အဲလစ်ကလေး၏ ထူးဆန်းသော အိပ်မက်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အဲလစ်ကလေး၏ ထူးဆန်းသောအိမ်မက် စာအုပ်မျက်နှာဖုံး

၁၈၆၅ ခုနှစ်တွင် အင်္ဂလိပ်စာရေးဆရာ လူးဝစ် ကဲရော အယ် ရေးသားသော အဲလစ်ကလေး၏ ထူးဆန်းသောအိမ်မက် အမည်ရှိပုံပြင်စာအုပ်ကလေးသည် အထူးပင်အောင်မြင်ကျော်ကြားခဲ့သည်။ အင်္ဂလိပ် ကလေးသူငယ်များသာမက မြန်မာကလေးသူငယ်များသာကြိုက်နှစ်သက်သော ပုံပြင်စာအုပ်ကောင်းတစ်ခုပင်ဖြစ်လေသည်။ ယနေ့ထွက်ပြီးခဲ့သမျှသော ကလေးစာအုပ်များထဲတွင် စိတ်ဝင်စားဖွယ်အကောင်းဆုံးဖြစ်ပေသည်။ ထိုဝတ္ထုတွင် အဲလစ်ကလေးသည် တစ်နေ့သ၌ အိပ်ပျော်နေစဉ် အိမ်မက်ထဲတွင် ထူးဆန်းသော တိုင်းပြည်တစ်ပြည်သို့ရောက်သွားပုံကို ကလေးများအကြိုက်ဖြစ်အောင်၊ ရယ်ဖွယ်၊ လွမ်းမောဖွယ်၊ စိတ်လှုပ်ရှားဖွယ် အဖြစ်အပျက်များဖြင့် တန်ဆာဆင်၍ ရေးသားထားလေသည်။ ပုံထဲတွင် ပါဝင်သော တိရစ္ဆာန်များနှင့် ထူးဆန်းသော သတ္တဝါကလေးများမှာ အထူးပင် စိတ်ဝင်စားဖွယ်ကောင်းသဖြင့် ထိုစာအုပ်ကို ကလေးများသာမက လူကြီးများပင် နှစ်ခြိုက်ကြလေသည်။ ထိုဝတ္ထုပုံပြင်စာအုပ်ကလေးအား ဖော်ပြပေးပါမည်။။။။။။။။

အဲလစ်ကလေး

ပူပြင်းလှသော နေ့လယ်ပိုင်း နေရှိန်ကြောင့် ပူအိုက်ခြောက်သွေ့ကာ ပျင်းရိငြီးငွေ့ဖွယ်ဖြစ်ရသည့်အထဲတွင် ပျားပိတုန်းတို့၏ တဝီဝီညည်းသံသည် သစ်ပင်ရိပ်တွင် လဲလျောင်းနေသော အဲလစ်ကလေးအား အပျင်းပိုကာ ငိုက်မျဉ်းလာစေ၏။ ဖြည်းညှင်းစွာ တိုက်ခတ်လျှက်ရှိသော လေပူဒဏ်ကြောင့် နွမ်းလျနေသော အဲလစ်၏ မျက်လုံးကလေးများသည် တဖြည်းဖြည်းမှေးမှိန်ကာ အိပ်ပျော်တော့မည့်ဆဲဆဲတွင် ရုတ်တရတ် မိမိရှေ့နားသို့ မျက်လုံးနီနီနှင့် ယုန်ဖြူကလေးတစ်ကောင် ရောက်လာသည်ကိုမြင်လိုက်သောအခါ၊ အဲလစ်ကလေးသည် ငိုက်မျဉ်းခြင်းများ ပြေပျောက်၍ ယုန်ကလေးကို ငေးကြည့်နေမိလေသည်။ ယုန်ဖြူကလေးသည် အဲလစ်ကလေးအနီးသို့ ရောက်လတ်သော် ပြေးလာသော ကိုယ်ရှိန်ကို သတ်လိုက်၍ ခေတ္တမျှရပ်တန့်ပြီးလျှင် ဝတ်ထားသော ကိုယ်ကျပ်အင်္ကျီထဲမှ နာရီကလေးကို ထုတ်ကြည့်လိုက်၏။ ထိုနောက်အလွန်အရေးကြီးသော ကိစ္စရှိသည့်အလား ယခင်ကထက် ပိုမိုလျှင်မြန်စွာ ပြေးသွားသည်။ ဤသို့အင်္ကျီကိုဝတ်၊ အိတ်ဆောင်နာရီကို ကိုင်ဆောင်ထားသော ထူးထူးဆန်းဆန်းယုန်ကလေးမျိုးကို မတွေ့မြင်ဘူးသော အဲလစ်ကလေးသည် ဆက်လက်ကြည့်ရှု့လိုသော စိဆန္ဒကြောင့် ယုန်ကလေးနောက်သို့ အပြေး လိုက်သွားလေသည်။ ပြေးရင်း လိုက်ရင်းဖြင့် လိုဏ်ခေါင်းတစ်ခုထဲသို့ရောက်သွားကြ၏။ လိုဏ်ခေါင်းအဆုံးသို့ ရောက်သော် အဲလစ်ကလေးသည် ကြီးမားသော တံခါးကြီးများရှိ၍ မီးအိမ်များ တပ်ဆင်ထားသော အခန်းကျယ်ကြီးတစ်ခုထဲသို့ ရောက်နေမိကြောင်း သိရလေသည်။

