ပုလဲ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ပုလဲ

ပုလဲ (Pearl) သည် ပင်လယ်အတွင်း နေထိုင်သော ကမာ (သို့) မုတ်ကောင်၏ ကိုယ်တွင်းမှ ရရှိသော အရာဖြစ်သည်။ တွင်းထွက် ကျောက်မျက် မဟုတ်ပေ။ ပုလဲကို မြန်မာလူမျိုးတို့က နဝရတ်ကိုးပါးတွင် ပါဝင်သော ရတနာတစ်ပါး အဖြစ် အမြတ်တနိုး တန်ဖိုးထား ဝတ်ဆင်ကြပါသည်။ နဝရတ် ကိုးပါးစလုံးတွင် တစ်ခုခြင်း၌ ထူးခြားသည့် တန်ခိုး အာနိသင် ရှိကြ သည့်အနက် ပုလဲ၏ အာနိသင်မှာ ကျက်သရေ မင်္ဂလာ ရှိခြင်းပင် ဖြစ်သည်။ ပုလဲ၏ အားသာချက်မှာ ကျောက်မျက်များ ကဲ့သို့ ခွဲဖြတ်ခြင်း၊ သွေးယူခြင်းတို့ ဆောင်ရွက်ရန် မလိုပဲ ပုလဲ ဖော်ယူ ပြီးလျှင် ပြီးခြင်းပင် လှပနှစ်လို ဖွယ်ရာ တွေ့မြင်ရခြင်းပင် ဖြစ်ပါသည်။ ပုလဲတွင် သဘာဝပုလဲနှင့် မွေးပုလဲဟူ၍ နှစ်မျိုးရှိသည်။ မြိတ်ကျွန်းစုတွင် နေထိုင်ကြသော ဆလုံတိုင်းရင်းသားများသည် ပုလဲ ငုပ်၍ အသက်မွေးကြသည်။

ပုလဲအမျိုးအစားများ[ပြင်​ဆင်​ရန်​]

ပုလဲသည် ခရုကမာကောင် Mollusks မျိုးနွယ်များမှ ထွက်ရှိ ထုတ်လုပ်ပါသည်။ အခွံနှစ်ခုပါသော ခရုကမာ ကောင် အမျိုးပေါင်း ၈၀၀၀ ခန့်ရှိသည့် အနက် အမျိုး (၂၀)ခန့်သာ ပုလဲထွက်ရှိပါသည်။ ရေချိုတွင် ရှင်သန်ပြီး ပုလဲ ထုတ်လုပ်နိုင်သည့် ခရုကမာမျိုးကို ဂုံးကောင် Mussel ဟု ခေါ်ပါသည်။ ရေငန်တွင် ရှင်သန် ပေါက်ဖွားပြီး ပုလဲ ထုတ်လုပ် နိုင်သည့် ခရုကမာ ကောင်မျိုးကိုမူ မုတ်ကောင် Oyster ဟု ခေါ်ပါသည်။

ရေငန်ပုလဲ (၃)မျိုးရှိသည့် အနက် ဂျပန်ပုလဲဟု ခေါ်သည့် အကိုယာပုလဲ Akoya Pearl များကို Pinctada Fucata မုတ်ကောင်မှ မွေးမြူထုတ်လုပ်ပြီး ဂျပန်တွင် အများဆုံး ထုတ်လုပ်ကာ ပုလဲနက်ဟု လူသိများသော Tahitian Pearl များကို Pinctada Margaritafera မုတ်ကောင်မှ ထုတ်လုပ်ပြီး တဟေတီ နိုင်ငံတွင် အများဆုံး ထုတ်လုပ်ပါသည်။

