ကမာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ပြင်သစ်နိုင်ငံမှ ကမာကောင်တစ်မျိုး

ကမာသည် အခွံနှစ်ခြမ်းရှိသော ခရုမျိုးဖြစ်၍ ထို အခွံနှစ်ခြမ်းကို ရုန်းနိုင်၊ ကြုံ့နိုင်သော အကြော တစ်ခုက တစ်နေရာတွင် ပတ္တာသဖွယ် ဆိုင်းထားသည်။ ယေဘုယျ အားဖြင့် အပေါ်ဖက်အခွံသည် ပြား၍၊ အောက်ဖက်အခွံသည် ခွက်ပြီးလျှင် ထိုအခွက်ထဲ၌ ကမာ၏ ကိုယ်ခန္ဓာ တည်ရှိသည်။ ကမာသည် အပူပိုင်းဇုန်နှင့် သမပိုင်းဇုန်ရှိ ပင်လယ်ကမ်းခြေ တစ်လျှောက် ရေတိမ်ရာ အရပ်များတွင် နေထိုင်သည်။ အေး လွန်းသော ဝင်ရိုးစွန်းဒေသရှိ ပင်လယ်ကမ်းခြေများတွင်မူ မတွေ့ရချေ။

ကမာတွင် အရွယ်၊ ပုံသဏ္ဌာန်၊ အလေ့အထ၊ အရသာ၊ အာဟာရဓါတ် အနည်းအများ စသည်တို့ကို လိုက်၍ အမျိုး ပေါင်း တစ်ရာကျော်မျှရှိ၏။


ခရုမျိုး[ပြင်​ဆင်​ရန်​]

သို့သော် စီးပွားရေးအရ အရေးအကြီးဆုံးသော အမျိုးများမှာ အမေရိကန်၊ ဥရောပ၊ ဩစတြေးလျ၊ ဂျပန်၊ ပေါ်တူဂီ၊ တရုတ်၊ ပစိဖိတ်ကမ်းခြေ နှင့် အိန္ဒိယ ကမာမျိုးများသာ ဖြစ်သည်။ ပုလဲထွက်သည့် ကမာ များမှာ တစ်မျိုးဖြစ်၍ ရေငန်ကမာမျိုးအပြင် ရေချို ကမာမျိုး လည်း ရှိသေးသည်။ ပုလဲငုပ်သည့် လုပ်ငန်းကို အချို့နိုင်ငံများ တွင် အကြီးအကျယ် ပြုလုပ်ကြသည့်အနက် မြန်မာနိုင်ငံ၌ မြိတ်နယ်တွင် အတော်အတန် ပြုလုပ်ပေသည်။ ထားဝယ်နယ် တွင်လည်း ဒုတိယကမ္ဘာစစ် မဖြစ်မီက အနည်းအကျဉ်း ပြုလုပ် ခဲ့ဘူး၏။ မြိတ်နှင့် ထားဝယ်ဖက်တွင် ပုလဲငုပ်ခြင်းကို မုတ်ငုပ် သည်ဟူ၍လည်း ဆိုလေ့ရှိကြလေသည်။

