အ.ထ.က(၂)စစ်တွေ

ဝီကီပီးဒီးယား မှ
အ.ထ.က (၂) စစ်တွေ
စစ်တွေနော်မံကျောင်း
လိပ်စာ
ဂေါက်ရှီလမ်း ၊ ဘောက်သီးစုရပ်ကွက်၊ စစ်တွေ
သတင်းအချက်အလက်
တည်ထောင်၁၉၁၇
အတန်းများသူငယ်တန်း-ဒသမတန်း

အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊စစ်တွေ သည် ရခိုင်ပြည်နယ် စစ်တွေမြို့ ဘောက်သီးစုရပ်ကွက် တွင် တည်ရှိသည်။


သမိုင်းကြောင်း[ပြင်ဆင်ရန်]

ယခု အ.ထ.က(၂) စစ်တွေဟုခေါ်သော အစိုးရ အထက်တန်းကျောင်းကြီးကို မူလအမည်ရင်း နော်မံကျောင်းဟု ရပ်ဝေးရပ်နီးတွင် ယခု တိုင် ခေါ်တွင်နေဆဲ ဖြစ်သည်။ ဤအချက်က ဤကျောင်းတော်ကြီး၏ သက်တမ်း သည် မနည်းတော့ပြီဖြစ်ကြောင်းနှင့် ခေတ်သစ်ရခိုင်ပြည်နယ် ပညာရေးလောကတွင် လည်း သမိုင်းဝင်အရပ်တစ်ခု ဖြစ်ကြောင်းကို မီးမောင်းထိုးပြနေပါသည်။

ဤစစ်တွေနော်မံကျောင်းကြီးကို ၁၈၇၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ကြောင်း မြန်မာနိုင်ငံပညာရေးဌာန သမိုင်း (၁၉၉၉ခုနှစ်၊ ဇွန်လ) အရသိရှိရသည်။ စဖွင့်စက ကိုယ်ပိုင်သီးခြားရပ်တည်ခဲ့ခြင်းမဟုတ်ဘဲ ထိုစဉ်က စစ်တွေမြို့တွင် တစ်ခုတည်း ရှိသော အစိုးရကျောင်း (နောင် အထက -၁ စစ်တွေဟု ဖြစ်လာပြီး ၁၉၇၃ခုမှစ၍ စစ်တွေကောလိပ်အဖြစ် ဖွင့်လှစ်လာသောနေရာ) ယခင် ဖေယာလမ်း (ယခု ကျောင်း ကြီးလမ်း)၊ မောလိပ်ရပ်ကွက်တောင်ပိုင်းတွင် တွဲဖက် ဖွင့်လှစ်ခဲ့ကြောင်း ဆိုသည်။

စစ်တွေအစိုးရကျောင်းသည် ၁၈၄၆ခုနှစ်တွင် (ထိုစဉ်က ရခိုင်လူဦးရေ ၃၁၀,၀၀၀ ခန့်မှန်းရှိခဲ့သည်) စတင်ဖွင့်လှစ်ခဲ့ သည်မှန်သော်လည်း ၁၈၆၆ ခုနှစ်တွင် မြန်မာနိုင်ငံပညာရေး ဌာနဖွင့်သည်အထိ အခြားသော မော်လမြိုင် (၁၈၃၅ ခုနှစ်ဖွင့်)၊ ကျောက်ဖြူ (၁၈၃၆) ခုနှစ်ဖွင့်ပွဲနှင့် ပြည်မြို့ (၁၈၆၆ ခုနှစ်ဖွင့်) တို့ရှိ အစိုးရကျောင်းများနည်းတူ အလယ်တန်းအဆင့်ရှိသည့် ကျောင်းသာဖြစ်သည်။

