ကွန်မြူနစ်ဝါဒ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ကွန်မြူနစ်ဝါဒသည် လူမှုစီးပွားရေး ဖွဲ့စည်းပုံ စနစ်တစ်ရပ်၊ နိုင်ငံရေး သဘောတရား တစ်မျိုးဖြစ်သည်။ ကွန်မြူနစ်ဆိုသည့် ဝေါဟာရသည် လက်တင်ဘာသာမှ ဆင်းသက်လာပြီး ကွန်မြူနစ်ဝါဒ ဆိုသည်မှာ လူသုံးပစ္စည်း ထုတ်လုပ်ရာ ဌာနများဖြစ်သော အလုပ်ရုံနှင့် တန်ဆာပလာ စသည့် ‘ကုန်ထုတ်ကိရိယာ’များနှင့် မြေယာများအား ပြည်သူလူထုက ပိုင်ဆိုင်၍ ပြည်သူလူထု တစ်ရပ်လုံး၏ အကျိုးအတွက် လူတိုင်းလူတိုင်းက လုပ်အားဖြည့်တင်းရမည်ဟု အနက်အဓိပ္ပာယ်ရှိသည်။ အချို့က မြန်မာလို ‘ဘုံဝါဒ’ဟု ခေါ်ဆိုသော်လည်း ဘုံဝါဒဟူသော ဝေါဟာရသည် တိကျသော အနက်အဓိပ္ပာယ် ထွက်သည်ဟု မဆိုနိုင်ပေ။

‘သမာသမဂ္ဂဝါဒ’ကျမ်းပြုသူ အရှင်ဥက္ကဋ္ဌ ဆရာတော်က ‘သမာသမဂ္ဂဝါဒ’ဟု ဘာသာပြန်ထားသည်။ မြေယာနှင့် အရင်းအနှီး ပစ္စည်းဥစ္စာများကို ဘုံပစ္စည်းအဖြစ်ထား၍ စုပေါင်းလုပ်ကိုင်ကာ ထိုမှ ဖြစ်ထွန်းလာသည့် အကျိုးကျေးဇူးများကို မျှတစွာ ဝေငှစားသုံးသည့် နေထိုင်မှုစနစ်မှာ ကမ္ဘာဦးလူတို့ လူ့သမဂ္ဂ (ဝါ) အစုအဖွဲနှင့် နေတတ်လာသည့်အခါကပင် ပေါ်ပေါက်လာဟန် တူသည်။ ထိုနောက်မှ ပုဂ္ဂလိက ပစ္စည်းပိုင်ဆိုင်ခြင်းနှင့် တစ်ဦးချင်းစီ ကိုယ်ကျိုးရှာခြင်းတို့သည် လူတို့၏ လောဘ၊ ဒေါသ၊ မောဟ အလျောက် ပေါ်ပေါက်လာဟန်တူသည်။ ထိုဘုံဝါဒမျိုးမှာ လူ့သမိုင်းတလျှောက်တွင် ရံဖန်ရံခါ ပေါ်လာခဲ့၍ လိုက်နာကျင့်သုံးစူ လူစုများလည်း ရှိခဲ့သည်။ ရှေးဦး ခရစ်ယာန် အယူဝါဒီတို့သည် ဘုံဝါဒကို ကျင့်သုံးခဲ့သည်။ ဥရောပ အလယ်ခေတ်တွင် ထွန်းကားခဲ့သည့် ခရစ်ယာန် ဘုန်းကြီးကျောင်းများတွင် ဘုံဝါဒစနစ်အတိုင်း နေထိုင်ကြသည်။ ဗုဒ္ဓအယူဝါဒအရ သံဃာအဖွဲ့အစည်း၌ ‘သံဃိက’ ဟူသော သဘောရှိပုံနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။ ခရစ်နှစ် ၁၉ ရာစု အတွင်းတွင် ဗြိတိန်မှ ‘ရောဗတ် အိုဝင်’ ဆိုသူသည် ဘုံဝါဒကို လိုက်နာကျင့်သုံး နေထိုင်သော စံပြလူစု ၂ စုအား အိုးအိမ် ထူထောင်ပေး၍ ရွာများကို အင်္ဂလန်တွင် လည်းကောင်း၊ အမေရိကန် ပြည်ထောင်စုတွင် လည်းကောင်း၊ တည်ပေးခဲ့သည်။ အမေရိကန် နယူးယောက်ပြည်နယ်တွင် ဘုံဝါဒကို ကျင့်သုံးသည့် အိုနိုင်ဒါ ကွန်မြူနတီခေါ် လူစုတစ်စုလည်း အတော်အတန် နာမည်ထွက်ခဲ့သည်။

