လီနင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဗလာဒီမစ် အီလစ်ချ် အိုလျာနော့
ဗလာဒီမစ် အီလစ်ချ် အိုလျာနော့
အမည်​ရင်း ဗလာဒီမစ် အီလစ်ခ်ျ အိုလျာနော့
မွေး​သက္ကရာဇ် ၂၂ ဧပြီလ ၁၈၇၀ ခုနှစ်
ကွယ်လွန် ၂၁ ဇန်နဝါရီ ၁၉၂၄ ( အသက် ၅၃ နှစ် )
နိုင်ငံသား Flag of Russia.svg ရုရှားအင်ပါယာ
လူမျိုး ဆိုဗီယက် လူမျိုး
အလုပ်အကိုင် နိုင်ငံရေးသမား
မွေးရပ်ဇာတိ ဆမ်းဗရစ်ခ်ျမြို့ (အိုလျာနော့မြို့) ၊ ရုရှားနိုင်ငံ
ကြင်ဖော် Nadezhda Krupskaya (၁၈၉၈-၁၉၂၄)
လက်မှတ် Unterschrift Lenins.svg

ရုရှားခေါင်းဆောင်ကြီး လီနင်(၁၈၇ဝ-၁၉၂၄)[ပြင်​ဆင်​ရန်​]

လီနင် ဟုကျော်ကြားသည့် ဗလာဒီမစ် အီလစ်ချ် အိုလျာနော့ (Valdimic Ilyichi Olyanor) မှာ ကမ္ဘာပေါ်တွင် ပထမဆုံးသော ကွန်မြူနစ်နိုင်ငံဖြစ်သည့် ဆိုဗီယက်ပြည်ထောင်စုကို တည်ထောင်သူ၊ မာ့ခ်ဝါဒကို လက်တွေ့ အကောင်ထည်ဖေါ်သူအဖြစ် အများကသိကြသည်။ ကားလ်မာ့ခ် ပြောသမျှကို ယုံကြည်စွာဖြင့် လိုက်နာသူ အဖြစ်လည်းကျော်ကြားသည်။

လီနင်ကို ၁၈၇ဝ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် ရုရှားနိုင်ငံ ဗော်လဂါမြစ်ကမ်းပေါ်ရှိ ဆင်းဘတ် (ယခု-ဥလီယာနော့) ဒေသ၌ ဖခင် အီလီယာနီကိုလိုင်းယားဗစ်ဥလီယာနော့၊ မိခင် မာရီယာအလက်ဇန်ဒရိုဗာတို့မှ မွေးဖွားခဲ့ပါသည်။ ငယ်နာမည် မှာ ဗလာဂျီများအီးလစ်ဥလီယာနော့ ဖြစ်သည်။ မောင်နှမ ၆ ဦး ရှိခဲ့သည်။ ဖခင်မှာ ဆင်းဘတ်ပြည်နယ် အခြေခံကျောင်းများ၏ ပညာဝန်ဖြစ်ပြီး မိခင်မှာလည်း ပညာတတ်ရုံမက ဘာသာခြား စာပေနှင့် ဂီတကိုလည်း မြတ်နိုးတတ်ကျွမ်းသည်ဆို၏။ ထို မိသားစုမှ မွေးဖွားခဲ့သော လီနင်သည် ဉာဏ်ပညာထက်မြက်သည်မှာ မဆန်း။ ထိုသို့နှင့် လီနင်လေးသည် ၁၈၇၉ ခုနှစ် တွင် ဆင်းဘတ်ရှေးရိုးကျောင်း၌ စတင် ပညာသင်ကြားခဲ့ရ သည်။ ထိုကျောင်းမှပင် အခြေခံနောက်ဆုံးနှစ်အထိ သင်ကြား ခဲ့ရပြီး နောက်ဆုံးနှစ် စာမေးပွဲကို ရွှေတံဆိပ်ဆုရသည်အထိ ထူးချွန်စွာ အောင်မြင်ခဲ့သည်။


အဖေဖြစ်သူမှာ သစ္စာရှိ အစိုးရဝန်ထမ်း တစ်ဦးဖြစ်သော်လည်း အစ်ကိုဖြစ်သူ အလက်ဇန္ဒားမှာ ဇာဘုရင်ကို ဆန့်ကျင်သည့် လှုပ်ရှားမှုများတွင် ပါဝင်သဖြင့် အသတ်ခံရသည်။