နော်မံကျောင်း (Normal)၏ မူလအဓိပ္ပာယ် ဖြစ်သည့် ကျောင်းနေတစ်ဖက် ဆရာအတတ်သင် တစ်ဖက်အဖြစ်သင် တန်း (တပည့်ဆရာစနစ် Pupil Teacher System) ဖြစ် သည့်အလျောက် ပညာရေးဖြန့်ဖြူးပေးသည်ကို လက်ခံယူမည့် ကျောင်းသားလူငယ်များ ရရှိရေးသည်လည်း အဓိကကျပါ သည်။ သို့ဖြစ်၍ စစ်တွေနော်မံကျောင်းသည် သီးခြားကျောင်း မဖြစ်ခင် အထက်တန်းကျောင်းနှင့် တွဲထားရခြင်း ဖြစ်ပေ သည်။ တွဲဖက်ထားသော ပင်မစစ်တွေအစိုးရကျောင်းမှာ အလယ် တန်း အဆင့်ရှိသည့် ကျောင်းသာဖြစ်သဖြင့် စစ်တွေ နော်မံကျောင်းသည် မူလတန်းဆရာဖြစ်အတွက် အောင်လက်မှတ် များကို ထုတ်ပေးခဲ့မည် ဖြစ်သည်။ စာမေးပွဲကို မြန်မာနိုင်ငံ ပညာရေးဌာနမှ ကြီးမှူးကျင်းပခဲ့မည်သာ ဖြစ်သည်။

ဤနေရာတွင် စစ်တွေနော်မံကျောင်းဖွင့်စက ရခိုင်ဒေသ (ယင်းခေတ်ကအခေါ်ရခိုင်တိုင်း)ရှိ ပညာရေးစနစ်ကိုလည်း တစ်စေ့တစ်စောင်း သိရှိထားရပါ မည်။

ဗြိတိသျှတို့က ၁၈၂၆ခုနှစ်[၁]တွင် ရခိုင်နှင့် တနင်္သာရီ တို့ကို သိမ်းယူပြီးနောက် ၎င်းတို့၏ အုပ်ချုပ်ရေး ယန္တရား လည်ပတ်နိုင်ရန် ဒေသခံဝန်ထမ်းများကို ခန့်ထားသည်။ ထိုဝန်ထမ်းများမှာလည်း ခေတ်လောကဓာတ်ပညာကို နားလည်ရမည်လည်း ဖြစ်သည်။[၂]

အင်္ဂလိပ်ခေတ်ဦး ရခိုင်ပညာရေး[ပြင်ဆင်ရန်]

သို့ဖြစ်၍ ဗြိတိသျှအစိုးရ (ကုမ္ပဏီအစိုးရ)သည် ၁၈၃၅ တွင် မော်လမြိုင် အစိုးရကျောင်း၊ ၁၈၃၆ တွင် ကျောက်ဖြူ အစိုးရကျောင်းနှင့် ၁၈၄၆ ခုနှစ်တွင် စစ်တွေ အစိုးရကျောင်းတို့ကို စတင်ဖွင့်လှစ်ခဲ့သည်။ ဤသို့ဖြင့် နယ်ချဲ့တို့သည် ၎င်းတို့ သိမ်းပိုက်ခံ နယ်မြေတို့ကို ရေရှည် အုပ်ချုပ်ရန် ရည်ရွယ်ခဲ့သည်မှာ ထင်ရှားလှပါသည်။

ကျောက်ဖြူနှင့် စစ်တွေတို့တွင် အစိုးရကျောင်းများ ကို ဖွင့်လှစ်စဉ်အခါက ရခိုင်ဒေသတွင် ရခိုင်တို့၏ ဓလေ့ထုံးစံ နှင့်အညီ ပညာသင်ကြားမှုများ ရှိနေဆဲဖြစ်သည်။ အရေး အဖတ်နှင့် သင်္ချာပညာတို့ကို သင်ကြားပေးပါသည်။ ထို ပညာများကို ဘုန်းကြီးကျောင်းများ၊ လူကျောင်းများတွင် သင် ကြားပေးပါသည်။

