ခရူးဆိတ် စစ်ပွဲများ

ဝီကီပီးဒီးယား မှ
ခရူးဆိတ် စစ်ပွဲ တစ်ပွဲကို ပုံဖော်ထားသော ပန်းချီကား

ခရူးဆိတ် စစ်ပွဲများ (Crusades) ဆိုသည်မှာ ၁၁ ရာစု မှ ၁၄ ရာစုအတွင်း ဥရောပ ခရစ်ယာန်လက်နက်ကိုင်နိုင်ငံများက မူဆလင်မြေများကိုတိုက်ခိုက်သိမ်းပိုက်ရေးအတွက် စေလွှတ်သော စစ်ချီတက်မှုများဖြစ်သည်။ ၁၀၉၅ ခုနှစ်တွင် ပုပ်ရဟန်းမင်း၏ လှုံ့ဆော်မှုအရ ချီတက်ရာတွင် ဘာသာရေးစွဲလန်းသူများသာမက မြေလိုချင်သူ၊ ကုန်ကူးသန်းလိုသူ၊ ခရီးထွက်လိုသူ၊ စွန့်စားလိုသူ မျိုးစုံ ပါဝင်ခဲ့သည်။ ပထမအကြိမ် ၁၀၉၉ ခုနှစ်တွင် ဂျေရုဆလင်မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

ဒုတိယအကြိမ် ၁၁၄၄ ခုနှစ်တွင် ချီတက်ရာ၌ အရေးနိမ့်၍ တတိယအကြိမ် ၁၁၉၁ ခုနှစ်တွင် ချီတက်ရာ၌ ဂျေရုဆလင်မြို့သို့ လွတ်လပ်စွာ ဝင်ထွက်ခွင့်ဖြင့် စစ်ပြေငြိမ်း၍ စတုတ္ထအကြိမ် ၁၂၀၂ ခုနှစ်တွင် ချီတက်ရာ၌ကား နယ်ချဲ့ရုံသာဖြစ်၍ ကွန်စတင်တီနိုပိုမြို့ကို သိမ်းပိုက်လုယက်ကြသဖြင့် ရည်ရွယ်ချက်ပြောင်းကာ သိက္ခာပျက်ကြရသည်။ အခြားအကြိမ်များစွာတွင်ကား အောင်မြင်ခြင်းမရှိကြချေ။[၁]

စစ်ပွဲများ[ပြင်ဆင်ရန်]

သခင်ယေရှုဖွားမြင်ရာ ဂျေရုဆလင်မြို့ကို ပိုင်ဆိုင်ရေးအတွက် အနှစ် ၂ဝဝ အတွင်း၌ ခရစ်ယာန်တို့သည် မွတ်စလင်တို့နှင့် ၈ ကြိမ်မျှ သွေးချောင်းစီး တိုက်ခိုက်ခဲ့ကြ၏။ ထိုစစ်ပွဲများကြောင့် အပျက်နာခဲ့သလောက် အကျိုးလည်း များခဲ့ပေသည်။ ဗုဒ္ဓအယူဝါဒီတို့သည် မြတ်ဗုဒ္ဓ ပွင့်တော်မူရာ ဗုဒ္ဓဂါယာကို အထွတ်အမြတ်ထား၍ ဘုရားဖူးသွားကြသကဲ့သို့၊ ခရစ်ယာန်တို့သည်လည်း သခင်ယေရှု ဖွားမြင်တော်မူရာ ဒေသဖြစ်သော ဂျရူးဆလမ်းမြို့ကို အထွက်အမြတ်ထားလျက် ဘုရားဖူးသွားလေ့ရှိကြသည်။ အလယ်ခေတ်အတွင်း ဥရောပတိုက်သားတို့ ‌ဂျေရုဆလင်မြို့သို့ ဘုရားဖူးသွားကြစဉ်က၊ ဂျေရုဆလင်မြို့တည်ရှိရာ ပါလက်စတိုင်းပြည်ကို အုပ်စိုးလျက်ရှိသော အာရပ်မွတ်စလင်တို့သည် ခရစ်ယာန် ဘုရားဖူးများကို အနှောင့်အယှက်မပြုခဲ့ချေ။ သို့သော် ၁၁ ရာစုနှစ်တွင် ဂျေရုဆလင်မြို့သည် ထိုခေတ်က ဆာရဆစ် ခေါ်သည့် ဆဲလဂျွတ်တရက်တို့ လက်အောက်သို့ ကျရောက်သွားသဖြင့် ခရစ်ယာန် ဘုရားဖူးမှာ အာရပ်မွတ်စလင်တို့ လက်ထက်ကကဲ့သို့ မဟုတ်ဘဲ ညှဉ်းပန်းနှိပ်စက်ခြင်းများ ခံကြရ၏။ ထိုအခါ ခရစ်ယာန်တို့သည် မခံမရပ်နိုင်ဖြစ်၍ မိမိတို့ အထွတ်အမြတ်ထားရာဖြစ်သော မြေကို ဆာရဆင် ခေါ် သည့် ဆဲလဂျွတ်တစ်ရက်တို့ လက်မှ ပြန်လည်သိမ်းပိုက်နိုင်ရန် ကြိုးစားကြကုန်၏။ ဤသို့ဖြင့် ၁၁ ရာစုနှစ်မှ ၁၄ ရာစုနှစ် တိုင်အောင် ခရူးဆိတ်စစ်ပွဲပေါင်း ရှစ်ကြိမ်မျှ ဖြစ်ပွားခဲ့လေသည်။

