စီဗီရာမန်

ဝီကီပီးဒီးယား မှ
ချန်ဒရာစီခါရာ ဗန်ကာတာ ရာမန်
Sir Chandrasekhara Venkata Raman
လန်ဒန်တော်ဝင်အဖွဲ့ဝင်
ဇာတိအမည်சந்திரசேகர வெங்கட ராமன்
မွေးဖွား၇ နိုဝင်ဘာ ၁၈၈၈
တီရူချီရာပါလီ၊ တမီလ်နာဒူးမြို့
ဆုံးပါး၂၁ နိုဝင်ဘာ၊ ၁၉၇၀(1970-11-21) (အသက် ၈၂)
Bangalore, Karnataka, အိန္ဒိယနိုင်ငံ
နိုင်ငံလူမျိုး အိန္ဒိယနိုင်ငံသား
နယ်ပယ်ရူပဗေဒ
အဖွဲ့အစည်းဌာနအိန္ဒိယဘဏ္ဍာရေးဌာန[၁]
ကာလကတ္တားတက္ကသိုလ်
Indian Association for the Cultivation of Science
Indian Institute of Science
Central College of Bangalore
Raman Research Institute
မိခင်ကျောင်းUniversity of Madras
ပါရဂူဘွဲ့ယူ တပည့်များG. N. Ramachandran
Vikram Ambalal Sarabhai
ကျော်ကြားမှုအရင်းခံRaman effect
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များKnight Bachelor (1929)
Hughes Medal (1930)
ရူပဗေဒဆိုင်ရာ နိုဗယ်ဆု (၁၉၃၀)
Bharat Ratna (1954)
Lenin Peace Prize (1957)

Fellow of the Royal Society
အိမ်ထောင်ဘက်Lokasundari Ammal (၁၉၀၇–၁၉၇၀)

စီဗီ ရာမန်(சந்திரசேகர வெங்கட ராமன்; ၁၈၈၈ - ၁၉၇၀) သည် အိန္ဒိယသိပ္ပံသမိုင်းတွင် အထင်ရှားဆုံးပညာရှင်တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံရသူဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ဂုဏ်ဆောင်ရန် အတွက် ၁၉၃၀ ပြည့်နှစ်တွင် ပထမဆုံး နိုဗယ်ဆုကို ရရှိစေရန် ဆောင်ရွက်ပေးခဲ့သူလည်း ဖြစ်သည်။ သူတီထွင်ခဲ့သော "Raman Effect" သည် ရူပီး ၂၀၀ ခန့်သာကုန်ကျခဲ့ပြီး ကမ္ဘာကျော်ခဲ့ရသည်။ ယခုအခါ ရာမန်တီထွင်ခဲ့သော ပစ္စည်းဖြင့် ဆင့်ပွားတီထွင်ပြီး စမ်းသပ်ဖော်ထုတ်ခဲ့သော ပစ္စည်းများမှာ ဒေါ်လာသန်းချီပြီးတန်နေပြီဖြစ်သည်။

အစောပိုင်းဘဝ[ပြင်ဆင်ရန်]

အမည်အပြည့်အစုံမှာ ချန်ဒရာစီခါရာ ဗန်ကာတာ ရာမန်ဖြစ်သည်။ သူ့ကို တမီလ်နာဒူးမြို့ရှိ တီရူချီရာပါလီအရပ်တွင် ၁၈⁠၈၈ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ရာမန်သည် ငယ်စဉ်ကတည်းက အလွန်ထူးချွန်ထက်မြက်သူတစ်ဦးဖြစ်သည်။ အသက် ၁၂ နှစ်အရွယ်တွင် တက္ကသိုလ်ဝင်တန်းကို အောင်မြင်ခဲ့သည်။ အဆင့်မြင့်ပညာရပ်များကို လေ့လာရန် သူ့ကို နိုင်ငံရပ် ခြားသို့ စေလွှတ်ခြင်းခံရသည်။ သူသည် ဆေးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုခဲ့သော်လည်း ဗြိတိသျှလူမျိုး ဆရာဝန် တစ်ဦးက သူ့ကိုဆေးပညာသင်ယူခြင်းမပြုရန် တိုက်တွန်းသောကြောင့် မဒရပ်စ်မြို့ရှိ သမ္မတကောလိပ်သို့ တက်ရောက်ခဲ့သည်။ ၁၉၀၄ ခုနှစ်တွင် ထိုကောလိပ်မှ ရူပဗေဒဘာသာအဓိကဖြင့် ဘွဲ့ရပြီး ၁၉၀၇ ခုနှစ်တွင် M.Sc.ဘွဲ့ရခဲ့သည်။ ရာမန်သည် ရူပဗေဒဆိုင်ရာနယ်ပယ်ပေါင်းစုံကို သုတေသနပြုလုပ်ရာတွင် ပါဝင်ခဲ့သည်။ သူသည် အလင်းရောင်စဉ်ဆိုင်ရာသဘောတရား များကို လေ့လာဖော်ထုတ်ခဲ့ပြီး သူပြုစုခဲ့သည့်ကျမ်းကို ၁၉၀၆ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။