ထိုကာလ ၁၈၇၀ပြည့်နှစ်ဝန်းကျင်တွင် ရခိုင်ရှိ လူ ကျောင်းစာရင်းမှာ စစ်တွေခရိုင်တွင် ၇၄ကျောင်း၊ ယောက်ျား ၈၈၅ဦး၊ မိန်းကလေး ၂၇ဦး၊ ပေါင်း ၉၁၂ဦး၊ ရမ်းဗြဲခရိုင်တွင် လူကျောင်း ၁၂ကျောင်း၊ ယောက်ျားလေး ၈၀ဦးသာ ရှိသည်။ သံတွဲမှ စာရင်းမှာ မရပါ။ (မြန်မာနိုင်ငံ ပညာရေး သမိုင်း စာ ၁၈၄)။ ထိုစဉ်က ရခိုင်လူဦးရေမှာ ၄၅ဝ,ဝဝဝ ဦး ရှိသည်။

လူကျောင်းများမှာ ရပ်ရွာအလိုက် အစီအစဉ်ဖြင့် ဆရာများကို ငှား၍ သင်ကြားသလို၊ ငွေကြေးတတ်နိုင်သူတို့ လည်း မိမိတို့အစီအစဉ်ဖြင့် ဆရာများကို ငှားရမ်းကာ မိမိ တို့အိမ်တွင်ပင် သင်ကြားပေးခဲ့သည်။ နီးစပ်ရာအလိုက် ကျန်ကျောင်းသားများက အခမဲ့ တက်ရောက်နိုင်ကြသည်။ ငွေကြေးတတ်နိုင်သူတို့က ဤသင်ကြားပေးခြင်းကို ပညာဒါန ပေးလှူသည်ဟု သတ်မှတ်ကြသည်။ (ဤစနစ်သည် ရခိုင်ကျေးလက်များတွင် ၁၉၃၀ ပြည့်လွန်အထိ စဉ်လာမပျက် ရှိနေခဲ့ကြောင်း သိရှိရသည်။)

လူကျောင်းတွင် ဖြစ်စေ၊ ဘုန်းတော်ကြီးကျောင်း တွင်ပင်ဖြစ်စေ ၁၉ရာစုခေတ်က ဗြိတိသျှအင်္ဂလိပ်အုပ်ချုပ် သည့် ကာလဖြစ်သော်လည်း အင်္ဂလိပ်စာကို သင်ကြားပေး ခြင်း မရှိပါ။ အင်္ဂလိပ်စာကို မတတ်သဖြင့် မသင်ပေးသလို၊ အထင်မကြီး၍လည်း မသင်ပေးခြင်း ဖြစ်သည်။ အင်္ဂလိပ် စာ၏ အသုံးဝင်မှုမှာ ကျေးလက်များတွင် သဘောပေါက် လွယ်သည့် အရာမဖြစ်ခဲ့ပါ။ စစ်တွေကဲ့သို့သော မြို့ကြီးများ တွင်သာ ကြေးရေတတ်များက မိမိတို့၏ သားသမီးများကို ရပ်ဝေးမြေခြားတွင် ပညာသင်ကြားစေပြီး ရာထူးဌာနန္တရများ တွင် အမှုထမ်းနိုင်ရန် အားပေးခဲ့ကြသည်။ ။

ရခိုင်ရှိ ဘုန်းတော်ကြီးကျောင်းများ၌ပင် ရခိုင် ဘုန်းတော်ကြီးများသည် တိုင်းရင်းဘာသာသင်္ချာရပ်တွင်ကောင်းစွာ တတ်မြောက်ကြကြောင်း ဗြိတိသျှတို့၏ အစီရင် ခံစာများအရ သိရသည်။ ရခိုင်ရိုးရာ သင်္ချာပညာရပ်သည်ကျောင်းသားများအဖို့ လက်တွေ့ကျလှသည့် ပညာရပ်တစ်ခု ဖြစ်ကြောင်း ဆိုနေပါသည်။ (မြန်မာနိုင်ငံ ပညာရေးသမိုင်း စာ ၅၂၊ အောက်ခြေမှတ်စု)

ခရစ်ယာန် သာသနာပြုလုပ်ငန်းသည် ရခိုင်တွင် ၁၈၄၀ပြည့်နှစ်၌ သံတွဲတွင် တည်ထောင်ခဲ့သည်။ ထိုသို့ သာသနာပြုဖွင့်လှစ်ရခြင်းမှာ မြန်မာမင်းပိုင်နယ်ရှိ မြစ်ဝကျွန်း ပေါ်မှ ကရင်လူမျိုးများကို လှမ်း၍သိမ်းသွင်းရန် ဖြစ်သည်။ (မြန်မာနိုင်ငံပညာရေးသမိုင်း စာ ၁၂၆)။