ပထမ ခရူးဆိတ်စစ်ပွဲ (၁၀၉၆ - ၁၀၉၉ ခုနှစ်)[ပြင်ဆင်ရန်]

ခရူးဆိတ် စစ်သည်များကို ပီတာ-သ- ဟာမစ် မှ ဦးဆောင်ချီတက်နေခြင်းကို ပုံဖော်ထားသော ပန်းချီကား (၁၄ ရာစု လက်ရာ)

ပထမ-ခရူးဆိတ်စစ်ပွဲများသည် (၁ဝ၉၆ - ၉၉ ခုနှစ်) အတွင်း ဖြစ်ပွားခဲ့၏။ ဂျေရုဆလင်၌ ခရစ်ယာန်တို့အား ဆာရဆင်များက ညှဉ်းပန်းပုံကို ထိုအတိုင်းကြည့်နေလျှင်၊ ကဲသည်ထက် ကဲလာ၍ ခရစ်ယာန်အယူဝါဒအား လွှမ်းမိုးသွားမည်ကို စိုးရိမ်ရသဖြင့်၊ ကလားမွန်မြို့တွင် အယူဝါဒဆိုင်ရာ အစည်းအဝေးကြီးကျင်းပ၍ ဆာရဆင်တို့အား တိုက်ခိုက်နှိမ်နင်းရန် ဆုံးဖြတ်ကြသည်။ ထိုအရေးတွင် ပီတာ-သ- ဟာမစ်သည် အယူဝါဒစော်ကားသူ ဆာရဆင်တို့အား တိုက်ခိုက်ချေမှုန်းရန် ဥရောပတစ်ခွင်သို့ လှည့်လည်၍ လှုံဆော်ခဲ့လေသည်။ ဥရောပမှ လူအများသည် ပါလက်စတိုင်းပြည်သို့ ချီတက်၍ ဂျေရုဆလင်မြို့ကို သိမ်းပိုက်ရန် တပ်ကြီး နှစ်တပ်ကို ဖွဲ့စည်းခဲ့သည်။ တပ်တစ်တပ်ကို ပီတာ-သ-ဟာမစ် က ခေါင်းဆောင်၍ ကျန်တပ်တစ်တပ်ကို ဝေါ်လတာ-သ-ပဲနီလက် အမည်ရှိ သူရဲကောင်းက ခေါင်းဆောင်လေသည်။ ပီတာ ခေါင်းဆောင်သော တပ်မှာ ကတိုက်ကရိုက်တပ်ဖွဲ့၍ ထွက်လာကြသဖြင့်၊ အစီအစဉ်လည်း မကျန၊ လက်နက်လည်း မပြည့်စုံချေ။ ထို့ပြင် အရှေ့နိုင်ငံများသို့ ချီတက်ရာ လမ်းခရီးသည် ပင်ပန်းခက်ခဲလှ၍၊ ပါလက်စတိုင်းသို့ မရောက်မီကပင် တပ်သားများ သေကြပျက်စီးကြသဖြင့် အရေးမလှခဲ့ချေ။ သို့ရာတွင် ဝေါ်လတာ ခေါင်းဆောင်သည့် တပ်မှာမူ ကွန်စတန်တီနိုပယ်မြို့အရောက် ချီတက်နိုင်ခဲ့လေသည်။