အခန်းကြီး၏ အလယ်တွင် ဖန်သားအတိပြီးသော သုံးချောင်းထောက် စားပွဲငယ်လေးကို ရွှေသော့ကလေးတစ်ချောင်း တင်လျက်သားနှင့် တွေ့ရသည်။ အဲလစ်ကလေးသည် ထိုသော့ငယ်ဖြင့် တံခါးကြီးများကို ဖွင့်စမ်းကြည့်၏။ သို့ရာတွင် လွန်စွာကြီးမားလှသော တံခါးသော့ခလောက်ကြီးကို ထိုသော့ငယ်ဖြင့် ဖွင့်၍ မရချေ။ ထို့နောက် အဲလစ်ကလေးသည် ခန်းဆီးတစ်ခုကို တွေ့ရသဖြင့် ခန်းဆီးကိုမလိုက်ရာ နောက်ကွယ်၌ ၁၅လက်မခန့်မြင့်သော တံခါးငယ်ကလေးတစ်ခုကို တွေ့ရသည်။ ရွှေသော့ငယ်ကလေးဖြင့် ဖွင့်ကြည့်လိုက်သော် တံခါးကလေးမှာ အလွယ်တကူပွင့်သွားလေသည်။ သို့ရာတွင် တံခါးပေါက်မှာ အဲလစ်ကလေး၏ ကိုယ်နှင့်မမျှအောင် သေးငယ်ကျဉ်းမြောင်းလှပေသည်။ သို့ဖြစ်၍ တံခါးပေါက်ဝမှ အသာချောင်းကြည့်လိုက်သည်တွင် လွန်စွာလှပသော ပန်းဥယျာဉ်ကလေး တစ်ခုကို တွေ့ရလေသည်။ အဲလစ်ကလေးသည် တံခါးပိတ်ပြီး အခန်းကြီးထဲပြန်လာခဲ့သည်။ စားပွဲအနီးတွင် ဆေးပုလင်းငယ်တစ်လုံးကို တွေ့ရပြန်သည်။ ပုလင်းပေါ်တွင် “ကျွန်ုပ်ကို သောက်လိုက်ပါ”ဟူ၍ စာတမ်းရေးထားသည်။ အဲလစ်ကလေးသည် သတိကောင်းသူဖြစ်သဖြင့် စာအညွှန်းအတိုင်း ရုတ်တရတ် မသောက်လိုက်ဘဲ၊ အဆိပ်ဟု ရေးသားထားသော စာတမ်းပါမပါ စစ်ဆေးကြည့်လိုက်သေးသည်။ မပါကြောင်းတွေ့ရမှ ပုလင်းကို ဖွင့်၍မော့ချလိုက်သည့်အဆုံး------------------------------------


