အဝလောကိတေသွရ
အဝလောကိတေသွရ (သို့) ပဒ္မပါနိ (သို့) လောကနတ် (သင်္သကရိုက်: अवलोकितेश्वर, အင်္ဂလိပ်: Avalokiteśvara) ဟု အမည်နာမတော်ရှိသော ဗောဓိသတ်ဘုရားလောင်းသည် အတိုင်းအဆမရှိသည့် အနန္တမေတ္တာ ၊အနန္တ ကရုဏာတော်တို့ကို ကိုယ်စားပြုသော ဘုရားလောင်းတစ်ဆူ ဖြစ်ပေသည်။ မဟာယာနနှင့် ဝဇီရာယန ဗုဒ္ဓဘာသာဂိုဏ်းများတွင် လွန်စွာ ထင်ရှားကျော်ကြားပြီး ကိုးကွယ်ပူဇော်သူလည်း များစွာ ရှိလေသည်။
အမည်များ
မြန်မာအမည်
မြန်မာနိုင်ငံ တွင် 'အဝလောကိတေသွာရ'ကို လောကနတ်ဟု ခေါ်ဆိုကြသည်။ လောကနတ်သည် မြောက်ပိုင်းဗုဒ္ဓဘာသာ မဟာယာနဂိုဏ်းမှ ဘုရားအလောင်းတော်မြတ် ဗောဓိသတ္တနတ်သားကို လူအများ၏ အားထားကိုးစားရာ (လောကနာထ)အနေဖြင့် ဆင်းတုရုပ်ထုပြုလုပ်ကာ ကိုးကွယ်ကြသည်ကိုစွဲပြီး ယခုလူတို့က “လောကနတ်” ဟုခေါ်ဆိုနေကြခြင်းဖြစ်သည်။ ယင်းသည် ဘုရားဆင်းတုတော်မဟုတ်၊ လောကနာထ-ဆိုသည့် ပါဠိစကားမှ “လောကနာထ” လောကနတ်-ခေါ်တွင်သော (အဝလောကိ တေသွာရ ဗောဓိသတ္တ) ပုံဖြစ်၍ “မဟာရာဇ သိရီ အနုရုဒ္ဓဒေဝ” ဘွဲ့ထူးခံ ပုဂံ အနော်ရထာမင်းလက်ထက်လောက်က စပြီး ရေးသားမှုရှိခဲ့သည်ကို ကျောက်စာ အုတ်ခွက်နံရံတို့၌ တွေ့ရှိရသည်။
နိုင်ငံတကာ အမည်များ
အဝလောကိတေသွရ ဘုရားလောင်းကို ကမ္ဘာ့နိုင်ငံအများတွင် နာမည်အမျိုးမျိုးဖြင့် အသီးသီး ခေါ်ဝေါ်လေ့ရှိကြသည်။ မူရင်းသက္ကတနာမည်များမှာ အဝလောကိတေသွရ (လောကကို ကြည့်ရှုစောင့်ရှောက်သူ)၊ ပဒ္မပါနိ (ကြာပန်းကိုင်ဆောင်သူ) တို့ ဖြစ်ကြသည်။
တရုတ်ပြည်တွင် ခေါ်ဝေါ်သော နာမည်များမှာကား ကွမ်စစ်စိုက် ဖူဆ၊ ကွမ်ရှိယင် ဖူဆ၊ ကွမ်ယင် ဖူဆ တို့ဖြစ်ကြသည်။ ဂျပန်ပြည်တွင်မူ ကန်ဂျီဇိုင် ဘိုဆစု၊ ကန်ဇဲအွန် ဘိုဆစု၊ ကန်နွန်ဘိုဆစု ဟု ခေါ်ကြသည်။ ကိုရီးယားပြည်တွင် ကွမ်းဂျာဂျဲ ဘောဆယ်၊ ကွမ်းဆဲအွမ်း ဘောဆယ်၊ ကွမ်းအွမ်း ဘောဆယ် ဟု ခေါ်ဆိုကြသည်။ ဗီယက်နမ်တွင်မူကား ကွမ်တုတိုက် ဘိုတတ်၊ ကွမ်ထဲအမ်း ဘိုတတ်၊ ကွမ်အမ်း ဘိုတတ် ဟု ခေါ်ကြသည်။ တိဘက်ပြည်တွင်မူ အဝလောကိတေသွရ ဘုရားလောင်းကို ချန်ရဲ့ဇစ် (Chenrézik) ဟု ခေါ်ဝေါ်ကြသည်။
