အောင်ဖေ ၊​ သခင်

ဝီကီပီးဒီးယား မှ

သခင်အောင်ဖေကို ၁၉၂၀ ပြည့်နှစ်၌ မြောင်းမြမြို့နယ်၊ ပကိတ်ကြီးကျေးရွာ၌ ဘုရားကျောင်း၊ တန်ဆောင်း၊ သိမ်၊ ဇရပ်ဒကာ၊ ဦးဘိုးဆိုင်၊ ဒေါ်လေးတို့ ဖွားမြင်ခဲ့သည့် တစ်ဦးတည်းသော သားဖြစ်သည်။

၁၉၃၆ ခုနှစ်အတွင်း တို့ဗမာအစည်းအရုံးသို့ဝင်၍ သခင်အမည်ခံယူပြီး ၁၉၃၇ ခုနှစ်စ၍ ကျရာတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၄၂ အင်္ဂလိပ်နယ်ချဲ့ တော်လှန်ရေးတွင် မြို့နယ်အဆင့် ယူဂျီခေါင်းဆောင်တာဝန် ၊ ဗမာ့လွတ်လပ်ရေးတပ်မတော် (B.I.A)၌ ဗိုလ်အဆင့် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၄၅ ဖက်ဆစ်တော်လှန်ရေးကာလ၌ လက်နက်ကိုင် မြို့နယ်ရဲခေါင်ပြောက်ကျားတပ် အဖွဲ့ခေါင်းဆောင်တာဝန် ထမ်းဆောင်ခဲ့သည်။ လက်နက်ကိုင် တော်လှန်ရေး အရပ်ရပ်ပြီးဆုံးသောအခါ ဖဆပလအဖွဲ့ ၊ ဆိုရှယ်လစ်ပါတီ၌ မြို့နယ်အဆင့် ခေါင်းဆောင်တာဝန်များ ယူခဲ့သည်။ ၁၉၄၇ တွင် ဖဆပလအဖွဲ့ ဆိုရှယ်လစ်ပါတီ ခရိုင်အဆင့်တာဝန်များ ယူခဲ့သည်။

၁၉၅၄ တွင် မြောင်းမြမှ ရန်ကုန်သို့ ပြောင်းရွှေ့ခဲ့ပြီး ၊ ၁၉၅၇ တွင် ဗဟိုအဆင့်ရှိ နိုင်ငံရေးတာဝန်များ ထမ်းဆောင်ခဲ့သည်။ ၁၉၅၈ ၌ အိုးဝေသတင်းစာတွင် အုပ်ချုပ်မှု အယ်ဒီတာအဖြစ် ထမ်းရွက်ခဲ့သည်။ ၁၉၆၀ တွင် အိုးဝေမောင်အမည်နှင့် အိုးဝေမောင် ဆောင်းပါးပေါင်းချုပ် ထုတ်ဝေခဲ့သည်။ ၁၉၄၆ တွင် အိုးဝေမောင်အမည်နှင့် 'ထွက်ရပ်လမ်း' လောကုတ်တရာ ကျမ်းတစ်စောက် ထုတ်ဝေပြီး ကြေးမုံ သတင်းစာ၌ စတင် ဆောင်းပါးများရေးသည်။ မြန်မာ့အလင်း သတင်းစာ ၊ ဟံသာဝတီ သတင်းစာတို့၌လည်း ဆောင်းပါးများ ရေးသားသည်။ ၁၉၈၆ တွင် 'ကြုံရဆုံရကျွန်တော့ဘဝ' စာအုပ်ထုတ်ဝေသည်။ ၁၉၉၁ ဖေဖော်ဝါရီလမှစ၍ မိုးဂျာနယ်ကို တည်ထောင်သည်။ လစဉ်မပျက်မကွက် ဆောင်းပါးများ ရေးသားသည်။

သခင်အောင်ဖေသည် မြို့နယ်အဆင့်ရှိ မြန်မာပြည် လွတ်လပ်ရေး အမျိုးသမီးအစည်းအရုံး ခေါင်းဆောင် ဒေါ်တင်တင်နှင့် လက်ထပ်ခဲ့သည်။ သားသမီး ၊ မြေးများနှင့်အတူ ရန်ကုန်မြို့၌ နေထိုင်စဉ်အတွင်း ၁၉၈၉ နိုဝင်ဘာ ၂၉ တွင် ကွယ်လွန်ခဲ့လေသည်။ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို ထိန်ပင်သုဿန်၌ သဂြိုဟ်ခဲ့လေ သည်။ သခင်အောင်ဖေသည် နိုင်ငံတော်အစိုးရမှ ချီးမြှင့်သော လွတ်လပ်ရေး မော်ကွန်းဝင် ပထမဆင့် ရရှိခဲ့သည်။

ကျမ်းကိုးစာရင်း[ပြင်ဆင်ရန်]

  • သခင်အောင်ဖေ 'ဒီလိုပြောချင်သည်' ရန်ကုန် ၊ စေတနာစာပေ ၊ ပကြိမ် ၊ ၁၉၉၅ ၊ ဖေဖော်ဝါရီလ။
  • မိုး ဂျာနယ် ၁၉၉၉ ၊ ဖေဖော်ဝါရီ။