ရာမန်သည် ၁၉၀၇ ခုနှစ်တွင် ကာလကတ္တားတွင် လက်ထောက်စာရင်းကိုင်အရာရှိချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုရာထူးကို သူသည် ဝန်ထမ်းရွေးချယ်ရေးစာမေးပွဲဝင်ဖြေပြီးမှ ရရှိခဲ့ခြင်းဖြစ်သည်။ ထိုအလုပ်တွင် သူသည်အချိန်ပေးပြီး တာဝန်ထမ်းဆောင်ခဲ့သော်လည်း အလုပ်နားချိန်ညနေခင်းများတွင် အိန္ဒိယသိပ္ပံပညာဖွံ့ဖြိုးရေးအသင်းပိုင် ဓာတ်ခွဲခန်းသို့သွားကာ သုတေသနလုပ်ငန်းများကို လုပ်ဆောင်လေ့ရှိသည်။ တစ်ခါတစ်ရံ အလုပ်တွင်စိတ်ဝင်စားပြီး တစ်ညလုံး လုပ်ကိုင်သောညများ ပင်ရှိခဲ့သည်။ ၁၉၁၇ ခုနှစ်တွင် အစိုးရဝန်ထမ်းဘဝမှထွက်လိုက်ပြီး ကာလကတ္တားတက္ကသိုလ် ရူပဗေဒဌာနတွင် ပါမောက္ခ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

လုပ်ဆောင်ချက်များ[ပြင်ဆင်ရန်]

၁၉၂၁ ခုနှစ်တွင် သူသည် ဥရောပတိုက်သို့ ရေကြောင်းခရီးဖြင့် သွားရောက်ခဲ့သည်။ ရေကြောင်းခရီးတွင် သူသည် မြေထဲပင်လယ်အတွင်းရှိ အပြာရောင်သန်းနေသော ရေခဲပြင်ကြီးများ၏အနေအထားကို စိတ်ဝင်စားစွာဖြင့် စူးစမ်းလေ့လာခဲ့သည်။ သူသည် အိန္ဒိယနိုင်ငံသို့ ပြန်ရောက်လာသည့်အခါတွင် ရေထဲမှထွက်လာသော ရောင်စဉ်များ၏ ဖြန့်ထွက်ခြင်းသဘောတရားကို သေချာစွာလေ့လာခဲ့သည်။ ထိုအရောင်များသည် ရေခဲပြင်ကို ဖောက်ထွက်လာစဉ် ဖြစ်ပေါ်လာ ခြင်းကိုသူကသတိပြုမိသည်။ ထို့နောက် သူက ပင်လယ်ပြင်၏ အပြာရောင်နှင့် ကောင်းကင်၏အပြာရောင်သဘောတရားများ ဆက်စပ်မှုကို ဖော်ထုတ်ပြခဲ့သည်။

သူသည် ရောင်စဉ်များကို လေ့လာနိုင်ရန်အတွက် Raman Effect ဆိုသည့်ပစ္စည်းကိရိယာကို ကိုယ်တိုင်တီထွင်ခဲ့သည်။ ၁၉၂၇ ခုနှစ် ညနေခင်းတွင် ရာမန်သည် အလုပ်များနေစဉ်၊ သူ၏ကျောင်းသားတစ်ဦးဖြစ်သူ ကေအက်စ် ခရစ်ရှနန်ဆိုသူက ပါမောက္ခ ကော့မ်တန်သည် X-rays ဓာတ်ရောင်ခြည် တီထွင်မှုဖြင့် နိုဗယ်ဆုရရှိသွားကြောင်းသတင်းလာပေးသည်။ ထိုသတင်းသည် ရာမန်ကို အတွေးတစ်ခုရရှိသွားစေခဲ့သည်။ သူက ကော့မ်တန်၏ X-rays ရောင်ခြည်နှင့် ဆက်စပ်ပြီး အလင်း၏လုပ်ဆောင်ပုံများကို သူ့ကိုယ်ပိုင်အတွေးဖြင့် စမ်းသပ်တီထွင်ဖော်ထုတ်မှုများ ပြုလုပ်ခဲ့သည်။