နိုင်ငံအသီးသီးတွင် အဓိက ခေါ်ဝေါ်သော နာမည်များမှာကား အောက်ပါအတိုင်း ဖြစ်ကြသည်။
- သက္ကတ - अवलोकितेश्वर (Avalokiteśvara)
- မြန်မာ - လောကနတ် (Lokanat)
- တရုတ် - 觀音菩薩 (Guānyīn Púsà)
- ဂျပန် - 観音菩薩 (Kannon Bosatsu)
- ကိုရီးယား - 관음보살 (Gwaneum Bosal)
- တိဘက် - སྤྱན་རས་གཟིགས་ (Chenrézik)
- ဗိယက်နမ် - Quan âm Bồ tát
- ခမာ - អវលោកិតេស្វរៈ
- ထိုင်း - พระอวโลกิเตศวรโพธิสัตว์
မဟာယာနအယူအဆများ
အဝလောကိတေသွရ ဘုရားလောင်း၏ အကြောင်းအရာတို့ကို ရည်ညွန်းဖော်ပြသည့် မဟာယာန ကျမ်းစာ တော်တော်များများရှိသည်။ ၎င်းတို့မှာကား -
- အဝတံသက သုတ်တော်
- စုန္ဒီ ဓာရဏီ သုတ်တော်
- အဝလောကိတေသွရဧကဒသမုခ၏ ဟဒယဓာရဏီ သုတ်တော်
- ဟဒယ သုတ်တော်
- သုခါဝတီဝယူဟ သုတ်တော်
- သဒ္ဓရမာ ပုဏ္ဍရီက သုတ်တော်
- ကာရဏ္ဍဝယူဟ သုတ်တော်
- ကရုဏာပုဏ္ဍရီက သုတ်တော်
- နီလာကဏ္ဍ ဓာရဏီ သုတ်တော်
- သျှူရင်္ဂမ သုတ်တော် စသည်တို့ပင် ဖြစ်ကြသည်။
ကာရဏ္ဍဝယူဟ သုတ်တော်အရ နေနှင့်လသည် အဝလောကိတေသွရ ဘုရားလောင်း၏ မျက်လုံးတော် နှစ်ခုမှ၊ သီဝနတ်ဘုရားသည် နဖူးတော်မှ၊ ဗြဟ္မာ နတ်ဘုရားသည် ပခုံးတော်မှ၊ နရယန(ဗိဿနိုး) နတ်ဘုရားသည် နှလုံးတော်မှ သူရဿတီနတ်သမီးသည် သွားတော်မှ မွေးဖွားလာသည်ဟု ဆိုသည်။ ပါးစပ်တော်မှ လေ ဖြစ်လာ၍ ခြေထောက်တော်မှ မြေကမ္ဘာ၊ ဝမ်းဗိုက်မှ ကောင်းကင်တို့ ဖြစ်တည်လာကြသည် ဟုရေးသား ထားသည်။ သုခဝတီဝယူဟ သုတ်တော်အရ အဝလောကိတေသွရ ဘုရားလောင်းသည် သုခဝတီဘုံရှိ အမိတာဘ ဘုရားရှင်၏ လက်ယာရံ ဘုရားလောင်း ဖြစ်သည်ဟု ဆိုသည်။
