မာတိကာသို့ ခုန်သွားရန်

အီးကောမတ်စ်နှင့် ဂျီအမ်အက်စ်

ဝီကီပီးဒီးယား မှ

E-commerce သည် ရောင်းသူ ဝယ်သူ နှစ်ဦးသဘောတူ အရောင်းအဝယ်လုပ်ငန်းများလုပ်ဆောင်ရာတွင် ကုန်ကျစရိတ် အသက်သာဆုံးဖြစ်စေရန်ရည်ရွယ်ပါသည်။ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အရောင်းအဝယ် အပေးအယူ လုပ်ငန်းများလုပ်ဆောင်ကြရာတွင်း အတားအဆီး၊ အဟန့်အတားများကို နည်းသည်ထက်နည်းစေပြီး အပြိုင်အဆိုင်စီးပွားရေးလောကအတွင်း ဈေးကွက်ခိုင်မာစွာနှင့် အချိန်တိုအတွင်း ထိရောက်နိုင်စေရန်လည်းဖြစ်သည်။

စီးပွားရေးလောကတွင် ထုတ်လုပ်ခြင်း၊ ဖြန့်ချိခြင်း၊ စီမံခန့်ခွဲ ခြင်းတို့သည်အရေးကြီးသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးမှုနည်း သည့်နိုင်ငံများတွင် အီးကောမတ်စ်သည် ပြည်တွင်းစီးပွားရေးဖွံ့ဖြိုး တိုးတက်နိုင်စေရန် များစွာအထောက်အကူပြုသည်။ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတကာဈေးကွက်သို့ မိမိတို့ ထုတ်ကုန်များကို အမြန်ဆုံး၊ အလွယ်ကူဆုံး၊ အထိရောက်ဆုံး၊ စရိတ်အသက်သာဆုံးဖြင့် ရောင်းချနိုင်သည့် သို့မဟုတ် ဝယ်ယူနိုင် သည့်နည်းလမ်းသည် အီးကောမတ်စ်လုပ်ငန်းသာဖြစ်သည်။

အီးကောမတ်စ်သည်မည်မျှအရေးပါသည်ဆိုစေ ဖွံ့ဖြိုးမှုနည်းသည့်ဒေသများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများဖြင့်ဖွဲ့စည်းထားသည့် မဟာမဲခေါင်ဒေသ (GMS) အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အကောင် အထည်ဖော်နိုင်မှုနည်းပါသေးကြောင်းတွေ့ရသည်။

အီးကောမတ်စ်အောင်မြင်ဖွံ့ဖြိုးရေးဆိုသည်မှာ ထို GMS အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မည်မျှသောအတိုင်းအတာအထိ အဆင်သင့် (readiness) ဖြစ်နေပြီနည်း၊ အခြေခံအဆောက်အအုံ (infrastructure) မည်မျှအထိပြည့်စုံနေပြီနည်းဆိုသည်ကို ပြန်လည် သုံးသပ်ကြရမည်ဖြစ်သည်။ Infrastructure ကိုပြန်လည်သုံးသပ်ရာ တွင် နိုင်ငံတစ်နိုင်ငံသည် နည်းပညာ၊ မူဝါဒနှင့် လူ့စွမ်းအားရင်းမြစ် အသုံးချနိုင်မှုတို့သည် အရေးကြီးသည့်အခန်းကဏ္ဍတွင်ထားကာ ပြန်လည်သုံးသပ်နိုင်ရမည်ဖြစ်သည်။

GMS နိုင်ငံများအတွင်း အီးကောမတ်စ်နောက်ခံ

[ပြင်ဆင်ရန်]

အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် ၂၀၀၃ ခုနှစ် အီးကောမတ်စ်အတွက် အမေရိကန်ဒေါ်လာ ၁.၃၅ ဘီလီယံ အသုံးပြုနေပြီး၊ ၂၀၀၄ ခုနှစ်တွင် ၂.၃ ဘီလီယံအသုံးပြုကာ စီမံချက်လုပ်ငန်းများကို အကောင်အထည်ဖော်နေကြောင်းသိရသည်။ ထိုင်းနိုင်ငံအီးကောမတ်စ်လုပ်ငန်းများ သည် အစသာရှိသေးသော်လည်း အာရှတွင် အင်နှင့်အားနှင့် အဟုန်ဖြင့် ချီတက်နေသည်ဟုဆိုနိုင်သည်။

အီးကောမတ်စ်လုပ်ငန်းသို့ လုပ်ငန်းကြီးများပါဝင်လာခြင်းသည် တန်ဖိုးနည်းနည်း၊ စရိတ်နည်းနည်းနည်း၊ ကုန်ကျမှုနည်းနည်းဖြင့် ထိရောက်စွာကုန်ပစ္စည်းများကို ဖြန့်ချိနိုင်သောကြောင့်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းအချင်းချင်း (business-to-business) ဆက်သွယ်ဆောင်ရွက်ကြရာတွင် အီးကောမတ်စ်ဈေးကွက်သည် web site များပေါ်တွင်အများစုမှာ ကွန်ပျူတာ၊ ခရီးသွားလာရေး၊ ဟိုတယ်၊ အစားအသောက်၊ ကျန်းမာရေး၊ ဆောက်လုပ်ရေးနှင့် ဖျော်ဖြေရေးလုပ်ငန်းများသာဖြစ်နေကြောင်းတွေ့ရသည်။ ထို web site များတွင် ၈ ရာခိုင်နှုန်းခန့်သာ အီးကောမတ်စ်ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်သည်ဟုဆိုသည်။ အစိုးရဌာနများကလည်း အီးကောမတ်စ်လုပ်ငန်းများတွင် အင်တာနက်ကို ကြားခံမီဒီယံ (medium) အဖြစ်အသုံးပြုရကောင်းမှန်းသိလာပြီး အများပြည်သူနှင့် ဆက်သွယ်ရာတွင် ဝန်ကြီးဌာနအဆင့်များအထိ အသုံးပြုလာကြပြီ ဖြစ်သည်။

ဗီယက်နမ်တွင် အလယ်အလတ်ကုမ္ပဏီလုပ်ငန်းပေါင်း ၄၀၀၀၀ တွင် ၆၀၀ သည် ၂၀၀၀ ပြည့်နှစ်အလွန်လောက်က တည်းက သူတို့ကိုယ်ပိုင် web site များဖြင့် လုပ်ငန်းများစတင် လုပ်ဆောင်ခဲ့ ကြသည်။ Web site များသည် ကြော်ငြာရန်နှင့် သတင်းအချက်အလက်များပေးရန်စတင်လုပ်ဆောင်ခဲ့ကြသည်။ အွန်လိုင်းဖြင့် စာအုပ်နှင့် မဂ္ဂဇင်းများရောင်းချခြင်းလုပ်ငန်းတို့စတင် ခေတ်စား လာသည်။ နောက်ပိုင်းတွင် ဈေးဝယ်ခြင်း၊ အွန်လိုင်းပညာ ရေး၊ အွန်လိုင်းသင်တန်းများသည် အစောပိုင်းကတည်းက အီးကောမတ်စ်အတွက် အခြေခံလမ်းကြောင်းများဖြစ်ခဲ့သည်။ အွန်လိုင်း ငွေပေးလုပ်ငန်း (online payment) သည် မဖြစ်မနေ ပါဝင်လာရသဖြင့် ဘဏ်များစတင်ပြီး အတွေ့အကြုံသစ်များကို ထူထောင်ကြရတော့သည်။ အင်တာနက်ကို အတိုင်းအတာအကန့် အသတ်နှင့် အသုံးပြုစေရာမှ အတိုင်းအဆမရှိအသုံးပြုနိုင်ရေးကို လမ်းဖွင့်ပေးလာကြရသည်။ ဗီယက်နမ်သည် စီးပွားရေးလုပ်ငန်း အချင်းချင်း business-to-business လုပ်ဆောင်နေရာမှ business-to-consumer လိုင်းသို့ကူးပြောင်းလာခဲ့သည်။ အစိုးရ သည် အင်တာနက်ကိုအသုံးပြုပြီး ပရောဂျက်များကိုစတင်လုပ် ဆောင်လာသည်။ ရင်းနှီးမြှုပ်နှံမှုလိုင်စင်များကို အွန်လိုင်းမှချပေးခြင်း မျိုးဖြစ်သည်။

မြန်မာနိုင်ငံတွင် အီးကောမတ်စ် web site များဖြစ်သည့် com.mm ကိုထူထောင်လာနိုင်ခြင်းသည် business-to-business ကိုစတင်လုပ်ဆောင်ခြင်းဟုဆိုနိုင်သည်။ ထို web site များမှတစ်ဆင့် ကျောက်မျက်ရတနာများ၊ လက်မှုအနုပညာများ၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းလုပ်ဆောင်ကြသည်။ အွန်လိုင်းဈေးဝယ် သည့်စနစ် အနည်းငယ်သာရှိပြီး business-to-business ကို သတ်မှတ် ထားသည့် web site အချို့တွင်သာတွေ့ရသည်။ ပြည်တွင်းလယ်ယာထွက်ကုန်များ၊ သစ်တောထွက် ပစ္စည်းများနှင့် အချို့သောထုတ်ကုန်များကိုသာမှာယူနိုင်ပြီး အွန်လိုင်းငွေပေးချေမှု (online payment) ကို ခရက်ဒစ်ကတ် (credit card) များဖြင့် ပေးချေနိုင်မှု မရှိသလောက်ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံများတွင် အင်တာနက် web site များဖြင့် စီးပွားရေးလုပ်ဆောင်ရန်အတွက် အတော်လေး ခေတ်စားလာကြောင်းတွေ့ရသည်။ သို့သော် ထို web site များ သည် ကုမ္ပဏီအကြောင်းစုံစမ်းရန်သက်သက်လောက်သာများသည်။ Web site အများစုမှာ ခရီးသွားလုပ်ငန်း၊ လက်မှုအနုပညာလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းများအတွက်သာဖြစ်သည်။ အချို့သော web site များတွင်သာ အီးကောမတ်စ်သဘောမျိုးဖြစ်သည့် ထုတ်ကုန်ပစ္စည်းများ၊ ဈေးနှုန်းများ၊ ဆက်သွယ်ရန်လိပ်စာများကိုဖော်ပြထားကြောင်းတွေ့ရသည်။ အွန်လိုင်းဆိုင်ရာငွေပေးချေမှုလုပ်ငန်းစဉ် လုံးဝ မရှိပေ။