ဟယ်---ထူးဆန်းလှချည်လား။။။ အို--ငါ့ကိုယ်လည်း တစ်ဖြည်းဖြည်းငယ်သွားပါပကော...... ဟင်- ဒီလိုဆိုယင် တစ်ကိုယ်လုံးပျောက်သွားတော့မှာလား" အဲလစ်ကလေးသည် အံ့ဩစွာ မြည်တမ်းမိလေတော့သည်။ အံ့ဩမည်ဆိုလျှင်လည်း အံ့ဩလောက်စရာပေ။ အဘယ့်ကြောင့်ဆိုသော် ဆေးရည်ကို သောက်လိုက်သည်နှင့်တပြိုနက် သူ့ကိုယ်လုံးကလေသည် တဖြည်းဖြည်း သေးငယ်သွားသည်မှာ နောက်ဆုံး၌ တံခါးပေါက်ကလေးမှကောင်းစွာဝင်သာအောင် အမြင့် ၁၀လက်မမျှအထိ အရပ်ပုဝင်သွားသောကြောင့် ဖြစ်၏။ ထိုအခါတံခါးပေါက်ကလေးကို ဖွင့်ရန် ရွှေသော့ကလေးကို စမ်းကြည့်သည်။ ရွှေသော့ကလေးမှာ ပုလင်းကို ကိုင်ကြည့်စဉ်က စားပွဲပေါ်တွင် အမှတ်တမဲ့ ချထားမိသောကြောင့် လက်တွင် မပါလာတော့ချေ။ ယခုအခါ စားပွဲမှာ အဲလစ်ကလေး၏ အရပ်ထက် အဆမတန်မြင့်မားနေပြီဖြစ်ရကား အဲလစ်ကလေးမှာ ကြံရာမရဖြစ်ကာ ဒေါသလည်းထွက်၊ စိတ်လည်းညစ်လှသဖြင့် ထိုင်၍ငိုနေမိလေသည်။ သို့သော်အရွယ်နှင့် မလိုက်အောင် အသိဉာဏ်ထက်သန်သည့်အလျောက် ကြာရှည်စွာငိုကြွေးမနေဘဲ တစ်စုံတစ်ခုပြုလုပ်ရန် အနီးတစ်ဝိုက်ကို ကြည့်လိုက်၏။ ထိုအခါ “ကျွန်ုပ်ကို စားလိုက်ပါ”ဟု ရေးသားထားသော ပန်းစာလုံးများ ပါရှိသည့် ကိတ်မုန်ကြီး တစ်လုံးကို တွေ့ရလေသည်။ထိုကိတ်မုန့်ကို စားလိုက်သောအခါ အဲလစ်ကလေး၏ အရပ်မှာ တဖြည်းဖြည်းတက်လာပြန်သည်။ အဲလစ်ကလေးလည်း အံ့ဩလှစွာဖြင့် မိမိ၏ ခြေထောင်နှင့် ခေါင်းမှာ တဖြည်းဖြည်းဝေး၍ဝေး၍သွား သွားသည်ကို တွေ့ရလေသည်။ ထိုထက်မြင့်တက်သွားလျှင် သူ၏ ခြေထောင်ကို မှုန်ရီမှုန်မွှားသာ မြင်ရပြီးနောက် ပျောက်ကွယ်သွားတော့မည်အထင်နှင့် "ခြေထောက်ကလေးရေ နေရစ်ခဲ့ပေတော့ဟေ့” ဟူ၍ နှုတ်ပင်ဆက်မိလေသည်။

