သုခ (ဒါရိုက်တာ)
သုခ (၁၉၁၀-၂၀၀၅) သည် အလင်္ကာကျော်စွာဘွဲ့ရ စာရေးဆရာနှင့် ရုပ်ရှင်ဒါရိုက်တာ တစ်ဦး ဖြစ်သည်။
မာတိကာ
ငယ်ဘဝ[ပြင်ဆင်ရန်]
၁၉၁ဝပြည့်နှစ်၊ ဇန်နဝါရီလ(၁၄)ရက်၊ (၁၂၇၁-ခု၊တပို့တွဲလဆန်း(၅)ရက်၊သောကြာနေ့)တွင် ကျိုက်လတ်အပိုင်၊ စာဖြူစုကျေးရွာသူကြီး ဦးစံခိုင်၊ ဒေါ်မျှင်တို့မှ ဖွားမြင်သည်။ သာသမီး(၄)ယောက်အနက် အကြီးဆုံးဖြစ်သည်။ ငယ်မည်မှာ မောင်သိန်းမောင် ဖြစ်သည်။
ပညာရေး[ပြင်ဆင်ရန်]
၁၉၂၆ - ကျိုက်လတ်မြို့၊ အမျိုးသားကျောင်းမှ အလယ်တန်း အောင်မြင်ခဲ့သည်။ ၁၉၂၇ - ဖျာပုံအမျိုးသားကျောင်းသို့ ပြောင်းရွှေ့ကာ အထက်တန်းပညာသင်ယူသည်။ အလယ်တန်းမှစ၍ ကဗျာ၊ ရတုများရေးသားစပ်ဆိုလာခဲ့ရာ အထက်တန်းကျောင်းသားဖြစ်လာသောအခါ ဝတ္ထုရေးရန် စိတ်သန်လာသည်။ ၉-တန်းအရောက်တွင် ကျောင်းမှထွက်ကာ ဖခင်ဦးစံခိုင်၊ ရန်ကုန်တွင်တည်ထောင်သော အာဇာနည်ဂျာနယ်တိုက်တွင်လုပ်ရန် ရန်ကုန်သို့ထွက်ခွာခဲ့သည်။ ဂျာနယ်ပိတ်လိုက်ရသဖြင့် ကျိုက်လတ်ပြန်ခဲ့သည်။ ကျိုက်လတ်ပြန် ရောက်သောအခါ ကျိုက်လတ်ဆရာကြီးဦးဘမူ၏ အမျိုးသားကျောင်းတွင် မြန်မာစာပြဆရာအဖြစ်ဆောင်ရွက်ရင်း အမျိုးသားအောင်ပွဲနေ့များတွင် ကျင်းပသည့် ပဒေသာကပွဲများအတွက် ဇာတ်လမ်းရေးပေး၊ ကိုယ်တိုင်လည်းပါဝင်ကပြ၊ ဒါရိုက်တာလည်းလုပ်ခဲ့သည်။
၁၉၂၉ - စိန်သိန်းတန်အမည်ဖြင့် စံပယ်ပွင့် ဝတ္ထုရေး၊ ကဝိမျက်မှန်မဂ္ဂဇင်းတွင် ဖေါ်ပြခံရ။ စာမူခငွေ (၁ဝိ/-)နှင့် မဂ္ဂဇင်း(၆)လဆုရ။
၁၉၃၀ - ပြည့်နှစ် ရွှင်ပျော်ပျော်တိုက်ဝတ္ထုပြိုင်ပွဲတွင် မောင်သိန်းမောင်အမည်ဖြင့် မိန်းမသား ဝတ္ထုရွေးချယ် ခံရ။
၁၉၃၂ - အသက်(၂၃)နှစ်အရွယ်တွင် ဖတ်ခဲ့မှတ်ခဲ့သော လောကီလောကုတ္တရာဆိုင်ရာ မှတ်စုများကို စတင်စုဆောင်းရေးသား(နောင်တွင် သုခမှတ်စု စာအုပ်ထွက်ခဲ့)။
၁၉၃၄ - ရွှင်ပျော်ပျော်တိုက်နှင့် လိုက်ဖက်အောင်သုခအမည်ခံယူသည်။ သုခအမည်ခံယူပြီးနောက်တွင် ဝတ္ထုအဆုံး၌ သုခိအတ္တာနံပရိဟရန္တု ဆုတောင်းကိုထည့်လေ့ရှိပြီး ရွှင်ပျော်ပျော်တိုက်အတွက် လုံးချင်းဝတ္ထုငယ်များ ရေးသားခဲ့သည်။ မိုက်မိတယ် လုံးချင်းဝတ္ထုထွက်ရှိခဲ့သည်။
