၂၀၁၇ ဆီရာလီယွန် ရွှံ့ဖုံးလွှမ်းမှုများ

ဝီကီပီးဒီးယား မှ
၂၀၁၇ ဆီရာလီယွန် ရွှံ့ဖုံးလွှမ်းမှုများ
ဆီရာလီယွန်အတွင်း အနောက်ဧရိယာ တည်နေရာ
အချိန်ခန့်မှန်း နံနက် ၆:၃၀ GMT (UTC+0:00)
နေ့ရက်၁၄ ဩဂုတ် ၂၀၁၇
တည်နေရာWestern Area, ဆီရာလီယွန်နိုင်ငံ
ကိုဩဒိနိတ်8°26′2″N 13°13′22″W / 8.43389°N 13.22278°W / 8.43389; -13.22278ကိုဩဒိနိတ်: 8°26′2″N 13°13′22″W / 8.43389°N 13.22278°W / 8.43389; -13.22278
အကြောင်းရင်းမိုးသည်းထန်မှုကြောင့် မြေပြိုခြင်း
သေဆုံးသူ၄၀၀+ [၁]
ပျောက်ဆုံးသူ၆၀၀+ [၁]

သုံးရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၂၀၁၇ ခုနှစ် ဩဂုတ် ၁၄ ရက် နံနက်အစောပိုင်းတွင် ဆီရာလီယွန်နိုင်ငံ၏ မြို့တော် ဖရီးတောင်းမြို့နှင့် အနီးတစ်ဝိုက်၌ အကြီးအကျယ် ရေဖုံးလွှမ်းမှုများနှင့် ရွှံ့နွံဖုံးလွှမ်းမှုများ ဖြစ်ပေါ်ခဲ့သည်။

အရေအတွက် အတိအကျ မသိရသေးသော်လည်း ဘေးအန္တရာယ်ကြောင့် သေဆုံးသူဦးရေမှာ ၄၀၀ ဝန်းကျင်ခန့်ရှိနိုင်သည်ဟု ခန့်မှန်းထားပြီး ရာပေါင်းများစွာ ပျောက်ဆုံးလျက်ရှိသည်။ လူ ၃၀၀၀ ကျော်မှာ နေအိမ်များကို စွန့်ခွာခဲ့ရပြီး ရွှံနွံများကြောင့် အဆောက်အဦ ရာပေါင်းများစွာ ပျက်စီးခဲ့သည်။ ပင်လယ်ရေမျက်နှာပြင်ထက် နိမ့်သော မြို့၏ အခြေအနေ၊ အခြေခံအဆောက်အဦ အားနည်းမှုနှင့် ရေစီးရေလာ မကောင်းမွန်မှုများက ပုံမှန် စိုစွတ်သည့် မိုးရာသီတွင် ဖြစ်ပေါ်လေ့ရှိသော သဘာဝဘေးအန္တရာယ်ကို ပိုမိုဆိုးရွားစေခဲ့သည်။

ဒေသခံ အဖွဲ့အစည်းများနှင့် အမေရိကန် ကြက်ခြေနီအသင်းတို့က အစောပိုင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြပြီး နိုင်ငံတကာမှလည်း အကူအညီများ ထောက်ပံ့ပေးခဲ့ကြသည်။

အကျိုးသက်ရောက်မှု[ပြင်ဆင်ရန်]

အမေရိကန် အမျိုးသား မိုးလေဝသဌာန၏ ရာသီဥတုခန့်မှန်းရေးစင်တာ၏ အဆိုအရ ဆီရာလီယွန်နိုင်ငံသည် ပုံမှန် စိုစွတ်သည့် မိုးရာသီကာလလယ်တွင် ရောက်ရှိနေပြီး နိုင်ငံ၏ အနောက်ပိုင်းဧရိယာရှိ မြို့တော် ဖရီးတောင်းမြို့ဝန်းကျင်တွင် မိုးရေချိန် ၄၁ လက်မ (၁၀၄ စင်တီမီတာ) ထိ ရွာသွန်းခဲ့သော မိုးကြောင့် ဇူလိုင် ၁၊ ၂၀၁၇ မှ စတင်ကာ ရွှံ့နွံဖုံးလွှမ်းမှုများ ကြုံတွေ့ခဲ့ရသည်။ ယင်းမိုးရေချိန်သည် ထိုဒေသ၏ ပျမ်းမျှမိုးရေချိန်၏ သုံးဆမျှ ရှိခဲ့သည်။[၂] ဆီရာလီယွန်နိုင်ငံ ဇလဗေဒဌာနသည် ပြင်းထန်သော မိုးရွာသွန်းမှုကြောင့် အန္တရာယ်ရှိ ဒေသမှ လျင်မြန်စွာ ထွက်ခွာကြရန် သတိပေးချက် ထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ပေ။ ဩဂုတ် ၁၁ ရက်မှ ၁၄ ရက်အထိ ဖရီးတောင်းမြို့တွင် သုံးရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြို့ပေါ်နှင့် ဆင်ခြေဖုံးတို့တွင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့သည်။[၃] ရေလွှမ်းမိုးမှုသည် နှစ်စဉ်ဖြစ်ပွားနေကျ ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် လူ ၁၀ ဦး သေဆုံးခဲ့ကာ ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။[၄][၅]

