အောင်ခင်ဆင့်

ဝီကီပီးဒီးယား မှ
စာရေးဆရာ၊ ဆရာဝန် တဦးလည်းဖြစ်၊ အဖွဲ့ချုပ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တဦးလည်း ဖြစ်သူ ဒေါက်တာအောင်ခင်ဆင့် (၁၉၃၅)

ဒေါက်တာအောင်ခင်ဆင့်သည် စာရေးဆရာ၊ ဆရာဝန် တစ်ဦးလည်းဖြစ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်သည်။ ဒေါက်တာအောင်ခင်ဆင့်သည် ၂၀၁၈ခုနှစ် အောက်တိုဘာ(၂)ရက် အင်္ဂါနေ့ ည (၈) နာရီခွဲအချိန်၊ ရန်ကုန်မြို့ ပင်လုံဆေးရုံတွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် (၈၆)နှစ် ရှိပြီဖြစ်သည်။  [၁]

ဒေါက်တာအောင်ခင်ဆင့် (၁၉၃၅)[ပြင်ဆင်ရန်]

၁။ အမည်ရင်း - ဦးအောင်ခင်ဆင့်
၂။ မိဘအမည် - ဦးမောင်ကလေး + ဒေါ်သီလှ
၃။ မွေးသက္ကရာဇ် - ၁၊ ၁၊ ၁၉၃၆
၄။ မွေးဖွားရာဒေသ - ပခုက္ကူမြို့

ကိုယ်ရေးဖြစ်စဉ်[ပြင်ဆင်ရန်]

စာရေးဆရာ၊ ဆရာဝန် ဒေါက်တာအောင်ခင်ဆင့်ကို ပခုက္ကူမြို့တွင် ၁၉၃၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့၌ အဖ ကျောင်းအုပ်ဆရာကြီး ဦးမောင်ကလေး၊ အမိ ငှက်ပျောကုန်သည် ဒေါ်သီလှတို့မှ မွေးဖွားသည်။ အမည်ရင်းမှာ ဦးအောင်ခင်ဆင့် ဖြစ်သည်။

ပခုက္ကူ ဗုဒ္ဓဘာသာ အထက်တန်းကျောင်းတွင် ရှစ်တန်းထိ ပညာ သင်ကြားခဲ့ပြီး ရန်ကုန်သို့ ပြောင်းရွှေ့ခဲ့သည်။ ရန်ကုန်ဆရာအတတ်သင်လေ့ကျင့်ရေးကျောင်းမှ ၁၉၅၁ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို သိပ္ပံဘာသာတွဲဖြင့် အောင်မြင်ခဲ့သည်။ ၁ဝ တန်း ကျောင်းဆရာကြီး ဟံသာဝတီ ဦးဘရင် (မြန်မာစာ) ၏ သွန်သင်မှုဖြင့် ၁ဝ တန်း ကျောင်းသားဘဝ၌ ၁၉၅၁ ခုနှစ်၊ နှစ်ပတ်လည်စာစောင်တွင် "မိခင်ပြောသော မေတ္တာစကား၊ သားတော်တော်နာသွားသလား" ဆိုသည့် ဆောင်းပါးနှင့် "The Sunset by the side of the River Irrawaddy" ဆောင်းပါးများ ရေးသားခဲ့သည်။