ရေငန်ပုလဲ အမျိုးအစားများ ဖြစ်သည့် တောင်ပင်လယ်ပုလဲ South Sea Pearl များကို Pinctada Maxima မုတ်ကောင်များမှ မွေးမြူထုတ်လုပ်ပြီး ဩစတေးလျ နိုင်ငံတွင် အများဆုံး ထုတ်လုပ်ပါသည်။ ယင်းမုတ်ကောင် မျိုးသည် တောင်ပင်လယ်ဟု ခေါ်သည့် အရှေ့တောင် အာရှ၏ တောင်ဘက် ကမ်းခြေနှင့် ဩစတြေးလျ တိုက်၏ မြောက်ဘက် ကမ်းခြေ အကြား ရေပြင်တွင်သာ ရှင်သန် ပေါက်ဖွားပါသည်။ ထို့ကြောင့် တောင်ပင်လယ် ပုလဲကို ဩစတေးလျ နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံဖိလစ်ပိုင်နိုင်ငံနှင့် မြန်မာနိုင်ငံ တို့တွင်သာ မွေးမြူ ထုတ်လုပ် ထွက်ရှိပါသည်။

ကမ္ဘာ့အကြီးဆုံး မြန်မာ့သဘာဝ ခွံကပ်ပုလဲကြီး(ဓါတ်ပုံ-myanmarpearls.com)

ကမ္ဘာ့အကြီးဆုံး မြန်မာ့သဘာဝ ခွံကပ်ပုလဲကြီး[ပြင်​ဆင်​ရန်​]

  • အရွယ်အစား= ၆.၂စင်တီမီတာ×၅.၃စင်တီမီတာ×၃စင်တီမီတာ
  • ကာလာ = ငွေရောင်
  • အလေးချိန် = ၁၆၈.၉၈ ဂရမ်
  • တွေ့ရှိရာဒေသ = တနင်္သာရီတိုင်း၊ ကော့သောင်မြို့နယ်၊ ဇာတက်ကြီးကျွန်း အနောက်မြောက်ဘက်
  • ထားရှိရာနေရာ = ရတနာပြတိုက်

ကမ္ဘာ့အကြီးဆုံး သဘာဝ ခွံကပ်ပုလဲရတနာကြီးကို မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းနှင့် အကျိုးတူဆောင်ရွက်နေသော မြန်မာအင်ဒါမင်ပါး ကုမ္ပဏီလီမိတက်က တနင်္သာရီတိုင်း၊ ကော့သောင်မြို့နယ်၊ ဇာတက်ကြီးကျွန်း အနောက်မြောက်ဘက်ရှိ မတ်ကလောက်မုတ်ကောင် ငုတ်ကွက်ဧရိယာမှ ၂၀၀၁-ဧပြီလ(၁၈)ရက်နေ့တွင် ရှာဖွေတွေ့ရှိပြီး နိုင်ငံတော်သို့ အပ်နှံ့သည်။ သဘာဝပုလဲ ရတနာအမျိုးအစားဖြစ်ပြီး ငွေရောင်အဆင်းရှိသည်။ မိခင်မုတ်ကောင်အမျိုးအစားမှာ Pinctada Manima ဖြစ်သည်။ အရွယ်အစားမှာ အလျား ၆.၂စင်တီမီတာ၊ အနံ ၅.၃စင်တီမီတာ၊ အမြင့် ၃စင်တီမီတာ ရှိပြီး အလေးချိန် ၄၅.၀၆ မိုမီ၊ ကရက်အားဖြင့် ၈၄၅ ကရက်၊ ဂရမ်အားဖြင့် ၁၆၈.၉၈ ဂရမ်၊ ရတီအားဖြင့် ၉၂၉.၅၀ရတီ ရှိသည်။ [၁]

ပုလဲဖြစ်ပေါ်ပုံ[ပြင်​ဆင်​ရန်​]