ဖရီးတောင်းမြို့ကို အုပ်မိုးတည်ရှိသော ရှူးဂါးလော့ဖ်တောင်၏ တစ်စိတ်တစ်ပိုင်းသည် ဩဂုတ် ၁၄ ရက်နေ့ အစောပိုင်းတွင် ပြိုကျခဲ့ကာ အဆောက်အဦများစွာကို ဖုံးလွှမ်းပျက်စီးစေခဲ့ပြီး အိပ်ပျော်နေသည့် လူများစွာ သေဆုံးခဲ့ကာ အချို့မှာ ပိတ်မိနေခဲ့သည်။ ဆင်ခြေဖုံး ရီးဂျန့်ဒေသသည် အပျက်အစီး အဆိုးရွားဆုံး ခံရသည့် ဒေသဖြစ်ပြီး ဖရီးတောင်းမြို့၏ အရှေ့ဘက် ၁၅ မိုင်အကွာရှိ တောင်ကုန်းထူထပ်သော နေရာ ဖြစ်သည်။ GMT ၆:၀၀ အချိန် တောင်ပြိုကျချိန်တွင် ရီးဂျန့်ဒေသ ပျက်စီးခဲ့သည်။[၆] အခြားထိခိုက်ပျက်စီးသည့် ဒေသများမှာ Motormeh, Kamayamah, Kaningo, Dworzak, New England, Kroobay, Mountain Cut, George Brook, Big Warf, နှင့် Wellington တို့ ဖြစ်ကြသည်။[၇] လမ်းပေါ်ကလေးသူငယ်များ ကူညီရေး အေဂျင်စီ ဒါရိုက်တာဖြစ်သူ Kelfa Karbo က ရွှံနွံများ ပြိုကျမှုကြောင့် အဆောက်အဦများ ဆင့်ကဲပျက်စီးခဲ့ရသည်ဟု ဆိုသည်။

သေဆုံးသူ အရေအတွက် အတိအကျ မသိရှိရသေးသော်လည်း လူ ၄၀၀ ကျော် သေဆုံးကြောင်း အတည်ပြုထားပြီး ကလေး ၁၀၉ ဦး ပါဝင်ပြီး[၈] ထောင်ပေါင်းများစွာ၏ အသက်အန္တရာယ်မှာ စိုးရိမ်နေရသည်။[၉][၁၀] အစောပိုင်း ခန့်မှန်းချက်များအရ ၂၀၅ ဦး ဖြစ်သော်လည်း ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်လုပ်ဆောင်နေစဉ်အတွင်း လူ ၆၀၀ ကျော် ပျောက်ဆုံးနေပြီးနောက် သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်သည်ဟု ဆိုသည်။ လူ ၃၀၀၀ ကျော် အိုးအိမ်များကို စွန့်ခွာခဲ့ရကာ နေအိမ်ရာပေါင်းများစွာသည် ရွှံ့နွံနှင့် ရေကြီးမှုကြောင့် ပျက်စီး သို့မဟုတ် နစ်မြုပ်ခဲ့သည်။[၁၁][၁၂]

ဖြစ်ပေါ်စေသော အကြောင်းရင်းခံများ[ပြင်ဆင်ရန်]