ရုပ်ရှင်လောကသို့ ဝင်ရောက်ခြင်း[ပြင်ဆင်ရန်]
၁၉၃၈ - ချစ်အမျှ ရုပ်ရှင်ဇာတ်ညွှန်းကို ရေးသား၍ ရုပ်ရှင်လောကသို့ ဝင်ရောက်ခဲ့။
၁၉၄၂ - ဂျပန်ခေတ်တွင် ပြဇာတ်များကို ရေးသားတင်ဆက်ခဲ့သည်။ ကန်တော်မိတ်ရုံတွင် ဂုဏ်၊ ဂျိုတီရုံတွင် မေတ္တာနှင့်သစ္စာ၊ မြိုင်ရုံတွင် ဩော်မိန်းမ - ဩော်ယောက်ျား၊ မိန်းမနဲ့ယောက်ျား၊ ဩော် --- လောက ပြဇာတ်များတင်ဆက်ခဲ့သည်။ စာရေးဆရာအသင်း ရန်ပုံငွေအတွက် ဝိဇယ 'ပေါ်ဦး' ပြဇာတ်များတွင် ဒါရိုက်တာလုပ်ပြီး ကိုယ်တိုင်လည်းပါဝင်ကပြခဲ့သည်။ မောင်ဖေငယ် ပြဇာတ်အထူးလူကြိုက်များခဲ့သည်။ နောက်ပိုင်း ကာဌေးရုံတွင် ချစ်တော့ချစ်တယ်"၊ "ဝသုန်ဤမြေ၊ ဝင်းဝင်းရုံတွင် ကိုယ်ကြိုက်တာကိုယ်လုပ် ဇော်ရုံတွင် သားတို့ရုပ်ရည် ပြဇာတ်များကို ကိုယ်တိုင်အဓိကဇာတ်ဆောင်နေရာမှ ပါဝင်ကပြခဲ့သည်။
၁၉၄၈ - ချစ်အနုမြူ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာအဖြစ် ပထမဆုံးရိုက်ကူး (ထိုကားအတွက် စာရေးဆရာ အသင်းက ချီးမြင့်သော ဂုဏ်ထူးဆောင်ရွှေတံဆိပ်ဆုရခဲ့)။
၁၉၅၁ - သုခဝတ္ထုတိုပေါင်းချုပ် စာအုပ်ထွက်။ (ထိုစာအုပ်ကို ၁၉၅၅၊ ၁၉၆၆၊ ၁၉၇၈၊ ၁၉၈၈ ခုနှစ်များတွင် ပြန်လည်ရိုက်နှိပ်ခဲ့)။
၁၉၅၄ - ဩော်မိန်းမဇာတ်ကားရိုက်။ (အကယ်ဒမီ ဒါရိုက်တာဆုရ)။
၁၉၅၆ - ဘဝသံသရာဇာတ်ကားရိုက် (အကယ်ဒမီ ဒါရိုက်တာဆုရ)။
၁၉၅၇ - ၆၇ - ရုပ်ရှင်နယ်၊ စာပေနယ်တွင် ကျင်လည်စာအုပ်များရေးသားထွက်ရှိ၊ ဗုဒ္ဓဘာသာတရားတော်ကို စွဲ မြဲစွာယုံကြည်ရင်းရှိသဖြင့် (နောင်တွင် ရဟန်းစားရသော ဆွမ်းတစ်နပ်၊ တစ်ပါးသီလ၊ ရုပ်မြင်သံကြားဇာတ် လမ်းများရေးသား ရိုက်ကူးခဲ့)။
၁၉၅၈ - အလင်္ကာကျော်စွာ ဘွဲ့ကို ရရှိ
၁၉၆၈ - စကားပြောသောအသည်းနှလုံး ဇာတ်ကားရိုက် (အကယ်ဒမီ ဒါရိုက်တာဆုရ)။
၁၉၇၀ - ကျမမှာမိန်းမသား ဇာတ်ကားရိုက် (အကယ် ဒမီ ဒါရိုက်တာဆုရ)။
၁၉၇၃ - ဘယ်သူပြိုင်လို့လှပါတော့နိုင် ဇာတ်ကားရိုက်(အကယ်ဒမီ ဒါရိုက်တာဆုရ)။
၁၉၇၅ - ရွှေခြည်ငွေခြည်တန်းပါလို့ ဇာတ်ကားရိုက် (အကယ်ဒမီဒါရိုက်တာဆုရ)။
