ထရော့စကီ လီယွန်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
လီယွန် ထရော့စကီ

ထရော့စကီ လီယွန် (ခရစ် ၁၈၇၉-၁၉၄ဝ)[ပြင်​ဆင်​ရန်​]

ရုရှနိုင်ငံ အောက်တိုဘာတော်လှန်ရေးတွင် တော်လှန်ရေး ခေါင်းဆောင်ကြီး လီနင်နှင့်အတူ ဆောင်ရွက်ခဲ့ပြီးနောက် စတာ လင်နှင့် အတိုက်အခံဖြစ်၍၊ ရုရှနိုင်ငံမှ ပြည်နှင်ခြင်းကို ခံခဲ့ရသူ မှာ လီယွန်တရော့စကီဖြစ်လေသည်။ ထရော့စကီ၏ နာမည် ရင်းမှာ လျက်ဒဗျီးဒဗျစ် ဗရမ်းရှတိုင်ဖြစ်၏။

သူ့ကို ခရစ် ၁၈၇၉ ခုနှစ်တွင် ယူကရိန်းပြည်နယ်၊ ယနဗကာမြို့၌ မွေးဖွားသည်။ ငယ်စဉ်က အိုဒက်ဆာတက္ကသိုလ်တွင် ပညာ သင်ယူခဲ့သည်။ ခရစ် ၁၈၉၈ ခုနှစ်တွင် တော်လှန်ရေးနှင့် စပ်လျဉ်းသော ဆောင်ရွက်ချက်တို့ကြောင့် ဇာဘုရင်အစိုးရက ဖမ်းဆီးထားပြီးနောက်၊ ၁၉ဝဝ ပြ့်နှစ်တွင် ဆိုက်ဗီးရီးယားသို့ ပို့လေသည်။ သို့ရာတွင် လီယွန် ထရော့စကီဟူသော အမည် ဖြင့် ဆိုက်ဗီးရီးယားမှ ခိုး၍ ထွက်လာပြီးလျှင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့သို့ သွားရောက်၍၊ လီနင်နှင့်ပူးပေါင်းကာ တော်လှန် ရေးလုပ်ငန်းတို့ကို အတူတကွ လုပ်လေသည်။ ၁၉ဝ၃ ခုနှစ် တွင် ရုရှနိုင်ငံပြင်ပမှနေ၍၊ ရုရှဆိုရှယ်ဒီမိုကရက်တစ်ပါတီညီ လာခံကို ကျင်းပပေးခဲ့၏။

၁၉ဝ၅ ခုနှစ်တွင် ရုရှသို့ပြန်လာရာ၊ အဖမ်းခံရပြီးနောက်၊ ဆိုက်ဗီးရီးယားသို့ပင် တစ်ဖန် အပို့ခံရပြန် လေသည်။ သို့သော် ဆိုက်ဗီးရီးယားမှ ထွက်ပြေးပြန်၍ ၁၉ဝ၇ မှသည် ၁၉၁၄ ခုနှစ်အထိ ဗီယင်နားမြို့တွင် နေထိုင်ပြီးလျှင် ဗော်လရှီဗစ်နှင့် မင်ရှီဗစ် ဝါဒနှစ်ခုတို့၏အကြားဖြစ်သော အလယ်အလတ် ဝါဒကို အများသိအောင် ဖြန့်ချိလျက်ရှိလေ သည်။

၁၉၁၄-၁၆ ခုနှစ်အတွင်း ပြင်သစ်နိုင်ငံနှင့် စပိန်နိုင်ငံတို့ တွင် လှည့်လည်နေထိုင်ရာ၊ ထိုနိုင်ငံတို့က ပြည်နှင်ဒဏ်ပေး သဖြင့် အမေရိကန်နိုင်ငံသို့ လာရောက်နေထိုင်ရလေသည်။ ၁၉၁၇ ခုနှစ်တွင်ကား အောက်တိုဘာလ ရုရှတော်လှန်ရေးကြီး သည် အောင်မြင်ခဲ့ပြီဖြစ်၍၊ ထရော့စကီသည် လီနင်နှင့်အတူ အာဏာသိမ်းပိုက်ရေး၌ ဆောင်ရွက်ခဲ့ရာ၊ ဆိုဗီယက်ရုရှနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာလေသည်။ သို့ရာတွင် နိုင်ငံခြားရေး ဝန်ကြီးအဖြစ်ဖြင့် ဂျာမနီနှင့်စေ့စပ်သောကိစ္စ၌ လီနင်၏အကြံ ပေးချက်ကို မနာယူဘဲ တင်းမာခဲ့သောကြောင့် စေ့စပ်ရေး၌ အရေးရှုံးနိမ့်ရပြီးလျှင် နိုင်ငံခြားရေးဝန်ကြီးရာထူးမှ နုတ်ထွက် ပေးခဲ့ရလေသည်။

ထိုနောက်၌မူကား စစ်ဝန်ကြီးရာထူးကိုယူ၍ ရုရှတပ်နီတော်ကြီး၏ ပြန်လည်ထူထောင်ရေးကို ဆောင်ရွက်ခဲ့ လေသည်။ ဤသို့ဆောင်ရွက်ရာ၌ တော်လှန်ရေးကို သွေဖည် သောသူတို့အား နိုင်နင်းစွာ နှိပ်ကွပ်ခဲ့လေသည်။ သို့သော် ဝါဒ အားဖြင့်ကား ထရော့စကီသည် လီနင်နှင့် သဘောကွဲလွဲခဲ့၏။ အထူးသဖြင့်ကား လီနင်အနီးတွင်ရှိသော စတာလင်နှင့် သဘော ကွဲခဲ့သည်။ ၁၉၂၄ ခုနှစ်တွင် စတာလင် အာဏာရသောအခါ ထရော့စကီသည် ဝန်ကြီးများအဖွဲ့မှ ပြုတ်ကျလေသည်။

၁၉၂၇ ခုနှစ်၌ ထရော့စကီသည် ဆိုဗီယက်တာကီစတန်ပြည်နယ်သို့ နယ်နှင်ခံရလေသည်။ သို့သော် ထိုနယ်နှင်ခံနေရသည့်အတွင်း ထရော့စကီသည် စတာလင်နှင့် ဆန့်ကျင်သောလုပ်ငန်းတို့ကို လုပ်မြဲလုပ်နေသဖြင့် ၁၉၂၉ ခုနှစ်တွင် ရုရှနိုင်ငံမှ လုံးဝနှင် ထုတ်ခြင်းကို ခံရပြန်သည်။ ထိုကာလမှစ၍ ကွန်စတန်တီနိုပယ် မြို့နှင့် နော်ဝေးနိုင်ငံရှိ မြို့များသို့ လှည်လည်နေထိုင်ခဲ့ပြီးလျှင်၊ ၁၉၃၇ ခုနှစ်တွင် မက္ကဆီကိုမြို့တော်၌ အခြေစိုက်ခဲ့သည်။

၁၉၄ဝ ပြည့်နှစ် ဩဂုတ်လတွင် ဗဲလဂျီယန်လူမျိုးတစ်ဦးက ချောင်းမြောင်း၍ တူနှင့်ထုကာ သတ်ဖြတ်ခြင်းခံရသဖြင့် ကွယ်လွန်လေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)