပ် ဘုန်းကြီး တစ်ပါးဖြစ်သည်။ ငယ်စဉ်ကပင် ဉာဏ်ရည် လွန်စွာ ထက်မြက်ခဲ့ပြီး ကဗျာရေးခြင်း၊ စမ်းသပ်မှု ပြုလုပ်ခြင်းများ ကို ဝါသနာ ထုံခဲ့သူ ဖြစ်သည်။ သူ့မိဘများကမူ သူ့ဖခင်ကဲ့သို့ ဘုန်းကြီး ဝတ်စေချင်ခဲ့သည်။ တက်စလာသည် ၁၈၇၁ မှ ၁၈၇၇ အတွင်း ကာလိုဗတ် (Karlovac) မြို့လေးတွင် အထက်တန်းကျောင်း တက်စဉ်ကစပြီး သိပ္ပံပညာရပ်များကို စိတ်ဝင်စားလာခဲ့သည်။ ၁၈၇၇ မှ ၁၈၈ဝ အထိ ဩစတြီးယားနိုင်ငံ (Austria) ဂရာဇ်(Graz) ရှိ နည်းပညာတက္ကသိုလ်တွင် ပညာသင်ခဲ့ ပြီး ၁၈၈ဝ တွင် University of Prague တွင် ပညာ ဆက်သင်ခဲ့သည်။ သို့ရာတွင် သူ့ဖခင် ဆုံးပါးသွားသဖြင့် ပညာဆုံးအောင် မသင်ခဲ့ရပေ။
တက်စလာသည် ၁၈၈၁ တွင် ဘူဒါပက်မြို့(Budapest) ရှိ တယ်လီဖုန်း ကုမ္ပဏီတွင် အင်ဂျင်နီယာ အဖြစ် တစ်နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ပဲရစ် သို့ ပြောင်းရွေ့အလုပ်လုပ်ခဲ့သည်။ ထို့နောက် အမေရိကန်သို့ ၁၈၈၄ ခုနှစ်တွင် ပြောင်းရွေ့ခဲ့ပြီး ကိုယ်ပိုင် အလုပ်ရုံ မတည်ထောင်မီ အမေရိကန် စွန့်ဦးတီထွင်သူ သောမတ် အက်ဒီဆင် ဆီ၌ တစ်နှစ်ခန့် အလုပ်လုပ်ခဲ့သည်။ တက်စလာသည် အမေရိကန်ပြည်တွင် သူ့အချိန် အများစုကို စွန့်ဦးတီထွင်သူ ဂျော့ ဝက်စတင်းဟောက်စ် (George Westinghouse) နှင့် လက်တွဲ လုပ်ကိုင်ခဲ့သည်။ ဂျော့ ဝက်စတင်းဟောက်စ် သည် တက်စလာ၏ patents မူပိုင်ခွင့်များကို ဝယ်ယူခဲ့ပြီး အောင်မြင်စွာ ထုတ်လုပ်ရောင်းချခြင်းဖြင့် a.c လျှပ်စစ်ဖြန့်ဖြူးသော (power transmission) စနစ်ကို ဦးဆောင် စတင်ခဲ့သည်။
တက်စလာသည် ၁၈၉၂ တွင် အမေရိကန် နိုင်ငံသားအဖြစ် ခံယူခဲ့သည်။ ၁၈၉၂ တွင် မိခင်ဖြစ်သူ ဆုံးပါးပြီးနောက် တက်စလာသည် ပတ်ဝန်းကျင်နှင့် ရှောင်ခွာပြီး အထီးကျန် စွာ နေစပြုလာသည်။ ၁၉၁၂ တွင် တက်စလာနှင့် အက်ဒီဆင် နှစ်ယောက်လုံးကို နိုဘယ်ဆုအတွက် လျာထားခြင်း ခံခဲ့ရသည်။ သို့သော် တက်စလာသည် အိမ်သုံး စွမ်းအင်အဖြစ် a.c နှင့် d.c လွန်ဆွဲပွဲတွင် မရိုးသားသော နည်းလမ်းများ သုံးခဲ့သည်ဟု သူယုံကြည်ထားသော အက်ဒီဆင်နှင့် တွဲဘက်ဆုယူရန် ငြင်းပယ်ခဲ့သည်။ ထို့ကြောင့် တီထွင်သူ နှစ်ယောက်စလုံး နိုဘယ်ဆု မရခဲ့ပေ။ တက်စလာ အနေဖြင့် သူ၏ ရှာဖွေတွေ့ရှိမှု အများစုကို patent မူပိုင်ခွင့် မပြုလုပ်ခဲ့ပဲ ထိုတီထွင်မှုများမှ အကျိုးကျေးဇူး အနည်းငယ်သာ ခံစားခဲ့ရသည်။ သူ၏ နောက်ဆုံး အချိန်များကို နယူးယောက်မြို့တွင် သေဆုံးချိန်အထိ တိတ်ဆိတ် ငြိမ်သက်စွာ ကုန်ဆုံးစေခဲ့သည်။