ဤကဲ့သို့ အရပ်မြင့်လာပြန်သော အခါတွင်ကား အရပ်၁၀လက်မမျှရှိစဉ်က အပေါ်သို့ တစ်မျှော်တစ်ခေါ်ကြီး လှမ်း၍ ကြည့်ရသော စားပွဲငယ်ပေါ်ရှိ သော့ကလေးကို အလွယ်တကူ ကောက်ယူ၍ တံခါးငယ်ကလေးကို ဖွင့်နိုင်ပြီဖြစ်သော်လည်း အရပ်မှာ များစွာမြင့်မားနေပြန်သောကြောင့် အကြံရကျပ်နေပြန်၏။ အဲလစ်ကလေးမှာ စိတ်ညစ်လှသဖြင့် ရှိုက်ကြီးတငင်ငိုကြွေးသည့်အခိုက် တစ်စုံတစ်ယောက်၏ အသံ ကြားရ၍ ကြည့်လိုက်သောအခါ မိမိနောက်ယောင်ခံလိုက်လာခဲ့သော ယုန်ဖြူကလေးကို တွေ့ရလေသည်။ ယုန်ကလေးမှာ တစ်စုံတစ်ခုအတွက် စိုးရိမ်ပူပန်နေဟန် ရှိ၏။ အဲလစ်ကလေးကြည့်နေစဉ်မှာပင် ယုန်ကလေးသည် ရုတ်တရက်အရေးကြီးဟန်နှင့် လက်ထဲရှိ ယက်တောင်တို့ကို ပစ်ချလိုက်ပြီးနောက် အခန်းထဲမှ ပြေးထွက်သွားသည်။ အဲလစ်ကလေးသည် ထိုပစ္စည်းများကို ကောက်ယူကိုင်တွယ်ရင်း “ငါ့နယ်နော်--ဒီယုန်ကလေး လာတုန်းက အကူအညီမှ မတောင်လိုက်ရ” ဟု ညည်းတွားမိလျက် တွေးတောငေးမှိုင်နေလေသည်။

နာရီကြည့်တတ်သော ယုန်ငယ်ကလေး

အဲလစ်ကလေးသည် ကိုင်ထားသော ယပ်တောင်ဖြင့် အမှတ်မဲ့ ယပ်ခတ်နေမိသည်။ထိုအခါ အလွန်မြင့်မားလှသော သူ၏အရပ်မှာ တစ်ဖြည်းဖြည်းနိမ့်လာ၏။ ယပ်တောင်ကို အချိန်မှီ ပစ်မချ လိုက်မိလျှင် ကြမ်းပြင်တွင် ပုဝင်ပျောက်ကွယ်သွားလောဟု ထင်ရပေသည်။ဤကဲသို့ မမြှော်လင့်ဘဲ ရုတ်တရတ် သေးငယ်သွဦးသော မိမိ၏ ကိုယ်ခန္ဓာကလေးကို ကြည့်ရှုရင်း အံ့ဩယင်းလျှောက်လာခဲ့လေရာရေအိုင်ကြီး တစ်ခုထံသို့ ချော်ကျကာ သေရေးရှင်ရေး ကူးခပ်ရပြန်သည်။ ထိုရေအိုင်ကား သူ၏ အရပ် အလွန်တရာ မြင့်မားစဉ်က ကြံရာမရ၍ ငိုးကြွေးရာ၌ ကျဆင်းသော မျက်ရည်အိုင်ပင် ဖြစ်ရာ၊ ယခုကဲ့သို့ အရပ် လွန်စွာသေးငယ်သွားသောအခါ ထိုမျက်ရည်အိုင်မှာ တကယ့်ရေအိုင်ကြီးကဲ့သို့ ရှိနေတော့သည်။

အဲလစ်ကလေးသည် စိုရွှဲလျက်ရှိသော အဝတ်များခြောက်သွေ့စေရန် ရေအိုင်ကမ်းစပ်တွင် ထိုင်နေသည်။ အနီးတွင် ငှက်ကလေးများနှင့် အတူ တစ်ခါမှ မမြင်ဘူးသော သတ္တဝါကလေးများအပြင် ကြွက်ကလေး တစ်ကောင်ကိုပါ တွေ့ရလေသည်။ နှုတ်သီးကောက်ကောက်နှင့် ဒိုဒိုငှက်ကြီးတစ်ကောင်က အပြေးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် စိုရွှဲနေသော အဝတ်များ မကြာမီ ခြောက်သွေ့သွားဦးလိမ့်မည်ဟု အကြံပေးလေသည်။ သို့ဖြင့် အပြေးပြိုင်ကြရာတွင် မည်သူနိုင်၍ မည်သူရှုံးသည်ကို မသိရသော်လည်း အဲလစ်ကလေးနှာ နေရာတစ်ခုသို့ တစ်ယောက်တည်း ရောက်နေကြောင်း တွေ့ရလေသည်။