အထက်ဖော်ပြပါ လူစုများအပြင် ဘုံဝါဒကို လိုက်နာကျင့်သုံးသည့် အခြားသော လူစုများအားလုံးနှင့် စပ်လျဉ်း၍ တွေ့ရှိရသော အချက် ၂ ချက် ရှိသည်။ ပထမအချက်မှာ ထိုလူစုများတွင် လူဦးရေ များပြားစွာ ပါဝင်သည်ဟု မဆိုနိုင်ချေ။ ဒုတိယ အချက်မှာ ဤဘုံဝါဒအတိုင်း ဖွဲ့စည်းနေထိုင်ခဲ့သည့် လူစုများမှာ ဘုံဝါဒကို လက်မခံသော လူအများကြားထဲတွင် နေခဲ့ရသည်ဖြစ်၍ ကြာရှည်စွာ မတည်မြဲနိုင်ခဲ့ပေ။

ဘုံဝါဒကို သဘောတရား တစ်ရပ်အဖြစ်နှင့်လည်း ဂရိကျမ်းပြုဆရာ ပလေးတိုနှင့် အင်္ဂလိပ် ကျမ်းပြုဆရာ ဆာသောမတ်မိုး စသည့် ပညာရှင်ကြီးများကလည်း သုံးသပ်လက်ခံခဲ့သည်။ သို့သော် သူတို့၏ အယူအဆများမှာ စိတ္တဇ သဘာဝများပေါ်သာ အမှီပြုခဲ့သည်ဖြစ်၍ အမြဲတစေ မှန်ကန်နေသော အနုမာနများ မဟုတ်ချေ။

ယခုအခါ လူအများ နားလည်နေသော ကွန်မြူနစ်ဝါဒမှာ ၁၈၄၈ ခုနှစ် ကားလမတ်နှင့် အန်းဂဲတို့ ရေးသားထုတ်ဝေသော ကွန်မြူနစ် ကျေညာစာတမ်းမှ ပေါက်ပွားလာခဲ့သည်။ ကွန်မြူနစ် ကျေညာစာတမ်း၌ ကွန်မြူနစ်ဝါဒ၏ အခြေခံ သဘောတရားများနှင့် လုပ်ငန်းစဉ်တို့ကို ဖော်ပြထားသည်။

