ဝင်းမြမြ

ဝီကီပီးဒီးယား မှ
ဒေါ်ဝင်းမြမြ
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
မဲဆန္ဒနယ်စဉ့်ကိုင်မြို့နယ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၆ နိုဝင်ဘာ ၁၉၄၉&#၁၆၀;(၁၉၄၉-၁၁-၁၆) (အသက် ၇၄)
လူမျိုးမြန်မာ
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မိဘဦးစံထွန်း
ဒေါ်တင်လှ
အလုပ်အကိုင်ချုပ်ထည်အရောင်းအဝယ်လုပ်ငန်း
ကိုးကွယ်သည့်ဘာသာအစ္စလာမ်

ဒေါ်ဝင်းမြမြ သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်အမတ် ကိုယ်စားလှယ် ဖြစ်သည်။ မဲဆန္ဒနယ်မှာ စဉ့်ကိုင်မြို့နယ်ဖြစ်သည်။ ဒေါ်ဝင်းမြမြသည် မန္တလေးမြို့တွင် မွေးဖွားကြီးပြင်းခဲ့သူဖြစ်သည်။ ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုလူထုအရေးတော်ပုံတွင်ပါဝင်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ စတင်ထူထောင်သည့် ၁၉၈၉ ခုနှစ်ကတည်းက ပါတီဝင်အဖြစ်ပါဝင်ခဲ့သည်။

ဒေါ်ဝင်းမြမြငယ်စဉ်ကလည်း မိဘများ၏ ကိုယ်ပိုင်အထည်အလိပ်လုပ်ငန်းကို ပြည်သူပိုင်အသိမ်းခံခဲ့ရသည်။ မန္တလေးဈေးချိုအတွင်းရှိ 'စန်းရောင်ရှင်' အမည်ရှိ မိသားစုပိုင်လက်ကျန်ဆိုင်သည်လည်း ဒေါ်ဝင်းမြမြတို့ ညီအစ်မကိုမောင်နှမများ၏ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ပိတ်သိမ်းခံခဲ့ရသည်။

၂၀၀၃ ဒီပဲယင်းအရေးအခင်း၌ လူအုပ်ဖြင့် ဝိုင်းဝန်းပိတ်ဆို့ရိုက်နှက်ခံခဲ့ရ၍ လက်နှစ်ဘက်တွင် သေရာပါဒဏ်ရာဒဏ်ချက်များရရှိခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုချိန်က ဒေါ်ဝင်းမြမြသည် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်မှုဖြင့် မန္တလေးမြို့ အိုးဘိုထောင်တွင် အချုပ်သားအဖြစ်ရှိနေခဲ့သည်။ ထိုစဉ်က အကျဉ်းထောင်တွင်းမှာနေ၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ခဲ့သည်။ ထို့နောက် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံခဲ့ရပြီး ကချင်ပြည်နယ် ပူတာအိုထောင်သို့ အပို့ခံခဲ့ရသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ်ပါဝင်နိုင်ခြင်းမရှိပေ။ အခြေအနေအရ ပါတီကိုယ်စားလှယ်လောင်းလျှောက်လွှာကို မိမိသဘောဖြင့် ပြန်လည်ရုပ်သိမ်းခဲ့သည်။ မန္တလေးတိုင်းဒေသကြီးပါတီ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် စဉ့်ကိုင်မြို့နယ်မှ ဝင်ရောက်ရွေးကောက်ခံခဲ့ပြီး အနိုင်ရရှိခဲ့သည်။[၁]

၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်းဖြစ်ရပ်များ[ပြင်ဆင်ရန်]

၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း အစောပိုင်းရက်များတွင် ဒေါ်ဝင်းမြမြသည် ဖမ်းဆီးထိန်းသိမ်းခံရသူများထဲ မပါဝင်ခဲ့ပေ။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရချိန် သူမသည် အခြားလွှတ်တော်ကိုယ်စားလှယ်များနည်းတူ ကျင်းပရန်ရှိနေသည့် တတိယအကြိမ် လွှတ်တော်အစည်းအဝေးသို့ တက်ရောက်ရန်အတွက် နေပြည်တော်စည်ပင်ဧည့်ရိပ်သာတွင် ရှိနေခဲ့သည်။ နောက်ရက်များတွင် သူမ မန္တလေးသို့ ပြန်လာခဲ့သည်။[၂] ၂၀၂၁ ဖေဖော်ဝါရီ ၁၈ ရက်ကမန္တလေးမြို့၊ တရုတ်ကောင်စစ်ဝန်ရုံးအနီး ၇၃ လမ်းနှင့် သိပ္ပံလမ်းတောင်ဘက် လူထုဆန္ဒပြပွဲတွင် ဒေါ်ဝင်းမြမြပါဝင်ခဲ့သည်။[၃]

၂၀၂၁ ဖေဖော်ဝါရီ ၂၇ ရက်နေ့ မနက်ပိုင်းက မန္တလေးမြို့၊ ၆၂ လမ်းပေါ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းပါတီရုံးရှေ့ သူမ ထိုင်နေစဉ် စစ်တပ်၏ ဝင်ရောက်ဖမ်းဆီးခြင်းကိုခံခဲ့ရသည်။[၄]

၂၀၂၂ ဇွန်လ ၂၉ ရက် အရောက်တွင် တရားရုံးက ဒေါ်ဝင်းမြမြကို ပုဒ်မ ၅ဝ၅ - က ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။[၅]၂၀၂၃ခုနှစ် မေလ ၁၂ရက်တွင် အကျဉ်းထောင်မှ လွတ်ရက်စေ့ဖြင့် ပြန်လွတ်လာသည်။[၆] [၇]

အကိုးအကား[ပြင်ဆင်ရန်]

  1. နာဂစ်အခြေခံဥပဒေကို သံတိုင်ကြားက ကြက်ခြေခတ်ရဲသည့် မန္တလေးသူ (in my)။ ၂ ဇူလိုင် ၂၀၂၂ တွင် ပြန်စစ်ပြီး။
  2. နေပြည်တော် စည်ပင်ရိပ်သာမှ လွှတ်တော်ကိုယ်စားလှယ်များ အိမ်ပြန်ခွင့်ပြု (2 ဖေဖော်ဝါရီ 2021)။ 4 August 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂ ဇူလိုင် ၂၀၂၂ တွင် ပြန်စစ်ပြီး။
  3. NLD အနိုင်ရအမတ် ဒေါ်ဝင်းမြမြ ထောင် ၃ နှစ်ချခံရ (in my)။ ၂ ဇူလိုင် ၂၀၂၂ တွင် ပြန်စစ်ပြီး။
  4. NLD လွှတ်တော်အမတ် ဒေါ်ဝင်းမြမြနှင့် တိုင်းအလုပ်အမှုဆောင် ဖမ်းဆီးခံရ (in en) (27 ဖေဖော်ဝါရီ 2021)။ ၂ ဇူလိုင် ၂၀၂၂ တွင် ပြန်စစ်ပြီး။
  5. NLD လွှတ်တော်အမတ် ဒေါ်ဝင်းမြမြ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရ (in my)။ ၂ ဇူလိုင် ၂၀၂၂ တွင် ပြန်စစ်ပြီး။
  6. မန္တလေးတိုင်း NLD ပါတီ ဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ လွတ်ရက်စေ့ပြီး ပြန်လွတ်BBC Burmese (၁၂ မေ ၂၀၂၃)။ ၁၂ မေ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. မန္တလေးတိုင်းဒေသကြီးNLDပါတီဒုတိယဥက္ကဋ္ဌဒေါ်ဝင်းမြမြ အကျဉ်းကျခံနေရာကနေ ပြန်လွတ်လာNew Day Myanmar (၁၂ မေ ၂၀၂၃)။ 12 May 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၂ မေ ၂၀၂၃ တွင် ပြန်စစ်ပြီး။