အနီးအပါးတွင် ယခင်က ယုန်ဖြူကလေးကို တစ်ဖန်တွေ့ရပြန်၏။ ယုန်ကလေးမှာ သူ့လောက်မျှသာ ရှိသောအဲလစ်ကလေးအား မြင်ရသောအခါ ယခင်ကကဲ့သို့ မကြောက်ရွံ့တော့ရုံသာမက သူ၏လက်အိတ်ကလေးများကို သွား၍ ယူရန်ပင် ခိုင်လိုက်သေးသည်။ လတ်အိတ်ကလေးများကို ယူရန် ယုန်ကလေး၏ လှကသော အိမ်ကလေးအတွင်းသို့ ဝင်ရောက်ခဲ့၏။ အိမ်ကလေးအတွင်း၌ ပုလင်းတစ်လုံးကို တွေ့ပြန်သဖြင့် အထဲရှိဆေးရည်ကို မော့သောက်လိုက်လေ၏။ ထိုသို့ သောက်လိုက်သည်နှင့် တပြိုင်နက် အရပ်အမောင်းမှာ ရုတ်တရတ်ကြီးမားထွားကျိုင်းလာတော့ရာ အိမ်ကလေးမှာ သူ၏ ကိုယ်လုံးနှင့် မဆန့်အောင် ဖြစ်ကာ လက်တစ်ဖက်ကို ပြတင်းပေါက်မှလည်းကောင်း၊ ခြေတစ်ဖက်ကို မီးခိုးတိုင် အပေါက်မှလည်းကောင်း အပြင်သို့ ထုတ်ထားရ၏။ ယုန်ကလေးလည်း အဲလစ်ကလေးပြန်မလာနိုင်သဖြင့် နောက်ကလိုက်ခဲ့၏။ အဲလစ်ကလေးဖြစ်ပုံကို မြင်ရသောအခါ ထခုန်မိမတတ် လန့်ဖျပ်သွားလေသည်။ အဲလစ်ကလေးကို အပြင်သို့ ထုတ်ယူရန် အနီးရှိဥယျာဉ်မှူးကလေးများကို ခေါ်၍ ကြိုးစာထုတ်ကြသော်လည်းမတတ်နိုင်ကြတော့သည့်အဆုံးတွင် အိမ်အတွင်းသို့ ပြတင်းပေါက်မှ ကျောက်စရစ်ခဲကလေးများကို ပစ်သွင်းကြ၏။ ကျောက်စရစ်ခဲကလေးများသည် အိမ်ထဲသို့ရောက်သောအခါ ကိတ်မုန့်တုံးကလေးများ ဖြစ်သွားသည်။ ထိုကိတ်မုန့်တုံးကလေးများကို ကောက်စားလိုက်သည်တွင် သူ၏ ကိုယ်ကြီးမှာ ကြီးရာမှ တဖန်ပြန်လည်သေးငယ်သွားသဖြင့် အိမ်ကလေးအတွင်းမှ ထွက်ပြေးပြီးသော် တောအုပ်တစ်ခုအတွင်း၌ ဝင်ရောက်ပုန်အောင်းနေလေသည်။ ထိုတောအုပ်ထဲတွင် ပေါက်ဖတ်ကြီးတစ်ကောင်သည် မှိုပွင့်ကြီးတစ်ခုပေါ်၌ ထို၍ ဆေးတံရှည်ကြီးကိုခဲယင်း၊ အဲလစ်ကလေးကို မြင်လိုက်သောအခါ မေးခွန်းများစွာမေးမြန်းလေတော့သည်။ အဲလစ်ကလေးမှာ ထိုမေးခွန်းများကို တစ်ခုမျှမဖြေနိုင်သောအခါ ပေါက်ဖတ်ကြီးသည် စိတ်တိုဟန်ဖြင့် ထွက်ခွာသွားရန် ဟန်ပြင်ယင်း “ငါမင်းကို တစ်ခုပြောမည်။ ဒီဘက်အခြမ်းကတော့ မင်းအရပ်ကို ရှည်လာစေလိမ့်မယ်၊ ဒီဘက်အခြမ်းကတော့ မင်းအရပ်ကိုတိုလာစေလိမ့်မယ်” ဟုပြောကြားခဲ့သည်။ အဲလစ်ကလေးလည်း ကောင်းစွာနားမလည်သဖြင့် ဒီဘက်အခြမ်းကတော့ ရှည်လာစေလိမ့်မည် ဟိုဘက်အခြမ်းကတော့တိုသွားစေလိမ့်မယ်တဲ့၊ ဘာများပြောတာပါလိမ့်။ "ဒီဘက်အခြမ်းဆိုတာ ဘာရဲ့ဒီဘက်အခြမ်းလဲ၊ ဟိုဘက်အခြမ်းဆိုတာ ဘာရဲ့ ဟိုဘက်အခြမ်းပါလိမ့်” ဟူ၍