ထိုတပ် ၂ တပ် ထွက်သွားပြီးမှ မင်းညီ၊ မင်းသားများနှင့် သူရဲကောင်းမြောက်မြားစွာ ခေါင်းဆောင်ပါဝင်သည့် စနစ်တကျ ကျင့်သားရပြီးသော တပ်များသည် ပါလက်စတိုင်းပြည်ဘက်သို့ ဆက်လက်ချီတက်တိုက်ခိုက်ရာ လမ်းတစ်လျှောက်တွင် ခရစ်ယာန်တို့ဖက်မှ အကျအဆုံး များသလောက် ဆာရဆင်တို့ ဘက်မှလည်း အပျက်အစီး နာလှသည်။ လမ်းတစ်လျှောက်ရှိ မြို့ကြီးများကို သိမ်းပိုက်နိုင်၍ ၁ဝ၉၉ ခုနှစ်တွင် မိမိတို့၏ ရည်ရွယ်ချက်ပန်းတိုင်ဖြစ်သော ဂျရူးဆလမ်းမြို့ကြီးကို သွေးချောင်းစီးမျှ တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ကြသည်။ ထိုအခါတွင် ခရူးဆိတ်စစ်တပ်များဖက်မှ ခေါင်းဆောင်တစ်ဦးဖြစ်သော ဗူယွန်မြို့သား ဂေါ့ဖရီအား ဂျရူးဆလမ်း ဘုရင်အဖြစ် တင်မြှောက်၍ သေဉ်မြေကို ကာကွယ်စောင့်ရှောက်ရန် ထားခဲ့ကြသည်။ ထိုစဉ်က ကရူးဆိတ်စစ်တပ်များတွင် ပါဝင်ဆင်နွဲသူများမှာ ဂုဏ်ထူး/ဘွဲ့ထူး နှင့် ကျော်စောခြင်းကိုသာမက၊ လယ်ယာ၊ မိုးမြေ၊ ရွှေငွေ အများလည်း ရရှိကြသည်။ ထိုကြောင့် နောင်ခေတ်များ၌ ခရူးဆိတ်စစ်တပ်ကြီးများတွင် လိုက်ပါတိုက်ခိုက်လိုသူများ အတော်ပင်ပေါများခဲ့၏။ သို့သော် ထိုသူများမှာ အယူဝါဒအတွက် တိုက်ခိုက်ခြင်းထက် မိမိတို့ကျော်စောကိတ္တိရှိမှု၊ ချီတက်ရာလမ်းမှ ပြည်နယ်များကို လုယက်တိုက်ခိုက်လိုမှုများအတွက် လိုက်ပါသူက ပို၍များပြားလေသည်။

ဒုတိယ ခရူးဆိတ်စစ်ပွဲ (၁၁၄၇ - ၅၀ ခုနှစ်)[ပြင်ဆင်ရန်]

ဒုတိယ-ခရူးဆိတ်စစ်ပွဲကို ပုံဖော်ထာသော ပန်းချီကား

ဒုတိယ-ခရူးဆိတ်စစ်ပွဲမှာ (၁၁၄၇ - ၅၀) ခုနှစ်များတွင် ဖြစ်ပွားပြန်သည်။ ထိုစစ်ပွဲတွင် ပြင်သစ်ဘုန်းကြီး စိန်ဗါးနဒ်က ဆော်ဩ၍၊ ဂျာမနီနိုင်ငံမှ တတိယ-ခရူးဆိတ်တပ်ကြီးသည် ပါလက်စတိုင်းဖက်သို့ ချီတက်ခဲ့၏။ သို့သော် စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့် ပါလက်စတိုင်းသို့ မရောက်မီပင် မရှုမလှအရေးနိမ့်၍ ပြန်လည်ဆုတ်ခွာလာခဲ့ကြရသည်။

တတိယ ခရူးဆိတ်စစ်ပွဲ (၁၁၈၉ - ၉၂ ခုနှစ်)[ပြင်ဆင်ရန်]

ဘုရင် ဆလာဒင် တိုက်ခိုက်နေပုံကို စိတ်ကူးယဉ် ပုံဖော်ရေးဆွဲထားသော ပန်းချီကား (မူရင်းပုံသည် အဖြူ-အမည်း ဖြစ်သည်။)