ထို့နောက် လီနင်သည် ကာတန် တက္ကသိုလ်တွင် ဥပဒေပညာကို ဆက်လက်သင်ယူခဲ့သည်။ မကြာမီမှာပင် ကျောင်းသားတော်လှန်ရေး လှုပ်ရှားမှုများ၌ ပါဝင်ခဲ့ခြင်းကြောင့် အဖမ်းခံရပြီး နယ်နှင်ဒဏ်ပေးခြင်းကို ခံရလေ၏။ လီနင်အသက် ၂၃နှစ်တွင် ပြင်းထန်သည် ကွန်မြူနစ်တစ်ဦးအဖြစ်သို့ ရောက်လာသဖြင့် ဇာဘုရင်အစိုးရက ဖမ်းဆီးပြီး ထောင်တွင်း၌ ၁၄လထားပြီး နောက် ဆိုက်ဘေးရီးယား (Siberia) သို့နယ်နှင်ခံခဲ့ရသည်။ ထိုဒေသတွင် သုံးနှစ်မျှ နေရစဉ်အချိန်အတွင်း နိုင်ငံရေး အပေါင်းအသင်းတစ်ဦးနှင့် တွေ့ဆုံပြီး ရုရှားတွင် ဓနရှင်ဝါဒ တိုးတက်ထွန်းကားလာပုံ အမည်ရှိ ကျမ်းတစ်ဆောင်ကို ရေးသားခဲ့သည်။ ၁၉၀၀၊ဖေဖေါ်ဝါရီတွင် ပြစ်ဒဏ်မှလွတ်ပြီး အနောက်ဥရောပနိုင်ငံများတွင် ၁၇နှစ်တိုင် လှည့်လည်နေထိုင်ခဲ့သည်။ ထိုသို့နေထိုင်စဉ် အချိန်များတွင် တော်လှန်ရေးသမား ပီသစွာနေထိုင်ခဲ့သည်။ နောက်ပိုင်းတွင် သူပါဝင်သည့် ရုရှဆိုရှယ်ဒီမိုကရက်တစ် ပါတီ နှစ်ခြမ်းကွဲသောအခါ အင်အားပိုကြီးသည့် ဗော်ရှီဗစ်ပါတီ(Bolsheviks)၏ ခေါင်းဆောင်ဖြစ်လာသည်။

လီနင် (၁၈၈၇)

နိုင်ငံ့စီးပွားရေး တင့်တောင်းမှုမရှိသည် ကြားမှ ဇာဘုရင်အစိုးရသည် စစ်ပွဲအတွင်းသို့ ဝင်ရောက်ခဲ့ခြင်းကြောင့် ပထမကမ္ဘာစစ်မှာ လီနင်အတွက် အလွန်ကောင်းသည့် အခွင့်အရေးကြီးဖြစ်လာသည်။


စစ်မပြီးမှီပင် ပြည်သူတို့အကြား အလွန်မကျေမနပ်ဖြစ်လာပြီး ၁၉၁၇တွင် အများသိကြသည့်အတိုင်း အောက်တိုဘာတော်လှန်ရေးကြီးဖြစ်ကာ ဇာဘုရင်အစိုးရပြုတ်ကျပြီး ဒီမိုကရက်တစ်များစုပေါင်းသည့် အစိုးရတစ်ရပ်အာဏာရယူခဲ့သည်။ ဇာဘုရင်အစိုးရ နန်းကျကြောင်းသိလျှင် လီနင် ပြည်ပမှ ရုရှားသို့ ပြန်လာသည်။သို့သော် ထိုအရပ်သားအစိုးရတွင် အတွေ့အကြုံနည်းသလို အာဏာကြီးခြင်းမရှိကြောင်း လီနင်တစ်ယောက် ကောင်းစွာနားလည်လာပြီး ဗော်ရှီဗစ်တို့အား အင်အားတောင့်တင်းသည့် ကွန်မြူနစ်အစိုးရတစ်ရပ် အမြန်ဖွဲ့ရန်၊တနည်းဆိုရလျှင် အာဏာသိမ်းရန် လှုံဆော်သည်။ သို့ဖြင့် ဇူလိုင်လတွင် ဆူပူမှုတစ်ရပ်ဖြစ်ပွားခဲ့ပြီး အောင်မြင်မှုမရသဖြင့် လီနင်ကိုယ်တိုင် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။နောက်တစ်ကြိမ် အောက်တိုဘာတော်လှန်ရေးတွင်မူ အပြီးသတ်အောင်မြင်ပြီး လီနင်လည်း နိုင်ငံခေါင်ဆောင်ဖြစ်လာတော့သည်။