GMS အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများရှိ အီးကောမတ်စ် web site များတွင် အွန်လိုင်းလုပ်ငန်းများအတွက် နိုင်ငံကိုယ်စားပြု domain name များသည် .com နှင့် .net များသာဖြစ်ကြသည်။ ထို web site များသည် ထုတ်ကုန်များကို အခြားနိုင်ငံများသို့ ရောင်းချ ရာတွင် နိုင်ငံခြားတိုင်းပြည်များကို ကြားခံအဖြစ်အသုံးပြုကြကြောင်း တွေ့ရ သည်။ ထိုနိုင်ငံများရှိ web site များသည် ဖွံ့ဖြိုးတိုးတက် သည့်နိုင်ငံများတွင် မိမိတို့ web site များကို host အနေဖြင့် ထားကြသည်ကများသည်။ သဘောမှာ အီးကောမတ်စ်ကို လုပ်ဆောင်နေကြ သည်မှန်သော်လည်း အပြည့်အဝအီးကော်မတ်စ် အသွင်မဆောင်နိုင်သေးဟု ဆိုရမည်။

အီးကော်မတ်စ်ဆိုင်ရာ ကန့်သတ်ချက်များ

[ပြင်ဆင်ရန်]

အီးကောမတ်စ် infrastructure ကိုပြန်လည်သုံးသပ်ကြည့်လျှင် GMS နိုင်ငံများအတွင်း ကန့်သတ်ချက်လေးချက်ကိုတွေ့ရသည်။

၁။ နည်းပညာဆိုင်ရာအခြေခံအဆောက်အအုံ

၂။ လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာအခြေခံဆောက်အအုံ

၃။ ကုန်သွယ်မှုဆိုင်ရာအခြေခံအဆောက်အအုံ

၄။ မူဝါဒနှင့်ဥပဒေဆိုင်ရာအခြေခံအဆောက်အအုံတို့ဖြစ်သည်။

နည်းပညာပိုင်းတွင် ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲ၊ ဆက်သွယ်ရေးတို့ကို ထိရောက်စွာအသုံးချပြီး အီးကောမတ်စ်ကို အထောက်အကူပြုရေး၊ လူမှုရေးနှင့်ယဉ်ကျေးမှုတွင် စာပေ၊ ပညာရေး၊ ဘာသာစကားနှင့် ဆန်းသစ်တီထွင်မှုများပါဝင်သည်။ ကုန်သွယ်မှုပိုင်းတွင် အီလက် ထရောနစ်ငွေပေးစနစ်၊ ပို့ဆောင်ရေးဝန်ဆောင်မှု၊ သတင်းအချက် အလက်များကို အီးကောမတ်စ်ဖြင့်ရယူနိုင်မှုတို့ပါဝင်သည်။ မူဝါဒနှင့် ဥပဒေဆိုင်ရာတို့တွင် ကျင့်သုံးသည့်နိုင်ငံများအတွင်း အီးကောမတ်စ် ကို စနစ်ကျနစွာ၊ စည်းကမ်းရှိစွာ၊ ဥပဒေနှင့်အညီကျင့်သုံးနိုင်ရေး တို့ပါဝင်သည်။

နည်းပညာဆိုင်ရာအခြေခံအဆောက်အအုံ

[ပြင်ဆင်ရန်]

နည်းပညာသည် အီးကောမတ်စ်လုပ်ငန်းတွင် အရေးကြီးသည့် အခန်းကဏ္ဍတွင်ပါဝင်နေပေသည်။ network နှင့် ကွန်ပျူတာကို အီးကောမတ်စ်တွင် မည်မျှအထိဆက်သွယ်သုံးနိုင်မှုနှင့်လည်း ဆက်စပ်နေသေးသည်။ Network ကိုဆက်သွယ်ရာတွင်လည်း ကြိုးတပ်တယ်လီဖုန်းလိုင်း၊ မိုဘိုင်းလ်တယ်လီဖုန်းလိုင်း၊ အငှားလိုင်း နှင့် ADSL လိုင်းစသည်ဖြင့်လည်း ကွာခြားသေးသည်။ Network host အနေဖြင့် ISP (Internet service provider) များ၊ ပြည်တွင်း ပြည်ပနိုင်ငံတကာဆက်သွယ်ရေးအနေအထား (ပြည်တွင်း ဆက်သွယ်ရေး backbone )၊ အင်တာနက် exchange များ၊ နိုင်ငံတကာ gateway နှင့်သူတို့၏ bandwidth တို့သည့် အီးကောမတ်စ်လုပ်ငန်းစဉ်တွင် အရေးကြီးသည့်အခန်းကဏ္ဍများ အနေဖြင့် ထည့်သွင်းတွက်ချက်ရမည်ဖြစ်သည်။

GMS နိုင်ငံများအတွင်း ထိုင်းနိုင်ငံမှလွဲပြီး ကွန်ပျူတာအသုံးပြုမှုနှုန်း လွန်စွာနည်းသေးကြောင်းတွေ့ရသည်။ အထူးသဖြင့် အာရှ-ပစိဖိတ်ဒေသများတွင် အနည်းဆုံးဖြစ်နေသည်။ ကွန်ပျူတာ အသုံးပြုနှုန်းမှာ မြန်မာနိုင်ငံတွင် လူ ၁၀၀၀ လျှင် တစ်ဦးမှ သုံးဦးသာအသုံးပြုနိုင်သေးသည်။ ကွန်ပျူတာအသုံးပြုနိုင်မှုနှုန်း နည်းသည်နှင့်အမျှ GMS နိုင်ငံများအတွင်း အီးကောမတ်စ် အကောင် အထည်ဖော်နိုင်မှု ကွာခြားသွားနိုင်သည်။

မြန်မာ၊ ကမ္ဗောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံများတွင် ကြိုးလိုင်း သို့မဟုတ် မိုဘိုင်းလ်တယ်လီဖုန်းလိုင်းအသုံးပြုမှုနှုန်း မြင့်မားသည်ဟုမဆိုနိုင်သေးပေ။ ကမ္ဗောဒီးယားနိုင်ငံတွင် အင်တာနက် အသုံးပြုနိုင်ရန် တယ်လီဖုန်းလိုင်းနှင့်ပင် အခက်အခဲရှိ နေသေးသည်။ ယခုတိုင် အင်တာနက်အသုံးပြုမှုကို တယ်လီဖုန်းလိုင်း dial-up စနစ်ဖြင့်အသုံးပြုနေသေးသည့် နိုင်ငံများရှိနေသေးသည်။ ကမ္ဗောဒီးယား၊ မြန်မာနှင့် လာအိုနိုင်ငံများတွင် အိမ်ခြေ ၄၀၀ တွင် တယ်လီဖုန်း တစ်လုံးမှ လေးလုံးအထိသာသုံးစွဲနိုင်သေးသည်။ ကြိုးတပ်တယ်လီဖုန်းလိုင်းများကို မြို့ပြများတွင်သာ အဓိက ထားပြီးသုံးစွဲကြသည်။ လူနေများသည့် ကျေးလက်ဒေသများဖြစ် သော လူဦးရေ ၆၉ ရာခိုင်နှုန်းကျော်နေထိုင်သည့်ဒေသများတွင် ယခုတိုင် ကြိုးလိုင်းတယ်လီဖုန်းသုံးစွဲနိုင်မှုနည်းသေးသည်။ လာအို နိုင်ငံတွင် အင်တာနက်ဆက်သွယ်မှုနှုန်း အလွန်းနှေးပြီး၊ ကမ္ဗောဒီး ယားတွင် လိုင်းတယ်လီဖုန်းတပ်ဆင်ခနှုန်း လွန်စွာမြင့်မားသေး သည်။ တယ်လီဖုန်းတစ်နှစ်သုံးစွဲခနှုန်း လူတစ်ဦးတစ်နှစ်ဝင်ငွေ၏ သုံးပုံတစ်ပုံခန့်ဖြစ်နေသေးသည်။ ယခုအခါ မိုဘိုင်းလ်တယ်လီဖုန်း များကို လိုင်းတယ်လီဖုန်းများနေရာတွင် အစားထိုးသုံးစွဲနိုင်ရန် ဆောင်ရွက်နေကြသော်လည်း အတော်လေးနည်းပါးသေးသည်။ ကမ္ဗောဒီးယားနှင့် လာအိုနိုင်ငံများတွင် လိုင်းဖုန်းထက် မိုဘိုင်းလ်ဖုန်း သုံးစွဲမှုနှုန်းက သာလွန်သွားပြီဟုသိရသည်။

မိုဘိုင်းလ်တယ်လီဖုန်းများသုံးစွဲရာတွင် ဈေးနှုန်းသက်သာမှုနှင့် prepaid ကတ်စနစ်ဖြင့်တွင်ကျယ်စွာအသုံးပြုနိုင်မှုတို့ကို GMS နိုင်ငံများအတွင်းဦးစားပေးလုပ်ဆောင်နိုင်ရန် လိုပါသေးသည်။ ဖိလစ်ပိုင်နိုင်ငံတွင် မိုဘိုင်းလ်တယ်လီဖုန်းများအတွက် data application ပေါင်းများစွာရှိပြီး တွင်ကျယ်စွာအသုံးပြုနေကြသော် လည်း GMS နိုင်ငံများအတွင်း မိုဘိုင်းလ် data application များသုံးစွဲနိုင်မှုမှာ အကန့်အသတ်နှင့်သာဖြစ်နေသေးသည်။

ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများတွင် GPRS service ကိုရနိုင်ပြီဖြစ်သော်လည်း အခြားနိုင်ငံများတွင် SMS လောက်သာရ ပြီး၊ အချို့နိုင်ငံများတွင် လုံးဝမသုံးနိုင်သည့်အနေအထားဖြစ်နေသေး သည်။ မိုဘိုင်းလ်တယ်လီဖုန်းသုံးပြီး အီးကောမတ်စ်လုပ်ငန်းများကို လုပ်ဆောင်နိုင်မှုမှာ ဒေသအတော်များများတွင် စတင်နေပြီဟုဆိုနိုင် သော်လည်း မိုဘိုင်းလ်သုံး ဒေသဘာသာစကား ကွဲပြားခြားနား နေမှု၊ စံသတ်မှတ်ချက်မရှိမှုတို့ကြောင့်လည်း နှောင့်နှေးနေရကြောင်းတွေ့ရသည်။

WLL (wireless local loop) နည်းပညာကို ကမ္ဗောဒီးယား နှင့် လာအိုနိုင်ငံများတွင် လိုင်းတယ်လီဖုန်းများရှားပါးမှု၊ သုံးစွဲနိုင်ရန် ခက်ခဲမှုတို့ကို ရှောင်ရှားနိုင်ရန်အသုံးပြုနေပြီဖြစ်သော်လည်း မြို့တော် ဟုသတ်မှတ်သည့် ဒေသဝန်းကျင်များတွင်သာ အသုံးပြုနိုင်သေးသည်။ Broadband ကိုသုံးစွဲနိုင်ပြီဆိုသော်လည်း လာအိုနိုင်ငံတွင် အကန့်အသတ်နှင့်သာ ဖြစ်နေသေးသည်။ ထိုင်းနိုင်ငံမှလွဲပြီး ADSL နှင့် cable modem ဝန်ဆောင်မှုကို ယခုတိုင် တွင်ကျယ်ကောင်း မွန်စွာ မခံစားနိုင်ကြသေးပေ။ ထိုင်းနိုင်ငံတွင် အငှားလိုင်းများအသုံး ပြုမှုတွင်ကျယ်နေပြီဖြစ်သော်လည်း ဗီယက်နမ်တွင် အနည်းငယ်သာ ရရှိနိုင်သေးသည်။

အာရှ-ပစိဖိတ်ဒေသများတွင် အင်တာနက် host အရေ အတွက်လွန်စွာနည်းသေးသည်။ အင်တာနက်ရရှိမှုဆိုရာတွင် အသုံးပြုနိုင်သည့်ဈေးနှုန်းနှင့် ISP ကလည်းအရေးကြီးသေးသည်။ အပြိုင်အဆိုင် ISP ကိုလုပ်နိုင်သည့်နိုင်ငံများတွင် ပြိုင်ဆိုင်နေရခြင်း ကြောင့်ပင် ပိုမိုကောင်းမွန်အောင် ဝန်ဆောင်မှုပေးနိုင်ကြသည်။ လက်ရှိအနေအထားတွင် GMS နိုင်ငံများအတွင်း၌ ISP ဈေးကွက် ကို လက်ဝါးကြီးအုပ်ထားသည့်အနေအထားတွင်ရှိနေသေးသည်။

အင်တာနက်သုံးစွဲခနှုန်းထားကို ပြန်သုံးသပ်ကြည့်လျှင် ကမ္ဗောဒီးယား နိုင်ငံအတွင်း တစ်လ နာရီ ၃၀ အင်တာနက်အသုံးပြုနှုန်းသည် ထိုသူ တစ်နှစ်ဝင်ငွေ၏ ၃၀ ရာခိုင်နှုန်းခန့်ဖြစ်နေသေးသည်။ ထို့ပြင် ISP နှုန်းကလည်း အတော်လေးမြင့်မားနေသေးသည်ဟုဆိုရမည်။

တယ်လီဖုန်းအသုံးပြုခသည် ဈေးနှုန်းအနည်းငယ်သက်သာ သယောင်ရှိသည်။ လာအိုနှင့် မြန်မာနိုင်ငံတို့တွင် တယ်လီဖုန်းသုံးစွဲခ နှင့် အင်တာနက်သုံးစွဲခတို့မှာ သိပ်ကွာခြားမှုမရှိဟုဆိုရမည်။ လာအို နှင့် ဗီယက်နမ်နိုင်ငံတို့တွင် အင်တာနက်သုံးစွဲခသည် ကမ္ဗောဒီးယား ထက်တော့နည်းသည်ဟုဆိုရမည်။ သို့သော် လူတစ်ဦးချင်း တစ်နှစ် ဝင်ငွေနှင့် နှိုင်းယှဉ်လျှင် များနေသေးသည်။

GMS နိုင်ငံများအတွင်း အင်တာနက်ဖြင့် အီးကောမတ်စ်လုပ် ဆောင်နိုင်မှုသည် အတော်လေးချုပ်ကိုင်ထားမှုများသေးသည်ဟုဆို နိုင်သည်။ ITU အဖွဲ့ကြီး၏ဆန်းစစ်ချက်အရ မြန်မာ၊ ကမ္ဗောဒီး ယားနှင့် လာအိုနိုင်ငံများတွင် အင်တာနက်အသုံးပြုမှုနှုန်းသည် ပျမ်းမျှသိန်းဂဏန်းခန့်သာရှိမည်ဟု ဆိုထားသည်။ ထိုင်းနိုင်ငံတွင်သာ ကွန်ပျူတာသုံးစွဲသူလည်းများ၊ အင်တာနက်ကို လုပ်ငန်းခွင် သာမက အိမ်တွင်းသုံးပါ အတော်လေးကျယ်ပြန့်ကြောင်းတွေ့ရသည်။ GMS နိုင်ငံများအတွင်း အင်တာနက်ကဖေးဆိုင်များသည် အတော်လေး ခေတ်စားသည့် စီးပွားရေးလုပ်ငန်းအသွင် ဆောင်လာသည်။ နိုင်ငံခြားသားတိုးရစ်များလည်းသုံး၊ ပြည်တွင်းနိုင်ငံသားတွေကလည်း ကိုယ်ပိုင်မသုံးနိုင်ကြသဖြင့် အငှားသုံးရသည့်ကဖေးဆိုင်များ ခေတ်စားလာရခြင်းဖြစ်သည်။

ကမ္ဗောဒီးယားနှင့် လာအိုနိုင်ငံများတွင် အင်တာနက် exchange များမရှိပေ။ ပြည်တွင်းအင်တာနက် site များအနေဖြင့် တတိယနိုင်ငံတစ်နိုင်ငံမှတစ်ဆင့် နိုင်ငံတကာ bandwidth ကိုရယူ သုံးစွဲနေရသည့်သဘောဖြစ်သည်။ သို့ဖြစ်ရာ ဈေးနှုန်းသက်သာစွာဖြင့် အင်တာနက်မသုံးစွဲနိုင်ခြင်းတွင် အင်တာနက် exchange ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။

International gateway များသည် ပြည်တွင်းနှင့် နိုင်ငံတကာ network များကို ချိတ်ဆက်ပေးနိုင်သည့် လမ်းကြောင်း များဖြစ်သည်။ ကမ္ဗောဒီးယားနှင့် လာအိုနိုင်ငံများအတွင်းရှိ ISP တိုင်းသည် သူ့ကိုယ်ပိုင် နိုင်ငံတာကာ gateway များရှိကြသည်။ ထိုင်းနှင့် ဗီယက်နမ်တွင် နိုင်ငံတကာ gateway ကို ဗဟိုမှချုပ် ကိုင်ထားပြီး နိုင်ငံပိုင်အဖြစ်သတ်မှတ်ကာ ဆက်သွယ်ရေးအော်ပရေတာများ သီးခြားခန့်ထားသည်။ နိုင်ငံတစ်နိုင်ငံတွင် ကိုယ်ပိုင် gateway များကိုထူထောင်နိုင်ပြီး ISP များနှင့်လည်း အပြန်အလှန် နားလည်မှုရှိမှသာ အရည်အသွေးနှင့် ဝန်ဆောင်မှုကိုထိန်းချုပ်နိုင် ခြင်း၊ ဈေးနှုန်းသက်သာရေး၊ network ဖွံ့ဖြိုးရေးတို့ကို ဆောင်ရွက် နိုင်လိမ့်မည်ဖြစ်သည်။ နိုင်ငံတကာ gateway များကို တောင့်တင်း ခိုင်မာအောင်တည်ဆောက်နိုင်ခြင်းသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် နှင့် ကောင်းမွန်ကျွမ်းကျင်စွာ စီမံနိုင်ခွင့်များကိုပါရရှိနိုင်မည်ဖြစ်သည်။ ဈေးကွက်တွင် ပြိုင်ဆိုင်ခွင့်မပေးဘဲနှင့်လည်း သုံးစွဲသူများအနေဖြင့် ဝန်ဆောင်မှုကောင်းကောင်းနှင့် ဈေးနှုန်းသက်သာစွာ ရပိုင်ခွင့်များ ဆုံးရှုံးကြမည်သာဖြစ်သည်။

နိုင်ငံတစ်နိုင်ငံတွင် ဆက်သွယ်ရေးဆိုင်ရာ backbone ကလည်းအရေးကြီးသည်။ လာအို၊ မြန်မာနှင့် ကမ္ဗောဒီးယားနိုင်ငံ များတွင် ဆက်သွယ်ရေးဆိုင်ရာ backbone များအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာနှင့်ယှဉ်ကြည့်လျှင် ဖွံ့ဖြိုးတိုးတက်ပြီဟု မဆို နိုင်သေးပေ။ လာအိုနိုင်ငံတွင် တစ်နိုင်ငံလုံးအသုံးပြုနေသည့် backbone သည် microwave ကိုသာ အခြေခံထားသေးသည်။ ကမ္ဗောဒီးယား နိုင်ငံတွင် တစ်နိုင်ငံလုံး fiber-optic ကြိုးများကို အသုံးပြုနေပြီး၊ ထိုင်းနှင့် ဗီယက်နမ်နိုင်နယ်စပ်များနှင့်ပါ ဆက်စပ်မှု ရှိနေသည်။ ထိုင်းနိုင်ငံသည် fiber-optic လိုင်း၊ microwave နှင့် ဂြိုဟ်တု အခြေခံ backbone များတွင် အိမ်နီးချင်းနိုင်ငံများထက် ပိုမိုဖွံ့ဖြိုးနေသည့်နိုင်ငံဟုဆိုရမည်ဖြစ်သည်။

လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာအခြေခံအဆောက်အအုံ

[ပြင်ဆင်ရန်]

စီးပွားရေး၊ ဒေသဆိုင်ရာအရေးနှင့် လူမှုရေးကဏ္ဍတို့သည် တိုင်းပြည်အတွင်း အင်တာနက်အသုံးပြုနိုင်မှုအပေါ်များစွာလွှမ်းမိုးမှု ရှိနေသည်။ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံများ၏ GDP သည် ဖွံ့ဖြိုးဆဲနိုင်ငံချင်းအတူတူထိုင်းနိုင်ငံထက် သုံးပုံတစ်ပုံခန့် လျှော့နည်းနေသေးသည်။ တစ်ဦးချင်းဝင်ငွေအနေအထားကြောင့် ဆက်သွယ်ရေးနှင့် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများသည် လူဦးရေ နောက်ကိုမလိုက်နိုင်သေးပေ။ လူဦးရေအများစုသည် ကျေးလက်နေပြည်သူများဖြစ်ပြီး နိုင်ငံလူဦးရေ၏ ၇၅ ရာခိုင်နှုန်းခန့် ရှိသည်။ သယ်ယူပို့ဆောင်ရေးနှင့် လျှပ်စစ်မီးရရှိမှုအနေအထားအရ အားနည်း သေးသည်ဟုဆိုရမည်။

ကျေးလက်နေပြည်သူများအနေဖြင့် လူဦးရေထူထပ်မှုမရှိသော ကြောင့် ဆက်သွယ်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင် ပေးရန်မှာ အတော်လေးအခက်တွေ့နေရသည်။ အင်တာနက်သုံးစွဲ ရန်ဆိုသည်မှာ ရသည်ဆိုစေ၊ ပညာတတ်မှု၊ စာတတ်မှုများနှင့်လည်း များစွာဆက်စပ်နေသေးသည်။ သက်ကြီးပိုင်းစာတတ်မြောက်မှုနှုန်း တွင် လာအိုနိုင်ငံသည် ကမ္ဗောဒီးယားနိုင်ငံထက် ၅၀ ရာခိုင်နှုန်း လျှော့နည်းသည်။ ကမ္ဗောဒီးယားက စာတတ်မြောက်မှုနှုန်း ၇၀ ရာခိုင်နှုန်းသာရှိသည်။ သို့သော် ထိုနိုင်ငံများတွင် အသက် ၁၅ နှစ်အောက် လူငယ်ဦးရေကများသဖြင့် အင်တာနက်သုံးစွဲမှုဖွံ့ဖြိုး သည်ဟုဆိုရမည်။ လူငယ်များသည် လူကြီးများထက် နည်းပညာ သစ်ကို အမြန်ဆုံးကြိုဆိုလက်ခံတတ်ကြသောကြောင့်ဖြစ်သည်။

အင်တာနက်သုံးစွဲရာတွင် ဘာသာစကားအခက်အခဲကလည်း ပြဿနာတစ်ရပ်ဖြစ်သည်။ GMS နိုင်ငံတို့တွင်အများဆုံးရင်ဆိုင်နေရ သည့်ပြဿနာမှာ အင်္ဂလိပ်ဘာသာစကားဖွံ့ဖြိုးမှု အားနည်းနေသေး သောကြောင့်ဖြစ်သည်။ ကမ္ဗောဒီးယားနိုင်ငံတွင် ဒစ်ဂျစ်တယ်စီးပွား ရေးတည်ဆောက်ရန်မှာ ဘာသာစကားအခက်အခဲကို မကျော်လွှား နိုင်သေးသဖြင့် နှောင့်နှေးနေရသည်ဟုဆိုသည်။ သို့သော် GMS နိုင်ငံများအတွင်း အင်္ဂလိပ်ဘာသာနှင့်စကားသည် အတော်လေး ရေပန်းစားကာ လူကြိုက်များနေသည်မှန်သော်လည်း ဖွံ့ဖြိုးသင့်သ လောက် မဖွံ့ဖြိုးသေးပေ။

ကွန်ပျူတာတွင် မိမိတို့နိုင်ငံအများသုံးဘာသာစကားများဖြင့် ထည့်သွင်းအသုံးမပြုနိုင်သေးခြင်းကလည်း GMS နိုင်ငံများတွင် ပြဿနာတစ်ခုဖြစ်သည်။ စံသတ်မှတ်ချက်များ ရှိသည်ဆိုစေ တစ်ယောက်တစ်ပေါက် တောရောက်တောင်ရောက် ညီညွတ်မှု ကင်းစွာ လုပ်ချင်တိုင်းလုပ်နေကြသဖြင့် ဒေသစံကို တိကျစွာ အကောင်အထည်မဖော်နိုင်ခြင်းကလည်း ဖွံ့ဖြိုးတိုးတက်မှုကို တားဆီးနေသလိုဖြစ်နေသည်။ အထူးသဖြင့် လာအို၊ ကမ္ဗောဒီးယား နှင့် မြန်မာနိုင်ငံများတွင် ထိုပြဿနာများနှင့်ရင်ဆိုင်ကြုံတွေ့နေကြ ရသည်။ ဥပမာ ခမာ (ကမ္ဗောဒီးယားဘာသာ) စကားကို web page များတွင် image object အနေဖြင့်သာမြင်တွေ့နေကြရပြီး ကွန်ပျူတာအတွက် script တစ်ခုအနေဖြင့် မရနိုင်သေးခြင်းမျိုး ဖြစ်သည်။

GMS နိုင်ငံများတွင် ICT ဆိုင်ရာ awareness နည်းသေးသဖြင့် အင်တာနက်နှင့် အီးကောမတ်စ်သည် ဖွံ့ဖြိုးမှုနည်းသေးကြောင်းသုံးသပ်ရသည်။ လာအိုနှင့် ကမ္ဗောဒီးယားနိုင်ငံများတွင် ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများတွင် တက်ကြွမှုအားနည်းနေသေး သည်။ ပြည်သူတွေက သုံးစွဲရုံလောက်သာစိတ်ပါပြီး ပညာရပ်ဆိုင်ရာ လေ့လာလိုက်စားမှုအား နည်းပါးနေသေးသည်။ ထိုနိုင်ငံများတွင် အိုင်စီတီဆိုင်ရာ လူသားရင်းမြစ်များသည် အစိုးရဌာနများတွင်ရော ပုဂ္ဂလိကပိုင်းတွင်ပါ ရှားပါးမှုပြဿနာနှင့်ရင်ဆိုင်နေကြရသည်။

စီးပွားရေး၊လူမှုရေးနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်လျှင် အီးကောမတ်စ်လည်း ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သည်။ အီးကောမတ်စ် သည် လူကိုယ်တိုင်သွားဝယ်ရန်မလိုဘဲ ထိုင်ရာမထ ကိစ္စပြီးနိုင်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ဥပမာ ထိုင်းနိုင်ငံလိုမျိုးတွင် ဈေးဝယ် ထွက်ရခြင်း (shopping) သည် အပန်းဖြေရသလိုမျိုးဖြစ်သည်ဟု ခံယူထားကြလျှင် အောင်မြင်နိုင်မည်မဟုတ်ပေ။ GMS နိုင်ငံအများစု တွင် လက်ခံထားကြသည့်ကုန်သွယ်မှုက နှစ်ဦးနှစ်ဖက်မျက်နှာချင်း ဆိုင်တွေ့ပြီး အပေးအယူလုပ်ချင်သည့်ဆန္ဒစွဲကို မဖျောက်နိုင်ကြသေး ခြင်းဖြစ်သည်။

နောက်ထပ်အရေးကြီးသည့်အချက်မှာ အီးကောမတ်စ်သည် credit ကတ်ခေါ်ကြွေးဝယ်ခွင့်ကတ်ကို တွင်ကျယ်စွာအသုံးချနိုင်မှ အောင်မြင်နိုင်မည်ဖြစ်သည်။ ထိုငွေပေးချေမှုစနစ်သည် GMS နိုင်ငံ များအတွင်း ရေပန်းစားခြင်းမရှိနိုင်သေးသည်က အီးကောမတ်စ် အတွက် အခက်တွေ့စရာဖြစ်နေသည်။ ခရက်ဒစ်ကတ်သုံးလျှင် ဘဏ်စနစ်လည်းဖွံ့ဖြိုးလာမည်ဖြစ်သော်လည်း ဒေသသုံးငွေကိုသာ အသေကိုင်ပြီးသုံးစွဲချင်သည့် အရိုးစွဲစိတ်တွေမဖျောက်သမျှ၊ ခရက်ဒစ်ကတ်များကိုသုံးစွဲရန် အခွင့်အလမ်းတွေမရသမျှ အီးကောမတ်စ် ဖွံ့ဖြိုးရန်မှာမဖြစ်နိုင်သေးပေ။

ကုန်သွယ်မှုဆိုင်ရာအခြေခံအဆောက်အအုံ

[ပြင်ဆင်ရန်]