ပုလဲသည့် မုတ်ကောင်၏ ခန္ဓာကိုယ်အတွင်းတွင် ဖြစ်ပေါ်ပြီး ပုလဲသားအလွှာ layers of Nacre များဖြင့် ဖွဲ့စည်း ထားပါသည်။ ပုလဲသားမှာ ကယ်လ်စီယမ် ကာဘွန်နိတ် ၉၃% နှင့် ကျန် ၇% မှာ ဩော်ဂဲနစ် ဒြပ်ပေါင်းနှင့် ရေများ ပါဝင်ဖွဲ့စည်း ထားခြင်း ဖြစ်ပါသည်။ ပုလဲသား တစ်လွှာလျှင် ၀.၀၀၀၀၅ မီလီမီတာ အထူ ရှိပါသည်။ မွေးပုလဲတစ်လုံးတွင် ပုလဲသား အလွှာပေါင်း (၁၀၀၀) ထက်မနည်း ရှိပါသည်။ မုတ်ကောင်များသည် တစ်ရက်လျှင် ပုလဲသား အလွှာ (၃)လွှာမှ (၇)လွှာအထိ ဖုံးအုပ်လေ့ရှိပါသည်။

ကမ္ဘာ့အကြီးဆုံး မြန်မာ့မွေးပုလဲကြီး(ဓါတ်ပုံ-myanmarpearls.com)

ကမ္ဘာ့အကြီးဆုံး မြန်မာ့မွေးပုလဲ[ပြင်​ဆင်​ရန်​]

  • အရွယ်အစား= အလျား ၄၁မီလီမီတာ × အနံ ၃၂မီလီမီတာ
  • ကာလာ = ငွေရောင်
  • အလေးချိန် = ၃၆.၇၅ ဂရမ် (ရတီ၂၀၀-ကျော်)
  • တွေ့ရှိရာဒေသ = ပုလဲကျွန်း
  • ထားရှိရာနေရာ = ရတနာပြတိုက် [၂]

မွေးပုလဲ[ပြင်​ဆင်​ရန်​]

မွေးပုလဲဆိုသည်မှာ သဘာဝပုလဲ ဖြစ်ပေါ်မှု ဖြစ်စဉ်ကို လူတို့က ပြုပြင် ဖန်တီးထားခြင်း ဖြစ်ပါသည်။ ပုလဲသား၏ သိပ်သည်းခြင်းနှင့် တူညီသော ဝတ်ဆံလုံး ( Nucleus ) ကို ဆက်သားစ ( Mantle ) နှင့် အတူ မုတ်ကောင်၏ ခန္ဓာကိုယ် အတွင်းသို့ ထည့်သွင်းပေးခြင်း ဖြစ်ပါသည်။ ထိုသို့ ထည့်သွင်းရာတွင် ဝတ်ဆုံလုံး အလွယ်တကူ ပြန်ထွက် မသွားစေရန်နှင့် လုံးဝန်းကြီးမှားသော ပုလဲ ရရှိစေရန် အတွက် မုတ်ကောင်၏ ခန္ဓာ ကိုယ်အား ခွဲစိတ်၍ သတ်မှတ်နေရာသို့ ရောက်ရှိအောင် ကျွမ်းကျင်သူများမှ ဝတ်ဆံ သွင်းယူရခြင်း ဖြစ်သည်။ မွေးပုလဲ တစ်လုံးတွင် ပုလဲသား၏ အထူမှာ (၀.၄) မီလီမီတာမှ (၄.၀) မီလီမီတာ အထိ ရှိနိုင်ပါသည်။ ပုလဲ၏ သိပ်သည်းခြင်း Density မှာ (၂.၆ မှ ၃.၀ ) အတွင်း ရှိပြီး မာကြောမှု Hardness မှာ Mohs Scale အရ (၃.၅) ရှိပါသည်။

ပထမဆုံးသော မွေးပုလဲကို ဂျပန်လူမျိုး မီကီမိုတို ဆိုသူက ၁၈၉၈ ခုနှစ်တွင် စတင် ဖော်ယူနိုင်ခဲ့ပြီး ဂျပန်ဘုရင် အား ဆက်သနိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံ မြိတ်ကျွန်းစုတွင် မွေးပုလဲ ထုတ်လုပ်မှု လုပ်ငန်းကို ဂျပန်ကုမ္ပဏီ တစ်ခု ဖြစ်သော South Sea Pearl Company နှင့် မြန်မာနိုင်ငံမှ ကော့သောင်း ကုန်သွယ်မှု အသင်းတို့ ပူးပေါင်းကာ ၁၉၅၄ ခုနှစ်တွင် မြန်မာနိုင်ငံမှ ပထမဆုံး မွေးပုလဲများ ထွက်ရှိခဲ့ပါသည်။