နိုင်ငံခေါင်းဆောင်ဖြစ်လျှင် လျင်လျင်မြန်မြန်ပင် ဆိုရှယ်လစ်စီးပွားရေးကို တည်ဆောက်သည်။အလွန်ရက်စက်သူ၊ ဝါဒေရးရာပြင်းထန်သူအဖြစ် အများကဆိုလာကြသည်။ ဆိုရှယ်လစ်စီးပွားရေပုံစံ မအောင်မြင်နိုင်ကြောင်း ကောင်းစွာနားလည်လာပြီးနောက် လမ်းစဉ်ပြောင်းကာ အရင်းရှင်ဆိုရှယ်လစ်စီးပွားရေးစနစ်(Capitalist Socialist Economy)ကို တည်ဆောက်သည်။ ထိုပုံစံမှာ ဆိုဗီယက်ပြည်ထောင်စု၏ နောက်ဆုံးချိန်များထိ အသုံးပြုခဲ့သည်။

အာဏာတည်မြဲရေးလမ်းစဉ်အဖြစ် ပြည်တွင်းရှိသတင်းစာများ၊အသံလွင့်ဌာနများ အပါအဝင်အခြားမည်သည့် ဌာနကိုမဆို ပါတီအစိုးရ၏ ထိန်းချုပ်မှုအောက်တွင်သာထားသည်။ အုပ်စိုးချိန် ငါးနှစ်တာအတွင်း ရုရှားမင်းမျိုးမင်းနွယ်များကို အပြီးသတ်ရှင်းလင်းခဲ့သည်။ ကွန်မြူနစ်ဝါဒကို အမြင်မကြည်သူ၊ဝါဒကွဲသူများကို ထောင်ချခြင်း၊ ကွပ်မျက်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။

တရားဟော စင်မြှင့်ထက်မှ လီနင်(၁၈၇၀-၁၉၂၄)

လီနင်သည် အစွမ်းထက်သည့်နိုင်ငံရေးသမားသာမဟုတ် စာရေးကောင်းသူတစ်ဦးလည်းဖြစ်သည်။ကွန်မြူနစ်ကျမ်းစာ အများအပြားရေးပြီး ကမ္ဘာပေါ်တွင် ကွန်မြူနစ်ဝါဒ ပျံနှံအားကောင်းရေးကို ဆောင်ရွက်ခဲ့သည်။ (လီနင်ရေးသားခဲ့သည့် ကျမ်းများကို သိလျှင် ကူညီဖေါ်ပြပေးစေလိုပါသည်။)


၁၉၂၂ ၊မေတွင် အလွန်ဆိုးဝါးသည့် နှလုံးရောဂါကို လီနင်စတင်ခံစားလာရသဖြင့် ကွယ်လွန်ချိန်ရောက်သည့် ၁၉၂၄ ထိ တိုင်းပြည်ကို ကောင်းစွာ ဦးဆောင်နိုင်စွမ်းမရှိတော့ပဲ ဖြစ်ခဲ့ရသည်။ ကွယ်လွန်ပြီးနောက် သူ့ရုပ်အလောင်းကို မပုပ်မသိုးစေရန် ဆေးဖြင့်စီရင်ပြီး မော်စကို(Moscow)ရှိ ရင်ပြင်နီ (Red Square)တွင် ဗိမာန်တည်ကာ အများလာရောက် ကြည့်ရှုခွင့် ပေးထားသည်။ လီနင်၏ ရုပ်ကလာပ်ပါရှိသောခေါင်းကို ဂေါ်ကီမြို့ကလေးမှ မော်စကို မြို့သို့ သယ်ဆောင်လာခဲ့ပြီး ဇန်နဝါရီ ၂၇ ရက်နေ့တွင်ရင်ပြင် နီ၌ ဂူသွင်းခဲ့လေ၏။ လီနင်ကိုဂုဏ်ပြုသောအားဖြင့် ပီထရို ဂရက်မြို့ကို လီနင်ဂရက်မြို့ဟု အမည်ပြောင်းလဲမှည့်ခေါ်ခဲ့ကြ လေ၏။ နိုင်ငံတကာ ကွန်မြူနစ်များ လှုပ်ရှားမှုအတွက်လီနင် ဝါဒကို အမွေချန်ရစ်ခဲ့လေ၏။