GMS နိုင်ငံများအတွင်း ထိုင်းနိုင်ငံမှလွဲ၍ ခရက်ဒစ်ကတ်သုံးစွဲ နိုင်မှုအခြေအနေအခွင့်အလမ်း နည်းပါးသေးသည်ဟုဆိုရမည်။ လာအိုရှိ ဘဏ်များတွင် ခရက်ဒစ်ကတ်ကိုမသုံးနိုင်ပေ။ မြန်မာနိုင်ငံ တွင် ဘဏ်နှစ်ခုနှင့် ကမ္ဗောဒီးယားတွင် ဘဏ်တစ်ခုသာ ခရက်ဒစ် ကတ်ကိုလက်ခံသေးကြောင်းသိရသည်။ လက်ရှိ ဗီယက်နမ်နှင့် ကမ္ဗောဒီးယားတို့တွင် ခရက်ဒစ်ကတ်စနစ်သုံးစွဲနိုင်ရေးအတွက် ကြိုးပမ်း နေကြပြီဖြစ်သည်။ ထိုဒေသများတွင် ခရက်ဒစ်ကတ်များ မသုံးစွဲကြသေးခြင်းသည် လူတိုင်းမကိုင်နိုင်စေရန် ကန့်သတ်ချက် ကြောင့်ဖြစ်နိုင်သလို၊ လူတွေကိုင်တွယ်သုံးစွဲတတ်သည့်ဓလေ့မရှိခြင်း ကြောင့်လည်းဖြစ်နိုင်သည်။ မြို့ပြတွင်ဖွင့်လှစ်ထားသည့်ဟိုတယ် ကြီးများတွင် နိုင်ငံခြားသားများနှင့်ဆက်ဆံရာတွင် ခရက်ဒစ်ကတ် စနစ်မရှိလျှင် အဆင်မပြေနိုင်သလို ဖွံ့ဖြိုးနိုင်မည်လည်းမဟုတ်ပေ။

အွန်လိုင်းဘဏ်စနစ် (online banking) စနစ်သည် GMS နိုင်ငံအချို့တွင် စတင်နေပြီဆိုစေ လက်တွေ့အလုပ်မဖြစ်သေး သည်ကများသည်။ လာအိုနှင့် ကမ္ဗောဒီးယားနိုင်ငံတို့တွင် အွန်လိုင်း ဘဏ်စနစ်မရနိုင်သေးပေ။ ဗီယက်နမ်နိုင်ငံရှိဘဏ်များတွင်သာ အွန်လိုင်းဘဏ်စနစ်ကို စတင်အတွေ့အကြုံယူနေပြီဖြစ်သည်။ မြန်မာ နိုင်ငံတွင် အွန်လိုင်းဘဏ်စနစ်ကို ဘဏ်တစ်ခုကစတင်နေပြီဟုသိရ သည်။ ထိုင်းနိုင်ငံတွင် အွန်လိုင်းဘဏ်စနစ် ဖွံ့ဖြိုးနေပြီး real-time online transaction clearing ကိုရရှိနိုင်ရန်ဝန်ဆောင်မှုများ ပေးနေပြီဖြစ်သည်။ ထိုင်းနိုင်ငံတွင် ATM (automatic teller machine) အလိုမလျောက်ငွေထုတ်စက်များကို သုံးနေပြီ။ ကမ္ဗော ဒီးယားနှင့် ဗီယက်နမ်တို့တွင် ယခုမှစတင်နေသည်။

စာတိုက်နှင့် စာပို့စာဖြန့်စနစ်များသည် GMS နိုင်ငံများအတွင်း နှေးကွေးပြီး ဝန်ဆောင်မှုကောင်းလှသည်ဟုမဆိုနိုင်သလို ပို့ခနှုန်း ထားများလည်း အလွန်ကြီးမြင့်နေသေးကြောင်းတွေ့ရသည်။ နိုင်ငံ တကာစာပို့ဝန်ဆောင်မှုဌာနများဖြစ်သည့် (DHL, Rederal Express, TNT, UPS) တို့သည်ယခုအခါ ထိုနိုင်ငံများအတွင်း စတင်ဝန်ဆောင်မှုပေးနေပြီဖြစ်သည်။ ပြည်တွင်းဝန်ဆောင်မှုအားနည်း ချက်သည် နိုင်ငံတကာဝန်ဆောင်မှုကြားဝင်လာစေရန် အကြောင်း ကိစ္စတစ်ခုဖြစ်စေသည်။

GMS နိုင်ငံများအတွင်း ဝန်ဆောင်မှုကိုကောင်းစွာပေးနိုင်ခြင်း၊ လုံလောက်စွာဆောင်ရွက်ပေးနိုင်ခြင်းဖြင့် ဒေသအလိုက် အီးကောမတ်စ် လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်စေနိုင်သည်။ သို့သော် ဗျူရိုကရေစီ ယန္တရားအသွင်းဆောင်သည့် အစိုးရလုပ်ငန်းများ၊ ကိုးစားဖွယ်ရာ နှင့် ယုံကြည်စိတ်ချဖွယ်ရာဝန်ဆောင်မှုမျိုးကို မရနိုင်သည့်အခါတွင် စီးပွားရေးအသွင်ဆောင်သည့်လုပ်ငန်းများ ကျဆုံးလာရသည်သာဖြစ် သည်။ GMS နိုင်ငံများအတွင်း ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများ သည်သာ အွန်လိုင်းဝန်ဆောင်မှုကိုပေးနိုင်ရန် အိုင်စီတီဘက်တွင် အဆင်သင့်ဖြစ်နေသေးကြောင်းတွေ့ရသည်။

လက်ရှိအိုင်တီကုမ္ပဏီများအနေဖြင့် အီးကောမတ်စ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကြိုးစား လုပ်ဆောင်မှုများရှိနေကြသည်။ လာအို၊ ကမ္ဗောဒီးယားနှင့် မြန်မာ နိုင်ငံများတွင် ပုဂ္ဂလိကကုမ္ပဏီများ၏အခန်းကဏ္ဍသည် နည်းပါး သေးသည်ဟုဆိုရမည်။ များသောအားဖြင့် ISP ကိုသာ service အနေဖြင့်လုပ်ဆောင်နိုင်သေးသည်။ ဗီယက်နမ်နိုင်ငံတွင် အိုင်တီလုပ် ငန်းနှင့်ပတ်သက်ပြီး အကြံပေးလုပ်ငန်းများ၊ Web development အတွက်ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီများအတော်လေးထွန်းကား များပြားနေပြီဖြစ်သည်။ ထိုင်းနိုင်ငံတွင် နိုင်ငံတကာ ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု၊ လုပ်ကိုင်မှုအများဆုံးဖြစ်သည်။

မူဝါဒနှင့်ဥပဒေဆိုင်ရာအခြေခံအဆောက်အအုံ

[ပြင်ဆင်ရန်]

GMS နိုင်ငံများအတွင်း မူဝါဒဆိုင်ရာအဆောက်အအုံမှာ မူလ အစိုးရလက်ဝါးကြီးအုပ်ထားသည့်အသွင်မှ ဆက်သွယ်ရေးလုပ်ငန်းများတွင် ဈေးကွက်စီးပွားရေးအသွင်ဖြင့် လွတ်လပ်ခွင့်ပေးလာ ကြောင်းတွေ့ရသည်။ သို့သော်မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများကို အစိုးရကသာဦးဆောင်လုပ်နေသေးသည်။ လာအို နိုင်ငံတွင် ၂၀၀၁ ခုနှစ်ကတည်းက ဆက်သွယ်ရေးကဏ္ဍတွင် ဥပဒေတစ်ရပ်ပြဋ္ဌာန်းကာ ပြိုင်ဆိုင်ခွင့်ပေးခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ တွင်လည်း ဆက်သွယ်ရေးကဏ္ဍအား ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုအပိုင်း တွင်သာမက အစိုးရနှင့်ဖက်စပ်လုပ်ငန်းများ ကိုပါခွင့်ပြုခဲ့ပြီးဖြစ်သည်။ ဗီယက်နမ်နိုင်ငံ၏ ဆက်သွယ်ရေးဆိုင်ရာအက်ဥပဒေသစ်သည် ပုဂ္ဂလိကလုပ်ပိုင်ခွင့်ကို အပြည့်အဝပေးထားကြောင်းတွေ့ရသည်။ ထိုင်းနိုင်ငံတွင် ၁၉၉၀ ပြည့်နှစ် အစောပိုင်းလောက်ကတည်းကပင် ဆက်သွယ်ရေးကဏ္ဍကို BTO (built-transfer-and-operate) ပရောဂျက်အောက်တွင် လိုင်စင်ထုတ်ပေးကာ ဆက်သွယ်ရေးဆိုင်ရာ network ကို ဖွံ့ဖြိုး တိုးတက်စေခဲ့သည်။ ဗီယက်နမ်နိုင်ငံနှင့် ထိုင်းနိုင်ငံ တို့သည် WTO (World Trade Organization) သို့ဝင်ခွင့်ရခဲ့သဖြင့် နိုင်ငံအတွင်း နိုင်ငံခြားကုမ္ပဏီများနှင့်အပြိုင် ဆက်သွယ်ရေးလုပ်ငန်း များကို လုပ်ဆောင်ခွင့်ရရှိခဲ့သည်။

GMS နိုင်ငံများအတွင်းရှိ အင်တာနက်ဈေးကွက်သည် အဆင့် အမျိုးမျိုး၊ အသွင်အမျိုးမျိုးဖြင့်ရှိနေသည်။ မြန်မာနိုင်ငံတွင် ISP နှစ်ခုသာရှိပြီး အစိုးရ၏ထိန်းချုပ်မှုအောက်တွင်ရှိနေသည်။ ISP လိုင်စင်နှင့်ပတ်သက်ပြီး ထုတ်ပေးခြင်းမရှိသေးပေ။ ဗီယက်နမ်နှင့် လာအိုနိုင်ငံများသည်လည်း ISဏ ဈေးကွက်အတွင်းသို့ဝင်လာနိုင်သည့် အဆင့်မရှိသေးပေ။ သို့သော် ထိုနိုင်ငံများ၏ပေါ်လစီများ မကြာမီ ပြောင်းလဲလာနိုင်သည်ဟု သုံးသပ်ကြသည်။