ပုလဲထိန်းသိမ်းရန်[ပြင်​ဆင်​ရန်​]

နဝရတ်ကိုးပါးတွင် ပါဝင်သော ရတနာများ၌ စိန်၏ မာကြောမှုမှာ(၁၀) ဖြစ်၍ အမြင့်ဆုံးဖြစ်ပြီး ပုလဲ၏ မာကြောမှုမှာ အနိမ့်ဆုံး ဖြစ်ခြင်း တို့ကြောင့် စနစ်တကျ ထိန်းသိမ်း သုံးစွဲရန် လိုအပ်ပါသည်။ ပုလဲအား အခြား သော လက်ဝတ်ရတနာ များနှင့်အတူ သိမ်းဆည်းခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။ ရေနွေးဖြင့် ဆေးကြောခြင်း မပြုလုပ်ရပါ။ နူးညံ့ပြီး စိုစွတ်သော အဝတ်ဖြင့် အသာအယာ ပွတ်၍ သန့်ရှင်းရေးကို ပုံမှန် ပြုလုပ် ပေးသင့် ပါသည်။

မြန်မာ့ရေပြင်မှ ပုလဲများကို ၁၉၅၇ ခုနှစ်တွင် စတင်ဖော်ယူ နိုင်ခဲ့ပါသည်။ ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီလတွင် (၇) ကြိမ်မြောက်အထိ ပုလဲ ဖော်ယူခဲ့ပြီး ထိုအကြိမ် အပါအဝင် စုစုပေါင်း ပုလဲ ရောင်းရငွေမှာ ဂျပန်ယန်း သန်း (၁၉၀) ဖြစ်ပါသည်။ ထိုငွေ၏ တစ်ဝက်ကို မြန်မာတို့ ဘက်မှ ရရှိခဲ့ပါသည်။

ဂျပန်တို့သည် မြန်မာ့ရေပြင်မှ ပုလဲများကို (၃၅)ကြိမ် အထိ ဖော်ယူခဲ့ပါသည်။ ယင်း (၃၅)ကြိမ်မြောက် ပုလဲ ဖော်ခြင်းကို ၁၉၆၃ နိုဝင်ဘာလတွင် ပြုလုပ်ခဲ့ပြီး ပုလဲ အလုံး ၂၈၅၉ လုံး ၊ အလေးချိန် ၂၂၀၃.၃ မီမို ဖြစ်၍ ပျမ်းမျှခြင်း ပုလဲ တစ်လုံးလျှင် အလေးချိန် (၀.၇၇) မီမိုရှိသဖြင့် ပျမ်းမျှ အရွယ်အစား အချင်း (၁၃) မီလီ မီတာခန့် ရှိပါသည်။ နိုင်ငံတော်မှ တာဝန်ယူပြီးနောက် ဂျပန်တို့ မွေးမြူခဲ့သော ပုလဲများကို ၁၉၆၆ ခုနှစ်၊ ဒီဇင်ဘာလအထိ (၁၁)ကြိမ် ဖော်ယူခဲ့ပြီး ပုလဲလုံးရေ (၆၃၀၉၀) လုံး ၊ အလေးချိန် (၄၈၀၄၃) မိုမီ ရရှိခဲ့ပါသည်။ မြန်မာနိုင်ငံမှ ပညာရှင်တို့သည် ပူးပေါင်းကြံဆ ကြိုးပမ်းခဲ့ရာ ၁၉၆၆ ခုနှစ်၊ ဇွန်လတွင် မြန်မာ့ပညာရှင်များ အနေဖြင့် မြန်မာ့ပုလဲများကို အောင်မြင်စွာ ဝတ်ဆံသွင်း မွေးမြူနိုင်ခဲ့ပါသည်။ ယင်းဝတ်ဆံသွင်း ပုလဲများကို ၁၉၆၈ ခုနှစ်၊ ဒီဇင်ဘာလတွင် စမ်းသပ် ပုလဲဖော်ခဲ့ရာ ပုလဲများ အရည်အသေး ပြည့်မီ ကောင်းမွန်သဖြင့် ပထမဆုံး အကြိမ် ပုလဲဖော်ခြင်းကို ၁၉၆၉ ခုနှစ်တွင် ဖော်ယူ နိုင်ခဲ့ပါသည်။