ရင်ပြင်နီရှိ လီနင်၏ ရုပ်ကလာဒ်(၁၈၇၀-၁၉၂၄)

လီနင်အစပြုသည့် တော်လှန်ရေးကြောင့် အစစတွင် နောက်ကျကျန်နေသည့် ရုရှားသည် ခေတ်သစ်တစ်ရပ်သို့ လျင်မြန်စွာ တိုးတက်သွားခဲ့သည်မှာ ငြင်းမရပေ။ထို့ပြင် ကမ္ဘာနှင့်အဝှမ်းဆိုသလိုပင် ကွန်မြူနစ်နိုင်ငံများ ပေါ်ပေါက်လာပြီးနောက် ၁၉၇၉ ထိ ကွန်မြူနစ်ဩဇာ ပျံနှံနိုင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ထိုအချိန်အထိ ကမ္ဘာ့လူဦးရေ၏ သုံပုံတစ်ပုံမှာ ကွန်မြူနစ်အရိပ် အောက်တွင် နေထိုင်ခဲ့ရသည် မှာအထင်အရှားပင်ဖြစ်သည်။

လီနင်သည် ကားလ်မာ့ခ်၏ ဝါဒများကို၊ လမ်းစဉ်များကို လိုက်နာသည်ဟုဆိုသော်လည်း လီနင်မကြာခဏပြောလေ့ရှိသည့် ပစ္စည်းမဲ့အာဏာရှင်စနစ် ဆိုသည့် အသုံးအနှုံးကို မာ့ခ်၏ကျမ်းစာများတွင်အကြိမ်များစွာမတွေ့ရပေ။လက်တွေ့တော်လှန်ရေး လုပ်ရာတွင် နည်းပရိယာရ်နှင့် ပတ်သတ်ပြီး အလွန်စူးစိုက်စွာ သုံးစွဲလေ့ရှိသူဖြစ်ပြီး အကြမ်းဖက်ရန်လည်း ဝန်မလေးသူအဖြစ် သတ်မှတ်ကြသည်။ ထို ကိစ္စရပ်နှင့် ပတ်သက်ပြီး လီနင် မကြာခဏပြောလေ့ရှိသည့် စကားမှာ “သမိုင်းမှာ ဘယ်လူတန်းစား တိုက်ပွဲကများ အကြမ်းနည်းမသုံးပဲ အောင်မြင်သွားတာမျိုးရှိပါရဲ့လား။” ဟူ၍ဖြစ်သည်။ [၁]

နစ်ကိုလိုင် လီနင်သည် ရုရှတော်လှန်ရေးသမား ခေါင်းဆောင်ကြီးဖြစ်၍ ရုရှနိုင်ငံကို ဆိုဗီယက်ကွန်မြူနစ်နိုင်ငံ ဖြစ်အောင် ထူထောင်ခဲ့သူဖြစ်သည်။ ကားလမတ်သည် ကွန်မြူနစ်သဘော တရားများကို တီထွင်ပျိုးထောင်ဟောပြောခဲ့သည်။ ယင်းတို့ကို လီနင်က ရုရှနိုင်ငံတွင် ရုရှလူမျိုးတို့ ကျင့်သုံးကြရလေအောင် ပြန့်ပွားစေခဲ့သည်။ လီနင်၏ အမည်ရင်းမှာ ဗလက်ဒီမျာ အူလျာနပ်ဖြစ်သည်။