တက်စလာ၏ တီထွင်မှုများ [ပြင်ဆင်ရန်]
တက်စလာသည် ၁၈၇၈ ခုနှစ်တွင် ဂရာ့ဇ်(Graz) နည်းပညာကျောင်းသားဘဝက d.c motor ဒီစီ မော်တာတစ်လုံး သရုပ်ပြသည်ကို တွေ့ခဲ့ရသည်။ သူမြင်ခဲ့ရသော ဒီစီ မော်တာသည် ဘရပ်ရှ် (brushes) များ ပါဝင်ပြီး သတ္တုအစိတ်များဖြင့် ပြုလုပ်ထားသော ကွန်မြူတေတာ (commutator) ကို ထိကပ်နေသည်။ ထို ဘရပ်ရှ်များနှင့် ကွန်မြူတေတာများ သည် ပွန်းပဲ့ ပျက်စီး စေတတ်ရာ ယင်းတို့ကို ဖယ်ပစ်လိုက်ခြင်းဖြင့် မော်တာကို ပိုကောင်းအောင် လုပ်နိုင်မည်ဟု ထိုစဉ်ကပင် သူစဉ်းစားမိခဲ့သည်။ နောက် ၄ နှစ် ကြာသော အခါ induction generator ပြုလုပ်ရန် စိတ်ကူး ရခဲ့သည်။ induction generator တွင် ရိုတာကို စက်မှုစွမ်းအင် တစ်ခုခုဖြင့် လှည့်ပေးခြင်းဖြင့် a.c လှျပ်စစ် ကို ထုတ်ယူရရှိသည်။ ယင်းကို a.c လျှပ်စစ် ပြန်ပေးခြင်းဖြင့် ရိုတာကို လည်ပတ်အောင် ပြုလုပ်နိုင်သည်။ ဤနည်းဖြင့် လည်ပတ်သော မော်တာကို induction motor ဟု ခေါ်သည်။ တက်စလာသည် သူ့တီထွင်မှုများကို မိုဒယ် မဆောက်မီကပင် စိတ်ကူးဖြင့် မည်သည့် နေရာများတွင် အသုံးပြုရမည်ကို ကြိုတင် ကြံဆ ထားလေ့ရှိသည်။
တကယ်တမ်း အလုပ်လုပ်သော induction motor ကိုမူ ၁၈၈၃ ခုနှစ်ကျမှ တည်ဆောက်ခဲ့သည်။ ဤတွင် သူ့တီထွင်မှုများကို ဥရောပ၌သာ စိတ်ဝင်စားအောင် လုပ်ဆောင်နိုင်မည်ဟု နားလည် သဘောပေါက်လာပြီး နယူးရောက် မြို့သို့ ပြောင်းရွှေ့ အခြေချခဲ့သည်။ ထိုနေရာ၌ပင် သူ့ဓာတ်ခွဲခန်းနှင့် အလုပ်ရုံကို ၁၈၈၇ ခုနှစ်၌ တည်ထောင်ခဲ့ပြီး မော်တာများကို ထိထိရောက်ရောက် ထုတ်လုပ်နိုင်ခဲ့သည်။ တစ်လခန့် အတွင်း၌ပင် a.c လှျပ်စစ် ဓာတ်အား ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ အသုံးချခြင်းများနှင့် ဆိုင်သော ရှုပ်ထွေးများပြားသည့် patents မူပိုင်ခွင့် များ လျှောက်ထား ရရှိခဲ့သည်။ a.c လျှပ်စစ် သည် အလွန်ဝေးကွာသော ဒေသများသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ် ဖြန့်ဖြူးခြင်း များတွင် d.c လျှပ်စစ်ထက် ပို၍ ထိရောက်မှု ရှိသောကြောင့် ယနေ့ခေတ်တွင် စက်ပစ္စည်းများမောင်းရန် အများဆုံးသုံးသော လျှပ်စစ်ဓာတ်အား ဖြစ်လာခဲ့သည်။