မြန်မာ့ရေပြင်မှ ထွက်ရှိသည့် ပုလဲများကို ကမ္ဘာပုလဲ ဈေးကွက်တွင် လူကြိုက်များ ထင်ရှားလာသည်နှင့် အမျှ မြန်မာ့ ပုလဲ လုပ်ငန်း အနေဖြင့် တီထွင် ကြံဆမှုများ စမ်းသပ် လုပ်ဆောင်ခဲ့ပါသည်။ ယင်းသို့ တီထွင် စမ်းသပ် လုပ်ကိုင်မှုများအနက် အောင်မြင်ခဲ့သည့် တီထွင်မှုမှာ ပုလဲအိမ်အတွင်းသို့ ဒုတိယအကြိမ် ဝတ်ဆံလုံး ပြန်လည် ထည့်သွင်း မွေးမြူသည့် နည်း ဖြစ်ပါသည်။ ယင်းနည်းမှာ မြန်မာ ပညာရှင် ဦးခင်ညွန့်အနေဖြင့် မိမိဖာသာ စဉ်းစားတွေးခေါ် ကြံဆကာ အောင်မြင်မှု ရရှိခဲ့သည့် နည်း ဖြစ်ပါသည်။

မြန်မာ့ ပုလဲလုပ်ငန်းသည် ၂၀၀၀ ခုနှစ်မှ စတင်၍ သားဖောက် မုတ်ကောင်များ မွေးမြူပြီး ၂၀၀၂ ခုနှစ်မှ စတင်၍ သားဖောက် မုတ်ကောင်များကို ဝတ်ဆံ သွင်းနိုင်ခဲ့ပါသည်။ ၂၀၀၃ ခုနှစ်တွင် မြန်မာ့ ပုလဲလုပ်ငန်း သည် သားဖောက် မုတ်ကောင် (၈၀၀၀၀)ကျော်ကို ဝတ်ဆံသွင်း မွေးမြူနိုင်ခဲ့ပါသည်။ ၂၀၀၆-၀၇ ခုနှစ်၊ ဘဏ္ဍာရေးနှစ်တွင် မြန်မာ့ရေပြင်မှ ရရှိခဲ့သော ပုလဲ အလေးချိန်မှာ ၂၄၀၅၉၅.၉၇ မီမို ထွက်ရှိခဲ့ပါသည်။ ပုလဲ အလုံး ၄၁၀၀၀၀ ခန့် ထွက်ရှိခဲ့ပါသည်။

မြန်မာ့ပုလဲ လုပ်ငန်းသည် ပင်လယ် ရေမျက်နှာပြင် ပေါ်တွင် Surface Long Ling ဖြင့် မွေးမြူသည့် စနစ်ကို ပြောင်းလဲ ကျင့်သုံး မွေးမြူနိုင်ခဲ့သဖြင့် မည်သည့် ပင်လယ်ကြမ်းပြင် (ကျောက်၊ သဲ၊ ရွှံ့နွံ)မဆို ပုလဲ မွေးမြူနိုင်သည့် အဆင့် ရောက်ရှိနေပြီ ဖြစ်ပါသည်။ ပုလဲမွေးမြူရာတွင်လည်း စက်ယန္တရားများ သုံးနေနိုင်ပြီ ဖြစ်သဖြင့် ပုလဲ အမြောက်အများ မွေးမြူထုတ်လုပ် လာနိုင်ပြီ ဖြစ်ပါသည်။