စိတ်ထဲမေးမြန်းနေမိရာ ပေါက်ဖတ်ကြီးက ကြားရဘိသကဲ့သို့ “ဒီမှိုကို ပြောတာကွဲ့၊ ဒီမှို” ဟူ၍ ပြောရင်းထွက်ခွာသွားလေသည်။

အဲလစ်ကလေးသည် ထိုမှိုပြီးကို ထက်ခြမ်းခွဲ၍ တစ်ခြမ်းကို စားကြည့်လိုက်လျှင် သူ၏ အရပ်မှာ ရှိရင်းစွဲထက်ပင် ရုတ်တရတ် အရှိန်ပြင်းစွာ ပုဝင်သွားရာ သူ၏ ဦးခေါင်းနှင့် ခြေထောင်တို့ဖျတ်ကနဲ ရိုက်ခတ်မိသည်အထိပင်ဖြစ်တော့သည်။ နောက်တစ်ဖန် ကျန်တစ်ခြမ်းကို စားကြည့်လိုက်ပြန်သည်တွင် အရပ်မှာ တဟုန်းထိုး အထက်သို့ ထိုးတက်မြင့်မားသွားပြီးနောက် တောအုပ်တစ်ခုလုံးမှာ သူ၏ အောက်တွင် ကော်ဇော်ခင်းထားသကဲ့သို့ ပြားနေတော့သည်။ အဲလစ်ကလေးသည် မှိုကြီးကို ဟိုတစ်ဖဲ့ ဒီတစ်ဖဲ့ အနည်းငယ်စီ ချိန်ဆစားသောက်ခြင်းဖြင့် သူ၏ အရပ်မှာ နတ်သမီးကလေးအရွယ်မျှ ဖြစ်လာလေသည်။