ရာမန်သည် monochromatic အလင်းကို ပြဒါးသုတ်ထားသည့် မှန်ချပ်မှ ထုတ်ယူနိုင်ကြောင်း ပြသနိုင်သည့်အပြင် အလင်းလှိုင်းအသစ် များကိုပါ "Raman Lines" များအဖြစ် ဖော်ထုတ်ပြသနိုင်ခဲ့သည်။ နောက်လအနည်းငယ်တွင် ရာမန်သည် Raman Effect ဆိုသည့်ပစ္စည်းတစ်မျိုးကိုပါ တီထွင်ပြီး ၁၉၂၈ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ဘန်ဂလိုးရှိ သိပ္ပံပညာရှင်များတွေ့ဆုံပွဲ၌ ပွဲထုတ်ပြသခဲ့သည်။ ထိုကဲ့သို့ အလင်းဖော်ထုတ်မှုဆိုင်ရာ ပစ္စည်းကိုတီထွင်နိုင်မှုကြောင့် ၁၉၃၀ ပြည့်နှစ် ရူပဗေဒဆိုင်ရာ နိုဗယ်ဆုကို ရရှိသွားခဲ့သည်။

Raman Effect ပစ္စည်းဖြင့် ရောင်စဉ်အမျိုးပေါင်း ၂၀⁠၀၀ ခန့်ကို လေ့လာနိုင်သောကြောင့် ထိုခေတ်က ခေတ်အမီဆုံး ပစ္စည်း တစ်ခုအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။ ထိုပစ္စည်းသည် လေဆာရောင်ခြည်တန်းတစ်မျိုးကို ထုတ်လုပ်ပေးနိုင်စွမ်းရှိပြီး သိပ္ပံ ပညာရှင်များအတွက် အလွန်အားထားရသော ပစ္စည်းလည်းဖြစ်ခဲ့သည်။ ရာမန်သည် လူသားဇီဝကမ္မဗေဒဆိုင်ရာ သဘော တရားများကိုလည်း အလွန်စိတ်ဝင်စားသူဖြစ်သည်။

နှောင်းပိုင်းကာလ[ပြင်ဆင်ရန်]

၁၉၂၄ ခုနှစ်တွင် လန်ဒန်တော်ဝင်အဖွဲ့ကြီးက အသိအမှတ်ပြုပြီး အဖွဲ့ဝင်အဖြစ်လက်ခံကာ၊ သူ့ကို ဆာဘွဲ့ပါပေးအပ် ချီးမြှင့်ခဲ့သောကြောင့် ဆာ စီဗီရာမန်ဖြစ်သွားခဲ့သည်။ နောက်တစ်နှစ်အကြာတွင် သူသည် ရာမန်သုတေသနဌာနကို ဘန်ဂါလိုးမြို့ အနီးတွင် ထူထောင်ခဲ့သည်။ ထိုသုတေသနဌာနအတွင်း ကွယ်လွန်ချိန်အထိ သုတေသနလုပ်ငန်းများကို လုပ်ဆောင် သွားခဲ့သည်။ ၁၉၇၀ ပြည့်နှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် နှလုံးဝေဒနာအပြင်းအထန်ခံစားရပြီး ကွယ်လွန်သွားခဲ့ရသည်။ "သိပ္ပံနည်းကျလေ့လာဖို့ လွတ်လပ်စွာ တွေးခေါ်နိုင်မှုနဲ့ ကြိုးစားလုပ်ဆောင်မှုတို့ပဲလိုတယ်။ ဘာပစ္စည်းမှမလိုဘူး" ဟု ပြောသွားသည့်စကားတစ်ခွန်းမှာ မှတ်သားစရာဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. The Nobel Prize in Physics 1930 Sir Venkata Raman, Official Nobel prize biography, nobelprize.org