မက္ကဆီကိုမြို့

ဝီကီပီးဒီးယား မှ

မက္ကဆီကိုမြို့တော်သည် မက္ကဆီကိုနိုင်ငံ၏ မြို့ တော်ဖြစ်၍ မက္ကဆီကိုနိုင်ငံ၏ ဗဟိုတောင်ဘက်ယွန်းယွန်းအရပ် ၌ မက္ကဆီကိုတောင်ကြားရှိ ကုန်းပြင်မြင့်၏အလယ်တွင် တည်ရှိသည်။ ထိုကုန်းပြင်မြင့်သည် ပင်လယ်ပြင်မှပေ၇၄ဝဝ မြင့် သည်။ မက္ကဆီကိုနိုင်ငံတွင် အကြီးဆုံးသင်္ဘောဆိပ်ကမ်း ဖြစ် သော ဗေရကရုမြို့မှ အနောက်တောင်ဘက်တွင် မိုင် ၂ဝဝ ခန့် ကွာဝေးသည်။ မြောက်အမေရိကတိုက်တွင်ရှိသော မြို့တော်များ အနက် ရှေးအကျဆုံးဖြစ်သည်။ မက္ကဆီကိုမြို့တော်ကို စပိန် ဘာသာဖြင့် မဟီးကိုးဟူ၍ခေါ်သည်။ ၂၀၁၀ ခုနှစ် ခန့်မှန်းခြေ စာရင်းအရ လူဦးရေ ၈,၈၅၁,၀၈၀ ယောက် ရှိသည်။

သဘာဝအားဖြင့် လှပသောရှုခင်းများ အလယ်တွင် တည်ရှိသဖြင့် စိတ်ကြည်နူးဖွယ်အတိဖြစ်၏။ ဆီးနှင်းများဖုံးအုပ် လျက်ရှိ၍ ထင်ရှားသော ပိုပိုက်တပက်တယ်နှင့် အီစတာဆီဝတယ်ခေါ် မီးသေတောင် ၂ ခုသည် တောင်ဘက်တွင်ရှိသော တောင်စဉ်ကိုအုပ်မိုးလျက် တည်ရှိ၏။ မက္ကဆီကိုမြို့တော်တွင် အသစ်နှင့်အဟောင်း သောင်းပြောင်းရောထွေးနေသည်ကို တွေ့ရ ပေသည်။ မက္ကဆီကိုမြို့တော်တွင်းရှိ ဈေးထဲတွင်လည်းကောင်း၊ လမ်းဘေးတွင်လည်းကောင်း မိမိတို့၏ကုန်ပစ္စည်းများကို ရောင်း ချနေသည့် တိုင်းရင်းသားအင်ဒီးယန်းလူမျိုးတို့ကို တွေ့ရတတ် ပေသည်။ မြို့တွင်း၌မူကား ခေတ်မီ မော်တော်ယာဉ်များကို လည်းကောင်း၊ ခေတ်မီ ဝတ်ကောင်းစားလှနှင့် မြို့သူမြို့သား များကိုလည်းကောင်း တွေ့ရပေသည်။ ဟော်တယ်၊ ပျော်ပွဲစားရုံ၊ ဆိုင်ကြီးကန္နားကြီးများရှိရာ ရပ်ကွက်တွင် အလွန်ပင် စည်ကား ပေသည်။