တက်စလာသည် တစ်ချိန်တည်းမှာပင် American Institute of Electrical Engineers တွင် သူ၏ a.c လျှပ်စစ် စနစ် အကြောင်းကို လက်ချာ ပို့ချ ပေးနေခဲ့သည်။ အမေရိကန် တီထွင်သူ တစ်ဦးဖြစ်သော ဂျော့ဝက်စတင်းဟောက်စ် က ထိုလက်ချာများကို လေ့လာပြီးနောက် တက်စလာ၏ မူပိုင်ခွင့် patent များကို အလျင်အမြန် ဝယ်ယူ လိုက်တော့သည်။ ဝက်စတင်းဟောက်စ်သည် တက်စလာ၏ စိတ်ကူးများကို ထောက်ခံခဲ့ပြီး ၁၈၉၃ တွင် ရှီကာဂိုမြို့ တွင် ကျင်းပခဲ့သော World Columbian Exposition တွင် တက်စလာ၏ စနစ် ကို အသုံးပြု၍ မီးထွန်းခြင်းဖြင့် သရုပ်ပြခဲ့သည်။ တစ်လခန့် ကြာသောအခါ နယူးယောက်ရှိ နိုင်အာဂရာ ရေတံခွန်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စာချုပ်ကို ဝက်စတင်းဟောက်မှ အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့သည်။ တက်စလာ၏ နည်းစနစ်များကို အသုံးပြု၍ ဒေသတွင်း စက်ရုံများအား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရုံသာမက ၂၂ မိုင် ကွာဝေးသော Buffalo မြို့ သို့ ဓာတ်အား ပို့လွှတ် ဖြန့်ဖြူးပေးခဲ့သည်။
၁၈၈၈ နှောင်းပိုင်းမှ စ၍ တက်စလာသည် ကြိမ်နှုန်းမြင့် (very high frequency) a.c လျှပ်စစ်ဓာတ်အားကို ထုတ်လုပ် အသုံးချရန် အလွန် စိတ်ဝင်စား ခဲ့သည်။ ထို လှျပ်စစ်သည် မီးထွန်းရန်နှင့် ဆက်သွယ်ရေး တွင် အသုံးချနိုင် လိမ့်မည်ဟု တက်စလာ ယုံကြည်ခဲ့သည်။ ထို့ကြောင့် သူ၏ လျှပ်စစ်ဓာတ်အားပေး စက်များကို ကြိမ်နှုန်းမြင့် လှျပ်စစ် ထုတ်နိုင်စေရန် ပြုပြင်ခဲ့သည်။ နောက်ပိုင်းတွင် လျှပ်စစ်ဓာတ်အားပေးစက်မှ ကြိမ်နှုန်းနိမ့် လျှပ်စစ်ထုတ်ယူ၍ နောက်ပိုင်းမှ ကြိမ်နှုန်းမြှင့်ပေးခြင်းသည် ပိုမိုထိရောက်မည်ဟု တက်စလာ က ဆုံးဖြတ်လိုက်သည်။ ထို ဆုံးဖြတ်ချက်အရ a.c လျှပ်စစ်၏ ဗို့အားနှင့် ကြိမ်နှုန်းကို တစ်ပြိုင်တည်း ပြောင်းလဲပေးနိုင်သော တက်စလာကွိုင် (Tesla coil) ကို တီထွင်ခဲ့သည်။
တက်စလာကွိုင်သည် လျှပ်စစ် ပတ်လမ်း ၂ ခုကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ နှစ်ခုစလုံးမှာ ဝါယာခွေများ ဖြစ်ကြပြီး အခေါင်းပါသော ဆလင်ဒါ တစ်ကိုကို အတူတကွ ရစ်ပတ် ထားခြင်းဖြစ်သည်။ ကွိုင်တစ်ခုမှာ အရွယ်အစား ကြီးမားသော ဝါယာကို သုံးထားပြီး အပတ်ရေ အနည်းငယ်သာ ပတ်ထားသည်။ နောက် ကွိုင်တစ်ခုမှာမူ အရွယ်အစား အလွန် သေးငယ်သော ဝါယာကြိုး အပါတ်ရေ များစွာ ပတ်ထားပြီး ယင်းကွိုင် အတွင်းသို့ လှျပ်စစ်သံလိုက်လှိုင်းများ ညှို့ဝင် ဖြစ်ပေါ်သည်။ ကွိုင်အပတ် အရေအတွက်ခြင်း အလွန်ကွာခြားမှုကြောင့် သေးငယ်သော ကွိုင်အတွင်း ညှို့ဝင် စီးဆင်းသော