အဲလစ်ကလေးသည် တောအုပ်အတွင်းမှ နေ၍ အိမ်ငယ်ကလေးတစ်လုံးကို တွေ့ရသဖြင့် သွားရောက်ကာ တံခါးကို ခေါက်လိုက်၏။ အတွင်း၌ကား အူသံ၊ အောက်သံ၊ ကွဲအပ်သံတို့ဖြင့် ဆူညံနေသဖြင့် တံခါးခေါက်ကို မည်သို့မျှ မကြားကြချေ။ အဲလစ်ကလေးသည် တံခါးကို အသာတွန်းဖွင့်၍ အတွင်းသို့ ဝင်ရောက်ခဲ့ရာတွင် မီးခိုးများလုံးနေသော မီးဖိုခန်းထဲသို့ ရောက်သွားလေတော့သည်။ မြို့စားကြီးကတော်တစ်ဦးသည် ခွေးခြေကလေးပေါ်တွင် ထိုင်လျက် မွေးကာစ လေးတစ်ယောက်ကိုချီထားလေသည်။ အနီးတွင် ထမင်းချက်မိန်းမကြီးသည် ဟင်းချိုအိုးထဲသို့ ငရုတ်ကောင်းမှုန့်များကို ခတ်နေလေသည်။ ငရုတ်ကောင်းမှုန့်အနံ့တို့သည် ကလေးငယ်၏ နှားခေါင်းထဲသို့ဝင်သဖြင့် ကလေးမှာ ငိုယိုချေဆတ်လျက်ရှိသည်။ ထမင်းလျက်မိန်းမကြီးလည်း ဟင်းချိုအိုးထဲသို့ ငရုတ်ကောင်းမှုန့်များထည့်ယင်းပင် မြို့စားကတော်ကြီးဘက်သို့ လှည့်ကြည့် လှည့်ကြည့်နှင့် ပန်းကန်ပြားများ၊ လက်ဖက်ရည်ကရားများကို လှမ်း၍ ပစ်ပေး၏။ မြို့စားကတော်ကြီးသည် ထိုအပြုအမူကို ဂရုမစိုက်ဘဲ ကလေးကိုသာ ချီမြဲချီလျက် သီချင်းတစ်ပုဒ်ကို သီဆိုနေလေသည်။ သီချင်းဆိုပြီးသောအခါ အဲလစ်ကလေးဘက်လှည့်၍ “ရော့၊ မင်း ဒီကလေးကို ထိန်းချင်ရင် ထိန်းတော့” ဟုဆိုကာ ကလေးငယ်ကို ပစ်ပေးလိုက်ပြီးလျှင် ထွက်ခွာသွားလေသည်။ ထိုကလေးငယ်ကို သည် အဲလစ်ကလေး၏ လက်ထဲသို့ ရောက်၍ မကြာမီပင် ဝက်ကလေးတစ်ကောင် ဖြစ်သွားလေရာ အဲလစ်ကလေးက အောက်သို့ချလိုက်သည်နှင့် တပြိုင်နက် တောနက်ထဲသို့ ပြေးဝင်သွားလေတော့သည်။

အဲလစ်ကလေးလည်း ဆက်လက်ထွက်ခွာလာခဲ့လျှင် အိမ်ကလေးတစ်အိမ်ကို တွေ့ရလေပြန်သည်။ အိမ်ရှေ့ဥပစာရှိ စားပွဲရှည်ကြီးတွင် လက်ဖက်ရည်ပွဲကျင်းပနေကြသည့် စိတ်မနှံ့သော ဦးထုတ်ချုပ်သမား၊ ယုန်တစ်ကောင်နှင့် ကြွက်တစ်ကောင်တို့ကို တွေ့ရလေသည်။ အဲလစ်ကလေး လာသည်ကို မြင်သောအခါ “မလာခဲ့နဲ့ဟေ့၊ ဒီမှာ နေရာမရှိဘူး” ဟုဆီး၍ ရိုင်းစိုင်းစွာ ပြောဆိုကြ၏။ အဲလစ်ကလေးလည်း စိတ်ဆိုးလာသဖြင့် "ဒီနေရာမှာ နေရာအများကြီးရှိတယ်” ဟု ခပ်မာမာပြော၍ ဝင်ထိုင်လေသည်။

ယုန်သည် အဲလစ်ကလေးဝင်ထိုင်သည်ကို မနှစ်မြို့သဖြင့် “မဝသေးရင်လဲ ထပ်သောက်လိုက်ဦးလေ” ဟုခနဲ့လေ၏။ အဲလစ်ကလေးလည်း “သောက်မှ မသောက်ရသေးတာကို ရှင်ဘယ့်နှယ့်ပြောလိုက်တာလဲ” ဟုပြန်ပြောလိုက်၏။ သူတို့၏ အပြုအမူမှာ ရိုင်းစိုင်းလှသဖြင့် အဲလစ်ကလေးလည်း ကြာကြာမနေနိုင်ဘဲ ထွက်လာခဲ့သည်။ ထိုအချိန်၌ ယုန်နှင့် ဦးထုတ်ချုပ်သမားသည် အိပ်ငိုက်နေသော ကြွက်ကို လက်ဖက်ရည်ကရားထဲသို့ ဆွဲနှစ်လျက် ပြောက်လှောင်ကစားရင်း ကျန်ရစ်ခဲ့ကြလေသည်။