ကားလမတ်၏ အာဘော်အရ လူ့သမိုင်းဟူသည် စိုးပိုင်သော တန်ခိုးအာဏာရှိသူနှင့် တန်ခိုးအာဏာမဲ့သူတို့ မရပ်မနား ပဋိပက္ခ ဖြစ်နေကြသော လူတန်းစားတိုက်ပွဲများ ဖြစ်သည်။ ထိုလူတန်းစားတိုက်ပွဲများသည် ထွက်ကုန် လုပ်ကိုင်နည်းစနစ်မှ ပေါက်ပွားလာသည်။ ထိုစန်စသည် လူ့အစည်းအရုံးကိုလည်း အစိတ်စိတ် အမွှာမွှာ ခွဲခြမ်းနိုင်သော သတ္တိရှိသည်။ သို့ရှိသည့် အားလျော်စွာ လူ့အဖွဲ့အစည်းအား ကျေးကျွန်၊ မြေကျွန်၊ အခစား၊ အလုပ်သမား စသည်ဖြင့် လည်းကောင်း၊ ကျွန်ပိုင်၊ မြေပိုင်၊ ပဒေသရာဇ် အရင်းရှင် စသည်ဖြင့် လည်းကောင်း ကွဲပြားခြားနား စေခဲ့သည်။ ပထမ လူတန်းစားသည် အလုပ်ကို တကယ်လုပ်ပေးရသူများ ဖြစ်သည်။ ဒုတိယ လူတန်းစားကား ပထမ လူတန်းစား၏ လုပ်အားကို သူတို့၏ ကိုယ်ကျိုးအလို့ငှာ အသုံးချသူများ ဖြစ်သည်။ အချုပ်ဆိုသော် ကုန်ထုတ် ကိရိယာများကို ပိုင်ဆိုင်သူသည် စိုးမိုးခြယ်လှယ်သူဖြစ်၍ ပိုင်ဆိုင်မှုကင်းမဲ့သော အလုပ်သမားတို့မှာ စိုးမိုးခြယ်လှယ်ခြင်း ခံရသူများဖြစ်သည်။ အဆိုပါ လူတန်းစား ၂ မျိုး ရှိသမျှ ကာလပတ်လုံး လူတန်းစား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေမည် ဖြစ်သောကြောင့် ကမ္ဘာပေါ်တွင် ငြိမ်းချမ်းရေး ရရှိနိုင်မည် မဟုတ်ချေ။ ထိုကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ရလိုလျှင် လူတန်းစား ကွဲပြားခြားနားခြင်း မရှိသော ကွန်မြူနစ် စနစ်ကို ထူထောင်ရမည်ဟု ကားလမတ်က ညွှန်ကြားခဲ့သည်။

ရှေးဦးစွာ အရင်းရှင်နိုင်ငံများ ပိုင်ဆိုင်သော စက်ရုံ အစရှိသော ကုန်ထုန်ကိရိယာများနှင့် မြေယာများကို အလုပ်သမားများက သိမ်းယူပြီးလျှင် ပစ္စည်းမဲ့ အာဏာရှင်စနစ်ကို ထူထောင်ရမည်။ အရင်းရှင်များ ပိုင်ဆိုင်သော အရင်းအနှီး ပစ္စည်းအဝဝတို့ကို သိမ်းပိုက်ရန်မှာလည်း အေးချမ်းစွာနှင့် ပြီးမြောက်နိုင်ခဲ့သည်။ တော်လှန်မှုကြီးဖြင့်သာ ဖြစ်မြောက်နိုင်ပေမည်။ ထိုကြောင့် ကွန်မြူနစ်စနစ် တည်ထောင်ရေးတွင် တော်လှန်ရေးမှာ မလွဲမရှောင်သာသော ကိစ္စတစ်ရပ်ဖြစ်သည်ဟု ကားလမတ်က ဆိုသည်။

ကားလမတ်သည် ၁၈၆၇ ခုနှစ်တွင် ‘အရင်းအနှီး’ ဆိုသော ကျမ်းကို ရေးသားထုတ်ဝေခဲ့ပြန်သည်။ ထိုကျမ်းတွင် လူ့သမိုင်းကို ဘောဂဗေဒအရ အဓိပ္ပာယ် ဖော်ပြထားသည့်အပြင် အရင်းရှင်စနစ်၏ ဆိုးရွားပုံ၊ ဖောက်ပြန်ပုံတို့ကို ဖော်ပြထားသည်။ ဥပမာအားဖြင့် အရင်းရှင်ဝါဒတွင် တစ်ဦးတည်း ပိုင်ဆိုင်လုပ်ကိုင်မှုကို အားပေးခြင်း၊ အပြိုင်အဆိုင် ကုန်စည်များ ထုတ်လုပ်ခြင်း၊ စနစ်မဲ့ ကုန်ထုတ်လုပ်ခြင်းများနှင့် ကုန်ကြမ်းများကို အလိုရှိခြင်း၊ ကုန်ချောများ ဖြန့်ဖြူးရန် ဈေးနာမျာလိုခြင်း၊ ထိုကြောင့် မလွဲသာမရှောင်သာပဲ နယ်ချဲ့ဝါဒသို့ ကူးပြောင်းရခြင်း စသော ဖောက်ပြန်မှုများသည် အရင်းရှင်စနစ် စတင်ပေါ်ပေါက်စဉ်ကပင် တစ်ပါတည်း ပါလာခဲ့သည်ဟု ဆိုသည်။