ဗော်လဂါမြစ်ပေါ်တွင်ရှိ၍ ယခုအခါ အူလျန်နပ်စကဟုခေါ်သော ဆင်ဗတ် စကမြို့၌ ၁၈၇ဝ ပြည့်နှစ်၊ ဧပြီးလ ၂၂ ရက်နေ့တွင် ဖွားမြင်သည်။ ဖခင်မှာ ဇာဘုရင်လက်ထက်တွင် ပညာဝန်တစ်ဦးဖြစ်သည်။ လီနင်သည် ဆင်ဗတ် စကမြို့ရှိ အထက်တန်းကျောင်းတွင် ဦးစွာပညာ သင်ယူသည်။ ထိုကျောင်း၌ နောက်ဆုံးနှစ်သင်တန်းတွင် လီနင်တက်ရောက်သင်ကြားနေစဉ် ၁၈၈၇ ခုနှစ်၌ လီနင်၏ အစ်ကိုတစ်ယောက်သည် ဇာဘုရင်ကိုလုပ်ကြံသော ကျောင်းသားဖွဲ့ဝင်တစ်ဦးအဖြစ် ကြိုးပေးခံရသည်။ ထိုစဉ်က လီနင်သည် ၁၇ နှစ်သားမျှ ရှိပေသေးသည်။ ဤအချိန်မှစ၍ လီနင်တွင် တော်လှန် ရေးစိတ်ဓာတ် ကိန်းအောင်းလာခဲ့သည်။ ထို့နောက် လီနင်သည် ဆက်လက် ၍ ကဇန်တက္ကသိုလ်သို့ တက်ရောက်ပညာ ဆည်းပူးသည်။ သို့ရာတွင် ကျောင်းသားများ ဆန္ဒပြပွဲတွင် ပါဝင်သဖြင့် ကျောင်းမှထုတ်ပယ်ခြင်းခံရ သည်။ ၁၈၉၁ ခုနှစ်တွင် စိန်ပီတာစဗတ်မြို့၌ ပြင်ပကျောင်းသားအဖြစ် နောက်ဆုံးနှစ် ဥပဒေစာမေးပွဲကို ဖြေဆိုခွင့်ရသည်။ ကျောင်းသားပေါင်း ၁၂၄ ယောက်အနက် ပထမစွဲသည်။ ထို့နောက် ဆမာရာမြို့ (ယခုအခေါ် ကွီဗီရှက်) တွင် နှစ်နှစ်တာမျှ ရှေ့နေလိုက်သည်။ ထိုအတောအတွင်း သူ၏ တော်လှန်ရေးစိတ်ဓာတ်များကား ပိုမို၍ခိုင်မာစွဲမြဲလာပေသည်။ သူသည် ၁၈၉၃ ခုနှစ်တွင် ဆမာရာမှထွက်ခဲ့ရာ ထိုအချိန်မှစ၍ လီနင်ဟူသော အမည်ကို ခံယူခဲ့လေသည်။

လီနင်သည် ယခုအခါ လီနင်ဂရက်ဟုခေါ်သော စိန်ပီတာစဗတ် မြို့သို့ သွားရောက်နေထိုင်ကာ အလုပ်သမားလူတန်းစား လွတ်မြောက်မှု အတွက် တိုက်ခိုက်ရေးသမဂ္ဂတွင် ပါဝင်ဆောင်ရွက်သည်။ ၁၈၉၅ ခုနှစ်တွင် ထောင်ချခံရသည်။ ထို့နောက် ဆိုက်ဗီးရီးယားနယ်သို့ နယ်နှင်ခံရသည်။ ၁၉ဝဝ ပြည့်နှစ်တွင် အပြစ်ဒဏ်မှ လွတ်မြောက်ခဲ့၍ တိုင်းတစ်ပါးသို့ သွား ရောက်ခဲ့ရာတွင် ရုရှဆိုရှယ်ဒီမိုကရက်အဖွဲ့တစ်ခု၏ ခေါင်းဆောင်ဖြစ်လာ သည်။ လီနင်သည် ဦးစွာ၌ မျူးနစ်မြို့၊ ထို့နောက် လန်ဒန်မြို့တွင် သွား ရောက်နေထိုင်ကာ အဖော်တစ်စုနှင့်အတူ 'အစ္စကရာ' (မီးပွား)ခေါ် သတင်း စာတစ်စောင်ကို ထုတ်စေခဲ့သည်။ ထိုအတောအတွင်း လေ့လာခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ်ညီလာခံများသို့လည်း တက်ရောက်ခဲ့သည်။ အယူသည်းသူ တစ်ဦးအဖြစ်လည်း နာမည်ရခဲ့၏။ ၁၉ဝ၃ ခုနှစ် အပြည် ပြည်ဆိုင်ရာ ဆိုရှယ်လစ်ညီလာခံမှစ၍ လီနင်သည်အများစု၏ ထောက်ခံမှုကို ရရှိခဲ့ရာ လီနင်၏အုပ်စုသည် အများစုဖြစ်သည်ကို အစွဲပြု၍ ဗော်လရှီဗစ်ဟု ခေါ်ဝေါ်ခဲ့သည်။ လီနင်သည်လည်း ဗော်လရှီဗစ်တို့၏ ခေါင်းဆောင်ဖြစ်လာ သည်။