၁၈၇၀-၇၁ခုနှစ် ရခိုင်တိုင်းမင်းကြီး အစီရင်ခံစာ အရ ရခိုင်တိုင်းတွင် အစိုးရကျောင်း ၂ကျောင်း (စစ်တွေနှင့် ကျောက်ဖြူတွင် တစ်ကျောင်းစီ)နှင့် စစ်တွေခရိုင်တွင် လူကျောင်း၂ကျောင်း၊ ရမ်းဗြဲ (ကျောက်ဖြူ)ခရိုင်တွင် လူကျောင်း ၁ကျောင်းသာ ရှိခဲ့သည်။ သာသနာပြုကျောင်း မရှိခဲ့ပါ။ ကျောင်းတက်အင်အားမှာ စစ်တွေခရိုင်တွင် ၁၆၁ ဦး၊ ရမ်းဗြဲ ခရိုင်တွင် ၁၃၅ဦးသာ ရှိခဲ့သည်။ အစိုးရကျောင်းများအနေ ဖြင့် စစ်တွေတွင် ၁၅၇ ဦးနှင့် ရမ်းဗြဲတွင် ၈၅ဦး အသီးသီး ရှိခဲ့သည်။ (ဤစာရင်းမှာ ပညာရေးသမိုင်းနှင့် ကွာခြား နေပါသည်။ လူကျောင်းသတ်မှတ်ပုံ အယူအဆ တူညီခြင်း၊ မရှိဟန် တူသည်။)

၁၈၇၀ပြည့်နှစ်တွင် ရခိုင်ရှိ လူကျောင်း၊ ဘုန်းကြီး ကျောင်းများမှာ စစ်တွေခရိုင်တွင် ဘုန်းကြီးကျောင်း ၂၃၂ ကျောင်း၊ ကိုရင် ၁၄၈၊ ကျောင်းသားဦးရေ ၁၉၅၅ စုစုပေါင်း တပည့်ဦးရေ ၂၁၁၃ဦး၊ ရမ်းဗြဲခရိုင်တွင် ဘုန်းကြီးကျောင်း | ၁၆၅၊ ကိုရင် ၁၅၅ဝ၊ ကျောင်းသား ၁၅၅၊ စုစုပေါင်း ၁၇၀၅ ဦး ရှိသည်။ သံတွဲခရိုင်မှ စာရင်းမရှိပါ။

၁၈၇၂-၇၃ ခုနှစ်တွင် သံတွဲခရိုင်၌ လူကျောင်း ၂ ကျောင်းပိုလာသည်။ ။

စစ်တွေနော်မံကျောင်း[ပြင်ဆင်ရန်]

၁၈၈၁-၈၂ ခုနှစ်အတွက် ဗြိတိသျှပိုင် မြန်မာနိုင်ငံ | အုပ်ချုပ်ရေး အစီရင်ခံစာအရ စစ်တွေမြို့ နော်မံကျောင်းတွင် သင်တန်းသား နှစ်ဆယ်ဦးတက်ရောက် သင်ကြားနေကြောင်း ဖော်ပြထားသည်။ ဤအရေအတွက်မှာ အောက်မြန်မာနိုင်ငံ တစ်ခုလုံးရှိ ရန်ကုန်၊ စစ်တွေ၊ မော်လမြိုင်တို့ရှိ နော်မံကျောင်း တို့တွင် ပညာသင်ကြားနေကြသော သင်တန်းသားများ၏ ၂ဝ ရာခိုင်နှုန်းကျော်ကျော်ခန့် ဖြစ်ကြောင်း တွေ့ရသည်။ ထိုကျောင်းနေစာရင်းတွင် ကျောင်းသားမည်မျှ၊ ကျောင်းသူမည် မျှရှိသည်ကို ဖော်ပြထားခြင်း မရှိသော်လည်း ထိုခေတ်သဘော သဘာဝအလျောက် ကျောင်းသားများသာလျှင် ဖြစ်တန်ရာသည်။

