ဦး၊ ဒေါ်(နဂါး)

ဝီကီပီးဒီးယား မှ

နဂါးဒေါ်ဦး(၁၉၁၀-၁၉၉၅)[ပြင်ဆင်ရန်]

မန္တလေးမြို့မှ ထင်ရှားသော နဂါးဆေးလိပ်လုပ်ငန်းပိုင်ရှင် ဘုရားအမ၊ ကျောင်းအမကြီး(၂၇ ဧပြီ ၁၉၁၀ မွေး-၁၁ ဇူလိုင် ၁၉၉၅ ကွယ်လွန်) ဖြစ်သည်။ ၁၉၁၀-ခု၊ ဧပြီလ (၂၇)ရက်နေ့တွင် အဖဦးထင်၊ အမိ ဒေါ်စုတို့က မန္တလေး၊ ဂုန္တန်ရပ်၌ မွေးဖွားခဲ့သည်။ မွေးချင်း - မွေးချင်း ၁၂ ယောက်ရှိပြီး သမီးဦးဖြစ်သည်။ လူထုဒေါ်အမာ၏ အစ်မအရင်းဖြစ်သည်။

ငယ်စဉ်က မန္တလေး၊ ဘီတီအင်ကျောင်း(ခ)ဗုဒ္ဓသာသနနုဂ္ဂဟမိန်းကလေးကျောင်း၌ ပညာဆည်းပူးသည်။ ၁၉၂၁ အမျိုးသမီးနေရှင်နယ်ကျောင်း စဖွင့်သောအခါ ပြောင်းရွှေ့ သင်ယူသည်။ သို့သော် သုံးနှစ်မပြည့်မီ နေရှင်နယ်ကျောင်း ပျက်သုဉ်းသွား၍ အေဘီအမ်ကျောင်းသို့ ထပ်ပြောင်းသည်။ ထိုခေတ်ကာလက မြန်မာအမျိုးသမီးများ အတန်းကျောင်း ပညာသင်ကြားခြင်းကို အားပေးလေ့ မရှိသောကြောင့် ဒေါ်ဦးမှာလည်း ၁၉၂၇၊ ခုနစ်တန်း အရောက်တွင် ကျောင်းထွက်လိုက်ရသည်။[၁] ၁၉၂၉-ခုတွင် မြင်းမူမှ ဝါစက်ပိုင်ရှင်[၁]ဦးထွန်းချွန်နှင့် အိမ်ထောင်ကျခဲ့သည်။ ထို့နောက် မန္တလေးသို့ ပြောင်းရွှေ့လာကာ၊ [၁]၁၉၃၈-ခုတွင် နဂါးဆေးလိပ်အား တည်ထောင်ခဲ့သည်။ မန္တလေးတွင်သာမက ပြင်ဦးလွင်၊ မတ္တရာ စသည့် အနီးဝန်းကျင်မြို့များသို့ပါ ဖြန့်ချိသည်။ တွင်ကျယ်လာသောအခါ ရန်ကုန်သို့ပါ ပို့ပေးရသည်။ [၁]

၁၉၄၅-ခုတွင် ခင်ပွန်းသေဆုံးသောအခါ နိုင်ငံအနှံ့ ဖြန့်ချိရေးကို ဦးစီးဆောင်ရွက်ခဲ့သည်။ အိမ်စောင့်အစိုးရ တက်စကာလမှ လမ်းစဉ်ပါတီခေတ်လယ်လောက်အထိ ဆေးလိပ် အအောင်မြင်ဆုံး ဖြစ်ပြီး၊ ဆေးလိပ်ခုံ ၂၇ ခုံခန့်မှ လုပ်သား ၅၆၀၀ ခန့် ရှိခဲ့သည် ဆို၏။ သို့သော် နောက်ပိုင်းတွင် အပြိုင် ဆေးလိပ်ခုံများ ပေါ်လာသောကြောင့် လုပ်ငန်း ကျဆင်းလာသည်။ [၁]အဂ္ဂမဟာသီရိသုဓမ္မာသိင်္ဂီဘွဲ့ကို ပထမဆုံးရရှိခဲ့သည်။ မန္တလေး ၈၄-လမ်း၊ လက်ဆည်ကန်ရပ်၊ အနောက်ယပ်ဝင်းပေါက် နေအိမ်တွင် ၁၉၉၅-ခု၊ ဇူလိုင်လ (၁၁)ရက်တွင် ၈၅ နှစ်အရွယ်၌[၁] ကွယ်လွန်သည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ စာ-၁၅၃၊ ပါလီမန်ခေတ် ထင်ပေါ်ကျော်ကြား အမျိုးသမီးများ၊ တင်နိုင်တိုး၊ ၂၀၁၃ ဖေဖော်ဝါရီ၊ မဇ္ဈိမစာပေ
  2. နေထွတ်၏ မန္တလေး အဘိဓာန်