ဦးသိန်းစိန်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးမှုများ

ဝီကီပီးဒီးယား မှ

ယခင်တွေ့ဆုံခဲ့မှုများ[ပြင်ဆင်ရန်]

ယခင် အစိုးရ လက်ထက်တွင် အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ကြည်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် လုပ်ငန်းများ ဆက်သွယ် ဆောင်ရွက်ရန် အတွက် ဆက်ဆံရေးဝန်ကြီး အဖြစ် ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် ခန့်အပ်ခံခဲ့ရသည်။ ယင်းကဲ့သို့ ဆက်ဆံရေးဝန်ကြီး အဖြစ် ခန့်အပ်ခံခဲ့ရပြီးနောက် ဦးအောင်ကြည်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၀၀၇ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ် အတွင်း ကိုးကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် တွေ့ဆုံခဲ့မှုများ-

  • ၁။ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်
  • ၂။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၉ ရက်
  • ၃။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်
  • ၄။ ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်
  • ၅။ ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်
  • ၆။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၃ ရက်
  • ၇။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၇ ရက်
  • ၈။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်
  • ၉။ ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလ ၁၅ ရက်


ပထမအကြိမ်[ပြင်ဆင်ရန်]

ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့သစ်မှ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်နှင့် ရန်ကုန်မြို့ရှိ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် ၂၀၁၁ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီ မှ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်အထိ အစိုးရအဖွဲ့သစ် လက်ထက်၌ ပထမဆုံးအကြိမ် (ယခင်အစိုးရလက်ထက်တွေ့ဆုံပွဲများမှ ရေတွက်လျှင် (၁၀)ကြိမ်မြောက်) အဖြစ် တွေ့ဆုံဆွေးနွေးခဲ့သည်။ [၁]

ထိုသို့ ဆွေးနွေးရာတွင် -

  • တရားဥပဒေ စိုးမိုးရေးကိစ္စ၊
  • စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေးကိစ္စနှင့်
  • အများပြည်သူ အကျိုးဖြစ်ထွန်းစေမည့်ကိစ္စ စသည့် ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေး အတွက် နှစ်ဖက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ နှင့်
  • သင့်လျော်သောရက်တွင် ထပ်မံ တွေ့ဆုံ ဆွေးနွေးရန်ကိုလည်း သဘောတူခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်က ကျွန်မတို့ကတော့ တိုင်းပြည်အတွက် အကျိုးဖြစ်စေမယ့် ရလဒ်တွေပဲ မျှော်လင့်ပါတယ်။ ဘာပဲလုပ်လုပ်ပေါ့နော်၊ ဘာစကားပဲပြောပြော၊ ဘယ်သူနဲ့ပဲတွဲတွဲ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံနဲ့ တိုင်းပြည်အတွက်၊ ပြည်သူပြည်သားများကို အကျိုးပြုဖို့ပါပဲ။ ဒါကိုပဲ ကျွန်မတို့ မျှော်လင့်ပါတယ်ဟု ဖြေကြားခဲ့သည်။


ဒုတိယအကြိမ်[ပြင်ဆင်ရန်]

ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့သစ်မှ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ၂၀၁၁ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့ရှိ စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာ၌ မွန်းလွဲ ၁ နာရီမှ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အထိ အစိုးရသစ်လက်ထက် ဒုတိယအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးခဲ့သည်။ [၂]

တွေ့ဆုံ ဆွေးနွေးမှုနှင့် ပတ်သက်သော သတင်းထုတ်ပြန်ချက်ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ဖတ်ကြားခဲ့ရာ အချက်လေးချက် ပါဝင်ပြီး ယင်းအချက်များမှာ -

  • ၁။ ပြည်သူလူထုတစ်ရပ်လုံး၏ ပကတိလိုအပ်ချက် ဆန္ဒများကို ဖြည့်ဆည်းပေးသည့် အနဖြေင့် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်အစိုးရနှင့် နှစ်ဖက် လက်တွဲ ဆောင်ရွက်သွားမည်။
  • ၂။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ စနစ် ဆက်လက် တိုးတက်ထွန်းကားစေရေး အတွက် လည်းကောင်း၊ စီးပွားရေးနှင့် လူမှုရေးလုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် လည်းကောင်း အပြုသဘော ပူးပေါင်းဆောင်ရွက်သွားမည်။
  • ၃။ ပဋိပက္ခအသွင်ဆောင်သော အမြင်သဘောထားများကို ရှောင်ရှားကြပြီး အပြန်အလှန် တူညီသော ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ် (reciprocal process) အတွက် ဦးတည်ချက်ထား၍ ဆောင်ရွက်သွားမည်။
  • ၄။ တွေ့ဆုံ ဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင်သွားမည် စသည့် အချက်များ ဖြစ်သည်။


နိုင်ငံတော်သမ္မတနှင့်တွေ့ဆုံခြင်း[ပြင်ဆင်ရန်]