အကြောင်းရင်းခံများ ပေါင်းစပ်ခြင်းများကြောင့် ပျက်စီးမှုများ ပိုမိုဆိုးရွားစေခဲ့သည်။ ဖရီးတောင်းမြို့သည် လူနေထူထပ်သည့် မြို့ဖြစ်ပြီး ဘေးအန္တရာယ်ဖြစ်ပေါ်ချိန်တွင် လူ ၁.၂ သန်းနေထိုင်လျက်ရှိသည်။ မြို့တော်ရှိ လူနေဒေသများသည် ပင်လယ်ရေမျက်နှာပြင်နှင့် တပြေးညီ သို့မဟုတ် ပင်လယ်ရေမျက်နှာပြင်အောက် နိမ့်ကျသည့် နေရာများဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းတတ်သော သစ်တောများရှိသည့် တောင်တန်းများက ဝန်းရံထားသည်။[၁၃] မြို့ပြဖွံ့ဖြိုးမှု အစီအစဉ်များ နည်းပါးကာ နှစ်ရှည်လများ ခံစားခဲ့ရသည့် ပြဿနာဖြစ်သည်။ အာဖရိကသုတေသနသိပ္ပံမှ Jamie Hitchen က "အစိုးရသည် ဆင်းရဲသား လူတန်းစားများကို နေအိမ်ထောက်ပံ့ပေးရန် ပျက်ကွက်ခဲ့သည်" ဟု ဆိုသည်။ ရေလွှမ်းလွင်ပြင်များတွင် စနစ်တကျမရှိသော လူနေ ကျူးကျော်ဝင်ရောက်မှုများ တရားဝင် တားမြစ်မှု မရှိခြင်းနှင့် မြူနီစီပယ်လုပ်ငန်းများကြောင့် ရေစီးလမ်းကြောင်းများ ကျဉ်းမြောင်းစေခဲ့သည်။ စွန့်ပစ်အမှိုက်များကြောင့် ဖရီးတောင်းမြို့၏ ရေစီးရေလာစနစ်များ ပိတ်ဆို့ကာ ရေကြီးလေ့ရှိပြီး အထူးသဖြင့် မြို့၏ ချွတ်ခြုံကျသော လူနေထိုင်မှုများမှ မျက်နှာပြင်ဆင်းရေ အမြင့်ပိုင်းနေရာများအထိ ဖြစ်သည်။[၁၄]

တောင်စောင်းဒေသရှိ လူနေထိုင်မှုများသော အဆောက်အဦများနှင့် တားမြစ်မှုမရှိသော သစ်တောပြုန်းတီးမှုများကြောင့် အနီးဝန်းကျင်ရှိ ဆင်ခြေလျှောများ၏ တည်ငြိမ်မှုကို အားပျော့စေခဲ့ပြီး မြေဆီလွှာပြုန်းတီးမှုကို ပိုမိုဆိုးရွားစေခဲ့သည်။ ဆီရာလီယွန်နိုင်ငံသည် သစ်တော ၈၀၀,၀၀၀ ဟက်တာခန့် ရှင်းလင်းခဲ့သလို ၁၉၉၁ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်ပွဲကြောင့် သစ်တောပြုန်းတီးမှုများ ဖြစ်ပေါ်စေခဲ့ခြင်းတို့ကြောင့် ဆယ်စုနှစ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားခဲ့သည်။ နိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအေဂျင်စီသည် ရေကြီးမှုနှင့် ရွှံနွံဖုံးလွှမ်းမှုများ မဖြစ်မီ နှစ်ပတ်အလိုတွင် ဒေသတွင်း သစ်တောပြန်လည်ထူထောင်ခြင်း အစီအစဉ်ကို တင်ပြခဲ့သော်လည်း အကြီးအကျယ် မအောင်မြင်ခဲ့ပေ။[၁၅]

တုံ့ပြန်မှုများ[ပြင်ဆင်ရန်]