မက္ကဆီကိုမြို့တော်တွင်းရှိ တိုက်တာ အဆောက်အအုံ တို့မှာ မိုးထိအဆောက်အအုံများမှ အစ ရှေးအက်ဇတက်တို့၏ ဘုရားကျောင်းများအထိ ရှေးဟောင်းနှင့် ခေတ်မီအဆောက်အအုံ ဗိသုကာလက်ရာများကို ရောပြွမ်းလျက် တွေ့ရပေသည်။ မက္ကဆီ ကိုမြို့တော်ကို ရှေးအခါက စပိန်လူမျိုးတို့ ကြီးစိုးသွားရကား စပိန်တို့၏ လက်ရာများကိုလည်း ယခုတိုင်တွေ့နိုင်ပေသည်။ စတုဂံကွက်လပ်များတစ်လျှောက် ထင်ရှားသော အဆောက်အအုံ ကြီးများကို တွေ့နိုင်ပေသည်။ ရှေးအက်ဇတက်တို့၏ စတုဂံ ကွက်လပ်တစ်ခုဖြစ်သော ဇိုကာလိုခေါ် စတုဂံကွက်လပ်အနီးရှိ နေရှင်နယ် ကသီဒရယ် ဘုရားရှိခိုးကျောင်းသည် အနောက် ဘက် ကမ္ဘာလုံးခြမ်းတွင် အကောင်းဆုံးနှင့် အလှပဆုံး ဘုရား ရှိခိုးကျောင်းဖြစ်၏။ ဇိုကာလို၏ အရှေ့ဘက်တွင် အမျိုးသား နန်းတော်တည်ရှိ၏။ ယင်းမှာ မွန်တီဇူးမား၏ ရှေးဟောင်း နန်းတော်နေရာ အုတ်မြစ်ကို အခြေခံကာ ဆောက်လုပ်ထား သည်ဖြစ်၍ ယခုအခါ သမ္မတ၏အလုပ်အမှုဆောင်ရုံးများတည်ရှိ ရာ အဆောက်အအုံကြီးဖြစ်၏။ လွတ်လပ်ရေးခေါင်းလောင်း သည်လည်း ထိုအဆောက်အအုံ၏ အလယ်ဝင်ပေါက်တွင် ချိတ် ဆွဲလျက်ရှိ၏။ အမျိုးသားနန်းတော်အနီးတွင် ကမ္ပည်း ကျောက် စာ၊ ရှေးဟောင်းပစ္စည်း စသည့် အဖိုးအနဂ္ဃတန်သော ပစ္စည်း များ စုဝေးရာ အမျိုးသားပြတိုက်ရှိ၏။ ထိုပြင် အနုပညာ နန်းတော်၊ အမျိုးသားစာကြည့်တိုက်၊ အမျိုးသားတက္ကသိုလ် စသည်တို့သည်လည်း ထင်ရှား၍ စိတ်ဝင်စားဖွယ်ကောင်းလျက် ခံ့ညားသော အဆောက်အအုံများ ဖြစ်၏။ မြို့ကြီးဖြစ်သည့် အလျောက် ထယ်ဝါသော အစိုးရရုံးများ၊ ကျောင်းများ၊ ဘုရား ရှိခိုးကျောင်းများ၊ ဈေးဆိုင်ကန္နားကြီးများလည်း ရှိလေသည်။ ထိုသို့သော တိုက်တာ အဆောက်အအုံများအပြင် စတုဂံကွက်လပ်များ၊ အပန်းဖြေရိပ်သာများလည်း ရှိပေသည်။ မြို့လယ်ရှိအယ်လမီးဒါးပန်းခြံသည် ၂၅ ဧကမျှ ကျယ်ဝန်း၏။ ချားမူးလေပက် ပန်းခြံသည် အကြီးဆုံး ပန်းခြံဖြစ်၍၊ မက္ကဆီကို နိုင်ငံ သမ္မတ၏ နွေရာသီစံအိမ်တော်သည် ယင်းပန်းခြံထဲတွင်ရှိ သည်။ မက္ကဆီကိုမြို့တော်၏ မြို့ပြင်ရပ်ကွက်တို့အနက် အချို့မှာ ခရစ် ၁၅ဝဝ ပြည့်နှစ်ခန့် ကတည်းကပင် တည်ရှိခဲ့သော ရပ်ကွက်များဖြစ်၏။ ထိုရပ်ကွက်များတွင် ရှေးအင်ဒီးယန်းလူမျိုး တို့၏ ပိရမစ်အစရှိသည့် ရှေးဟောင်းလက်ရာများကို တွေ့နိုင် ပေသည်။