အဲလစ်ကလေးသည် သူပထမဆုံးတွေ့ခဲ့ရသော အခန်းကြီးသို့ ပြန်သွားပြီးလျှင် ရွှေသော့ကလေးဖြင့် တံခါးပေါက်အငယ်လေးကို ဖွင့်လိုက်၏။ ထိုနောက် သူ့ကိုယ်ကို အရပ်တစ်ပေမျှအထိ ငယ်သွားအောင် မှိုစကလေးများကို စားလိုက်ပြီးလျှင် ထိုတံခါးပေါက်ကလေးမှ တဆင့် ပန်းဥယျာဉ်ကလေးထဲသို့ ပြေးထွက်လာခဲ့လေသည်။ ဥယျာဉ်ထဲတွင် ယခင်ကတွေ့ခဲ့သော မြို့စားကတော်ကြီးသည် ယုန်ဖြူကလေးနှင့်တကွ ဖဲပွင့် ဘုရင်၊ ဖဲပွင့်မိဘုရားတို့နှင့် အတူ ကစားလျက် ရှိကြသည်ကို တွေ့ရသည်။ ဖဲပွင့်မိဘုရားကြီးလည်း အဲလစ်ကလေးကို မြင်သောအခါ ကပွဲတစ်ခုသို့ ခေါ်သွား၏။ ကပွဲတွင် မခံမရပ်နိုင်အောင် အစခံရသောကြောင့် အဲလစ်ကလေးသည် အလွန်အမင်းစိတ်ဆိုးလာ၏။ သို့သော် ထိုခဏ၌ သူ၏အရပ်အမောင်းမှာ ပကတိအရွယ်အတိုင်း ပြန်ဖြစ်လာလေသည်။ အနီးအပါးတွင်လည်း ဖဲပွင့်ဘုရင်မကြီးနှင့် တကွ မည်သူတစ်ဦးတစ်ယောက်မျှ မတွေ့ရတော့ချေ။ အဲလစ်ကလေးလဲ စိတ်ဆိုးလျက်- “ဟင့်အင်း၊ ဟင့်အင်း ဘာမှလဲမရှိဘဲနဲ့၊ ဖဲထုတ်ကြီးဘဲဥစ္စာ၊ ဘာမှလဲ မဟုတ်ဘူး” ဟု အော်ငိုပြီလျှင် ဖဲထုတ်ကြီးကို လွှင့်ပစ်လိုက်လေသည်။ ဤတွင် အဲလစ်ကလေးသည် မျက်စိကို ပွတ်သပ်ရင်း နိုးလာတော့သည်။ ထိုအခါ သူရှေ့တွင် ယုန်ဖြူကလေး ပထမဆုံး ပေါ်လာသည်ကို မြင်လိုက်ရစဉ်ကသကဲ့သို့ပင် သူ၏ အမပေါင်ပေါ်၌ မှီ၍ အိပ်နေမိသည်ကို သတိရလာသည်။

ထူးဆန်းသော ကမ္ဘာကြီးထဲ အဲလစ်ကလေး ရောက်နေပုံ

ညီမလေး နိုးလာပြီလား။ ထတော့လေ၊ လက်ဖက်ရည်သောက်ချိန်တောင် ရောက်လာပြီ” သူ့အစ်မက ပြုံးရွှင်စွာ ပြောကြားလိုက်လေသည်။[၁] [၂] [၃]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. http://en.wikipedia.org/wiki/Alice%27s_Adventures_in_Wonderland
  2. မြန်မာ့စွယ်စုံကျမ်း
  3. http://simple.wikipedia.org/wiki/Alice%27s_Adventures_in_Wonderland