ဖြစ်ပွားသည့်နေ့ နောက်ပိုင်းတွင် သမ္မတဖြစ်သူ အားနက် ဘိုင် ကိုရိုးမား က နိုင်ငံသို့ မိန့်ခွန်းပြောကြားခဲ့ကာ အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး ရီးဂျန့်တွင် ကယ်ဆယ်ရေးစခန်းတစ်ခုကို စတင်ဖွင့်လှစ်ခဲ့သည်။ အီဘိုလာရောဂါ ဖြစ်ပွားနေမှုမှ နလံထူနေရဆဲဖြစ်သော နိုင်ငံကို စည်းလုံးကြရန် တိုက်တွန်းခဲ့သည်။ "စိတ်မကောင်းဖွယ်ရာ ဖြစ်ရပ်ကြောင့် ကျွန်တော်တို့ နိုင်ငံဟာ ချုပ်ကိုင်ခံရပြန်ပါပြီ။ ကျွန်တော်တို့ မြို့တော်တစ်ဝန်း ရေကြီးမှုများနှင့် မြေပြိုမှုများကြောင့် ကျွန်တော်တို့ တစ်နိုင်ငံသားများစွာရဲ့ အသက်တွေ ဆုံးရှုံးခဲ့ရပြီး အမြောက်အမြားဟာ စိုးရိမ်ဖွယ် ဒဏ်ရာရခဲ့ကာ လီယွန်ရဲ့ သန်းပေါင်းများစွာတန်တဲ့ အိုးအိမ်ဥစ္စာများ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်" ဟု ပြောကြားခဲ့သည်။ နေအိမ်မဲ့သွားသူများကိုလည်း ကူညီပေးကြရန် ဖရီးတောင်းမြို့ရှိ မှတ်ပုံတင်ညှိနှိုင်းရေးရုံးများကို ပြောကြားခဲ့သည်။[၁၆] ဩဂုတ် ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံး ဝမ်းနည်းခြင်းအထိမ်းအမှတ် ခုနစ်ရက် သတ်မှတ်ခဲ့သည်။[၁၇]

ဒေသခံ အဖွဲ့အစည်းများ၊ စစ်ဖက်ဆိုင်ရာများနှင့် ဆီရာလီယွန် ကြက်ခြေနီအဖွဲ့တို့သည် ရှာဖွေတူးဖော်ခြင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို မိုးရွာသွန်းနေသည့်ကြားမှ ချက်ခြင်းလုပ်ဆောင်ခဲ့ကြသည်။ မိုးဆက်လက်ရွာသွန်းမှုနှင့် လမ်းများပိတ်ဆို့ ပြတ်တောက်မှုသည် ကူညီကယ်ဆယ်ရေးလုပ်ငန်းကို နှောင့်နှေးစေခဲ့သည်။[၁၈] ဖြစ်ပွားသည့် ဒေသတွင် သွားလာရေးတွင် အကူအညီရရန်အတွက် ကြက်ခြေနီအဖွဲ့မှ မော်တော်ယဉ် ၁၁ စီး လှူဒါန်းခဲ့သည်။[၁၉] စက်ပစ္စည်းများ မရနိုင်သေးမီကာလအတွင်း လူများသည် လက်ချည်းသက်သက်နှင့် ဂေါ်ပြားများ အသုံးပြုကာ ရွှံ့နွံနှင့် အပျက်အစီးများကို တူးဖော်ခဲ့ရသည်။ ဖရီးတောင်းမြို့ရှိ Connaught ဆေးရုံ ရင်ခွဲရုံတွင် ပထမရက်အတွင်း ရုပ်အလောင်း ၃၀၀ နီးပါးရောက်ရှိလာမှုကြောင့် အလွန်ဒုက္ခရောက်ခဲ့ကာ မည်သူမည်ဝါခွဲခြားနိုင်ရန် ရုပ်အလောင်းများကို ကြမ်းပြင်နှင့် အဆောက်အဦပြင်ပတွင် ထားရှိခဲ့ရသည်။ ဝန်ထမ်းအင်အား နည်းပါးမှုနှင့် ဘေးအန္တရာယ် ခြိမ်းခြောက်မှုကြောင့် ရုပ်အလောင်းများကို ဩဂုတ် ၁၆ ရက်တွင် ဝါးတားလူးမြို့၌ တစ်စုတစ်စည်းထဲ မြှုပ်နှံခဲ့သည်။[၂၀]

အသက်ရှင်ကျန်ရစ်သူများအနေဖြင့် ရေလွှမ်းမိုးသည့် နေရာဒေသများမှ စွန့်ခွာကြရန် ဆီရာလီယွန်၏ အမျိုးသားလုံခြုံရေးရုံးမှ အကြံပြုခဲ့သည်။[၁၈] Additional evacuations took place when aerial images of a hillside adjacent of Sugar Loaf revealed a threat of another mudslide which could impact a much wider area.[၂၁] အစားအသောက်၊ ရေနှင့် ဆေးပစ္စည်းများ ဖြန့်ဝေရန်အတွက် ကျောင်းနှစ်ကျောင်းကို အသုံးပြုခဲ့သည်။ ဩဂုတ် ၁၆ ရက်နေ့တွင် ရီးဂျန့်နှင့် ကာနင်ဂိုရှိ အလုပ်သမားများက အရေးပေါ် အိမ်သာများနှင့် လီတာ ၁၀,၀၀၀ ရေရယူမှုစနစ်ကို ဆောက်လုပ်ခဲ့ကြသည်။[၂၂] စီးဆင်းမှုမရှိသည့် ရေကြောင့် ရေမှတဆင့် ကူးစက်ပြန့်ပွားသည့် ရောဂါများ ဖြစ်ပေါ်လာနိုင်မှုကြောင့် ရေလှောင်ကန်များ၊ ရေသန့်စင်ဆေးပြားများနှင့် တကိုယ်ရေသန့်ရှင်းမှု ကျန်းမာရေးပညာပေးများကို ယူနီဆက်ဖ် အဖွဲ့မှ ပြုလုပ်ဖြန့်ဝေခဲ့သည်။[၂၃]