ကမ္ဗောဒီးယားနိုင်ငံတွင် အစိုးရသည် ၂၀၀၁ ခုနှစ်ကတည်းက အစိုးရနှင့်အပြိုင် ISP ဈေးကွက်ထူထောင်မှုကို ပိတ်ပင်ထားခဲ့သည်။ ထိုင်းနိုင်ငံတွင် ISP လိုင်စင်များကို ဖွံ့ဖြိုးရေးအတွက် အမှန်တကယ် လုပ်ဆောင်နိုင်မည့်ကုမ္ပဏီများကိုသာ အကန့်အသတ်နှင့် ဆက်လက် ထုတ်ပေးနေကြောင်းသိရသည်။ ဗီယက်နမ်နှင့်ထိုင်းနိုင်ငံများတွင် ISP ကို ကုမ္ပဏီများအနေဖြင့် နိုင်ငံတကာနှင့်တိုက်ရိုက် ဆက်သွယ်ခွင့်မပေးထားသေးပေ။ နိုင်ငံတော်မှတစ်ဆင့်ပြန်လည်ပြီး ISP ကိုယူကာလုပ်ဆောင်ကြရသည်။

အီးကောမတ်စ်ဖြင့် စီးပွားရေးလုပ်ငန်းများလုပ်ဆောင်ရန် အတွက် လက်ရှိထုတ်ပြန်ထားသည့်ဥပဒေများသည် လုံလောက် ခိုင်မာသည့်အနေအထားတွင် မရှိသေးဟုလေ့လာသုံးသပ်ရသည်။ ဥပမာ electronic signature (e-signature) ကိုလက်ခံရန် အတွက် ဥပဒေမျိုးမရှိသေးပေ။ အခြား အီလက်ထရောနစ် document ၊ အီလက်ထရောနစ် taxation ၊ copyright နှင့် IP (intellectual property rights) တို့နှင့်ပတ်သက်ပြီး တိကျသည့် ဥပဒထုတ်ပြန်ချက်များသည် အီးကောမတ်စ်ကို အထောက်အကူပြု ရန်များစွာလိုသေးသည်။ ထိုင်းနိုင်ငံတစ်နိုင်ငံတည်းတွင်သာ ဥပဒေကြောင်း နှင့်ပတ်သက်ပြီး တိကျစွာထုတ်ပြန်ထားသည်။ ကမ္ဗောဒီးယားနိုင်ငံတွင် NiDA (National Information Development Authority) သည် အီးကောမတ်စ်အတွက် ဥပဒေကြမ်းကိုရေးဆွဲ နေပြီဖြစ်သည်။ ဗီယက်နမ်နိုင်ငံတွင် e-Signature နှင့် certification authorities အဆင့်အထိ မူများချမှတ်ထားသည့် ဥပဒေကိုရေးဆွဲနေကြောင်းသိရသည်။ ထိုင်းနိုင်ငံတွင် Electronic Transaction Act ကိုထုတ်ပြန်ထားပြီးသားဖြစ်သည်။ အီးကောမတ်စ်နှင့်ပတ်သက်၍ အရေးအကြီးဆုံးဖြစ်သည့် အခွန် ကောက်ခံရေး (taxation) အပိုင်းကိုလည်း GMS နိုင်ငံများအတွင်း ခိုင်မာအောင်လုပ်ဆောင်ရန်လိုပေသေးသည်။

GMS နိုင်ငံအချို့တွင် အဓိကရင်ဆိုင်နေရသည့် ပြဿနာ တစ်ရပ်မှာ မူပိုင်ခွင့် (copyright) နှင့် အသိဉာဏ်ပစ္စည်းဆိုင်ရာဥပဒေ (intellectual property law) များမရှိသေးခြင်းဖြစ်သည်။ ထိုဥပဒေ များကို အတည်ပြုပြဋ္ဌာန်းရန်အားနည်းလျှင် ယုံကြည်စိတ်ချစွာဖြင့် စီးပွားရေးလုပ်ဆောင်နိုင်မှုအပေါ် ထိခိုက်စေနိုင်မည်ဖြစ်သည်။ ထိုင်း နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများတွင် မူပိုင်ခွင့်ဥပဒေများဖြင့် ကွန်ပျူတာ ဆော့ဖ်ဝဲတီထွင်မှုကို အကာအကွယ်ပြုထားသည်ဆိုစေ ခိုးကူးခြင်း ဖြင့် မူပိုင်ခွင့်ထိပါးမှု (paracy) နှုန်းမှာ မြင့်တက်လျက် ရှိနေဆဲဖြစ် သည်။ လက်ရှိမူပိုင်ခွင့်ဥပဒေများသည် အီးကောမတ်စ် လုပ်ငန်းစဉ်နှင့် သတင်းအချက်အလက်နည်းပညာဝန်ဆောင်မှုလုပ်ငန်းများအတွက် မည်သို့မျှ အထောက်အကူမပြုနိုင်တော့ပေ။ ကမ္ဗောဒီးယားနိုင်ငံသည် တိုးတက်လာသည့်နည်းပညာများနှင့်အညီ မူပိုင်ခွင့်နှင့်အခြားအိုင်စီတီ ဆိုင်ရာဥပဒေများကို ထုတ်ပြန်နိုင်ရေးအတွက် လုပ်ဆောင်နေပြီဖြစ် သည်။

GMS တိုင်းပြည်အများအတွင်း လူဦးအများစုသည် ကျေးလက်တွင်နေထိုင်ကြသူများဖြစ်ပြီး ဆက်သွယ်ရေးစနစ်နှင့် အခြားအိုင်စီတီဆိုင်ရာ အခွင့်အလမ်းများရယူသုံးစွဲနိုင်မှု နည်းပါးကြ သည်။ နိုင်ငံတကာအဆင့်ဝင်ရန်ဆိုသည်မှာ နိုင်ငံတကာနှင့်ဆက်ဆံ နိုင်မှုကို လမ်းဖွင့်ပေးခြင်း၊ အခွင့်အလမ်းများဖန်တီးပေးခြင်းတို့လည်း များစွာလိုသည်။ အီးကောမတ်စ်ကိုအောင်မြင်စေချင်လျှင် အောင်မြင်နိုင်သည့် အခွင့်အလမ်းများဖန်တီးပေးနိုင်ရေးသည် အားလုံး တွင်တာဝန်ရှိသည်ဟု ရှုမြင်သုံးသပ်တတ်ရန်လည်းလိုသည်။ လာအိုနှင့် ကမ္ဗောဒီးယားနိုင်ငံများတွင် အက်တာနက် ဆိုင်ရာပေါ်လစီ များသည် သုံးသာသုံးနေကြသော်လည်း တရားဝင်နည်းလမ်းကျမှု ရှိ မရှိကိုပြန်လည်ဆန်းစစ်ရန်လိုသေးသည်။ ဗီယက်နမ်နိုင်ငံတွင် လုပ်ငန်းများကိုအင်တာနက်သုံးစွဲနိုင်မှုကို အဓိကထားပြီးလုပ်ဆောင် နေသည်ဆိုစေ ကျေးလက်နေပြည်သူတို့အတွက် သုံးစွဲနိုင်ရန်အခွင့် အလမ်းများနှင့်ပတ်သက်ပြီး တိကျသည့်ပေါ်လစီမရှိပေ။ ထိုင်းနိုင်ငံ တွင် အင်တာနက်သုံးစွဲနိုင်မှုကို တစ်နိုင်ငံလုံးပျံ့နှံ့နိုင်ရေးအတွက် အစီအစဉ်ပေါင်းများစွာချမှတ်ထားသည်။ ဥပမာ Tambon Net ဆိုသည့်ပရောဂျက်သည် ကျေးလက်နေပြည်သူများ အင်တာနက် သုံးစွဲနိုင်စေရေးအတွက် အစီအစဉ်ချာလုပ်ဆောင်နေသည့် လုပ်ငန်းစဉ် တစ်ခုဖြစ်သည်။

အီးကောမတ်စ် အနာဂတ်အလားအလာ

[ပြင်ဆင်ရန်]

တိုင်းပြည်တစ်ပြည်တွင် အိုင်စီတီနှင့် အီးကောမတ်စ်ဆိုင်ရာ လုပ်ငန်းများကို လက်ခံကျင့်သုံးရန်အတွက် အစိုးရသည်အဓိက ရှေ့တန်းမှ တွန်းအားပေးသူများဖြစ်ရသည်။ ထင်သာမြင်သာသည့် သဘောထား၊ နည်းဗျူဟာ၊ စီမံချက်၊ လုပ်ဆောင်မှုများကို ထုတ်ပြန် ခြင်း၊ လိုက်နာစေခြင်း၊ အကောင်အထည်ဖော်ခြင်းတို့ကို အစိုးရ ပိုင်းမှဦးစီးဦးဆောင်မှုပြုခြင်းဖြင့်သာ အောင်မြင်သည်ကများသည်။ GMS နိုင်ငံများရှိအစိုးရများသည် ကတိတွေအပေးများပြီး လုပ်ငန်း အကောင်အထည်ဖော်နိုင်ကား နည်းပါးလှသေးသည်။ အိုင်စီတီဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကတိများသည်လိုအပ်သည်မှန်သော် လည်း master plan အမျိုးမျိုးချမှတ်ထားရုံဖြင့် အလုပ်မဖြစ်နိုင် ကြောင်းသဘောပေါက်ထားကြရမည်ဖြစ်သည်။

နိုင်ငံတော်အတွင်း အိုင်စီတီဆိုင်ရာချမှတ်ထားသည့်မူဝါဒများ တွင် အီးကောမတ်စ်လုပ်ငန်းစဉ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ master plan များချမှတ်ထားရန်လိုသည်။ ထိုလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ဌာနအသီးသီး၊ ကော်မတီအမျိုးမျိုးဖွဲ့စည်း လုပ်ဆောင်ရန်လိုသကဲ့သို့ အလုပ်မလုပ်သည့် အခွင့်အရေးသမား များဖြင့်ဖွဲ့စည်းထားသော အဖွဲ့မျိုး၊ အကျိုးမျှော်ညောင်ရေလောင်း တစ်ကိုယ်ကောင်းသမားများဖြင့်ဖွဲ့စည်းထား သည့်အဖွဲ့မျိုးမဖြစ်ရန် လည်းလိုသည်။ တိုင်းပြည်နှင့်လူမျိုးအပေါ် စေတနာမှန်နှင့်ဖွံ့ဖြိုး တိုးတက်စေရန်သဘောထားကြီးသူများ လိုအပ်လှသည်။