၁၉၆၃ ခုနှစ်တွင် ရန်ကုန် ဆေးတက္ကသိုလ်မှ ဆေးပညာဘွဲ့ (M.B.B.S.) ရရှိခဲ့ပြီး ဗြိတိန်နိုင်ငံ မန်ချက်စတာ တက္ကသိုလ်မှ ပြည်သူ့အကျိုးပြု ဆေးပညာပါရဂူဘွဲ့ M.Sc. (Community Medicine, Manchester) ကို ရရှိခဲ့သည်။ ဆေးဘက်ဆိုင်ရာ တော်ဝင်ဘွဲ့ F.R.S.H. (London) ကို အင်္ဂလန်မှ ရရှိခဲ့ပြီး မန်ချက်စတာတက္ကသိုလ် ကျန်းမာရေးပညာ အဖွဲ့ဝင်လူကြီး M.I.H.E. (Manchester) ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ပထမအကြိမ် ပညာသင်ဆုကို အိန္ဒိယနိုင်ငံ ဘန်ဂလိုမြို့သို့ လည်းကောင်း၊ ဒုတိယအကြိမ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ပညာသင်ဆုကို ၁၉၇၂ ခုနှစ်တွင် ယူဂိုစလားဗီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့သို့ လည်းကောင်း၊ တတိယအကြိမ်အဖြစ် ၁၉၇၅ ခုနှစ်၌ အင်္ဂလန်သို့လည်းကောင်း၊ ကမ္ဘာကျန်းမာရေးအဖွဲ့၏ ပညာသင်ဆုကို စတုတ္ထအကြိမ်အဖြစ် ၁၉၈၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့နှင့် သီရိလင်္ကာနိုင်ငံ ကိုလန်ဘိုမြို့ ဆေးဘက်ဆိုင်ရာ အုပ်ချုပ်မှု ပညာဘာသာသင်တန်းသို့လည်းကောင်း သွားရောက်၍ ပညာတော်သင်ဆု ရွေးချယ်ခံခဲ့ရသည်။

ဒေါက်တာ အောင်ခင်ဆင့်သည် လူမှုရေး လုပ်ငန်းများကိုလည်း ဝါသနာပါသည့် အလျောက် မြန်မာနိုင်ငံဆရာဝန်အသင်း၏ တွဲဖက်အတွင်းရေးမှူး၊ အတွင်းရေးမှူး စသည့် တာဝန်တို့ကို နှစ်ကြာရှည်စွာ ဆောင်ရွက်ခဲ့သည်။ ဆရာဝန်အသင်း၏ နှစ်စဉ်ကျန်းမာရေး ပညာပေး ပြက္ခဒိန်ကိုလည်း ကြိုးစား၍ ထုတ်ဝေပေးခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာနတွင် လက်ထောက်ညွှန်ကြားရေးမှူး၊ ကျန်မာရေး ပညာပေးအကြံပေးကော်မတီ အတွင်းရေးမှူးတာဝန်များကိုလည်း ထမ်းဆောင်ခဲ့၍ ပညာပေး စာရွက်စာတမ်း၊ ပိုစတာများ ထုတ်ဝေခဲ့သည်။ မြန်မာ့အသံမှလည်း ကျန်းမာရေးအတွက် ဆေးတခွက်၊ တောင်သူလယ်သမားကဏ္ဍ၊ ကျေးလက်ကျန်းမာရေးကဏ္ဍ၊ ကမ္ဘာကျန်းမာရေးနေ့ ဆရာဝန်ကြီးများ ပညာရှင်ကြီးများတို့၏ ဆွေးနွေးပွဲကို ကမကထ ပြုလုပ်၍ တွေ့ဆုံ ဆွေးနွေးရေးသားကာ အသံလွှင့်နိုင်ရန် ကြိုးစားပေးခဲ့သည်။ ဆေးတက္ကသိုလ် (၁) ရန်ကုန်တွင် နောက်ဆုံးနှစ် ကျောင်းသားများအား ကျန်းမာရေးပညာဘာသာရပ်ကို အချိန်ပိုင်း ပို့ချပေးခဲ့သည်၊၊

အမျိုးသား စာပေဆုကို ၁၉၇၂ ခုနှစ်တွင် "ကာကွယ်၍ကုသနည်း" ဆေးပညာပေး စာအုပ်ဖြင့် ရရှိခဲ့ပြီး ဆေးပညာ ပြန့်ပွားရေးကို ဝါသနာပါသည့်အတွက် သတင်းစာ၊ ဂျာနယ်၊ ရေဒီယို၊ ရုပ်မြင်သံကြားစသည့် ကဏ္ဍပေါင်းစုံမှ ဖြန့်ဖြူး ပညာပေးခဲ့သော စာရေးဆရာ ဆရာဝန် ဖြစ်သည်။