၁၉ဝ၅ ခုနှစ်တွင် လီနင်သည် ရုရှနိုင်ငံသို့ ပြန်လာသည်။ အရေးပါသောနေရာတွင် ပါဝင်သော်လည်း ရုရှအစိုးရအား လက်နက်စွဲကိုင် တော်လှန်ရေးးကိုလည်းကောင်း၊ အလုပ်သမားလူတန်းစား အာဏာရရှိရေးကို လည်းကောင်းထောက်ခံအားပေးခဲ့သည်။ သို့သော် ၁၉ဝ၅ ခုနှစ် တော်လှန် ရေးကို အစိုးရက နှိမ်နင်းလိုက်သဖြင့် လီနင်လည်း ရုရှနိုင်ငံမှ ပြန်လည် ထွက်ခွာရပြန်သည်။ လီနင်သည် ပါရစ်၊ ဗီယင်းနားနှင့် ဇူးရစ်မြို့များသို့ သွားရောက်နေထိုင်ခဲ့သည်။

သူသည် တော်လှန်ရေးအတွက် ခပ်မှန်မှန်ပင် ကြိုးပမ်းခဲ့၏။ ၁၉၁၄ ခုနှစ် ကမ္ဘာစစ်ကြီး ဖြစ်ပေါ်လာခြင်းကို လီနင်ကမထောက်ခံဘဲ ယင်းသည် နယ်ချဲ့စနစ်ကို အကျိုးပြုခြင်းသာဖြစ်သည်ဟုဆိုကာ စစ်ကို အားပေးထောက်ခံခဲ့သော ဆိုရှယ်လစ်များကိုပင် ရှုံ့ချခဲ့သည်။ သူက နိုင်ငံ တကာရှိ အလုပ်သမားများသည် အချင်းချင်း တိုက်ခိုက်နေသည်ကို ရပ်စဲ ကာ မိမိတို့ကို အုပ်ချုပ်နေသူများအား တော်လှန်တိုက်ခိုက်ရမည်ဟု ဟော ပြောခဲ့လေသည်။

၁၉၁၇ ခုနှစ်၌ ဇာဘုရင် ဒုတိယ နစ်ကလတ်၏ အစိုးရအဖွဲ့ ပြုတ်ကျသွားသောအခါ လီနင်လည်း ရုရှနိုင်ငံသို့ ပြန်လည်ရောက်ရှိသွား သည်။ ဤသို့ ပြန်ရောက်သွားနိုင်သည်မှာ စစ်ပြေငြိမ်းရေးးကို လီနင်လို လားကြောင်း ဂျာမန်တို့ကသိရှိသဖြင့် လီနင်အား ရုရှနိုင်ငံသို့ ပြန်ရောက် နိုင်အောင် ဆောင်ရွက်ပေးခြင်းကြောင့်ဖြစ်၏။ လီနင်သည် စိန်ပီတာာစဗတ် သို့ ရောက်သောအခါ အခြေအနေ ရှုပ်ထွေးနေသည်ကိုတွေ့ရသည်။ ရုရှတပ် များ ဖရိုဖရဲဖြစ်နေကာ လူထုကြီးကလည်း စစ်ကိုစိတ်မဝင်စားဘဲရှိနေကြ၏။ ဇာဘုရင်ကလည်း မအုပ်ချုပ်နိုင်တော့ပေ၊ အုပ်ချုပ်နေသော ကီရင်စကီ၏ ယာယီအစိုးရအဖွဲ့နှင့် အလုပ်သမား ဆိုဗီယက်အဖွဲ့များသည် အာဏာလုနေ ကြ၏။ လီနင်သည် သူ၏နောက်လိုက်များကိုစုရုံးကာ ချက်ချင်း စစ်ရပ်စဲ အောင်ပြုပြီးလျှင် လယ်သမားတို့အား မြေများကို ဝေငှပေးရမည်။ အခြား အရေးပါသော အစီအမံများကိုလည်း ပြုလုပ်ပေးရမည်ဟု အရေးဆိုခဲ့သည်။ သို့သော် လီနင်သည် ဂျာမန်စစ်ဦးစီးအဖွဲ့၏ ကြေးစားတစ်ဦးဖြစ်သည်ဟု အစွပ်စွဲခံရသဖြင့် ဖင်လန်နိုင်ငံသို့ တိမ်းရှောင်ထွက်ပြေးရလေသည်။ သို့ သော် မကြာမီပင် မောစကိုနှင့် ပီထရိုဂရက်မြို့များရှိ ဆိုဗီယက်အဖွဲ့များကို ဗော်လရရှီဗစ်တို့က ကြိုးကိုင်လာနိုင်ခဲ့သည်။ ထို့နောက် ရေတပ်နှင့် ကြည်း တပ်တို့က တော်လှန်ပုန်ကန်လေသည်။ လီနင်လည်း ရုရှနိုင်ငံသို့ ပြန် လည်ရောက်ရှိလာသည်။ ညဉ့်တွင်းချင်းပင် ခေါင်းဆောင် ကီရင်စကီကို ဖြုတ်ချ၍ လီနင်ခေါင်းဆောင်သော ပြည်သူ့ကိုယ်စားလှယ်အဖွဲ့ (ဝန်ကြီး အဖွဲ့)ကို ဖွဲ့စည်းသည်။