မြန်မာ့ပုလဲ လုပ်ငန်း၏ အဓိက ပုလဲမွေးမြူနေသော ကျွန်းစခန်း များမှာ -

  1. ဒိုမယ်လ်ကျွန်း - ပုလဲကျွန်း ၊ ဘုတ်ပြင်းမြို့နယ်
  2. မလိကျွန်း - ပုလောမြို့နယ်
  3. ရွှေကျွန်းကြီး - ကော့သောင်းမြို့နယ်

တို့ ဖြစ်ပါသည်။ ဖော်ပြပါ မြန်မာ့ပုလဲလုပ်ငန်း၏ ပုလဲမွေးမြူသော စခန်းများတွင် မြန်မာ့ ပညာရှင်များက ထုတ်လုပ် မွေးမြူလျက် ရှိသော တောင်ပင်လယ် ပုလဲများသည် ကမ္ဘာ့ပုလဲ ဈေးကွက်တွင် လူကြိုက်များသော ပုလဲများ ဖြစ်ပါသည်။ အရည်အသေး ကောင်းမွန်ရုံ သာမက ရေရှည်ခိုင်မာသည့်အတွက် လူကြိုက်များပြီး တန်ဖိုး အမြင့်မားဆုံး ပုလဲများ ဖြစ်ပါသည်။

မြန်မာ့ပုလဲ လုပ်ငန်းသည် မြန်မာ့ တောင်ပင်လယ် ပုလဲများကို နှစ်စဉ် ရန်ကုန်မြို့တွင် ပြပွဲများ ပြုလုပ်၍ နိုင်ငံခြားသား ကုန်သည် များသို့ လည်းကောင်း၊ ပြည်တွင်း အရောင်းပွဲများ ပြုလုပ်၍ နိုင်ငံသား ကုန်သည်များသို့ လည်းကောင်း ရောင်းချပေးလျက် ရှိပါကြောင်း အသိပေး ဖော်ပြအပ်ပါသည်။

ပုလဲတစ်လုံး၏ တန်ဖိုးကို ဖြစ်စေသော အချက်များ[ပြင်​ဆင်​ရန်​]

ပုလဲတစ်လုံးအား တန်ဖိုး သတ်မှတ်ရာတွင် အောက်ဖော်ပြပါ အချက် (၇)ချက် ပေါ်တွင် အခြေခံ၍ ဆုံးဖြတ် ရပါသည်။

၁။ ပွင့်ရည် (အရည်အသွေး ) LUSTRE ။ ပြင်ပမှ အလင်းရောင်သည် ပုလဲသား အလွှာပါးလေးများ အတွင်းသို့ ထိုးဖောက် ဝင်ရောက် ရိုက်ခတ်၍ အလင်းပြန်ခြင်း ဖြင့် ပုလဲ တစ်လုံး၏ တောက်ပမှု အလင်း ဖြစ်ပေါ် စေခြင်းအား ပွင့်ရည်ဟု ခေါ်ပါသည်။ တန်ဖိုး သတ်မှတ်ရာတွင် အခြေခံရသည့် အချက်များ အားလုံးတွင် ပွင့်ရည်သည် အရေးကြီးဆုံး ဖြစ်ပါသည်။ ပွင့်ရည် မရှိသော ပုလဲ များသည် ထွန်းလင်း တောက်ပမှု မရှိဘဲ အရောင်မှိန်နေပါသည်။

၂။ ပုလဲ မျက်နှာပြင် ချောမွေ့ ပြေပြစ်မှု SURFACE QUALITY ။ ပုလဲ တစ်လုံးနှင့် တစ်လုံးမှာ မျက်နှာပြင်၏ အနေအထားပေါ်တွင် မူတည်၍ အရည်အသေးအားဖြင့် မတူညီနိုင်ပါ။ အနာအဆာ ကင်းသော ပုလဲများသည် ရှားပါးမှုကြောင့် အကောင်းဆုံးဟု သတ်မှတ်ခံရပြီး တန်ဖိုးအားဖြင့် ဈေးအလွန်ကြီးပါသည်။ မွေးပုလဲများသည် သက်ရှိ သတ္တဝါမှ ထုတ်လုပ်ရခြင်း ဖြစ်၍ အနာအဆာ တစ်မျိုးမျိုး ရှိနေတတ်ပါသည်။ စက်ရုံမှ ထုတ်လုပ် သကဲ့သို့ စင်းလုံးချောမရနိုင်ပါ။ ထိုအချက်သည်ပင်လျှင် သဘာဝ၏ ထိတွေ့မှု ဖြစ်သောကြောင့် ပုလဲ တစ်လုံးနှင့် တစ်လုံး ရာနှုန်းပြည့် မတူညီနိုင်သဖြင့် ပုလဲကို မြတ်နိုးသူများ တန်ဖိုးထားစရာ ဖြစ်ပါသည်။