သဒ္ဓရမာပုဏ္ဍရီက သုတ်တော်အရ အဝလောကိတေသွရ ဘုရားလောင်းသည် မေတ္တာ ကရုဏာတော် ကြီးမားသူ ဖြစ်လေသည်။ လောကရှိ သတ္တဝါတို့၏ ငိုကြွေးသံတို့ကို ကြားရသူဖြစ်ပြီး အမည်နာမတော်ကို ရွတ်ဆို၍ အကူအညီတောင်းသူ တို့ကို ကူညီကယ်မသော ဘုရားလောင်းဖြစ်ကြောင်း ရေးသားထားသည်။ ထို့အပြင် အဝလောကိတေသွရ ဘုရားလောင်းသည် သတ္တဝါတို့ကို တရားဓမ္မဟောပြောဆုံးမရာ၌ သတ္တဝါတို့၏ စိတ်အလိုရှိရာ ပုံသဏ္ဍာန်ယူ၍ ဟောပြောဆုံးမသည်ဟု ဆိုသည်။ ဥပမာအားဖြင့် ရဟန်းအသွင်ယူ၍ ဟောပြောမှ အကျွတ်တရား ရမည့်သူကို ရဟန်းအသွင်ယူ၍ ဟောပြောခြင်း ဖြစ်သည်။ ထိုကျမ်းထဲတွင် အဝလောကိတေသွရ ဘုရားလောင်း၏ အသွင်တော် ၃၃မျိုးကိုလည်း ရေးသားထားသည်။ ထိုအထဲတွင် ပုရိသ အသွင်တော်များ သာမက ဣတ္ထိယ အသွင်တော်များလည်း ပါဝင်သည်။
အဝလောကိတေသွရ ဘုရားလောင်းကို စတင်ကိုးကွယ်ကြသည်မှာ အိန္ဒိယပြည်မှ ဖြစ်လေသည်။ နောင်သောအခါ မဟာယာန ဗုဒ္ဓဘာသာနှင့်အတူ တရုတ်၊တိဗက်၊ကိုရီးယား၊ဂျပန်၊ ဗီယက်နမ်၊မွန်ဂိုလီးယား စသည့်နိုင်ငံများကိုပါ ပျံ့နှံ့သွားသည်။ အဝလောကိတေသွရ ဘုရားလောင်းကို ကိုးကွယ်ခြင်းအလေ့အထသည် မြန်မာနိုင်ငံတွင်လည်း တစ်ချိန်က ရှိခဲ့ဖူးလေသည်။
အဝလောကိတေသွရ ဘုရားလောင်းသည် အသနားကြင်နာ ကရုဏာ မေတ္တာဓါတ်ကို အရင်းခံသော ဘုရားလောင်း ဖြစ်လေရာ လူအများက လေးစားကြည်ညိုကြသည်။ တဖန် အဝလောကိတေသွရ ဘုရားလောင်း၏ ကရုဏာမေတ္တာဓါတ်ကို ပိုမိုပေါ်လွင်စေရန် မိခင်မေတ္တာနှင့် နှိုင်း၍ အမျိုးသမီးအသွင်တော်ဖြင့် ထုလုပ် ကိုးကွယ်ကြပြန်သည်။ ယင်းကဲ့သို့ အမျိုးသမီး အသွင်ဖြင့် ထုဆစ်ခြင်းကို တရုတ်နိုင်ငံက စတင်ခဲ့လေသည်။
လက်တစ်ထောင် အဝလောကိတေသွရ
အဝလောကိတေသွရ ဘုရားလောင်းသည် လောကရှိ သတ္တဝါများအားလုံး သံသရာစက်ဝန်းမှ မလွတ်မချင်း အနားမယူဟု သစ္စာဆိုထားသူ ဖြစ်သည်။ ထို့ကြောင့် အားသွန်ခွန်စိုက်၍ သတ္တဝါတို့ကို ဒုက္ခဆင်းရဲမှ ကယ်တင်ခဲ့လေသည်။ သို့သော်လည်း များစွာသော သတ္တဝါတို့မှာ ကျန်ရှိနေသေးသည်။ ထို့ကြောင့် ဆက်လက်ကယ်တင်ရန် အားထုတ်ကြိုးစားရာမှ အဝလောကိတေသွရ ဘုရားလောင်း၏ ဦးခေါင်းတော်သည် ၁၁စိတ် ကွဲကြေသွားခဲ့လေသည်။ ထိုအခြင်းအရာကို အမိတာဘ ဘုရားရှင် မြင်သောအခါ ဦးခေါင်း ၁၁ လုံးတိတိ ဖန်ဆင်းပေးလိုက်လေသည်။ လောက၌ ရှိသမျှ သတ္တဝါတို့၏ ဒုက္ခဆင်းရဲဖြင့် ငိုကြွေးသံတို့ကို ကြားနိုင်အောင် ဖြစ်သည်။