ထိုင်းနိုင်ငံသည် သူ့ master plan ကို ၂၀၁၀ တွင်အကောင် အထည်ဖော်နိုင်မည်ဟုကြေညာထားသည်။ ဗီယက်နမ်နိုင်ငံကလည်း master plan ကို နိုင်ငံတော်အဆင့်အနေဖြင့် ရေးဆွဲနေပြီဖြစ်သည်။ လာအိုနိုင်ငံသည် master plan ကို နိုင်ငံတကာအဖွဲ့အစည်းတစ်ခု၏ အထောက်အပံ့ဖြင့် စတင်ရေးဆွဲနေသည်။ ကမ္ဗောဒီးယားနှင့် မြန်မာ နိုင်ငံတို့တွင် master plan များချမှတ်ထားပြီးဖြစ်သော်လည်း အိုင်စီတီနှင့် အီးကောမတ်စ်လုပ်ငန်းစဉ်များဖွံ့ဖြိုးတိုးတက်ရေးတွင် တိကျသည့် ရည်ရွယ်ချက်အတိုင်း အကောင်အထည်ဖော်နိုင်မှုများ အားနည်းနေသေးကြောင်းတွေ့ရသည်။

GMS နိုင်ငံများအတွင်းအစိုးရတိုင်းသည် အီးကောမတ်စ်အား အကောင်အထည်ဖော်ရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရေးစိတ်အားထက် သန်မှုရှိကြသည်ကတော့ ကျေနပ်အားရစရာနှင့် အကောင်းမြင်စရာ ဖြစ်သည်။ ထိုင်းနိုင်ငံတွင် အီးကောမတ်စ် ဥပဒေများကိုပြဋ္ဌာန်းပေး ထားပြီးဖြစ်သည်။ ဗီယက်နမ်နိုင်ငံတွင် မကြမီပြဋ္ဌာန်းနိုင်တော့မည် ဟု မျှော်လင့်ရသည်။ ကမ္ဗောဒီးယားနိုင်ငံတွင် အီးကောမတ်စ်နှင့် မူပိုင်ခွင့်မူကြမ်းများကိုရေးဆွဲပြီးကြောင်းသိရသည်။ အီးကောမတ်စ် ဖွံ့ဖြိုးတိုးတက်ရေးဆိုသည်မှာ ရေးဆွဲထားသည့်ဥပဒေကိုကိုင်ပြီး အခန်းတွင်းထိုင်နေရုံဖြင့်မပြီး၊ ဈေးကွက်အထိရောက်အောင် တင်နိုင်မှသာလျှင်ပြီးမြောက်အောင်မြင်နိုင်မည်ဖြစ်သည်။

အစိုးရပိုင်းအနေဖြင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အီးကောမတ်စ်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုပေးရန် လိုသည်။ ပေးထားသည့်ကတိများအတိုင်းဆောင်ရွက်အကောင် အထည်ဖော်ပြီး အသိပညာကိုအခြေခံသည့်စီးပွားရေးတစ်ခုကိုမိမိတို့ နိုင်ငံတွင်ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မှသာလျှင် e-ASEAN အတွက်အဆင်သင့်ဖြစ်လိမ့်မည်။

နည်းပညာဆိုင်ရာအခြေခံအဆောက်အအုံသည် မြန်မာ၊ လာအိုနှင့် ကမ္ဗောဒီးယားနိုင်ငံများတွင် အာရှ-ပစိဖိတ်နိုင်ငံအတွင်း နှိုင်းယှဉ်ကြည့်ပါက အတော်လေးအားနည်းနေသေးကြောင်းတွေ့ရ သည်။ နိုင်ငံအတွင်း အီးကောမတ်စ်ဖွံ့ဖြိုးရေးမှာ တွန်းအားပေးရ မည့်အနေအထားတွင်ဖြစ်နေသေးသည်။ နည်းပညာပိုင်းတွင် အားနည်းနေသေးသည်ဆိုစေ အာရှ-ပစိဖိတ်ဒေသအတွင်း ထိုဒေသများ၏ ဖွံ့ဖြိုးတိုးတက်နှုန်းမှာ အရှိန်အားကောင်းသည်ဟုဆိုရမည်။ အထူးသဖြင့် မိုဘိုင်းလ်ဖုန်းသုံးစွဲမှုမြင့်တက်လာခြင်းအပေါ် သုံးသပ်ရ မည်ဖြစ်သည်။

ကမ္ဗောဒီးယားနိုင်ငံတွင် မိုဘိုင်းလ်ဖုန်းသုံးစွဲမှုနှုန်းသည် လိုင်းဖုန်း သုံးစွဲမှုနှုန်းကို ကျော်လွန်သွားပြီဖြစ်သည်။ သို့သော် နိုင်ငံအတွင်း နည်းပညာဆိုင်ရာအခြေခံအဆောက်အအုံမှာ ထင်သလောက်ဖွံ့ဖြိုး တိုးတက်မှုမရှိသေးပေ။ သို့ဖြစ်ရာ GMS နိုင်ငံများအတွင်း ထင်သလောက် ခုန်ပျံကျော်လွှား ဖွံ့ဖြိုးတိုးတက်သွားလိမ့်မည်ဟု ယူဆထားရန်မဖြစ်နိုင်ပေ။ GMS နိုင်ငံများအတွင်း စီးပွားရေး၊ ဒေသ ဆိုင်ရာအရေး၊ ပထဝီဝင်အနေအထားနှင့် လူဦးရေအနည်း အများအလိုက် ကြိုးမဲ့ဆက်သွယ်ရေးသည်သာလျှင် လက်ရှိအနေ အထားကို အမြန်ဆုံးခုန်ပျံကျော်လွှားပြီး တိုးတက်စေနိုင်မည့်နည်းလမ်း တစ်ခုဖြစ်သည်။ ကမ္ဗောဒီးယားနှင့် လာအိုနိုင်ငံများတွင် ကြိုးမဲ့ ဆက်သွယ်ရေးစနစ်သည် အကန့်အသတ်ဖြင့်သာရနိုင်သေးသည်။ ကမ္ဗောဒီးယားနိုင်ငံတွင် မြို့တော်ဖနုန်ပင်၌ dial-up စနစ်ဖြင့်ပင် အကန့်အသတ်ဖြင့်သာသုံးနိုင်သည်။ မိုဘိုင်းလ်သုံးစွဲရန်ဆိုသည်မှာ ISP ဈေးကွက်အတွင်းသို့ဝင်ပြီး broadband ဖြင့် ကြိုးမဲ့စနစ်ကို တွင်ကျယ်စွာအသုံးပြုနိုင်ရန်လိုပေလိမ့်မည်။ လာအိုနိုင်ငံတွင်လည်း အလားတူလုပ်ဆောင်မှုမျိုးလိုအပ်နေပေသေးသည်။

နည်းပညာဆိုင်ရာသုံးစွဲနိုင်မှုအခွင့်အလမ်းကွာခြားချက်သည် စီးပွားရေးအနေအထားကိုလည်း ကွာဟချက်များစွာဖြစ်စေသည်။ နည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံသည် တိုင်းပြည်တစ်ပြည်၏ GDP နှင့်လည်းဆက်စပ်နေသည်။ မြန်မာ၊ ကမ္ဗောဒီးယား၊ လာအို နှင့် ဗီယက်နမ်နိုင်ငံတို့သည် နည်းပညာပိုင်းဆိုင်ရာအခြေခံအဆောက် အအုံ နိမ့်ကျသေးသည်ဆိုသော်လည်း ဒေသတွင်း၌ ထိုနိုင်ငံများ ထက် ဆင်းရဲတွင်းနက်သည့်နိုင်ငံများရှိနေဆဲဖြစ်သည်။ အင်တာနက်၊ ကွန်ပျူတာ၊ ဆက်သွယ်ရေးစနစ်တို့အနေဖြင့် အီးကောမတ်စ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဟန့်အတားဖြစ်နေသည်ဆိုစေ အဆိုးကြီး မဟုတ်ဟုဆိုနိုင်သည်။ ပုဂ္ဂလိကအခန်းကဏ္ဍနှင့် အစိုးရပိုင်းတို့၏ နည်းပညာဆိုင်ရာကြီးမားသည့်ရင်းနှီးမြှုပ်နှံမှုတို့တွင် အားနည်းနေ သေးသောကြောင့်သာ ထိုသို့သတ်မှတ်နေရခြင်းဖြစ်သည်။ ဥပမာ ကမ္ဗောဒီးယားနိုင်ငံတွင် လိုင်းဖုန်းဖြင့် network ဆက်သွယ်နိုင်မှု သည် အလှူရှင်နိုင်ငံများကမကထပြုပေးသောကြောင့်သာတိုးတက် လာရခြင်းဖြစ်ပြီး၊ အစိုးရအနေဖြင့်စိုက်ထုတ်မြှုပ်နှံနိုင်သောကြောင့် မဟုတ်ပေ။ ထို့အတူ ကြိုးမဲ့ဆက်သွယ်ရေးစနစ်ပိုင်းတွင်လည်း နိုင်ငံခြားတိုင်းပြည်များကို ဝင်ရောက်လုပ်ပိုင်ခွင့်ပေးလိုက်သော ကြောင့်သာလျှင် ဤမျှတိုးတက်လာရခြင်းဖြစ်သည်။ ဆက်သွယ်ရေး စနစ်တွင် ဈေးကွက်စီးပွားရေးကိုအကြောင်းပြုပြီး လွတ်လပ်စွာ လုပ်ပိုင်ခွင့်များပေးလိုက်သဖြင့် ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုသည် နေ့ချင်းညချင်းရလာပြီး အခြားနိုင်ငံများနှင့်ယှဉ်ပြိုင်နိုင်သည့်အနေ အထားသို့ရောက်ရှိလာခဲ့ရသည်။