မြန်မာနိုင်ငံစာရင်းအင်း ၁၈၉၁ခုနှစ် (Burma Statistics 1891) အရ စစ်တွေခရိုင်လက်ထောက်ကျောင်း စစ်မှူး (Deputy Inspector of School) တစ်ဦး၊ တိုင်း ရင်းဘာသာနော်မံကျောင်းနှင့် လေ့ကျင့်ရေးကျောင်းတစ်ကျောင်း (a Vernacular Normal and Practicing School) နှင့် အထက်တန်းကျောင်း (High School) တစ်ကျောင်းရှိသည်ဟု ဖော်ပြထားသည်။ ဤအချက်က ၁၈၇၈ ခုနှစ်တွင် စတင်ဖွင့်လှစ်သော စစ်တွေနော်မံကျောင်းသည် ၁၈၉ဝပြည့်နှစ်ဝန်းကျင်တွင် သီးခြားကျောင်းတစ်ကျောင်းအ ဖြစ်ရှိနှင့်နေပြီဖြစ်သည်ကို ထောက်ပြနေပါသည်။

မြန်မာနိုင်ငံပြန်တမ်း၊ စစ်တွေခရိုင်၊ စာအုပ်ဘီ (Burma Gazetteer, Akyab District Volume B) အရ ၁၉၁၇-၁၈ ဘဏ္ဍာရေးနှစ်မှစ၍ စစ်တွေခရိုင်၌ အထက်တန်းကျောင်းနှစ်ကျောင်း ဖြစ်လာရာ ပထမကျောင်းမှာ အစိုးရ အထက်တန်းကျောင်းဖြစ်ပြီး ဒုတိယကျောင်းမှာ အစိုးရနော်မံ ကျောင်း (Government Normal School) ဖြစ်နေသည်။ အစိုးရကျောင်းတွင် ၁၉၂၂ခုနှစ်၌ သင်ကြားသူများထဲ တွင် ကျောင်းသူမရှိသည်ကို ထောက်၍ ၁၉၁၇-၁၈ခုနှစ်တွင် ဖော်ပြထားသော ကျောင်းတက်ကျောင်းသူ ၄၂ဦးမှာ ဤနော်မံကျောင်းမှ ကျောင်းသူများသာ ဖြစ်တန်ပါသည်။ ၁၉၁၉၂၀ စာသင်နှစ်တွင် ကျောင်းသူ ၃၈ဦးအထိ ကျဆင်းသွားပါ သည်။ သို့ရာတွင် ထိုနှစ်၌ အသက်မွေးဝမ်းကျောင်းအတွက် စစ်တွေတွင် ကျောင်းသူ ၁၇ဦး တက်ရောက်နေသည်ဟု ဖော်ပြရာ ၁၄ဦးမှာ ကေအီးအမ်အိုင် (KEMI)ကျောင်းတွင် အပ်ချုပ်သင်ကြားနေသော မိန်းကလေးများဖြစ်ကြပြီး ကျန်၃ဦး ကို အစိုးရနော်မံကျောင်းတွင် သင်ကြားနေသည့် မိန်းကလေး ဟု ဖော်ပြထားသည်။ အသက်မွေးဝမ်းကျောင်း (Technical Training) ဟုဆိုသဖြင့် စစ်တွေနော်မံကျောင်း တွင် မိန်းကလေးများအတွက် အသက်မွေးဝမ်းကျောင်းကို လည်း သင်ကြားပေးခဲ့ဟန်တူပေသည်။

အထက်ပါ တွေ့ရှိချက်များကို ထောက်ရှု၍ အစိုးရ နော်မံကျောင်းသည် ၁၈၉ဝပြည့်နှစ်ဝန်းကျင်တွင် သီးခြား ကျောင်းအဖြစ်တည်ရှိနေပြီး ၁၉၁၇ခုနှစ်တွင် အထက်တန်း ကျောင်းအဖြစ် တိုးမြှင့်ခံရကြောင်း အခိုင်အမာ ယူဆနိုင်သည်။ သီးခြားကျောင်းအဖြစ်တည်ရာ ဌာနမှာ စစ်တွေမြို့ဘောက်သီးစုရပ်ရှိ ယခု အထက(၂) ကျောင်းနေရာတွင်ပင် ဖြစ်ကြောင်း ယုံမှားသံသယလုံးဝ မရှိနိုင်ပါ။