တစ်ဖန် အဝလောကိတေသွရ ဘုရားလောင်းသည် ဆင်းရဲဒုက္ခ ရောက်နေသော သတ္တဝါတို့ကို လိုက်လံ ကယ်ဆယ်နေရာမှ သူ၏ လက်တော် နှစ်ဖက်သည် ကွဲအက်ကြွေမွပြီး ပျက်စီးသွားပြန်လေသည်။ ထိုအခါ အမိတာဘ ဘုရားရှင်သည် ရောက်လာပြီး လက်တော် တစ်ထောင်ကို ထပ်မံ ဖန်ဆင်းပေးရပြန်လေသည်။
ဤဇာတ်လမ်းကို ရည်ညွန်းပြီး အဝလောကိတေသွရ ဘုရားလောင်းကို ဦးခေါင်းတော် ၁၁လုံး၊ လက်တော် တစ်ထောင်ဖြင့် ထုဆစ်၍ ပူဇော်ကြလေသည်။
မန္တရား၊ဓါရဏီနှင့်သုတ်တော်များ
အဝလောကိတေသွရ ဘုရားလောင်းနှင့် ပတ်သက်၍ အထင်ရှားဆုံး မန္တရားမှာကား ကာရဏ္ဍဝယူဟ သုတ်တော်လာ "ဥုံ မဏိ ပဒ္မေဟူံ" (Oṃ maṇi padme hūṃ) ဟူသော မန္တရားပင် ဖြစ်သည်။ ထိုမန္တရားကို တိဗက်လူမျိုးတို့ အလွန်နှစ်သက်ခုံမင်စွာ အဖန်တလဲလဲ ရွတ်ဆိုကြသည်။ "ဥုံ မဏိ ပဒ္မေဟူံ" သည် အလွန် ထင်ရှားကျော်ကြားသော မန္တရား ဖြစ်သော်လည်း ၎င်း၏ အနက် အဓိပ္ပါယ် အတိအကျကိုမူ မဖွင့်ဆိုနိုင်ကြသေးပေ။
မန္တရားတွင်ပါသည့် ဥုံ ၊ဟူံ အစရှိသော စကားလုံးများမှာ တန်ခိုးစွမ်းအား ကိန်းအောင်းနေသော စာလုံးများ ဖြစ်ပြီး မန္တရားများတွင် ထည့်သွင်းအသုံးပြုကြသည်။ မဏိ ဟူသည်မှာ ပတ္တမြားကို ဆိုလိုပြီး ပဒ္မေ မှာ ပဒုမ္မာကြာပန်းကို ဆိုလိုသည်။ ထို့ကြောင့် မန္တရား၏ အနက်အဓိပ္ပါယ်မှာ "ပတ္တမြားနှင့် ကြာပန်းကို ကိုင်ဆောင်သူ (ဘုရားလောင်း အဝလောကိတေသွရ) ကို ရှိခိုးပါ၏" ဟု ယူဆရပေမည်။ အဝလောကိတေသွရ ဘုရားလောင်းကို ပူဇော်သည့် တခြားသော မန္တရားများ မြောက်မြားစွာ ရှိကြသေးသည်။
ထင်ရှားသည့် မန္တရားတစ်ခုကတော့ ဂျပန်ပြည် ရှင်ဂွန်းဂိုဏ်းသုံး "ဥုံ အာရောလိက် သွာဟာ" (Oṃ ārolik svaha) (ဂျပန်ဘာသာအားဖြင့် On aruri kya sowa ka / おん あるりきゃ そわか) ဖြစ်လေသည်။