ကျောင်းကျန်းမာရေးအတွက် ကျားသဘာဝ ဟောပြောပို့ချချက်မှ အခြေတည်ကာ ယောက်ျားလေး၊ မိန်းခလေးတို့ အကြောင်းကို နိုင်ငံခြားအတွေ့အကြုံများနှင့် ရောနှောပြီး ရေးသားခဲ့ရာ "ဖို-မ ဆက်ဆံရေး" ဆိုသော စာအုပ်မှာ နှစ်လေးဆယ်အတွင်း ဆယ့်ငါးကြိမ်မြောက် ပြန်လည်ရိုက်နှိပ်ရသည်အထိ ရောင်းမလောက်အောင် နာမည်ကြီးသောစာအုပ် စာရင်းဝင်ခဲ့သည်။

ဆရာ ဒေါက်တာအောင်ခင်ဆင့်သည် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးပညာဌာနတွင် လက်ထောက်ညွှန်ကြားရေးမှူး (ကျန်းမာရေးပညာ) အဖြစ် တာဝန် ထမ်းဆောင်နေစဉ် ၁၉၈၈ ခုနှစ် (၁၃၅ဝ ပြည့်နှစ်)၊ ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီးတွင် မြန်မာနိုင်ငံ ကျန်းမာရေးဝန်ထမ်းများသမဂ္ဂ ဥက္ကဋ္ဌ၊ ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများသမဂ္ဂ ဥက္ကဋ္ဌ၊ ရန်ကုန်ဆေးရုံကြီးနှင့် ရန်ကုန်တိုင်း ဆေးရုံဝန်ထမ်းများသမဂ္ဂ ဥက္ကဋ္ဌအဖြစ် တက်ကြွစွာ ပါဝင်ခဲ့မှုကြောင့် အာဏာသိမ်းစစ်အစိုးရ နဝတ တက်လာသောအခါ တာဝန်မှ အငြိမ်းစားပေးခြင်း ခံခဲ့ရသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင် ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သည်၊၊

၁၉၉ဝ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း၊ မင်္ဂလာ‌တောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံခဲ့ရပြီး၊ ၁၉၉၃ ခုနှစ်တွင် နဝတ မှ ကြီးမှူး ကျင်းပသည့် အမျိုးသားညီလာခံသို့ ရွေးချယ်ခံ ကိုယ်စားလှယ်အစုအဖွဲ့မှ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။ ပြည်သူကိုယ်စားလှယ်တဦးပီပီ ပြည်သူလူထု လိုလားချက်များကို အမျိုးသားညီလာခံတွင် ထုတ်ဖော်တင်ပြဆွေးနွေး ဖြန့်ဝေသဖြင့် နအဖ အမျိုးသားညီလာခံအား ဆန့်ကျင်သည့် စာရွက်စာတမ်း ဖြန့်ဝေသည်ဟု စွပ်စွဲကာ ညီလာခံကိုယ်စားလှယ်အဖြစ်မှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။

ဆရာဝန်တဦးအဖြစ် တာဝန်ယူခဲ့သမျှ အတွေ့အကြုံများစွာနှင့် ပြည်သူတို့ ကျန်းမာရေးအတွက် သိသင့်သိထိုက်သည့် ကျန်းမာရေး ပညာပေးအချက်အလက်များကို ပညာပေး ဆောင်းပါးများ အဆက်မပြတ် ရေးသားခဲ့သည်။ ပြည်သူ့ကျန်းမာရေးပညာပေး လုံးချင်း စာအုပ်များစွာကိုလည်း ရေးသားထုတ်ဝေခဲ့သည်။