နော်မံကျောင်းတည်ရှိပုံစနစ်[ပြင်ဆင်ရန်]

လက်ရှိကျောင်းတည်ရှိပုံစနစ်အရ နော်မံကျောင်း သည် အရှေ့အရပ်တွင် ဂေါက်ရှီလမ်းကို မျက်နှာစာ ပြုထားသည်။ ပင်မအဆောက်အဦသည် တောင်မြောက်တန်းနေ ပြီး တောင်ဘက်ပိုင်းသို့ ပိုမိုနီးကပ်ပါသည်။ မြောက်ဘက် တွင် တောင်မြောက်တန်း၍ပင် အဆောင်တစ်ဆောင်ပါ သည်။ ဆရာ၊ ဆရာမလောင်းများ လေ့ကျင့်ရေးဆင်းသည့်ကျောင်း (Practicing School) ပင်ဖြစ်သည်။ ပင်မကျောင်းဆောင်၏ အနောက်ဘက်တွင် အားကစားကွင်း (ကာယလေ့ကျင့်ကွင်း)ရှိသည်။ တောင်ဘက် ပင်မကျောင်းဆောင်နှင့်ကပ်ပြီး ယခုငပိန်လမ်းကို မျက်နှာမူလျက် အမျိုး သားအိပ်ဆောင်နှင့် ထမင်းချက်ရုံများ ရှိကြသည်။

ကျောင်းဝင်းမြောက်ဘက်တွင် အရှေ့အနောက်တန်း နေသော စစ်ကဲလမ်း ရှိသည်။ အနောက်ဘက်တွင် အား ကစားကွင်းနှင့်ကပ်လျက် ဘောင်းဒွတ်သားစုမှ လူနေအိမ် ခြေများရှိကြသည်။ ကျောင်းဝင်းသည် တောင်မြောက် ၄၂၆ ပေ၊ အရှေ့အနောက် ၄၄၀ ပေမျှ ကျယ်ဝန်းပြီး ဧရိယာအား ဖြင့် ၄-၃ဧကမျှ ရှိသည်။

အမျိုးသားအိပ်ဆောင်တွင် ဆရာလောင်းများကို ထားရှိသည်။ အဝေးဆုံး သံတွဲမြို့မှပင် လာရောက်၍ ဆရာ ဖြစ်တက်ရောက် နေခဲ့ကြောင်း သိရှိရသည်။ (သံတွဲမှ လာရောက် သင်ကြားသူ ဦးသက်စုသည် နောင်တွင် သံတွဲ ဘုရားသမိုင်းများကို ပြုစုသူအဖြစ် စစ်ပြီးခေတ်တွင် ထင်ရှား ခဲ့သည်။)

၁၉၃၆-၃၇ ခုနှစ်တွင် ဆရာဖြစ် သင်တန်းသား ၄၂ဦးနှင့်၊ သင်တန်းသူ ၇ဦးတို့ တက်ရောက်ခဲ့ကြသည်။ သင်တန်းပို့ချသော ဆရာ/ဆရာမများမှာ ၁၁ဦးနှင့် ဆရာမ ၃ ဦးတို့ဖြစ်ကြသည်။ ။ နော်မံကျောင်း စတင်ဖွင့်လှစ်ချိန်မှ စစ်ကြီးမဖြစ် ခင်အထိ တာဝန်ယူခဲ့သော ကျောင်းအုပ်ကြီးများမှာ မစ္စတာကာဝီ (သိန်း)၊ ဦးရွှေဦး၊ ဦးဘိုးချစ်၊ ဦးဘိုးညောင်၊ ဦးဘကျော်တို့ ဖြစ်ကြသည်။ ၎င်းတို့သည် ဒေသခံများမဟုတ်ကြချေ။