ကမာကို လိင်အားဖြင့် နှစ်မျိုးနှစ်စား ခွဲခြားနိုင်သည်။ ပထမအမျိုးမှာ အဖိုနှင့်အမ တစ်လှည့်စီဖြစ်သွားသော အမျိုး ဖြစ်၍ ဤအမျိုးတွင် ဥရောပ၊ ပစိဖိတ်၊ ဂျပန်နှင့် ဩစတြေးလျ ကမာမျိုးတို့ ပါဝင်၏။ ဤအမျိုးဝင် ကမာတို့သည် ယေဘုယျအားဖြင့် ရှေးဦးစွာ အဖိုဖြစ်တတ်ရာမှ နောင်သော် တစ်နှစ်ပြီးတစ်နှစ် အဖိုနှင့်အမ တစ်လှည့်စီ ဖြစ်သွားတတ် သည်။ အချို့မှာ တစ်နှစ်အတွင်း သုံးကြိမ်မျှ လိင်ပြောင်းလဲ တတ်သည်လည်း ရှိ၏။ နောက်တစ်မျိုးမှာ ပထမပေါက်ဖွား ချိန်တွင် အများအားဖြင့် အဖိုများဖြစ်ကြရာမှ နောက် ပေါက် ဖွားချိန် လွန်မြောက်သောအခါ အဖိုဘဝမှ အချို့ လိင်ပြောင်း ကာ အမဘဝသို့ ကူးပြောင်း သွားတတ်သည့်အမျိုး ဖြစ်လေ သည်။ ဤအမျိုးတွင် အမေရိကန် ကမာတမျိုး၊ ဩစတြေးလျကမာတစ်မျိုးနှင့် ဂျပန်မှ ကမာကြီးမျိုးတို့ ပါဝင်ကြ၏။တစ်ဖန် ပေါက်ဖွားကြီးပြင်းပုံကို လိုက်၍လည်း ကမာကို နှစ်မျိုးနှစ်စား ခွဲခြားနိုင်ပြန်သည်။ တစ်မျိုးတွင် ဥနှင့်တကွ ဥမှ ပေါက်ခါစ သားငယ်များကို မိခင်ကမာ၏ အခွံအတွင်း၌ အတန်ကြာအောင် ထိန်းထားပြီးမှ သားငယ်များကို ရေ၌လွှတ်၍ ကြီးပြင်းစေသည်။ အခြားတစ်မျိုးမှာမူ ဥများကို ရေထဲ၌ တိုက်ရိုက် အုချသောအမျိုး ဖြစ်သည်။

ဥမှ ပေါက်ခါစ သားငယ်များတွင် အခွံမာ ပါမလာချေ။ သားငယ်တို့သည် ဥမှပေါက်ပြီးနောက် နာရီ အနည်းငယ် အတွင်း၌ ဟိုဟိုသည်သည် ကူးခတ်ပြီးသော် ထိုနေ့မှာပင် ကိုယ်ပေါ်၌ နှစ်ခြမ်းစပ်အခွံမာ ဖြစ်ပေါ်လာသည်။ ထိုအချိန် တွင် ဒီရေကြောင့်ဖြစ်စေ၊ ပင်လယ်ရေကြောင်း ကြောင့်ဖြစ်စေ၊ ကမာပေါက်စ တို့သည် တစ်ခါတစ်ရံ ခရီးဝေးသို့ ပါသွားတတ် ကြသည်။ သို့သော် အများအားဖြင့်ကား ရေအောက်ရှိ အခြား သတ္တဝါများ အစားခံရ၍သော်၎င်း၊ ညွန်တွင်နစ်၍ သေဆုံးခြင်း ကြောင့်သော်၎င်း၊ အနည်းငယ်သာ အသက် ရှင်ကျန်ရစ်လေ့ ရှိပေသည်။ အသက်မသေကျန်နေခဲ့သော သားငယ်အချို့သည် ရက်သတ္တပတ် အနည်းငယ် ကြာသောအခါ ရေအောက်ရှိ ကျောက်ဆောင်ကျောက်တုံး စသည်တို့၌ ထာဝစဉ် တွယ်ကပ် ကြတော့၏။ ထိုသို့ တွယ်ကပ်ပြီးနောက် မကြာမီပင် ရေထဲ၌ ကူးခတ်သွားလာနိုင်သော အင်္ဂါ အစိတ်အပိုင်းများနှင့် ခြေ ထောက်များလည်း ပျောက်ကွယ်သွားလေသည်။ ကမာ တစ် ကောင်သည် ပေါက်ပွားချိန်တစ်ချိန်အတွင်း၌ အကောင်ကလေး များကို သိန်းသန်းနှင့်ချီ၍ ပေါက်ဖွားနိုင်သည်။ အရွယ်ကြီး သော အမျိုးဖြစ်က ပိုမိုများပြားစွာ ပေါက်ဖွားနိုင်၍ သားငယ် တို့သည် နွေးသော ဒေသများ၌ ပို၍ လျင်မြန်စွာ ကြီးပြင်း လွယ်လေသည်။