လျှပ်စီး၏ ကြိမ်နှုန်းနှင့် ဗို့အားသည် အလွန် မြင့်မားသည်။ ၁၈၉၉ ခုနှစ်တွင် ထိုကိရိယာကို အသုံးပြု၍ ၁၃၅ ပေ ရှည်သော လျှပ်စစ်မီးပွားတန်း electric spark ကို တက်စလာ ဖန်တီး နိုင်ခဲ့သည်။ ၂၅ မိုင်အကွာအဝေးရှိ မီးလုံးပေါင်း ၂၀ဝ ကျော်ကိုလည်း ကြိုးမဆက်သွယ်ဘဲ ထွန်းပြနိုင်ခဲ့သည်။ သူ၏ တက်စလာကွိုင်မှ ထွက်သော ကြိမ်နှုန်းမြင့် လျှပ်စစ်သည် ဓာတ်ငွေ့ထည့်ထားသော (နီယွန်) မီးချောင်းများကို အဝေးမှ စွမ်းအင် ပေးနိုင်စွမ်းရှိသည်။
တက်စလာအနေဖြင့် ရေဒီယို နည်းပညာ ပေါ်ပေါက်လာစေရန် များစွာ စိတ်အား ထက်သန်ခဲ့သည်။ ၁၈၉၇ အစောပိုင်းတွင် နယူးယောက်မြို့ မက်ဒီဆင် စကွဲ ပန်းခြံ (Madison Square Gardan) တွင် အဝေးထိန်းစံနစ်သုံး လှေပုံစံငယ် ၂ ခုကို သရုပ်ပြခဲ့သည်။ ၁၉၀ဝ ခုနှစ်မှ စတင်ကာ လောင်းကျွန်းငယ် (Long Island) ပေါ်တွင် အသံလွှင့် စက်ရုံတစ်ခုကို စတင်တည်ထောင်ခဲ့ပြီး ကမာ္ဘ့ကြိုးမဲ့ ဆက်သွယ်မှု စနစ် ပရောဂျက် (World Wireless) တည်ထောင်နိုင်ရန် ကြိုးပမ်းခဲ့သည်။ နောင် နှစ်အနည်းငယ် ကြာသော အခါ သူ့ပရောဂျက်သည် သူ့ကို ထောက်ပံ့နေသူများအတွက် မဖြစ်နိုင်လောက်အောင် ကုန်ကျစားရိတ် များပြားလာကြောင်း သိလာကြပြီး သူ့ကို စွန့်ခွာ သွားခဲ့ကြသည်။ (၁၉၁၄-၁၉၁၈) ပထမ ကမ္ဘာစစ် အစတွင် တက်စလာအနေနှင့် စီးပွားပျက်ကပ် ကို ရင်ဆိုင်ခဲ့ရသည်။ အသံလွှင့်ရုံ အပါအဝင် မြောက်များစွာသော သူ၏ မအောင်မြင်သော ပရောဂျက်များကြောင့် ဝက်စတင်းဟောက်စ် ကလည်း စီးပွားရေးအရ ထောက်ပံ့ကူညီရန် ငြင်းပယ်ခဲ့သည်။ အခြား အဓိက ငွေကြေးထောက်ပံ့သူ တစ်ဦးဖြစ်သော စီးပွားရေးသမား ဂျွန် ပီယာပွန့် မော်ဂန် (John Pierpont Morgan) ကလည်း ၁၉၁၃ ခုနှစ်တွင် ဆုံးပါးသွားခဲ့သည်။
တက်စလာသည် သူ့နောက်ဆုံးကာလများကို အထီးကျန်စွာ ကုန်ဆုံးခဲ့ရသည်။ သူ့ တီထွင်မှုများစွာကို အခြားသူများက အောင်မြင်အောင် လုပ်ဆောင်ခဲ့ကြပြီး အကျိုး ခံစားသွားကြသည်။ တက်စလာအနေဖြင့် ပင်လယ်တွင် သင်္ဘောများအား ထောက်လှမ်းသည့် စနစ် တစ်ခုကို ပုံစံကြမ်းထုတ်ခဲ့ပြီး ယခုအခါ ရေဒါအဖြစ် ပေါ်ထွက်လာခဲ့သည်။ ငွေကြေးအခက်အခဲကြောင့် လက်တွေ့မလုပ်ခဲ့နိုင်သဖြင့် လှျပ်စစ်နာရီ၊ တာဘိုင် အစရှိသော မြောက်များလှစွာသော သူ၏ တီထွင်မှုများစွာသည် သူကွယ်လွန်မှုနှင့် အတူ ပျောက်ဆုံးခဲ့ရသည်။
Links [ပြင်ဆင်ရန်]
- NikolaTesla.fr - More than 1,000 documents on Tesla