လများ (အချိန်အတိုင်းအတာ)

ဝီကီပီးဒီးယား မှ
(Months မှ ပြန်ညွှန်းထားသည်)

လသည် ကမ္ဘာကို လှည့်ပတ်သွားလာရာမှ ကမ္ဘာမှ ကြည့် လျှင် လဆန်းတစ်ခုမှ နောက် လဆန်းတစ်ခုသို့ ရောက်အောင် ရက်ပေါင်း ၂၉ ရက် ၁၂ နာရီ၊ ၄၄ မိနစ်၊ ၂ ့၈ စက္ကန့်ကြာ ရ၍ ထိုမျှကြာသော ရက်အပိုင်းအခြားကို တစ်လဟု ခေါ်သည်။ ဤသို့ လသွားကို အစွဲပြု၍ သတ်မှတ်ထားသောကြောင့် ယင်း လကို စန္ဒရမာသဟု ခေါ်သည်။ ယင်းသည့်လပေါင်း ၁၂ လကို တစ်နှစ်ဟု သတ်မှတ်ကြသည်။ လကို သတ်မှတ်ရာ၌ အမျိုးမျိုး သတ်မှတ်ကြသည်။ လကို အလွန်ဝေးသော အခြားကြယ်တစ်ခု မှ ကြည့်ပါက လသည် ကမ္ဘာကို တစ်ပတ်ရအောင် ရက်ပေါင်း ၂၇ ရက်၊ ၇ နာရီ၊ ၄၃ မိနစ် ၁၁ ့၅ စက္ကန့်ကြာကြောင်း တွေ့ ရသည်ဟု ဆိုသည်။ ထိုမျှကြာသော တစ်လ၏ ရက်အပိုင်း အခြားသည် ကြယ်ကို အစွဲပြု၍ ခေါ်ဆို သတ်မှတ်ထားသောလ ဖြစ်သည်။ တစ်ဖန် ကမ္ဘာသည် နေကို ပတ်၍ သွားလျက်ရှိရာ တစ်ပတ်ပြည့်အောင် သွားရသော အချိန်တာကို တစ်နှစ်ဟု ခေါ်သည်။ ထိုတစ်နှစ်ကို ၁၂ ပိုင်း ပိုင်းခြား၍ တစ်ပိုင်းကို တစ်လဟု ခေါ်ပြန်ရာ ထိုတစ်လတွင် ရက်ပေါင်း ၃ဝ၊ ၁ဝ နာရီ၊ ၂၉ မိနစ်၊ ၄ စက္ကန့်ရှိလေသည်။ ယင်းသို့ နေသွားကို အစွဲပြု၍ သတ်မှတ်သောလကို သူရိယ မာသဟု ခေါ်သည်။ အထက်ပါလများအပြင် ပြက္ခဒိန်လ ဟူ၍ ရှိပြန်သည်။ ပြက္ခဒိန်လများကား နေ၊ လ၊ ကြယ် စသည့် မည်သည်ကိုမျှ အစွဲပြု၍ သတ်မှတ်ထားခြင်း မဟုတ်ဘဲ လူများက ဖန်တီး ပြုလုပ်ထားသော လများ ဖြစ်သည်။ ထိုလများသည် တစ်လ နှင့် တစ်လ ရက်ပေါင်း မတူကြဘဲ တစ်လလျှင် ၂၈ ရက်မှ ၃၁ ရက်ထိ ရှိကြ သည်။ ထိုပက္ခဒိန်လများကို အနောက် တိုင်းများတွင်သာမက၊ ကမ္ဘာ အနှံ့အပြားမှာပင် သုံးစွဲလျက် ရှိရာ ယခုအခါ ကမ္ဘာသုံးလများလောက်ပင် ဖြစ်နေပေပြီ။ ထိုလများမှာ ဇန်နဝါရီလ၊ ဖေဖော်ဝါရီလ၊ မတ်လ၊ ဧပြီလ၊ မေလ၊ ဇွန်လ၊ ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလ၊ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့ ဖြစ်ကြသည်။ ရှေးရောမ ပြက္ခဒိန်၌ တစ်နှစ်တွင် ၁ဝ လသာ ရှိခဲ့၍ ဇန်နဝါရီ လနှင့် ဖေဖော်ဝါရီလများ မရှိချေ။ ဤလ နှစ်လကို နောက်မှ ထပ်လောင်းဖြည့်စွက်လိုက်သဖြင့် ၁၂ လ ဖြစ်လာသည်။ ထိုလ များတွင် တစ်လနှင့်တစ်လ၊ ရက်အရေအတွက်ချင်း မတူညီကြ သော်လည်း သာမန်ကိစ္စများအတွက်ဖြစ်လျှင် တစ်လကို ပျမ်းမျှ ရက် ပေါင်း ၃ဝ နှင့်ပင် တွက်ချက်လေ့ရှိကြသည်။

မြန်မာလများသည် လဆန်းတစ်ခုမှ နောက်လဆန်းတစ်ခု သို့ ရောက်သည်အထိ သတ်မှတ်ထားသော စန္ဒရမာသ လများ ဖြစ်၍ တစ်နှစ်တွင် ၁၂ လ ရှိသည်။ သာမန်အားဖြင့် ထို ၁၂ လတွင် ခြောက်လသည် ၂၉ ရက်စီ ဖြစ်၍ အခြားခြောက်လ သည် ရက် ၃ဝ စီ ဖြစ်သည်။ ဝါထပ်ရက်ငင်များလည်း ရှိ၏။ အဆိုပါ ၁၂ လကား တန်ခူး၊ ကဆုန်၊ နယုန်၊ ဝါဆို၊ ဝါခေါင်၊ တော်သလင်း၊ သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပို့တွဲ၊ တပေါင်းလများ ဖြစ်ကြသည်။ [၁]


အင်္ဂလိပ်လများ[ပြင်ဆင်ရန်]

မြန်မာလများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)