သမ္မတ ကိုရိုးမားက နိုင်ငံတကာသို့ အကူအညီများ တောင်းခံခဲ့ပြီးနောက် ပထမဆုံး အကူအညီအနေဖြင့် ဩဂုတ် ၁၅ ရက်နေ့တွင် အစ္စရေးနိုင်ငံမှ အစားအသောက် အနပ် ၁၀,၀၀၀ စာ ကူညီမည်ဖြစ်ကြောင်း ကမ်းလှမ်းခဲ့သည်။[၂၄] ရေမှတဆင့် ကူးစက်ပျံ့နှံ့သော ရောဂါများဖြစ်သည့် ဝမ်းပျက်ဝမ်းလျှော နှင့် ကာလဝမ်းရောဂါများ ဖြစ်ပွားနိုင်မှုကို ထိန်းချုပ်နိုင်မည့် အရေးပေါ်အစီအစဉ်များကို ကုလသမဂ္ဂမှ စီစဉ်ခဲ့ပြီး နောက်ထပ် ရေကြီးမှု သို့မဟုတ် မြေပြိုမှုများ ဖြစ်လာနိုင်သည့် ဧရိယာများကို ရေဒါမြေပုံများ အသုံးပြုကာ ခန့်မှန်းခဲ့သည်။[၂၅][၂၆] ကုလသမဂ္ဂ၏ migration agency မှ အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀ ကို ကနဦး အကူအညီအဖြစ် ပေးအပ်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများနှင့် အသက်ရှင်သူများကို ထောက်ပံ့ပေးနိုင်ရန် လူများ စေလွှတ်ခဲ့သည်။ လူ ၇,၅၀၀ အတွက် ရိက္ခာများကို ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က ထောက်ပံ့ခဲ့သည်။[၂၇] ဥရောပသမဂ္ဂက လူသားချင်းစာနာသည့် အကူအညီအဖြစ် ယူရို ၃၀၀,၀၀၀ ကို ကူညီရန် ဩဂုတ် ၁၆ တွင် ခွင့်ပြုခဲ့သည်။[၂၈] တရုတ်နိုင်ငံအစိုးရ၏ ကိုယ်စား သံအမတ် Wang Xinmin က ဖရီးတောင်းမြို့ရှိ နိုင်ငံသံရုံးမှတဆင့် အမေရိကန်ဒေါ်လာ ၁ သန်း ကူညီရန် ကတိပြုခဲ့သည်။[၂၉] GlobalGiving ကလည်း အရေးပေါ် ကူညီကယ်ဆယ်ရေးများနှင့် ဆီရာလီယွန်ရှိ ဒေသခံအဖွဲ့အစည်းများ ရေရှည်ဆောင်ရွက်နိုင်ရန်အတွက် ရန်ပုံငွေတစ်ရပ်ကို ထူထောင်ခဲ့သည်။[၃၀]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Floods kill more than 300, fears rise for 600 missingAl Jazeera (August 16, 2017)။ August 16, 2017 တွင် ပြန်စစ်ပြီး။
  2. Clarke, Hillary (August 14, 2017)။ Hundreds killed in Sierra Leone mudslidesCNN။ 11 May 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ August 15, 2017 တွင် ပြန်စစ်ပြီး။
  3. Mudslides, floods sweep through Sierra Leone capital Freetown, 312 deadHindustan Times (August 15, 2017)။ August 15, 2017 တွင် ပြန်စစ်ပြီး။
  4. Cooper, Lara (August 14, 2017)။ Sierra Leone Reeling in Wake of Rising Flood WatersDirect Relief။ August 15, 2017 တွင် ပြန်စစ်ပြီး။
  5. Sierra Leone floods kill hundreds as mudslides bury housesBBC (August 14, 2017)။ August 15, 2017 တွင် ပြန်စစ်ပြီး။
  6. Ratcliffe, Rebecca (August 14, 2017)။ Hundreds killed after Sierra Leone mudslideThe Guardian။ August 15, 2017 တွင် ပြန်စစ်ပြီး။
  7. Bundu, Mariama (August 15, 2017)။ Sierra Leone News : Massive Landslide at Regent Village leaves Hundreds Dead & others HomelessAwareness Times။ August 16, 2017 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  8. Sierra Leone mudslide: What, where and why?။ 2017-08-17 တွင် ပြန်စစ်ပြီး။
  9. 400 killed, hundreds missing in devastating Sierra Leone mudslide။ 16 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ August 15, 2017 တွင် ပြန်စစ်ပြီး။
