တဘောင်
တဘောင်ဟူသည် သူငယ်၊ သဘင်သည်နှင့် သူရူးတို့ ပြောဆိုကြသော နိမိတ်စကားဟူ၍ မြန်မာအဘိဓာန် အကျဉ်းချုပ်တွင် ဖွင့်ဆိုသည်။ ဆရာကြီး ဦးဘရင်က တဘောင်ဟူသော စကားမှာ တံဘာသ မှ ပြောင်းလာခြင်း ဖြစ်သည်။ `တံ´ သည် ထို ဟူသော ညွှန်ကြားခြင်း နိဒဿန ဖြစ်သည်။ `ဘာသ´မှာ ပြောဆိုခြင်း ဖြစ်သည်။ ထိုသို့သော နောင်အခါ၌ မည်သို့မည်ပုံဖြစ်မည်ကို ကြိုတင်ပြောဆိုထားခြင်းဟု အဓိပ္ပါယ် ဖွင့်ပါသည်။
တဘောင်နှင့် စနည်း မတူပေ၊ ဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ က တဘောင်နှင့် စနည်း ဤသို့ခွဲခြားပြသည်။
တဘောင်ဟူသည် ကြားရသော အသံဖြစ်၏။ သဘင်သည်၊ သူရူး၊ ကလေးသူငယ်တို့၏ နှုတ်ဖျားမှ သီဆိုအော်ဟစ်ကြသော အသံသည် တမင်နားမထောင်ရဘဲ ကြားရသောအသံ ဖြစ်၍ တဘောင်ဟု ခေါ်၏။
တမင်ချောင်း၍ နားထောင်မှ ကြားသိရသောအသံကိုကား စနည်းဟု ခေါ်ဆိုသည်။ [၁]
မြန်မာတို့ယုံကြည်မှုအရ တဘောင်ဆိုသည်မှာ ပညာရှိ၊ ဗေဒင်ကျမ်းဂန်တတ်တို့က အနာဂတ်တွင် ဖြစ်ဖွယ်ရှိသည့် အကြောင်းတရားတို့ကို တွက်ချက်ကာ အပြောအဆိုရလွယ်စေရန် ရေးသားစီရင်ထားသော ကဗျာ(သို့) လင်္ကာ ဟုသတ်မှတ်နိုင်သည်။ သဘောင်နှင့် သိုက်စာမှာ သဘောချင်းအားဖြင့် တူညီသည်ဟု ဆိုနိုင်သည်။ သို့သော် သိုက်စာမှာ အချိန်အားဖြင့် ပိုမိုသောသဘောတွင်ရှိပြီး စာကိုယ်အားဖြင့်လည်း ပိုရှည်တတ်ပေသည်။
ဗိုလ်ချုပ်အောင်ဆန်းခေတ်က တဘောင်
အင်းကို ဟင်္သာ ဆင်းလတံ့
ဟင်္သာကို လေးနှင့်ခွင်းလတံ့
ရှောတိုးကို မိုးကြိုးပစ်လတံ့
ကုန်းဘောင် တဘောင်
အင်းကို ဟင်္သာဆင်းမယ်
ဆင်းမဲ့ဟင်္သာ မုဆိုးလေးနဲ့ပစ်မယ်
ပစ်မဲ့မုဆိုး ထီးရိုးရိုက်မယ်
ထီးရိုးကို မိုးကြိုးပစ်မယ်။
သီပေါ တဘောင်
တုံးအောက်က တီတွန်
လူလွန်မသား
မုန့်ဆီကြော် အလယ်အက်တယ်
ထီးဖျက်မဲ့သား။
ဘိုးတော်ဘုရားလက်ထက် အယူတော်မင်္ဂလာဦးနိုးရေးသားခဲ့သည့် နှောင်း တဘောင်
တမင်းစံခဝါချ၊ နာကြတဲ့သူတွေ၊
တိုးလို့သာကြေ၊ အသိတွေရာသီပြောင်း၊
သာသနာမောင်းရှေ့ကဆော်၊
ဒေါင်းအော်လို့လိမ်ပြေး၊
နေထွက်လျှင် အမှောင်ကျမယ်၊
သန်းခေါင်ည လကွယ်တဲ့ဆို၊
ခြင်္သေ့မင်းတန်းခိုးကြွယ်၊
တိုးလို့ကွယ် ပူရလေနိုး၊
ဂူအောင်းမဲ့ ရှင်ကြီးပျော်လို့ရယ်၊
သမီးတော်ကို လွှတ်လိုက်ပါတော့
ဇာနည်ကြက်မသူတွန်လျှင်
ဇမ္ဗူတခွင် လင်းလို့မဆုံး။
မြန်မာသက္ကရာဇ် ၁၂၅၆ ခုနှစ် (ခရစ်နှစ် ၁၈၉၆)၊ ယောအတွင်းဝန် ဦးဘိုးလှိုင်ရေးသားခဲ့သော အတိတ်တဘောင်
သာသနာဘဝဂ်ခရီးမှာတော့ဖြင့်၊ ကနက်ထီးတွေနဲ့
ဖျက်ဆီးဖို့ခရီးကြုံ၊ ရွှေပေးမယ်၊ မယ်မယုံ။ ငွေပေးမယ်၊ မယ်မယုံ၊
နယ်အကုန်ဖျက်မဲ့အရေး၊ အသိဉာဏ်နဲ့တွေး။ ။
အတိတ်ရယ်ဆောင်၊ နိမိတ်အရောင်လှုပ်ရှား။
တံတားတွေတွင်တွင်ဆောက်ပါလို့၊ ဘုရားရင်မောက်လိမ့်၊
ဘုရားတွေရင်မောက်ရင်ဖြင့်၊ အခြားပြည်ဝင်နှောက်ပါလိမ့်။
.. အခြားပြည်ဝင်နှောက်ရင်ဖြင့်၊ ပြည်တော်ပြန်
.. မယ်ထွေးကို နန်းအပ်မှအေး။ ။
တန်ကူကုန်၊ ကဆုန်ဆန်းရင်ဖြင့်၊ ပျိုနုကြမ်းရယ်က
ဟန်တော့မယ်၊ အသွင်နယ်(နှိက်)ဆော်ဩ။
ထုံးအိုးတွေရေမှာမျော၊ ဒင်းတောက်လျှောက်လျော။ ။
ကိုးကား
- ↑ ဦးအေးချို(မဟာဝိဇ္ဇာ)၏ မြန်မာ့စကား