ခလုပစ္ဆာဘတ်ဓုတင်

ဝီကီပီးဒီးယား မှ

ခလုပစ္ဆာဘတ်ဓုတင် သည် ကိလေသာများကို ခါထုတ် ခေါင်းပါးစေသည့် အကျင့်တစ်ခု ဖြစ်သည်။ ခလုပစ္ဆာဘတ်ဓုတင် ဆောက်တည်သည့် ရဟန်းသည် ဆွမ်းစားစဉ် “တော်ပြီ” ဟု ပယ်မြစ်ပြီးမှ တစ်ဖန် စားလိုပြန်၍ အတိရိတ်ဝိနည်းကံ ပြုထားသော ဆွမ်းဘောဇဉ်ကို မစားရ။ (ခလုပစ္ဆာဘတ်ဓုတင် မဆောက်တည်သော ရဟန်းများမှာမူ အတိရိတ်ဝိနည်းကံ ပြုပြီးလျှင် နောက်တစ်ဖန် ပြန်၍ စားနိုင်၏။)[၁]

ဆောက်တည်ပုံ[ပြင်ဆင်ရန်]

ဤဓုတင်အား ဆောက်တည်မည့်ရဟန်းသည် အတိရိတ္တဘောဇနံ ပဋိက္ခိပါမိ ဟု ပါဠိဘာသာဖြင့်လည်းကောင်း၊ အတိရိတ် ဝိနည်းကံပြု၍ စားခြင်းကို ပယ်ပါ၏ ဟု မြန်မာဘာသာဖြင့်လည်းကောင်း၊

ခလုပစ္ဆာဘတ္တိကင်္ဂံ သမာဒိယာမိ ဟု ပါဠိဘာသာဖြင့်လည်းကောင်း၊ ပယ်မြစ်ပြီးမှ အတိရိတ်ဝိနည်းကံ ပြု၍ရသော ဆွမ်းကို မစားသော ရဟန်း၏ အကြောင်းစေတနာကို ဆောက်တည်ပါ၏ ဟု မြန်မာဘာသာဖြင့်လည်းကောင်း ရွတ်ဆိုကာ ဆောက်တည်ရ၏။[၁]

ဓုတင်ဆောင် ရဟန်း ၃-မျိုး[ပြင်ဆင်ရန်]

(၁) ပဌမ ဆွမ်းလုပ်၌ ပဝါရိတ်သင့်မှု မဖြစ်နိုင်၊ ပဌမ ဆွမ်းလုပ်ကို မျို၍အပြီး (စားဆဲခဏ၌) အခြား ဘောဇဉ်ကို ပယ်မြစ်မှသာ ပဝါရိတ် သင့်နိုင်သည်၊ သို့ဖြစ်၍ အမြတ်စား (= ဥက္ကဋ္ဌ) ဓုတင်ဆောင်ရဟန်းသည် ပဌမဆွမ်းလုပ်ကို မျို၍အပြီး ပဝါရိတ်သင့်ခဲ့သော် ဒုတိယ ဆွမ်းလုပ်ကို ဆက်မစားရတော့ချေ။

(၂) အလတ်စား (= မဇ္ဈိမ)ဓုတင်ဆောင်ရဟန်းသည် ဘောဇဉ်ကို စားခိုက် ပဝါရိတ်သင့်စဉ် အတွင်း သပိတ်၌ ကြွင်းသရွေ့ ဘောဇဉ်ကို ဆက်၍ စားနိုင်၏။

(၃) အညံ့စား (= မုဒုက) ဓုတင်ဆောင်ရဟန်းသည်ကား နေရာမှ မထသေးသမျှ စားနိုင်သည်။ ယင်း ရဟန်း ၃-မျိုးလုံး ပဝါရိတ်သင့်ပြီးဖြစ်လျက် ဣရိယာပုထ် တပါး၌ တဖန်ရပြန်သော ဘောဇဉ်ကို အပ်စပ်အောင် ပြုစေ၍ စားသော ခဏ၌ ဓုတင် ပျက်၏။ [၂]

ဓုတင် ပျက်စီးခြင်း[ပြင်ဆင်ရန်]

အတိရိတ် ဝိနည်းကံပြုထားသော ဆွမ်းဘောဇဉ်ကို စားသောခဏ၌ပင် ဓုတင်ပျက်၏။ ထိုသို့ ဓုတင်ပျက်ပါက ပြန်၍  ဆောက်တည်ကာ ကျင့်သုံးနိုင်၏။ အခြားသော ဓုတင် ဤအတိုင်း ဖြစ်၏။[၁]

ခလုပစ္ဆာဘတ္တိကဓုတင် ဆောင်ရကျိုး[ပြင်ဆင်ရန်]

  • (၁) အတိရိတ် ဝိနည်းကံ မပြုပဲစားခြင်းကြောင့် သင့်သောအာပတ်မှ ဝေးကွာခြင်း၊
  • (၂) ဝမ်းပြည့်အောင်စားမှုမရှိခြင်း၊
  • (၃) အာမိသ၌ သိုမှီးမှု “သန္နိဓိ” ကင်းသူဖြစ်ခြင်း၊
  • (၄) တဖန် ရှာမှီးမှု မရှိခြင်း၊
  • (၅) အပ္ပိစ္ဆတာ စသော ဂုဏ်အားလျော်သော အသက်မွေးမှု ရှိခြင်း ဟူသော ယင်း အကျိုးများကို ရနိုင်သည် [၃][၂]

တိုက်တွန်းချက်[ပြင်ဆင်ရန်]

-ခလုပစ္ဆာဘတ္တဓုတင်ဆောင် ပုဂ္ဂိုလ်သည် အစာကိုရှာမှီးခြင်းဖြင့် ပင်ပန်းဆင်းရဲခြင်းသို့ မရောက်။

-ဆွမ်းစသော အာမိသကို သိုမှီးမှုမပြု။

-ဝမ်းဗိုက်ပြည့်တင်းအောင် စားမိခြင်းကို ပယ်နိုင်၏။

ထို့ကြောင့် မြတ်စွာဘုရားချီးမွမ်းအပ်သော သန္တောသဂုဏ်ကျေးဇူး စသည်တို့၏ တိုးပွားခြင်းကို ဖြစ်စေတတ်သော၊ အလိုကြီးခြင်းကိလေသာ၏ အပြစ်ဆိုးတို့ကို ခါထုတ်လိုသော ယောဂီရဟန်းသည် ခလုပစ္ဆာဘတ္တဓုတင် ကို ကြိုးစားကျင့်ဆောင်အပ်ပေတော့၏။ [၄]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ချမ်းမြေ့ဆရာတော် (ဧပြီ ၁၉၉၂)။ လူငယ်သင်ချမ်းမြေ့အခြေပျိုးဗုဒ္ဓဘာသာ။ ရန်ကုန်: ဦးအောင်သိန်း၊ ဓမ္မဒေသနာပြန့်ပွားရေးအဖွဲ့ငယ်၊ ချမ်းမြေ့ရိပ်သာကျောင်း။
  2. ၂.၀ ၂.၁ တိပိဋကအဘိဓာန် အတွဲ-၁၁
  3. (ဝိသုဒ္ဓိ၊၁၊၆၈-၉)
  4. သဗြဟ္မစာရီ-ဓမ္မဝိနယ