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့်ဒေါ်အောင်ဆန်းစုကြည် တို့သည် ဩဂုတ်လ ၁၉ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် နေပြည်တော်ရှိ သမ္မတအိမ်တော် ရုံးခန်း၌ ပထမဆုံး တွေ့ဆုံခဲ့သည်။ အဆိုပါတွေ့ဆုံမှုတွင် နိုင်ငံတော် သမ္မတက နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူများ၏ အကျိုးစီးပွား အတွက် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များကို ခင်မင်ရင်းနှီးစွာ ရှင်းလင်း ပြောကြားခဲ့ကြောင်း၊ နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် တို့သည် မတူကွဲပြားသော သဘောထားအမြင်များ ဘေးဖယ်ထားပြီး နိုင်ငံနှင့် ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားများ တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ [၃]

ဒေါ်အောင်ဆန်းစုကြည်သည် ဩဂုတ်လ ၁၉ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သော နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်စဉ်ကာလအတွင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် သီးခြားတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ယင်း အလုပ်ရုံ ဆွေးနွေးပွဲ(ဒုတိယနေ့)ကို ဩဂုတ်လ ၂၀ ရက်နေ့တွင် ဆက်လက် ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။

တတိယအကြိမ်[ပြင်ဆင်ရန်]

အစိုးရသစ် လက်ထက်တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် နှင့် ဒေါ်အောင်ဆန်းစုကြည် တို့မှာ တတိယအကြိမ်မြောက် အဖြစ် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီ မှ ၂ နာရီ ၁၇ မိနစ် အချိန်အထိ တွေ့ဆုံခဲ့ကြပြီး လွတ်ငြိမ်းချမ်းသာခွင့် အပါအဝင် အကြောင်းအရာ လေးရပ်အား ဆွေးနွေးခဲ့ကြသည်။ [၄]

ဆွေးနွေးမှုအပြီး ထုတ်ပြန်ခဲ့သော ကြေညာချက်ကို ဦးအောင်ကြည်က ဖတ်ကြားခဲ့ရာ၌ “ယနေ့ တွေ့ဆုံ ဆွေးနွေးမှုတွင် -

  • နိုင်ငံတော်သမ္မတကြီးက လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စဉ်းစား ဆောင်ရွက်နေသည့်ကိစ္စ၊
  • ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေးအတွက် နှစ်ဖက်ပူးပေါင်း ဆောင်ရွက်နိုင်မည့် နည်းလမ်းများကိစ္စ၊
  • ဥပဒေပြင်ပတွင် လက်နက်ကိုင်ဆောင် ဆန့်ကျင်နေကြသူများကို ဥပဒေဘောင်အတွင်း ထာဝရငြိမ်းချမ်းရေး တည်ဆောက်ပေးရန် နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်နေသည့် ကိစ္စများနှင့်
  • ပြည်တွင်းတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စ
  • တွေ့ဆုံ ဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားရန် သဘောတူညီကြသည်။ ဟူ၍ ဖြစ်သည်။


စတုတ္ထအကြိမ်[ပြင်ဆင်ရန်]

အစိုးရသစ် လက်ထက်တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် စတုထ္ထအကြိမ်မြောက်အဖြစ် အောက်တိုဘာလ ၃၀ရက်နေ့ မွန်းလွဲ ၁နာရီမှ ၁နာရီ ၅၅မိနစ် အချိန်အထိ ရန်ကုန်မြို့ရှိ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ [၅]

  • ယခင် ဆွေးနွေးခဲ့မှုများအပေါ် နိုင်ငံတော်က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနေသည့်အခြေအနေ၊ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လွတ်လပ်စွာ ကုန်သွယ်ခွင့်၊ ကူးသန်းရောင်းဝယ်ခွင့် ရရှိရေးနှင့် လွတ်လပ်စွာငွေကြေး လည်ပတ်သုံးစွဲခွင့်ရရှိရေးတို့၏ အရေးကြီးမှုတို့နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
  • တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ထာဝရငြိမ်းချမ်းရေး ရရှိရန် နိုင်ငံတော်က ဆောင်ရွက်ပေးနေမှုများ တိုးတက်ဖြစ်ထွန်းမှု အခြေအနေများနှင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်သူများကိစ္စကိုလည်း ဆွေးနွေးခဲ့ကြသည်။
  • တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားရန် သဘောတူညီခဲ့ကြသည်။

ဝန်ကြီး ဦးအောင်ကြည်က ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှု လုပ်ငန်းစဉ်မှာပါမက၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်အသီးသီးမှာ ပူးပေါင်း ဆောင်ရွက်ကြမယ်လို့ ကျွန်တော်တို့ သဘောတူထားခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့က လုပ်ငန်းစဉ်တစ်ရပ်ကို လုပ်တဲ့အခါမှာ တစ်လှမ်းပြီးတစ်လှမ်း ဆောင်ရွက်တတ်တဲ့ သဘာဝရှိပါတယ်။ ဒါအားလုံးလည်း သိတဲ့အတိုင်းပဲ။ ကျွန်တော်တို့က စုံလည်းမခုန်ဘူး။ ရပ်လည်းမနေပါဘူး ဟု ပြောကြားခဲ့သည်။


ဆက်စပ်ကြည့်ရှုရန်[ပြင်ဆင်ရန်]


ကိုးကား[ပြင်ဆင်ရန်]