ဦးစွာ၌ လီနင်၏အစိုးရသည် ကြောက်စရာကောင်းသည့် အခက် အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။ ဂျာမန်တို့သည် အကာအကွယ်ကင်းမဲ့၍ စိတ် ဓာတ် ကျဆင်းနေသော ရုရှတပ်များကို ဖိနှိပ်ချေမှုန်းကာ ရှေ့သို့ တစ်ဟုန် တည်း ချီတက်လာနေသည်။ လူထုကြီးမှာလည်း ငတ်မွတ်ခေါင်းပါးမည့် ဘေးကြီး၏ ခြိမ်းခြောက်ခြင်းကို ခံနေရသည်။ အုပ်ချုပ်ရေးယန္တရားဟူ၍ လည်း မရှိတော့ဘဲဖြစ်နေ၏။ ရုရှနိုင်ငံမှာ စည်းလုံးမှုမရှိဘဲ လွတ်လပ်သော သမ္မတနိုင်ငံများအဖြစ် အစိတ်စိတ်အမြွာမြွာ ကွဲနေခဲ့သည်။ လီနင်သည် ဆိုဗီယက်အဖွဲ့များကို ထိုသမ္မတနိုင်ငံများတွင် ဖွဲ့စည်းပြီးနောက် ထိုဆိုဗီ ယက်အဖွဲ့များမှ ကိုယ်စားလှယ်များကို မောစကိုမြို့ရှိ ဆိုဗီယက်အဖွဲ့ချုပ်သို့ တက်ရောက်စေသည်။ တိုင်းပြည်ကား ငြိမ်သက်လှသည် မဟုတ်သေးပေ။ ဗော်လရှီဗစ်တို့သည် မြို့ကြီးများတွင်သာ အခြေခိုင်သေးသည်။ ထို့ကြောင့် လီနင်သည် ရုရှတို့အဖို့ နစ်နာသည်မှန်သော်လည်း ဂျာမန်တို့နှင့် ဗရက်- လီတော့စက စာချုပ်ကိုချုပ်ဆိုကာ စစ်ပြေငြိမ်းလိုက်လေသည်။ ယင်းကို အကြောင်းပြု၍ မဟာမိတ်တို့သည် ဆိုဗီယက်တို့အား စစ်ပြုသည်။ မဟာ မိတ်တို့က ထောက်ခံအားပေးသော ရုရှဖြူ (ဝါ) ကွန်မြူနစ်ဆန့်ကျင်ရေး ရုရှတပ်တို့က ဆိုဗီယက်အစိုးရကို တိုက်ခိုက်လေသည်။