  10. Johnson, Christo (August 15, 2017)။ Nearly 400 bodies recovered from Sierra Leone mudslideReuters။ August 15, 2017 တွင် ပြန်စစ်ပြီး။
  11. Kennedy, Merrit (August 14, 2017)။ Hundreds Feared Dead After Mudslide In Sierra LeoneNPR။ August 15, 2017 တွင် ပြန်စစ်ပြီး။
  12. Sierra Leone mudslide claims 350 lives။ 15 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ August 15, 2017 တွင် ပြန်စစ်ပြီး။
  13. Drury, Flora (August 16, 2017)။ Freetown: A disaster waiting to happen?BBC။ August 16, 2017 တွင် ပြန်စစ်ပြီး။
  14. At least 300 dead in Sierra Leone mudslides and floodingChicago Tribune (August 14, 2017)။ 15 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ August 15, 2017 တွင် ပြန်စစ်ပြီး။
  15. Explaining the Deadly Sierra Leone MudslideNational Geographic (August 16, 2017)။ August 16, 2017 တွင် ပြန်စစ်ပြီး။
  16. "Sierra Leone mudslides: Urgent plea for help as death toll rises" (in en-GB)၊ BBC News၊ August 15, 2017။ 
  17. Sierra Leone declares 7-day mourning for mudslide victims။ IANS။ August 16, 2017 တွင် ပြန်စစ်ပြီး။
  18. ၁၈.၀ ၁၈.၁ Briefing Notes: Sierra Leone mudslides and floodsRelief Web (August 15, 2017)။ August 17, 2017 တွင် ပြန်စစ်ပြီး။
  19. Flash UpdateRelief Web (August 15, 2017)။ August 17, 2017 တွင် ပြန်စစ်ပြီး။
  20. Barry, Jaime (August 16, 2017)။ Sierra Leone Buries Over 300 Mudslide Victims in Mass GravesNew York Times။ August 17, 2017 တွင် ပြန်စစ်ပြီး။
  21. Busari, Stephanie (August 17, 2017)။ Sierra Leone: New mudslide threat looms ahead of mass burialCNN။ August 17, 2017 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  22. Status reportRelief Web (August 16, 2017)။ August 17, 2017 တွင် ပြန်စစ်ပြီး။
  23. In Sierra Leone mudslides rip a community apartRelief Web (August 16, 2017)။ August 17, 2017 တွင် ပြန်စစ်ပြီး။
  24. Israeli aid arrives in Sierra Leone after deadly mudslidesTimes of Israel (August 15, 2017)။ August 15, 2017 တွင် ပြန်စစ်ပြီး။
  25. UN evaluates Sierra Leone needs after deadly floodsNew Straits Times (August 16, 2017)။ August 16, 2017 တွင် ပြန်စစ်ပြီး။
  26. Ratcliffe၊ Rebecca။ "Sierra Leone mudslide: president calls for urgent help as search continues" (in en-GB)၊ The Guardian၊ August 15, 2017။ 
  27. Sierra Leone: Flash Update no.2 OCHA West & Central Africa, 16 August 2017Relief Web (August 16, 2017)။ August 17, 2017 တွင် ပြန်စစ်ပြီး။
  28. EU sends emergency relief for Sierra LeoneRelief Web (August 16, 2017)။ August 17, 2017 တွင် ပြန်စစ်ပြီး။
  29. Chinese Government Provides One Million USD Emergency Disaster Relief Fund to Sierra LeoneRelief Web (August 16, 2017)။ August 17, 2017 တွင် ပြန်စစ်ပြီး။
  30. Sierra Leone Mudslide Relief Fund။ August 15, 2017 တွင် ပြန်စစ်ပြီး။