၃။ ပုလဲသား အလွှာ၏ အထူအပါး NACRE QUALITY ။ ပုလဲသား အလွှာထုသည် ပွင့်ရည် LUSTRE ဖြစ် ပေါ်စေရန် အခြေခံကျသည့် အချက် ဖြစ်ပါသည်။ ပုလဲသား အလွှာ ထူပါးခြင်းသည် ပုလဲ၏ အရည်အသွေးကို ဆုံးဖြတ်နိုင်ရန် အထောက်အကူ ပြုပါသည်။ ပိုမိုတောက်ပသော ပုလဲ အများစုမှာ ပုလဲသားလွှာ ထူထဲမှု ရှိပြီး ပုလဲသားလွှာ ပါးနေပါက အရောင်မှာ မှိန်ပြီး ဖြူသော အရောင်အဆင်း ရှိနေပါသည်။ ပုလဲသားလွှာ ပါးနေပါက ပုလဲ၏ တန်ဖိုး ကျဆင်းနိုင်ပါသည်။ ပုလဲသားလွှာ ထူမှသာ ရာစုနှစ်များစွာ ခိုင်ခံ့နေပြီး ဆွဲဆောင်မှု ရှိသည့် အသွင်အပြင်ကိုလည်း ထိန်းထား နိုင်ပါသည်။ ပုလဲသားလွှာ ထူသည့် ပုလဲတိုင်းသည် တူညီသော ပွင့်ရည် မရှိနိုင်ပါ။ ပုလဲသားလွှာများ အတွင်း အလင်းဖောက်ထွင်း ဝင်ရောက်နိုင်မှုနှင့် ပုလဲသား အလွှာ အထပ်လေးများ အစီအစဉ် ကျနစွာ တည်ရှိနေမှုတို့ပေါ် မူတည်၍ ပွင့်ရည် မတူညီမှုကို ဖြစ်စေပါသည်။

၄။ အရွယ်အစား SIZE ။ တောင်ပင်လယ် ပုလဲများသည် အရွယ်အစား ကြီးသော ပုလဲများ ဖြစ်ပါသည်။ ပုလဲတစ်လုံးသည် သူ့အမျိုးအစားနှင့် သူ ရှိရမည့် အရွယ်ထက် ပိုမို ကြီးမားနေမည် ဆိုပါက ထိုပုလဲ၏ မက်မောဖွယ် ကောင်းသော ရှားပါးသည့် အရည်အသွေး ( Rarity ) ကြောင့် အမျိုးတူ ပုလဲများထက် တန်ဖိုး အားဖြင့် ပိုမို မြင့်မားလာမည် ဖြစ်ပါသည်။

၅။ ပုံသဏ္ဌာန် SHAPE ။ ပုလဲ၏ ပုံသဏ္ဌာန် အပေါ် မူတည်၍လည်း တန်ဖိုးကို ဆုံးဖြတ်ပါသည်။ လုံးဝန်းသော ပုလဲများသည် တန်ဖိုး အမြင့်ဆုံး ရရှိနိုင်ပါသည်။