အရင်းရှင်စနစ်အောက်တွင် ပစ္စည်းမဲ့ အလုပ်သမားများမှာ မိမိဖြည့်စွမ်းပေးသော လုပ်အား၏တန်ဖိုးကို တိကျစွာ ပြန်လည်မရရှိပဲ ခေါင်းပုံဖြတ်ခြင်းကိုသာ ခံရကြောင်း၊ အမြတ်အစွန်းဆိုသည်မှာ အလုပ်သမားများ ရသင့်ရထိုက်သော လုပ်အား၏တန်ဖိုးထဲမှ အရင်းရှင်တို့က ခေါင်းပုံဖြတ်ယူလိုက်သော အစွန်းထွက်တန်ဖိုး (ဝါ) အပိုတန်ဖိုးသာ ဖြစ်ကြောင်း ကားလမတ်က ယူဆသည်။ ထိုအကြောင်းများကြေညာင့် အရင်းရှင်စနစ်သည် နောက်ဆုံး၌ မိမိသေတွင်းကို ကိုယ်တိုင်တူး၍ ဇာတ်သိမ်းရမည် ဖြစ်ကြောင်း ရေးသားထားသည်။ ကားလမတ်သည် အရင်းရှင်စနစ်ကို ပြစ်တင်ရှုတ်ချထားသော်လည်း အရင်းအနှီးကိုမူ မရှုတ်ချခဲ့ချေ။ အရင်းအနှီးဟု ဆိုအပ်သော ကုန်ထုတ်ကိရိယာများကို လူများစုက ပိုင်ဆိုင်ပြီးလျှင် စနစ်ကျသော ထွက်ကုန်လုပ်ဆောင်ရေး ထူထောင်ရန် လမ်းစဉ်များကို ချမှတ်ခဲ့သည်။

ကားလမတ် ရေးသားချမှတ်ခဲ့သော ကွန်မြူနစ်ဝါဒတွင် အဆင့် ၂ ဆင့်ရှိသည်။ ပထမအဆင့်မှာ စက်ရုံနှင့် လယ်ယာများကို ပစ္စည်းမဲ့ ဆင်းရဲသားများ (အလုပ်သမားနှင့် လယ်သမား) က သိမ်းယူပြီးနောက် ကုန်ထုတ်လုပ်ရေး၊ ဖြန့်ဖြူးရေးနှင့် စီမံခန့်ခွဲရေးများကို နိုင်ငံတော် အစိုးရက ဆောင်ရွက်သွားရန် ဖြစ်သည်။ သို့ရာတွင် အရင်းအနှီးသဘော မသက်ရောက်သော မိမိကိုယ်ပိုင်သုံး ပစ္စည်းအချို့ကိုမူ ခွင့်ပြုထားလေသည်။ ဤအဆင့်တွင် လူတိုင်းလူတိုင်း စွမ်းအားရှိသမျှ လုပ်ကိုင်ကြပြီး မိမိလိုသမျှကို မိမိခွန်အား စိုက်ထုတ်မှုနှင့်လျော်ညီစွာ အကျိုးခံစားခွင့်ရှိသည်။ လူလူချင်း ခြယ်လှယ်သောစနစ် မရှိတော့သဖြင့် လူ့အဖွဲ့အစည်းအတွက် ရှေးရှု၍ လူတိုင်းလူတိုင်းပင် နားလည်မှုဖြင့် လုပ်ကိုင်ကြလိမ့်မည်ဟု ကားလမတ်က ဆိုသည်။ အမှန်စင်စစ် ဤအဆင့်တွင် အခွင့်အရေး ညီတူညီမျှ မရရှိနိုင်သေးချေ။ ဤအဆင့်ကို ကားလမတ်က ကွန်မြူနစ်ခေတ်၏ ပထမအဆင့် သို့မဟုတ် ကွန်မြူနစ် အောက်တန်းခေတ်ဟု ခေါ်ဆိုခဲ့သည်။ သို့သော် လူအများက ဆိုရှယ်လစ်ခေတ်ဟု ခေါ်ဆိုကြသည်။