အီးကောမတ်စ်ဖွံ့ဖြိုးတိုးတက်ရေးသည် အခြားသောအကြောင်း အရာများစွာနှင့်လည်း ဆက်စပ်နေသေးသည်။ ဥပမာ ပညာရေးဘက်တွင် ပညာတတ်နည်းပါးမှု၊ စာတတ်မြောက်မှုနှုန်းနည်းပါးမှု၊ အင်္ဂလိပ်စာအဖတ်အပြောတတ်သူနည်းပါးမှု၊ အိုင်စီတီဆိုင်ရာ စိတ်ပါ ဝင်စားမှုနည်းပါးခြင်းတို့သည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့် အတားများဖြစ်သည်။ အစိုးရပိုင်း၊ အစိုးရမဟုတ်သည့် အပိုင်းတို့က အီးကောမတ်စ်နှင့်ပတ်သက်ပြီး ကျောင်းများ၊ ကောလိပ်တက္ကသိုလ်များတွင်စတင်ကာ စည်းရုံးလှုပ်ရှားပေးနိုင်ခြင်းကလည်း အိုင်စီတီ နှင့် အီးကောမတ်စ်ဖွံ့ဖြိုးတိုးတက်ရေးတွင် များစွာအထောက်အကူ ဖြစ်စေနိုင်သည်။ ကျောင်းများတွင် အိုင်စီတီဆိုင်ရာဗဟုသုတများ နှင့် အင်တာနက်ဆိုင်ရာဗဟုသုတများကို ဖြန့်ပေးနိုင်ရုံမက သုံးနိုင် စေရန်အခွင့်အလမ်းများ ဖန်တီးပေးခြင်းသည် အခြေခံကို အခြေခိုင် အောင်လုပ်ခြင်းဟု ရှုမြင်သင့်ပါသည်။

GMS နိုင်ငံများအတွင်း အင်္ဂလိပ်ဘာသာစကားသည် ခေတ် အစားဆုံးနှင့် အများဆုံးအသုံးပြုကြသည့် ဆက်သွယ်ရေးဆိုင်ရာ ဘာသာစကားဖြစ်နေသည်။ ဥပမာ ထိုင်းနှင့် ဗီယက်နမ်တို့တွင် နိုင်ငံအချင်းချင်းဆက်သွယ်ရာ၌ အင်္ဂလိပ်ဘာသာစကားကို အဓိက ထားပြီးသုံးစွဲကြသည်။ သို့ဖြစ်ရာ အင်္ဂလိပ်စာသင်ကြားရေးနိုင်ငံ အချင်းချင်းအတားအဆီးများကို ကျော်လွှားနိုင်စရာကိစ္စတစ်ခုဖြစ် နိုင်သည်။

GMS နိုင်ငံများအတွင်း အီးကောမတ်စ်အခြေခံအဆောက်အအုံ နှင့်ပတ်သက်၍ နှိုင်းယှဉ်ကြည့်လျှင် ထိုင်းနိုင်ငံမှလွဲပြီး ကျန် ဗီယက်နမ်၊ ကမ္ဗောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံများတွင် ကွာဟချက်ကြီးမားလွန်းသည်ဟုဆိုနိုင်သည်။ ကွာဟချက်ဆိုသည်မှာ နည်းပညာဆိုင်ရာအခြေခံအဆောက်အအုံတစ်ခုတည်းကိုကြည့်ပြီး ဆုံးဖြတ်ခြင်မဟုတ်ပေ။ နိုင်ငံတစ်နိုင်ငံချင်း အလိုက်ဝင်ငွေပမာဏ၊ စီးပွားရေးအနေအထား၊ ဥပဒေချမှတ်ခြင်းနှင့် ဥပဒေသက်ရောက်မှု၊ လူမှုရေးနှင့်ယဉ်ကျေးမှုပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများကို ကြည့်ပြီး သုံးသပ်ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံသည် အီးကောမတ်စ်ဆိုင်ရာလုပ်ငန်းများတွင် အခြား GMS နိုင်ငံများထက်စိတ်ပါဝင်စားမှုပိုများသလို အစိုးရပိုင်းမှထောက် ခံအားပေးမှု၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများတွင် အခြားနိုင်ငံများထက် အားပိုမိုကောင်းသည်ဟုဆိုနိုင်သည်။ နောက်တစ်ချက်မှာ နည်းပညာ ဆိုင်ရာအခြေခံအဆောက်အအုံကွာဟချက်ဖြစ်သည်။ အီးကောမတ်စ် လုပ်ကြရာတွင် ထိုင်းနိုင်ငံ အတွင်းအိုင်စီတီဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုက အခြားနိုင်ငံများထက်သာလွန်နေသည်။ ခရက်ဒစ်ကတ်အသုံးပြုနိုင်မှု နှင့် အွန်လိုင်းမှငွေပေးငွေယူပြုလုပ်နိုင်သည့်စနစ်သည် ထိုင်းနိုင်ငံ အတွင်း၌အခြားနိုင်ငံများထက်စောစီးစွာ အခြေတည်နေသဖြင့်ပိုမို ဖွံ့ဖြိုးတိုးတက်သွားရခြင်းဖြစ်သည်ဟုလည်းဆိုနိုင်သည်။

အီးကောမတ်စ်လုပ်ငန်းကို အထောက်အကူပြုစေနိုင်သည့် အခြားအချက်မှာ ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေးတို့ဖြစ်သည်။ အွန်လိုင်းမှ မှာလိုက်သည့်ပစ္စည်းကိုဝန်ဆောင်မှုအကောင်းဆုံးပေးကာ အရောက်ပို့နိုင်သည့်စနစ်များသည် ထိုင်းနိုင်ငံတွင်ထွန်းကားနေပြီးဖြစ် သည်။

နိုင်ငံများတွင် နိုင်ငံပိုင်လုပ်ငန်းများအဖြစ်သတ်မှတ်ထားချက် များကို ယုတ်သိမ်းခြင်း၊ လျှော့ပေါ့ခြင်းတို့သည်လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသည်။ အစိုးရသည် ဆက်သွယ်ရေး လုပ်ငန်းများကို တစ်ဦးတည်းမချုပ်ကိုင်ထားပြီး ဈေးကွက်စီးပွားရေးစနစ်အတိုင်း လမ်းဖွင့်ကာကုမ္ပဏီများကို အပြိုင် အဆိုင်လုပ်စေခြင်း၏ရလဒ်မှာ ပြည်သူများ ဈေးနှုန်းသက်သာစွာ အသုံးပြုနိုင်ခြင်း၊ အရည်အသွေးကောင်းစွာအသုံးပြုနိုင်ခြင်း၊ နိုင်ငံ တကာအဆင့်မီနည်းပညာများကိုအသုံးပြုနိုင်ခြင်းစသည့် ရလဒ် ကောင်းများကိုပေါ်ထွက်စေသည်။

GMS နိုင်ငံများအတွင်း ရှိသည့်လူ့စွမ်းအားအရင်းအမြစ်များကို ထုတ်ဖော်အသုံးပြုနိုင်ခြင်းကလည်း အရေးကြီးသည်။ ပညာတတ် များမွေးထုတ်နိုင်ခြင်း၊ ပညာရှင်များကိုချီးမြှောက်နိုင်ခြင်း၊ ထိုက်တန် စွာအလုပ်အကိုင်အခွင့်အလမ်းများရှာဖွေပေးနိုင်ခြင်း၊ brain drain ကို brain gain ဖြစ်အောင်ပြန်လည်လုပ်ယူနိုင်ခြင်းတို့သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအရေးကြီးသည်။

နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို မျှော်လင့် ထားလျှင် နိုင်ငံခြားမှလာရောက်ရင်းနှီးမြှုပ်နှံလာစေမည့် မက်လုံး များပေးနိုင်ရမည်ဖြစ်သည်။ ထို့ပြင်နိုင်ငံခြားတိုင်းပြည်များသည် ဥပဒေကြောင်းအရ ပြည်တွင်းဒေသတစ်ခုတွင် မည်မျှအထိသက် ရောက်မှုရှိသည်၊ ခိုင်မာသည်၊ မည်မျှအကာအကွယ်ပေးထားနိုင်သည် တို့အပေါ် သုံးသပ်လေ့ရှိသည်။ ခိုင်မာသော ဥပဒေများ ပြဋ္ဌာန်းထားပြီးမှသာလျှင် ရင်းနှီးမြှုပ်နှံ လုပ်ချင်ကိုင်ချင် ပူးပေါင်းပါဝင်ချင်စိတ် များလာပေလိမ့်မည်။

အခြားအချက်တစ်ချက်မှာ အရေးမကြီးဟုဆိုသော်လည်း အရေးအပါဆုံးဖြစ်နိုင်သည်။ ဘာသာစကားဆိုင်ရာအခက်အခဲကို ကျော်လွှားနိုင်ရေးဖြစ်သည်။ နိုင်ငံခြားတိုင်းပြည်များနှင့်ဆက်ဆံရာ တွင် အများဆုံးအသုံးပြုနေကြသည့်ဘာသာစကားမှာ အင်္ဂလိပ် ဘာသာစကားဖြစ်သည်။ အီးကောမတ်စ်နှင့် အိုင်စီတီလုပ်ငန်းများ ကို ဖွံ့ဖြိုးတိုးတက်ချင်လျှင် ဘာသာစကားအခက်အခဲကျော်လွှားနိုင်ရေး အတွက် အလေးပေးဆောင်ရွက်မှုများပြုလုပ်သင့်ပြီဖြစ်သည်။


ကိုးကား

[ပြင်ဆင်ရန်]

Ref : E-commerce Infrastructure in Thailand and Its Neighboring Countries, by Veerasak Jinarat, Ph.D