၁၉၄၂ခုနှစ် မတ်လ ၂၃ရက်နေ့တွင် စစ်တွေမြို့ကို ဂျပန်လေတပ် စတင်ဗုံးကျဲချိန်တွင် ကျောင်းစာသင်နှစ် ကုန် ဆုံးချိန်ဖြစ်နေပါသည်။ စစ်ကြီးအတွင်းတွင်မူ နော်မံကျောင်း သည် တခြားသော အဆောက်အဦများနည်းတူ ဗုံးဒဏ်ကို ခံခဲ့ရသည်။

၁၉၄၅ ခုနှစ်တွင် စစ်ကြီးပြီးသည့်အခါတွင်လည်း ချက်ခြင်း ကျောင်းကို ဖွင့်လှစ်နိုင်ခြင်း မရှိပါ။ စစ်ကြောင်း အုပ်ချုပ်ရေးယန္တရားသည် ပျက်ပြားသွားခြင်းနှင့်အတူ မူလ နော်မံကျောင်း၏ ဇာတိရုပ်သည်လည်း ပီပြင်အသက်ဝင်လာ ခြင်း မရှိတော့ချေ။

၁၉၄၇ခုနှစ်တွင် မူလတန်းကျောင်းအဖြစ် ပြန် လည်ဖွင့်လှစ်လာသည်။ ထိုစဉ်က ကျောင်းအုပ်ဆရာကြီးမှာ ဦးစံကျော်ဖြစ်သည်။ နောက်တစ်နှစ်တွင် ဆရာမကြီး ဒေါ် ငွေဖြစ်လာသည်။ ၁၉၅၀ ပြည့်နှစ်တွင် အလယ်တန်းကျောင်းအဖြစ် ဖွင့်လှစ်လာသည်။ အထက်တန်းကျောင်း ဘဝ ပထမဦးဆုံးသော ဆရာကြီးမှာ ဦးစိန်လှအောင် ဖြစ်သည်။

မည်သည့်ခေတ်ကာလတွင် ဖြစ်စေ မည်သို့ပင် အမည်များကို ပြောင်းလဲသည်ဖြစ်စေ၊ စစ်တွေနော်မံကျောင်းမှာ မူလဇာတိအမည်အတိုင်းပင် နော်မံကျောင်း ဟုသာ ဆက် လက်ထင်ရှားလျက် ရှိသည်။


ကိုးကား[ပြင်ဆင်ရန်]

၁။ ဦးသန်းဦး - မြန်မာနိုင်ငံ ပညာရေးသမိုင်း ၁၉၉၉ဇွန်၊ ပထမအကြိမ်၊ မြမြဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်။

၂။ ဦးခင်မောင်ကြည် (ဘာသာပြန်) - ဗြိတိသျှတို့မသိမ်းပိုက်မီနှင့် သိမ်းပိုက်ပြီး မြန်မာနိုင်ငံ ပညာရေးသမိုင်း ၁၉၉၅ ဒီဇင်ဘာ၊ ဖိုးဝစံအော့(ဖ်)ဆက်၊ ရန်ကုန်။

၃။ Burma Statistics 1891, Government Press, Rangoon

၄။ Burma Gazetteer: Akyab District Volume A, Government Press, Rangoon g Burma Gazetteer; Akyab District Vol

၅ ။ Burma Gazetteer: Akyab District Volume B, Government Press, Rangoon g Burma Gazetteer; Akyab District Vol

၆။ စစ်တွေမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းသမိုင်းနှင့် ၂၀၀၂-၁၃ ပညာ သင်နှစ်ပညာရေးလုပ်ငန်းပြက္ခဒိန် (မိတ္တူပွားမူ)

  1. ကျောက်အုတ်တို့ ပြိုလေရာ (၄) (ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်အကြိုဆောင်းပါး)။ 26 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 October 2020 တွင် ပြန်စစ်ပြီး။
  2. ဗြိတိသျှကိုလိုနီခေတ် တောင်ငူမြို့၏ ပုံရိပ်လွှာများ။ 24 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 October 2020 တွင် ပြန်စစ်ပြီး။


ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]