ဒုတိယအဆင့်မှာ စက်မှုလက်မှု ပညာရပ်များ ပိုမိုတိုးတက်လာချိန် ဖြစ်သည်။ ကုန်ထုတ်ကိရိယာ စွမ်းအားများလည်း ပိုမိုကောင်းမွန်လာသော အချိန်အခါ ဖြစ်သည်။ ထိုအချိန်၌ လူတိုင်းလူတိုင်းသည် မိမိစွမ်းပကား ရှိသမျှ အလုပ်လုပ်ကိုင်ပြီး မိမိတို့ အသုံးလိုသမျှ ရပိုင်ခွင့်ရှိလေသည်။ ပြည်သူလူထုတို့မှာ ကွန်မြူနစ် စီးပွားရေးစနစ်အရ အခမဲ့ ပညာသင်ကြားခွင့်၊ အခမဲ့ ဆေးဝါးကုသခွင့်၊ ဖျားနာစဉ်တွင် ထောက်ပံ့မှု ရရှိခွင့်၊ အိုမင်းမစွမ်းသည့်အခါ ထောက်ပံ့မှု ရရှိခွင့် အစရှိသော အခွင့်အရေးများကို ရရှိကြပေလိမ့်မည်။ အပြိုင်အဆိုင် ကုန်ထုတ်လုပ်ခြင်းမျိုးလည်း မရှိ။ မလောက်မငသော အဖြစ်မျိုးတို့လည်း မရှိတော့သဖြင့် လူများ ငြိမ်းချမ်းသာယာစွာ နေထိုင်ကြမည် ဖြစ်သည်။

စစ်ဖြစ်ခြင်း၊ လူတစ်မျိုးနှင့် တစ်မျိုး အခင်းဖြစ်ပွားခြင်း စသော ပဋိပက္ခမှုများလည်း လုံးဝကင်းဝေး နေပေလိမ့်မည်။ ထိုအခါ၌ အစိုးရ အဖွဲ့အစည်းဟူသည် အလိုအလျောက် ညှိုးနွမ်းပျောက်ကွယ် သွားပေလိမ့်မည်။ တနည်းအားဖြင့် အစိုးရဟူ၍ ဖွဲ့စည်းရန်ပင် မလိုတော့ဟု ဆိုလိုရင်းဖြစ်သည်။ ထိုကဲ့သို့သော အဆင့်အတန်းမျိုးကား ကွန်မြူနစ်ဝါဒ၏ အမြင့်ဆုံး ရည်မှန်းချက် ပန်းတိုင်ပင် ဖြစ်သည်။

ကားလမတ်က သူ၏ ကွန်မြူနစ်ဝါဒ အောင်မြင်ရေးတွင် အလုပ်သမား လူတန်းစားတို့ အသိဉာဏ် ပွင့်လင်းရေးနှင့် ဘဝ၏ အသိမှန်ကို ရရှိရေးသည် အဓိကဖြစ်သည်ဟု ဆိုခဲ့သည်။ ကားလမတ်နှင့် အန်းဂဲတို့ တီထွင်ခဲ့သော ကွန်မြူနစ်ဝါဒမှာ ၂၀ ရာစု အစပိုင်းခန့်တွင် ဥရောပတိုက် တစ်ခွင်၌ ပျံ့နှံ့ခဲ့ခြင်းမှာ စက်မှုလက်မှု ပြုပြင်ပြောင်းလဲရေးနှင့်အတူ ထောင်ပေါင်းများစွာသော အလုပ်သမားတို့မှာ ဆင်းရဲကျပ်တည်း ကျဉ်းမြောင်းလာသောကြောင့် ဖြစ်သည်ဟု နိုင်ငံရေး သုံးသပ်သူများက ဆိုကြသည်။