၁၉၈၃ - ၈၄ - ရန်ကုန်တိုင်း၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ တက္ကသိုလ်ဆရာလောင်း မွန်းမံသင် တန်းတို့တွင် စကားပြောဟောနည်းပညာ၊ တရားဟောနည်းပညာ ဘာသာရပ်ပို့ချခဲ့။
၁၉၉၄ - ရာမာခရစ္စနာ၏ သုတ္တပုံပြင်များစာအုပ်ထွက်။
၁၉၉၄ - ဇန်နဝါရီလ(၄)ရက်နေ့တွင် မဟာသဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ်ကို ချီးမြင်ခြင်းခံရ။
၁၉၉၅ - ရတနာသုတ်စာအုပ်ထွက် မင်္ဂလသုတ် (စတုတ္ထ အကြိမ်)ထွက်။
၁၉၉၇ - ချယ်လီအလှစာအလှ၊ စိတ်ဆိုသောစိတ်၊ သုခမှတ်စု၊ သုတရသဓမ္မစာစုံ၊ အမေ စသောစာအုပ်များ ထွက်။
၁၉၉၈ - ဇေယျတုသဗ္ဗမင်္ဂလံ၊ ဓမ္မရသ၊ လောကနီတိ၊ အကျော်ဒေးယျ၊ ဗုဒ္ဓသမီးတော်များ စသောစာအုပ်များ ထွက်။
၁၉၉၉ - ကံကံ၏အကျိုး၊ မေတ္တာသုတ် စာအုပ်များထွက်။
၂၀၀၀ - ပြည့်နှစ် သုခနှင့်သုခ စာအုပ်ထွက်။
၂၀၀၁ - အောက်တိုဘာ(၂၆)ရက်တွင် ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ အပ်နှင်း။ ချီးမြင့် ပဒေသာ၊ သဗ္ဗေသတ္တာ စာအုပ်များထွက်။
စာရေးဆရာ ဒါရိုက်တာကြီးဦးသုခသည် ၂၀၀၅-ခုနှစ်၊ ဒီဇင်ဘာ(၇)ရက်နေ့ ဗုဒ္ဓဟူးနေ့မနက် ၁၁ နာရီ မိနစ် ၃၀တွင် အမှတ်(၂) စစ်ဆေးရုံ၌ ကွယ်လွန်ခဲ့။
ပါဝင်ဆောင်ရွက်ခဲ့သော အဖွဲ့အစည်းများ[ပြင်ဆင်ရန်]
- ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်း (ဝိုင်အမ်ဘီအေ)နာယက
- စေတီယင်္ဂဏအသင်း၊ နာယက
- တိပိဋက နိကာယသာသနာပြု ဥပဌာကအဖွဲ့ ဂုဏ်ထူးဆောင်နာယက။
- တိ-နိ စာအုပ်စာပေ အနုပညာနှင့် မော်ကွန်းအဖွဲ့ နာယက
- နာရေးကူညီမှုအသင်း (ရန်ကုန်)နာယက
ဆရာကြီးဦးသုခသည် လုံးချင်းဝတ္ထုပေါင်း (အစောပိုင်းကာလက) ၁ဝဝမျှရေးခဲ့၍ ဝတ္ထုတိုပေါင်း(၂၀၀)ခန့် ရေး သားခဲ့သော်လည်း နောက်ပိုင်းတွင် ဘာသာရေးဆိုင်ရာများကိုသာ ဦးစားပေးခဲ့သည်။ ရုပ်ရှင်ကားပေါင်း (၃၃)ကားမျှ ဒါရိုက်တာလုပ်၍ ရိုက်ကူးခဲ့သည်။
ထင်ရှားသည့်စာအုပ်အချို့[ပြင်ဆင်ရန်]
(၁) သုခမှတ်စု
(၂) အကျော်ဒေးယျ ဗုဒ္ဓသမီးတော်များ
(၃) မင်္ဂလသုတ်(အဖွင့်)
(၄) မေတ္တသုတ်
(၅) လောကနီတိ
(၆) သုခဝတ္ထုတိုပေါင်းချုပ်
(၇) ရာမာခရစ္စနာပုံပြင်များ
(၈) ကံကံ၏အကျိုး
(၉) ချယ်ရီအလှစာအလှ
(၁၀) သုတရသဓမ္မစာစုံ
(၁၁) စိတ်ဆိုသောစိတ်