ထိုနောက် အနှစ်လေးဆယ်ခန့်တွင် ထင်ရှားလှသော မွတ်စလင်ခေါင်းဆောင် ဆာလာဒင် ဘုရင်က ဂျရူးဆလမ်းမြို့ကို တိုက်ခိုက်သိမ်းပိုက်သဖြင့် တတိယ-ခရူးဆိတ်စစ်ပွဲ (၁၁၈၉-၁၁၉၂ ခုနှစ်) ဖြစ်ပွားရပြန်သည်။ ထိုအကြိမ်က ခေါင်းဆောင်သူများမှာ ဖရက်ဒရစ် ဗါဗရော့ဆာ ဧကရာဇ်၊ ပြင်သစ်ဘုရင် ဖိလစ် နှင့် အင်္ဂလန်ဘုရင် ပထမမြောက် ရစ်ချတ် တို့ဖြစ်လေသည်။ ဖရက်ဒရစ် ဗါဗရော့ဆာ မှာ အာရှမိုင်းနားသို့ရောက်၍ မြို့တစ်မြို့သိမ်းအပြီး မြစ်တစ်ခုကို ဖြတ်ကူးစဉ် ရေနစ်၍ ကံတော်ကုန်လေသည်။ ထိုကြောင့် ရစ်ချတ်နှင့် ဖိလစ် နှစ်ဦးသာ ခေါင်းဆောင်၍ ဂျရူးဆလမ်းမြို့သို့ ချီတက်ခဲ့ကြရသည်။ သို့သော် ဧကမြို့ကို သိမ်းပိုက်ကြပြီးသော် ထိုခေါင်းဆောင် ဘုရင်နှစ်ဦးတို့ သဘောကွဲလွဲကြသဖြင့် ဖိလစ်သည် တပ်ခေါက်၍ပြန်လာခဲ့သည်။ ရစ်ချတ် တစ်ဦးတည်း ပါလက်စတိုင်းတွင်ကျန်ရစ်ခဲ့၍ ဆက်လက်တိုက်ခိုက်နေပြီးနောက် မျှော်လင့်ချက်မရှိလှသဖြင့် ဆာလာဒင် နှင့် စစ်ပြေငြိမ်းရေးစာချုပ် ချုပ်လေသည်။ ထိုစာချုပ်ဖြင့် ခရစ်ယာန်ဘုရားဖူးများကို မွတ်စလင်တို့က မနှောင့်ယှက်ရန် ဆာလာဒင် ထံမှ ကတိရခဲ့လေသည်။

စတုတ္ထ ခရူးဆိတ်စစ်ပွဲ (၁၂၀၂ - ၀၄ ခုနှစ်)[ပြင်ဆင်ရန်]

စတုတ္ထ-ခရူးဆတ်စစ်ပွဲတွင် ဖလန်းဒါး နယ်စား ကောင့်ဗေါ်လဒွင် ခေါင်းဆောင်၍ ပါလက်စတိုင်းပြည်ဖက်သို့ ချီတက်သော်လည်း၊ ဗင်းနစ်မြို့အရောက်တွင် ကွန်စတန်တီနို ပယ်မြို့မှ စစ်ကူခေါ်သဖြင့် ထိုမြို့သို့သွားရောက်ကာ ဧကရာဇ်ဘုရင်အား နန်းပြန်တင်ရေးကို ကူညီရလေသည်။ ထိုကြောင့် ပါလက်စတိုင်းသို့ပင်မရောက်ဘဲ ကွန်စတန်တီနိုပယ်မြို့ကို ခရူးဆိတ်တပ်သားများက တိုက်ခိုက်လုယက်ကြ၏။ ဧကရာဇ် ဘုရင် ကွယ်လွန်သည့်အခါ ဗော်လဒွင်သည် ထီးနန်းကို ဆက်ခံလေသည်။

ပဉ္စမ ခရူးဆိတ်စစ်ပွဲ (၁၂၁၇ - ၂၁ ခုနှစ်)[ပြင်ဆင်ရန်]

ပဉ္စမ ခရူးဆိတ်စစ်ပွဲတွင်ကား ခရစ်ယာန်ခေါင်းဆောင်ဖြစ်သူ ဂျာမနီပြည့်ရှင် ဖရက်ဒရစ်သည် ခရစ်ယာန်မြေကိုပိုင်သော အီဂျစ်ဘုရင်နှင့် စေ့စပ်ရေးစာချုပ်များ ချုပ်ဆိုခြင်းအားဖြင့် စစ်မတိုက်ရဘဲ ဂျရူးဆလမ်းမြို့ကို ရခဲ့လေသည်။