၆။ အရောင် COLOUR ။ တောင်ပင်လယ် ပုလဲ၏ အခြေခံအရောင်အဖြစ် ငွေရောင်နှင့် ရွှေရောင်ဟု နှစ်ရောင်သတ်မှတ်ပါသည်။ အခြေခံအရောင်ပေါ်တွင် ထပ်မံစိုးမိုးပြီး ရောယှက်ဖြစ်ပေါ်နေသော အရောင်ကွဲ များမှာ ပန်းရောင်၊ ရွှေအိုရောင်၊ ရွှေဝါရောင်နှင့် နို့နှစ်ရောင်တို့ ဖြစ်ပါသည်။ သက်တန့် ရောင်စဉ်ကဲ့သို့ မျက်နှာပြင်တွင် ရောင်စုံ ဖြာထွက်နေသော ပုလဲများသည် ဈေးအမြင့်ဆုံး ရစေသည်။

၇။ တူညီ လိုက်ဖက်မှု MATCHING ။ ပုလဲ တစ်လုံးနှင့် တစ်လုံး တိကျစွာ တူညီနိုင်ခြင်း မရှိပါ။ တူညီ လိုက်ဖက်မှုသည် လည်ဆွဲ သွယ်တန်းရာတွင် လည်းကောင်း၊ ပုလဲ တစ်လုံးထက် ပိုမိုသော လက်ဝတ် ရတနာ များ စီခြယ်ရာတွင် လည်းကောင်း၊ အထောက်အကူ ပြုသည်။ တူညီ လိုက်ဖက်မှု ရှိသည့် ပုလဲ တစ်လုံးစီကို ညီမျှသော အကျိုး ကျေးဇူး ဖြစ်ပေါ် လာအောင် ဖန်တီး ယူနိုင်မည် ဆိုလျှင် ထိုကဲ့သို့ တူညီ လိုက်ဖက်မှုကို MATCHING ဟု ခေါ်ပါသည်။

ပုလဲ မျိုး ၈-ပါး[ပြင်​ဆင်​ရန်​]

  1. ဟတ္ထိကုမ္ဘံ- ဆင်ဦးကင်း၌ဖြစ်သော ပုလဲ၊ ရွှေရောင်အဆင်း၊
  2. ဝရာဟဒါဌံ- ဝက်စွယ်၌ဖြစ်သော ပုလဲ၊ ဝက်စွယ်အဆင်း၊
  3. ဘူဇင်္ဂ သီသံ- မြွေဦးခေါင်း၌ဖြစ်သော ပုလဲ၊ စိမ်းညိုတောက်ပသည်၊
  4. ဝလာဟကံ- တိမ်တိုက်၌ဖြစ်သော ပုလဲ၊ နတ်သုံး ရတနာမျိုး၊ အလွန်လင်း၏၊
  5. သင်္ခေါ- ခရုသင်း၌ဖြစ်သော ပုလဲ၊ ၎င်းင်း အဆင်းရောင်ရှိ၏၊
  6. သိပ္ပိ- ယောက်သွား၌ဖြစ်သော ပုလဲ၊ အဆင်းရောင်အထူးထူးရှိ၏၊
  7. ဝေဠု- ဝါး၌ဖြစ်သော ပုလဲ၊ သပျစ်သီးစိမ်းရောင်အဆင်းရှိ၏၊
  8. မစ္ဆ သိရော- ငါးဦးခေါင်း၌ဖြစ်သော ပုလဲ၊ ငါးဖယ်ကျောက်ကုန်း အဆင်းရှိ၏၊

ဣတိ-ဤသို့ဆိုတိုင်း၊ မုတ္တ ယောနိယော-ပုလဲမျိုးတို့သည်၊ အဋ္ဌ-ရှစ်မျိုးရှိကုန်၏။ [၃] [၄]

ကျမ်းကိုး[ပြင်​ဆင်​ရန်​]

  1. ၂၀၀၂-ခု၊ စွယ်စုံကျမ်းနှစ်ချုပ်
  2. ၁၉၉၃-ခု၊ စွယ်စုံကျမ်းနှစ်ချုပ်
  3. မြန်မာ့ရေပြင်မှ ပုလဲများ(စာရေးသူ - ခင်အောင်သန်း၊ မြန်မာ့ပုလဲ၊ မြိတ်မြို့)
  4. သာရတ္ထသင်္ဂဟ၊ တေရသကဏဋီကာ