ကွယ်လွန်ခြင်း[ပြင်ဆင်ရန်]

ဒေါက်တာအောင်ခင်ဆင့်သည် အဆုတ်ကျန်းမာရေး ချို့ယွင်းလာသဖြင့် ဆေးရုံတက်ကုသရာ တစ်ပတ်အကြာ ၂၀၁၈ခုနှစ် အောက်တိုဘာ(၂)ရက် အင်္ဂါနေ့ ည (၈) နာရီခွဲအချိန်၊ ရန်ကုန်မြို့ ပင်လုံဆေးရုံတွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် (၈၆)နှစ် ရှိပြီး ဇနီး ဒေါ်ခင်စိန်စိန်၊ သားသမီး (၃)ဦးနှင့် မြေးများ ကျန်ရစ်ခဲ့သည်။ သူ့၏ အသုဘအခမ်းအနားကို အောက်တိုဘာ (၄) ရက်၊ ကြာသပတေး ညနေ (၄) နာရီ တွင် ရေဝေးသုသာန်၌ မီးရှို့သဂြိုဟ်ခဲ့သည်။

ရေးသား ပြုစုခဲ့သော စာအုပ်များ[ပြင်ဆင်ရန်]

၁။ ကိုယ်ဝန်ဆောင် မိခင်များ သိမှတ်စရာ

၂။ သက်ကြီးရွယ်အိုဘဝကို စိုပြေစေဖို့ ကြိုးပမ်းစို့ ၁၉၆၄

၃။ တိုးတက်သော ဆေးပညာနှင့် ကာကွယ်ရေး ၁၉၆၇

၄။ ကျား+မ သဘာဝဆိုင်ရာ ဆေးစာတမ်းများ ၁၉၇၀

၅။ ကာကွယ်၍ ကုသနည်း (အမျိုးသားစာပေဆု) ၁၉၇၂

၆။ ဖိုမဆက်ဆံရေး ၁၉၇၅

၇။ ကျန်းမာခြင်းနှင့် ဆေးပညာ ၁၉၇၈

၈။ ကျန်းမာရေး ရှုဒေါင့်အသွယ်သွယ် ၁၉၈၁

၉။ ကိုယ်တွေ့ အတွေ့အကြုံများ ၂၀၀၄

၁၀။ ယောက်ျားလေး၊ မိန်းကလေး ကာကွယ်ကုသရေး ၂၀၀၅

၁၁။ အတိုက်အခိုက်ခံ နှလုံးရောဂါ ၂၀၀၆

၁၂။ ယခုခေတ် ပြည်သူတို့အတွက် ကာကွယ် ကုသရေး ဆေးပညာ ၂၀၀၇ [၂]

[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. ကိုဉာဏ်ဝင်းအောင် (၃ အောက်တိုဘာ ၂၀၁၈)။ ဒေါက်တာအောင်ခင်ဆင့် ကွယ်လွန်။ VOA Burmese။
  2. ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၊ စာတည်းအဖွဲ့ စုဆောင်း ပြုစုပြီး ရွှေဟင်္သာ စာအုပ်တိုက်မှ ၂၀၀၈ ဖေဖော်ဝါရီမှာ ပထမအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ 'နှစ်ဆယ်ရာစု မြန်မာ စာရေး ဆရာများနှင့် စာစုစာရင်း (စတုတ္ထတွဲ)
  3. ရေနံချောင်း (၂) ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခင်ကျော်ဟန် စုစည်း ပြုစုပြီး ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ ပြန်ကြားရေး ကော်မတီက ထုတ်ဝေ ဖြန့်ချိခဲ့သော (၁၉၉ဝ ပြည့်နှစ်၊ မေလ ၂၇ ရက်နေ့မှာ ကျင်းပခဲ့တဲ့) 'ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ မှတ်တမ်း' တို့မှ