အဝလောကိတေသွရ ဘုရားလောင်းနှင့် ပတ်သက်၍ ထင်ရှားသော ဓါရဏီမှာ နီလကဏ္ဌ ဓါရဏီ (Nīlakaṇṭha Dhāraṇī) သို့မဟုတ် မဟာကရုဏာ ဓါရဏီ (Mahākaruṇā Dhāraṇī) ဖြစ်သည်။ ၎င်းကို တရုတ်လို တာ့ပေကျိုး ( 大悲咒/Dàbēi zhòu) ဟုလည်း ခေါ်သည်။ ၎င်းဓါရဏီမှာ စာလုံးရေ ၈၂ လုံးရှိပြီး ထင်ရှားသော ဓါရဏီဖြစ်သည်။ မဟာယာန ကျမ်းဂန်များအရ ထိုဓါရဏီကို ရွတ်ပါက သေခြင်းဆိုး ၁၅ပါးမှ လွတ်ကင်း၍ ကောင်းသော မွေးဖွားခြင်း ၁၅ပါးနှင့် ပြည့်စုံလိမ့်မည်ဟု ဆိုကြသည်။
မဟာယာန ကျမ်းဂန်များထဲတွင် အဝလောကိတေသွရ ဘုရားလောင်း ဟောကြားခဲ့သည်ဟု ဆိုသော ပညာ ပါရမီတာ ဟဒယ သုတ်တော် (Heart sutra) လည်း ရှိသေးသည်။ ထိုသုတ်တော်ကို မြတ်စွာဘုရား လက်ထက် ရှင်သာရိပုတ္တရာက မေးလျှောက်လာသဖြင့် အဝလောကိတေသွရ ဘုရားလောင်းက ထုတ်ဖော်ဟောကြားခဲ့သည်ဟု ဆိုသည်။ ထိုကျမ်းစာမှာ မဟာယာနကျမ်းဂန်များထဲမှ အရေးပါသည့် ကျမ်းဖြစ်သည်။ ထိုကျမ်း၏ အဓိက ဆိုလိုရင်းမှာကား "အရာခပ်သိမ်းသည် သုညတ (မရှိခြင်း) သဘောသာ ဖြစ်သည်" ဟူသောအချက်ပင် ဖြစ်သည်။
အသွင်တော်များ
- အရိယာ အဝလောကိတေသျှဝရ (Āryāvalokiteśvara) ခေါ် မြင့်မြတ်သည့် မူလအသွင်တော်
- ဧကဒသမုခ (Ekādaśamukha) ခေါ် မျက်နှာ ၁၁ဖက် ပါရှိသည့် အသွင်တော်
- သဟသရဘုဇ သဟသရနေတြ (Sahasrabhuja Sahasranetra) ခေါ် မျက်နှာတစ်ထောင် လက်တစ်ထောင် ပါရှိသည့် အသွင်တော်
- စိန္တမာဏီ စကြာ (Cintamāṇicakra) ခေါ် စိန္တမဏိ ဘီး ကို ကိုင်ထားသည့် အသွင်တော်
- ဟယဂြီဝ (Hayagrīva) ခေါ် မြင်း၏ လည်ပင်း ရှိသည့် အသွင်တော်
- စုန္ဒီ (Cundī) ခေါ် ကြာပလ္လင်ထက်တွင် ထိုင်တော်မူကာ လက် ၁၈ ချောင်းရှိသည့် အသွင်တော်
- အမောဃပါသျှ (Amoghapāśa) ခေါ်ကြိုးနှင့် ကွန်ယက် ကို ကိုင်ဆောင်ထားသည့် အသွင်တော်
- ဘရိကုတိ (Bhṛkuti) အသွင်တော်
- ပါန္ဒရဝါသိနီ (Pāndaravāsinī) အသွင်တော်
- ပရနသျှဗရီ (Parnaśabarī) အသွင်တော်
- ရက္တသျှဒကသျှရီ (Raktaṣadakṣarī) အသွင်တော်
- သွေတဘဂဝတီ (Śvetabhagavatī) အသွင်တော်
- ဥဒကသျှရီ (Udakaśrī) အသွင်တော်