ကမာတို့၏ အစာမှာ ရေအောက်ရှိ မျက်စိဖြင့် မမြင်နိုင် လောက်အောင် သေးငယ်သည့်အပင်နှင့် ရေပိုးရေမွှားများဖြစ်ကြ ၍ ပတ်ဝန်းကျင် ရေနွေးလျက်ရှိချိန်တွင် အစာကို အများဆုံး စားနိုင်ကြသည်။ ဆောင်းတွင်း၌ ရေ၏အပူချိန် အလွန် လျော့သွားသောအခါ အချို့မှာ အစာအစားရပ်၍ မလှုပ်မယှက် ဆောင်းအောင်း သွားတတ်ကြသည်။

ကမာတို့၏ အစာတွင် အာဟာရဖြစ်စေတတ်သော သံဓါတ် နှင့် ကြေးနီဓါတ် မြောက်မြားစွာ ပါဝင်၏။ ထိုကြောင့်လည်း သွေးအား နည်းသူများအား ကမာကောင်များကို ကျွေးမွေးခြင်း ဖြစ်ပေသည်။ ကမာတွင် အိုင်ဒိုဒင်း၊ ပရိုတင်း၊ ကာဗိုဟိုက် ဒရိတ်၊ ဖေါ့စဖေါရပ်နှင့် ကယ်လဆီယမ်ဓါတ်များအပြင် အရေး ကြီးသော ဗီတာမင်ဓါတ်များလည်း ပါဝင်သည်။

ကမာတို့၏ ကြီးထွားမှုသည် အဓိကအားဖြင့် မိမိတို့နေထိုင် ရာ ရေ၏အပူချိန်၊ အစာအနည်းအများနှင့် ရာသီဥတုတို့အပေါ် တွင် တည်ပေသည်။ အများအားဖြင့် နွေးသောဒေသများတွင် ကြီးလွယ်ကြ၏။ ကမာကောင်တို့၏ အရွယ်မှာ အမျိုးကို လိုက် ၍ ၂ နှစ် ၃ နှစ်အတွင်း တစ်လက်မခွဲမှ ၅ လက်မအရွယ်ခန့် အထိ ရှိသည်။ ဖမ်းဆီး စားသောက်ခြင်း မပြုဘဲထားလျှင် ထိုထက်ကြီးထွားနိုင်၍ အမေရိကန် ကမာမျိုးထဲ၌ ၁၄ လက်မအထိ ကြီးထွားသည်ပင် ရှိဘူးသည်။ ကမာတို့၏ သက်တမ်းကိုလည်း အတိအကျ မပြောနိုင်ပေ။ သို့သော် အမေရိကန် ကမာမျိုးထဲ၌ ၂၅ နှစ်ကျော် အသက်ရှင်ဆဲ ဖြစ်သော ကမာများကို တွေ့ရသည်။

ကမာတို့တွင် အသက်ရှင်နေသမျှ ကာလပတ်လုံး ရန်သူ ပေါင်းများစွာနှင့် အမြဲတွေ့ကြုံနေကြရပေသည်။ အခွံမာ မဖုံးမီ ရေထဲ၌ ကူးခတ်သွားလာနေဆဲ သားငယ်ဘဝတွင်သာ ရန်သူ ရှိသည်မဟုတ်၊ အခွံမာ ဖုံးပြီးနောက် ကြီးပြင်းသည့်အရွယ်တွင် လည်း ရန်သူများ ရှိသည်။ သားငယ်ဘဝတွင် ငါးနှင့်တကွ အခြားရေ သတ္တဝါများအပြင် ကမာကြီးတို့၏ အစားကိုခံရ၏။ ကြီးပြင်းသည့်အရွယ်တွင်မူ အချို့ငါးမျိုးက ကမာခွံကို ဟူ၍ သော်၎င်း၊ အချို့က အခွံကို ကိုက်ဖေါက်၍သော်၎င်း ကမာ၏ အသားကို စားသောက်တတ်ကြ၏။ ထိုသို့ အစားခံရသဖြင့် တစ်နှစ်တစ်နှစ်တွင် ရောင်းဝယ်ဖေါက်ကားနိုင်သည့် ကမာ ပေါင်းများစွာကပင် ဆုံးရှုံးသည်။