ဆဋ္ဌမ ခရူးဆိတ်စစ်ပွဲ (၁၂၂၈ - ၂၉ ခုနှစ်)[ပြင်ဆင်ရန်]

နဝမမြောက် လူဝီ ဘုရင် အဖမ်းခံရခြင်းကို ပုံဖော်ထားသည့် ပန်းချီကား

သို့သော် ၁၂၂၄ ခုနှစ်တွင် တူရကီတို့က ခရစ်ယာန်သေဉ်မြေကို သိမ်းပိုက်ကြပြန်သဖြင့်၊ ပြင်သစ်ဘုရင် နဝမမြောက် လူဝီ မှ ခေါင်းဆောင်ပြီးလျှင် ဆဋ္ဌမ ခရူးဆိတ်စစ်ပွဲ (၁၂၂၇ - ၁၂၂၉)ကို ဆင်နွှဲကြပြန်သည်။ ထိုစစ်ပွဲတွင် ထိုစဉ်အခါက ပါလက်စတိုင်းသို့ တက်ရောက်ရာအချက်အချာဖြစ်သည့် အီဂျစ်နိုင်ငံသို့ ချီတက်တိုက်ခိုက်လေသည်။ ထိုစစ်ပွဲတွင် ခရစ်ယာန်တို့ဖက်မှ အရေးနိမ့်၍ ဘုရင် လူဝီ ကိုယ်တိုင်အဖမ်းခံရပြီးလျှင်၊ ငွေကြေးအမြောက်အမြားပေး၍ရွေးမှ လွတ်မြောက်ခဲ့လေသည်။

သတ္တမ ခရူးဆိတ်စစ်ပွဲ (၁၂၄၈ -၅၄ ခုနှစ်)[ပြင်ဆင်ရန်]

ပြင်သစ်ဘုရင် စိန့်လူဝီ နှင့် အင်္ဂလန်ပြည် ပထမမြောက် အက်ဒွပ် ဘုရင်တို့ ခေါင်းဆောင်၍ သတ္တမ-ခရူးဆိတ်စစ်ပွဲကို စတင်ကြပြန်သည်။ သို့သော် စိန့်လူဝီမှာ စစ်တိုက်နေရင်း ပလိပ်ရောဂါဖြင့် ကွယ်လွန်သွား၍၊ ခရစ်ယာန်သူရဲကောင်းများ ထိန်းသိမ်းစောင့်ရှောက်ခဲ့သော ပါလက်စတိုင်းပြည်ရှိ မြို့ကြီးများသည်လည်း တစ်မြို့ပြီးတစ်မြို့ မွတ်စလင်များလက်သို့ ကျရောက်ကြလေသည်။ ၁၂၉၁ ခုနှစ် အလွန်တွင် ခရူးဆိတ်စစ်ပွဲများ မရှိတော့ချေ။

ခေတ်ကာလအပေါ် လွှမ်းမိုးမှု[ပြင်ဆင်ရန်]

နှစ်ပေါင်း နှစ်ရာခန့်အတွင်း ခရူးဆိတ်စစ်ပွဲကြီးများ တစ်ခုပြီးတစ်ခုဖြစ်ပွားခဲ့သည်။ အယူဝါဒကို အကြောင်းပြုလျက် စွန့်စားလိုမှု၊ ပစ္စည်းဥစ္စာများ တိုက်ခိုက်ရယူလိုမှု၊ နာမည်ကျော်ကြားလိုမှု၊ နယ်မြေများ ရရှိလိုမှုတို့ကြောင့် ကရူး ဆိတ်စစ်ပွဲကြီးများ ဖြစ်ခဲ့လေသည်။ ထိုသို့ဖြစ်စေရန်လည်း အကြောင်းရှာ၍ ကြိုးစားခဲ့ကြ၏။ ထိုခေတ်အခါက ခရူးဆိတ်စစ်တပ်များ အလွန်ခေတ်စားခဲ့ကြသည်။ ထို့ကြောင့် ၁၂၁၂-ခုနှစ်ခန့်တွင် ကလေးများပင် ခရူးဆိတ်စစ်တပ် တစ်တပ် ဖွဲ့စည်းခဲ့လေသည်။ ထိုကလေးများမှာ ဂျာမနီ နှင့် အီတလီတို့မှ ဖြစ်ကြပြီး မြေထဲပင်လယ်ကို ဖြတ်သန်းကာ ပါလက်စတိုင်းပြည်ကို ချီတက်သွားကြ၏။ ကလေးများအား ဘုရားသခင်က စောင့်ရှောက်ကူညီသဖြင့် သူတို့၏ရည်ရွယ်ချက် ပြည့်စုံလိမ့်မည်ဟု မျှော်လင့်ကြသော်လည်း၊ ကလေးအမြောက်အမြားပင် ပျက်စီးသေဆုံး၍ အချို့မှာ ငွေဝယ်ကျွန်အဖြစ် ရောင်းစားခြင်းခံကြရလေသည်။

