စာမရီ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

စာမရီ[ပြင်​ဆင်​ရန်​]

မြန်မာဝစ်ရှင်နရီ
မြန်မာ ဝစ်ရှင်နရီ တွင် ဤစကားလုံးအတွက်
အဓိပ္ပါယ်ဖွင့်ဆိုချက် ရှိသည် -
နီပေါနိုင်ငံမှ စာမရီ။

ရှေးခေတ် မြန်မာ့ယဉ်ေကျးမှုများတွင် စာမရီကို အခြေခံ သတ်မှတ်သော ယဉ်ကျေးမှုအစဉ်အလာကို အထင်အရှား တွေ့နိုင်သည်။ စာမရီသည် မြန်မာ့ယဉ်ကျေးမှုကဏ္ဍတွင် ထင်ရှားသောနေရာမှ ပါဝင်ခဲ့သော်လည်း စင်စစ်အားဖြင့် အိမ်နီးချင်းနိုင်ငံ ယဉ်ကျေးမှုမှ မြန်မာ့ယဉ်ကျေးမှု သို ့ တစ်ဆင့်ရောက် ရှိလာခြင်း ဖြစ်သည်။ [၁]


စာမရီသည် နွားမျိုးရင်းဝင်ဖြစ်၍ ယင်းကို "အောင်း"ဟူ၍လည်းခေါ်ကြသည်။ မြေမျက်နှာပြင်မှ ပေ ၁၆ဝဝဝ ကျော်မြင့်သော တိဗက်နိုင်ငံတွင် တွေ့ရသည်။ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံရှိ အချို့ဒေသများတွင်လည်း တွေ့နိုင်သည်။ စာမရီ၏ အမြင့်သည် ပခုံး၌တိုင်းလျှင် ၆ ပေကျော်သည်။ ကိုယ်အလေးချိန် ပေါင် ၁ဝဝဝ ကျော်စီးသည်။ အရောင်မှာ အနက် သို့မဟုတ် အညိုရင့်ရောင်ဖြစ်သည်။ အမွေးများသည် နု၍ရှည်သည်။ အထူးသဖြင့် အမြီး၊ ခြေထောက်နှင့် ကိုယ်အောက်ပိုင်းရှိ အမွေးမှာ ပို၍ရှည်သည်။ တစ်ခါတစ်ရံ မြေကြီး၌ပင် တရွတ်ဆွဲလျက်ရှိသည်။


ကိုယ်ထည် လေးသော်လည်း စာမရီသည် လျင်မြန်ပေါ့ပါး၏။ ရေခဲနေသော တောင်စောင်းများကို လျှောချနိုင်သည်။ အလွန်ရေစီးသန်သည့် မြစ်ကိုလည်း ကူးဖြတ်နိုင်သည်။ မတ်စောက်သည့် တောင်စောင်းများကိုလည်း ပြေးတက်နိုင်သည်။ စာမရီ အထီး အမ နှစ်ကောင်စလုံး၌ ဦးချိုများ ရှိကြသည်။ ရန်သူနှင့်တွေ့၍ မရှောင်သာသည့်အခါ တဟုန်ထိုး တိုက်ခိုက်တတ်သည်။ ထိုကြောင့် စာမရီများကို ပစ်ခတ်ရန်မှာ ဘေးများလှသည်။ တိဗက်နိုင်ငံတွင် စာမရီကို နှစ်ပေါင်းများစွာကပင် မွေးမြူလာခဲ့ကြ၏။ ယဉ်ပါးပြီး စာမရီများကို ဝန်တင်တိရစ္ဆာန်အဖြစ် အသုံးပြုကြသည်။ စာမရီ၏ နို့ရည်ကို ထောပတ်ချက်သည်။ အသားကို စားကြသည်။ အမွေးကို ကြိုးကျစ်ကြသည်။ အထည်လည်း ရက်ယူကြသည်။ သားရေကို ကုန်းနှီး၊ ကျာပွတ်၊ နောက်ပိတ်ဖိနပ် လုပ်ကြသည်။ အမွေးများသည့် အမြီးကိုမူ အနီရောင်ဆိုးပြီး ပွဲလမ်းသဘင်များ လှည့်ရာတွင် သားမြီးယပ်အဖြစ် အသုံးပြုကြသည်။


မြန်မာစာပေတွင် စာမရီမည်သော သားကောင်ကို လှပတင့်တယ်သည်ဟု ရေးသား စပ်ဆိုလေ့ရှိသည်။ ရှင်မဟာသီလဝံသ၏ ပါရမီတော်ခန်းပျို့၌
'ပမာသွေးညီ၊ စာမရီဟု၊
နောက်ချီပွပွ၊ မြီးဆံလှလျက်၊
တောမထိပ်ခေါင်၊ သရေဆောင်သည်၊
ရွှေရောင်ပြိုးပြိုး၊ သားအမျိုး'ဟု စပ်ဆိုသည်။


ထိုပြင် စာမရီ သားကောင်သည် ဘေးအန္တရာယ်နှင့် ကြုံတွေ့သည့်အခါ အမွေးအမျှင်ကို တစ်ပင်မျှလျှင် အကျွတ်မခံဘဲ၊ အသက်ကို စွန့်၍ ကာကွယ်တတ်သော သတ္တိထူးရှိကြောင်းကိုလည်း ဖွဲ့နွဲ့စပ်ဆိုလေ့ ရှိကြသည်။ အထက်ပါ ပါရမီတော်ခန်းပျို့၌ပင်
'အကြင် သရော်၊ မသွားတော်၍၊ ထော်လော်ကန့်လန့်၊
ခြုံနွယ်ညွန့်၌၊ အတွန့်လျှောက်လျှောက်၊
ငြီလေမြောက်အံ့၊ မျှလောက်မွေးသက်၊
တစ်မျှင်ရွက်ကို၊ စုံမက်ချစ်စိုး၊
နှမြောနိုး၍၊ သားမျိုးတိရစ္ဆာန်၊
အားကုန်သွန်လျက်၊ လည်လန်မူးမော်၊
ရုန်းချေသော်လည်း၊ ထိုရော်မြီးဖျား၊
ပြတ်ခန့်ငြား၍၊ မသွားတစ်ဆွေ့၊
ထိုရွေ့ဝပ်တန်၊ အသက်စွန့်လျက်'ဟူ၍ စပ်ဆိုသည်။


နဝဒေးကြီး၏ ပြည်ကျောင်းညီနောင် ဘုရားတိုင် ရတု၌လည်း
'ရွှေစာမရီ၊ မြီးချီကျော့လန်း၊
ပုံဖြင့်သွန်းသို့၊ သွယ်ဝန်းစံတည်၊
လှဟန်ရည်နှင့်၊ မွေးချည်တစ်ပင်၊
စုံမက်ခင်လျက်၊ ဆံမျှင်တစ်ကွက်၊
သေမည့်သက်ကို၊ စွန့်ရက်လေဟန်'ဟူ၍ စပ်ဆိုသည်။[၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. လှမြင့်(တက္ကသိုလ်)၏ စာမရီစာအုပ်မှ
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)