ကွန်မြူနစ်ဝါဒကို ယုံကြည်သူများသည် မိမိတို့ကိုယ်ကို မိမိတို့ ဆိုရှယ်လစ်များဟု အမည်ခံခဲ့ကြသည်။ သို့အားဖြင့် ကွန်မြူနစ်ဝါဒနှင့် ဆိုရှယ်လစ်ဝါဒကို အဓိပ္ပာယ် တူညီစွာ ထားခဲ့ကြသည်။

၁၈၆၄ ခုနှစ်တွင် ကားလမတ်ကိုယ်တိုင် ခေါင်းဆောင်၍ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ၁၈၇၂ ခုနှစ်တွင် ထိုအဖွဲ့ ပျက်စီးခဲ့သည်။ ၁၈၈၉ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ အဖွဲ့ချုပ် ပေါ်ပေါက်ခဲ့သည်။ ရုရှားနိုင်ငံတွင်လည်း လီနင်အမှူးရှိသော ပုဂ္ဂိုလ်တစ်စုက ၂၀ ရာစု အစတွင် ဆိုရှယ်ဒီမိုကရက်တစ် ပါတီများကို ထူထောင်ခဲ့ကြသည်။ ၁၉၀၃ ခုနှစ်တွင် ထိုပါတီထဲတွင် ဗော်လရှီဗစ်နှင့် မင်ရှိဗစ်ဟု နှစ်ဂိုဏ်းကွဲသွားသည်။ ၁၉၁၇ ခုနှစ် ရုရှားတော်လှန်ရေးကြီး ပြီးဆုံးသွားသောအခါ ဆိုရှယ်ဒီမိုကရက်တစ်ပါတီများနှင့် ကွဲပြားစေရန် လီနင်ကြီးမှူးသော ဗော်လရှီဗစ်ပါတီကို ကွန်မြူနစ်ပါတီဟု အမည်ပြောင်းခဲ့သည်။ ထို့နောက် ၁၉၁၉ ခုနှစ်တွင် လီနင်က ကြီးမှူး၍ တတိယ အပြည်ပြည်ဆိုင်ရာ ကွန်မြူနစ်အဖွဲ့ကြီးကို ဖွဲ့စည်းခဲ့သည်။

ဆိုရှယ်ဒီမိုကရက်တစ်ခေါ် ဆိုရှယ်လစ်များနှင့် ကွန်မြူနစ်များသည် ဝါဒနှင့် ရည်မှန်းချက်များမှာ တသဘောတည်း ဖြစ်သော်လည်း ဆောင်ရွက်ပုံ နည်းပရိယာယ်များ မတူကြချေ။ ဆိုရှယ်လစ်တို့က ကွန်မြူနစ်ဝါဒ ရည်မှန်းချက်သို့ ရောက်ရှိရန်မှာ တော်လှန်မှုများရှိရန် မလိုအပ်ချေ။ တစ်ဆင့်ပြီး တစ်ဆင့် အေးချမ်းသာယာစွာ ကူးပြောင်းသွားနိုင်သည်ဟု ယုံကြည်ကြသည်။ ကွန်မြူနစ်များကမူ ကွန်မြူနစ်ဝါဒ ရည်မှန်းချက်ကို အုံကြွ တော်လှန်ရေးဖြင့်သာ ရရှိနိုင်သည်ဟု စွဲမြဲစွာ ယုံကြည်ကြသည်။ ကွန်မြူနစ်များသည် တော်လှန်ရေးကို အမြဲတစေ မပြုလုပ်နိုင်သည့်တိုင် တော်လှန်ရေးကို အဆက်မပြတ် ပြုလုပ်နေရမည် ဆိုသောဝါဒကို လက်ခံယုံကြည်ကြသည်။ ကွန်မြူနစ်များက ပုဂ္ဂလိကပိုင် ပစ္စည်းများကို ပြည်သူပိုင် ပြုလုပ်လိုကြသည်။ သို့သော် ဆိုရှယ်လစ်များကမူ ကုန်လုပ်သည့် ပစ္စည်းများကိုသာ ပြည်သူပိုင် ပြုလုပ်လိုကြသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ (၂) အပိုင်း-က