စစ်ပွဲ၏ အကျိုးဆက်ရလဒ်များ[ပြင်ဆင်ရန်]

ယင်းသို့ဖြင့် ခရူးဆိတ်စစ်ပွဲများမှာ အရှုံးများခဲ့သည်ဟု ဆိုရပေမည်။ သို့သော် အမြတ်ထွက်သည့် အချက်များလည်း ဆိုပေသေးသည်။ ယင်းတို့မှာ ထိုခေတ်ထိုအခါက တစ်ဦးကို တစ်ဦး တိုက်ခိုက်သတ်ဖြတ်နေခဲ့သော ဥရောပတိုင်းပြည်များသည် ရည်ရွယ်ချက် တစ်ခုတည်းအတွက် ပေါင်းစည်းလာကြသည်။ ယဉ်ကျေးမှု အဆင့်အတန်း နိမ့်ကျခဲ့သော ဥရောပအနောက်ပိုင်း နိုင်ငံများသည် ယဉ်ကျေးမှု အဆင့်အတန်းမြင့်သည့် အရှေ့ဘက်နိုင်ငံများနှင့် ဆက်ဆံလာကြရသဖြင့် ယဉ်ကျေးမှု တိုးတက်လာသည်။ အရှေ့နိုင်ငံများကဲ့သို့ ကောင်းကောင်းနေ ကောင်းကောင်းစားလျက် စည်းစိမ်ခံစားရမှန်းသိလာသည်။ ထိုကြောင့် ယခင်က မတွေ့မမြင်ဘူးသည့်ပစ္စည်းများကို သုံးစွဲလာကြ၍ အရှေ့နိုင်ငံများနှင့် ကုန်သွယ်မှုများပြုလုပ်လာလေသည်။ ကုန်စည်ရောင်းဝယ်ခြင်းဖြင့်လည်း တန်ခိုးကြီးမားလာသော ဗင်းနစ်၊ ဂျီးနိုးဝါး စသည့် မြို့ကြီးများ ပေါ်ပေါက်လာလေသည်။ ထို့ပြင် အရှေ့နိုင်ငံများ၏ အတွေးအခေါ်အယူအဆများကို စဉ်းစားလာကြ၏။ ယင်းသို့ဖြင့် ၁၅ ရာစုနှစ်လောက်တွင် ဥရောပတိုက်၌ အတတ်ပညာ ပြန်လည်ဆန်းသစ်ခေတ်ဖြစ်သော ခေတ်ဆန်းချိန်ပေါ်ပေါက်ရန် အခြေခံအုတ်မြစ်များ တဖြည်းဖြည်းချခဲ့သည်ဟု ဆိုနိုင်သည်။ ထိုကြောင့် ခရူးဆိတ်စစ်ပွဲများသည် ဥရောပ အခြေအနေ ပြုပြင်ပြောင်းလဲရေး၏ အခြေခံအုတ်ချပ်များဟုဆိုလျှင် မှားမည်မဟုတ်ချေ။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. လှသမိန် (ဧပြီ ၁၉၇၈)။ "ကရုဆိတ် (Crusades) ဘာသာရေးစစ်" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။ pp. ၂၃၊ ၂၄။
  2. မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (၁၉၅၄)။ "ကရူးဆိတ် စစ်ပွဲများ"။ in စွယ်စုံကျမ်းစာတည်းအဖွဲ့ (ed.)။ မြန်မာ့စွယ်စုံကျမ်း (ပထမအကြိမ် ed.)။ ဟေဇယ်၊ ဝပ်ဆင်နှင့် ဗိုင်းနေး ပုံနှိပ်လုပ်ငန်းအင်္ဂလန်။: စာပေဗိမာန်