ကမ္ဘာအရပ်ရပ်၌ ငွေအားလူအားဖြင့် ကမာလုပ်ငန်းကို အကြီးအကျယ် ပြုလုပ်နေကြရာတွင် ပုလဲ ရရှိရေးထက် လူတို့ စားသုံးရန် ဟင်းလျာအတွက် ပြုလုပ်ခြင်းက ပို၍ ကြီးကျယ် သည်။ ကမာလုပ်ငန်းကို နိုင်ငံပေါင်း ၃ဝ ကျော်တွင် လုပ်ကိုင် လျက်ရှိသည့်အနက် အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ ဟော်လန်၊ ဗြိတိသျှကျွန်းစု၊ ဩစတြေးလျ၊ ဒိန်းမတ်၊ဂျပန်၊ နယူးဇီလန်၊ ကနေဒါနှင့် မက္ကဆီကိုတို့မှာ အကြီးကျယ်ဆုံး ဖြစ်၍ အများဆုံးထွက်သောနိုင်ငံမှာ အမေရိကန်ပြည်ထောင်စု ဖြစ်သည်။ တစ်နှစ်တစ်နှစ်တွင် တစ်ကမ္ဘာလုံးမှာ ကမာပေါင် ချိန် ၁၂ ကုဋေမျှထွက်၍ အမေရိကန်ပြည်ထောင်စု တစ်နိုင်ငံ တည်းမှ ထွက်သည့် ပေါင်ချိန်မှာ ၁ဝ ကုဋေကျော်သည်။ ကမာလုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်သည့် နိုင်ငံ အများမှာပင် ကမာကောင်များကို အကြီးအကျယ် စံနစ်တကျ မွေးမြူကြသည်။ ဤသို့ မွေးမြူရာတွင် အဓိကအားဖြင့် လေးဆင့်ရှိ၍ ထိုအဆင့်လေးဆင့်မှာ ကမာများ ပေါက်ပွား နေထိုင်ရန် အောက်ခံမြေကို မာကျောအောင်အပြင် အမှိုက် သရိုက်နှင့် ရန်သူများ ကင်းရှင်းအောင် ပြုပြင်စီမံပေးရခြင်း၊ ကမာကောင်များ စွဲကပ်ရန် သန့်ရှင်းသော ကမာခွံများ ကျောက်တုံးများ သစ်ခက်များကို ချပေးရခြင်း၊ ကြီးပြင်းလွယ် အောင် ပြုပြင်ထားသော နေရာသစ်သို့ ပြောင်းရွှေ့ပေးရခြင်း နှင့် ဖွံ့ဖြိုး၍ ရောင်းပန်းလှအောင် ပြုစုပေးခြင်းတို့ ဖြစ်သည်။ကမာမွေးမြူသည့် လုပ်ငန်းကို ယခုမှမဟုတ်၊ ရှေးပဝေသဏီ ကပင် စတင်ခဲ့ကြသည်။ တရုတ်နိုင်ငံ၌ အလွန် ရှေးကျသော အခါတစ်ပါးက ဤလုပ်ငန်း ထွန်းကားခဲ့ဘူး၍ အီတလီနိုင်ငံ၌ ဘီစီ ၁ဝဝ လောက်တွင် စတင် ခဲ့လေသည်။

တစ်ခုသတိပြုရန်မှာ ကမာတို့သည် ရေအောက်၌နေစဉ် ကမာကောင်တို့၏ အတွင်းသား၌ လူတို့အား ရောဂါဖြစ်စေ နိုင်သည့် ဗက်တီးရီးယားများ စွဲကပ်ပါလာတတ်ရာ ထိုကမာ မျိုးကို စားသုံးမိသူများ ရောဂါရတတ်သည်။ ထို့ကြောင့် ကမာ ကို ရောင်းကုန်ဟင်းလျာအဖြစ်နှင့် အကြီးအကျယ် မွေးမြူ ရောင်းချသော နိုင်ငံတို့တွင် ကမာကောင်များ နေထိုင်ရာ ရေမှ အစပြု၍ ကမာကောင်များကို အခွံမှ ခွာယူသည်အထိ ကျန်းမာ ရေးဌာနမှ အမြဲတစေ ကျပ်တည်းစွာ စမ်းသပ်စစ်ဆေးလျက် ရှိပေသည်။[၁]


ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)