အဟောအပြောကောင်းသော လီနင်သည် လူထုကြီးကို တပ်လှန့် လှုံ့ဆော်ပေးလိုက်သည်။ သူ၏ ပရိယာယ်ကြောင့် သူ၏ရန်သူများ အချင်း ချင်း မသင့်မတင့်ဖြစ်၍ ကွဲကြသည်။ လီနင်သည် စည်းကမ်းသေဝပ်မှုရှိ အောင်လည်းပြုသည်။ စားနပ်ရိက္ခာများ ရရှိအောင်လည်း ကောင်းစွာစီစဉ် သည်။ ဤသို့သော အကြောင်းများကြောင့် လီနင်၏ ကွန်မြူနစ်ဝါဒ (ဗော်လရှီဗစ်ဝါဒ)ကို သဘောကျသူများလာသည်။ အချို့နေရာများတွင် မတတ်သာသောကြောင့် လီနင်သည် အကြမ်းဖက်ခဲ့ရလေသည်။ အသစ်ဖွဲ့ စည်းထားသော တပ်နီတော်များသည် တဖြည်းဖြည်းရန်သူများကို အနိုင်ရ လိုက်သည်။ တိုင်းပြည်လည်း အခြေအနေကောင်းလာသည်။ သို့ရာတွင် လီနင်အဖို့ အသက်အန္တရာယ်များစွာရှိသဖြင့် လုံခြုံမှု အတွက် အမြဲမပြတ် အစောင့်အရှောက်ဖြင့် သတိကြီးစွာ ထားနေရသည့် အကြားမှပင် ၁၉၁၈ ခုနှစ်၊ ဩဂုတ်လ ၃ဝ ရက်နေ့က သေနတ်ပစ်ခံရရာ မသေသော်လည်း ထိုသေနတ်ဒဏ်ရာများကြောင့်လည်းကောင်း၊ အပင်ပန်းခံ ကာ လုပ်ကိုင်ခဲ့သောကြောင့်လည်းကောင်း အားနည်းလာခဲ့ရလေသည်။ ၁၉၂၁ ခုနှစ်တွင် တန်ပြန်တော်လှန်ရေးကို ချေမှုန်းပြီးသည့် နောက် အကြမ်းဖက်ပြုပြင်ခြင်များကို အသုံးမပြုတော့ဘဲ စီးပွားရေးဝါဒ သစ်ကို ကျင့်သုံးခဲ့လေသည်။ ထိုဝါဒအရ ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု ပြန်လည် ထူထောင်လိုသောကြောင့် ကိုယ်ပိုင်လုပ်ငန်းကို အသင့်အတင့်ခွင့် ပြုသည်။ ထို ၁၉၂၁ ခုနှစ်တွင်ပင် ဂရိတ်ဗြိတိန်နှင့် ချုပ်ဆိုခဲ့သော စာချုပ် အပါအဝင် ဓနရှင်နိုင်ငံများနှင့် ကုန်သွယ်ရေးစာချုပ်များလည်း ချုပ်ဆို ခဲ့သည်။

၁၉၂၂ ခုနှစ်တွင် လီနင်၏ ကျန်းမာရေးအခြေအနေ ချွတ်ယွင်းစ ပြုလာခဲ့ရာ ဦးနှောက်ကြောများ မာသည့်ရောဂါ လက္ခဏာများပေါ်လာ၍ သူ၏ဆရာဝန်များက နေ့စဉ် အလုပ်မလုပ်ရန် တားမြစ်ခဲ့လေသည်။ ၁၉၂၃ ခုနှစ်တွင် ရောဂါဆိုးရွားလာ၍ စကားမပြောနိုင်သော အခြေအနေသို့ပင် ရောက်သွားလေသည်။ ထိုနှစ် ဒီဇင်ဘာလတွင် ခြေလက်များ သေသွားလေ သည်။ ထိုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် လီနင်သည် မောစကိုမြို့အနီးရှိ ဂေါ်ကီတွင် ကွယ်လွန်သည်။

လီနင်၏ ရုပ်ကလာပ်ကို မပုပ်မသိုးအောင် အထူးတလည် စီမံ ပြုလုပ်၍ မှန်ခေါင်းသွင်းပြီးလျှင် မောစကိုမြို့၏ ရင်ပြင်နီအရှေ့ရှိ အာဇာ နည်ဗိမာန်၌ ယခုတိုင် ထားရှိပေသည်။ ရုရှ နိုင်ငံသူ နိုင်ငံသားတို့သည် လီနင်ကို အမှတ်ရသောအားဖြင့် အာဇာနည်ဗိမာန်သို့သွားရောက်၍ အလေး ပြုလေ့ရှိသည်။

လီနင်သည် သဘောတရားများကို ချမှတ်ပေးသူဖြစ်၍ ယင်း သဘောတရားများကို ကျင့်သုံးကြရလေအောင် ပြုရာ၌လည်း ဇွဲ သတ္တိရှိ လေသည်။ လီနင်သည် မိမိယုံကြည်သော ဝါဒနှင့်စပ်လျဉ်း၍ စာပေ အမြောက်အမြား ရေးသားသွားလေသည်။[၂]

ရည်ညွှန်းကိုးကား[ပြင်​ဆင်​ရန်​]

  1. ကျော်စွာ၁၀၀- ဒေါက်တာသန်းထွန်း
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)