ယခုအခါတွင် မက္ကဆီကိုမြို့တော်သည် စက်မှုလက်မှု လုပ်ငန်းများဖြင့် များစွာတိုးတက်လျက်ရှိသည်။ အထည်အလိပ်၊ အစားအသောက်၊ စက္ကူ၊ ဓာတ်သတ္တု၊ စီးကရက်၊ ဆပ်ပြာ၊ ရွှေထည်ငွေထည် စသည်တို့ကို ထုတ်လုပ်သော လုပ်ငန်းများမှာ ထင်ရှားသော လုပ်ငန်းများ ဖြစ်သည်။ မက္ကဆီကိုမြို့တော်သည် မက္ကဆီကို နိုင်ငံတွင် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အချက်အချာ ဌာနဖြစ်၏။ မီးရထားလမ်းကြီး ငါးသွယ်ဆုံရာလည်း ဖြစ်၏။ မက္ကဆီကိုမြို့တော် မှသည် နယူးယောက်မြို့သို့ မီးရထားဖြင့် တောက်လျှောက်ပေါက်လျက် ၄ ရက်မျှ သွားရပေသည်။ ဗေရကရုသို့မူ ၁၂ နာရီဖြင့် ရောက်နိုင်သည်။ မက္ကဆီကိုမြို့တော် တွင် ခေတ်မီလေယာဉ်ပျံကွင်းလည်းရှိ၍ ကမ္ဘာအရပ်ရပ်မှ မြို့ ကြီးများနှင့် လေကြောင်းအဆက်အသွယ်ရှိသည်။ ကားလမ်း အဆက်အသွယ်များလည်းရှိသည်။

မက္ကဆီကိုမြို့တော်သည် စပိန်လူမျိုးတို့ မရောက်မီက အက်ဇတက်လူမျိုးတို့၏မြို့တော် တေနော့တီတလန်းမြို့ ဖြစ်ခဲ့ ၏။ အက်ဇတက်တို့သည် မက္ကဆီကို တောင်ကြားချိုင့်ဝှမ်းသို့ ၁၃၂၅ ခုနှစ်က ဝင်ရောက်၍ မြို့ရွာတည်လေရာ အက်ဇတက် တို့လက်ထက်တွင် ယဉ်ကျေးမှုထွန်းကားသော ဒေသဖြစ်ခဲ့လေ သည်။ စပိန်နယ်ချဲ့သမားများ ရောက်ရှိလာချိန်က တေနော့တီ တလန်းသည် အိမ်ခြေပေါင်း ၆ဝဝ,ဝဝဝ မျှရှိသော မြို့ပြကြီး တစ်ခု ဖြစ်နေခဲ့ပေပြီ။ ကောတက်သည် ၁၅၂၁ ခုနှစ်တွင် အက်ဇတက်တို့ကို တိုက်ခိုက်အောင်မြင်သဖြင့် မက္ကဆီကိုသည် စပိန်လက်အောက်ခံ ဖြစ်လာသည်။ ကောတက်တို့ တိုက်ခိုက်ခဲ့ စဉ်က မြို့သည် အတော်ပင်ပျက်စီးခဲ့၏။ ယခု မက္ကဆီကို မြို့တော်သည် ရှေးမြို့ဟောင်းပျက်အကြားမှ တည်ထားသော မြို့ ကြီးဖြစ်သည်။ ၁၈၂၁ ခုနှစ်တွင် ဗိုလ်ချုပ် အီတူးဗီးသေ အမှူး ပြုသော မက္ကဆီကန်တော်လှန်ရေးသမားတို့သည် မက္ကဆီကို မြို့တော်ကို စပိန်တို့လက်မှ ပြန်လည်သိမ်းပိုက်ခဲ့၏။ ၁၈၄၇ ခု နှစ်က အမေရိကန်ပြည်ထောင်စုနှင့် ဖြစ်သော မက္ကဆီကန်စစ်ပွဲ တွင် အမေရိကန်တို့က အောင်မြင်၍ မက္ကဆီကိုမြို့တော်ကို ၁၈၄၇ ခုနှစ်မှ ၁၈၄၈ ခုနှစ်အထိ သိမ်းပိုက်ထား၏။ မက္ကဆီကို မြို့တော်တွင် မကြာခဏ တိုက်ပွဲများဖြစ်ပွားခဲ့သည်။ သို့စဉ် လျက် မက္ကဆီကိုမြို့တော်သည် တိုးတက်လာပေသည်။ အထူး သဖြင့် ၁၈၇၆ ခုနှစ်မှ ၁၈၈ဝ ပြည့်နှစ်အထိ နှင့် ၁၈၈၄ ခုနှစ် မှ ၁၉၉၁ ခုနှစ်အထိ နှစ်များအတွင်း ပေါ်ဖီရီယို ဒီးအတ် သမ္မတဖြစ်ခဲ့စဉ်က မြို့တော်သည် များစွာကြီးပွားတိုးတက်ခဲ့လေသည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)