အိုးခွက်လုပ်ငန်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

အိုးခွက်ပန်းကန် ပြုလုပ်သည့်ပညာရပ်သည် သမိုင်းမတင်မီခေတ်ကာလကပင် ကမ္ဘာပေါ်ရှိ လူမျိုးတိုင်း လုပ်ကိုင်လာတတ်ကြသော လက်မှုပညာတစ်ရပ်ဖြစ်သည်။ ရှေးလူတို့သည် သားရဲတိရစ္ဆာန်များကိုသတ်ဖြတ်ရန် လက်နက်များ ပြုလုပ်တတ်၍ မိမိတို့၏ကိုယ်ကို အဝတ်တန်ဆာဖြင့် ဖုံးလွှမ်းတတ်ရန် အသိဉာဏ် ဝင်လာသည့်အခါမှစပြီးလျှင် မြေစေးတို့ဖြင့် အိုးခွက်အသုံးအဆောင်တို့ကိုလည်း လုပ်ကိုင်လာတတ်ကြသည်။ စိုနေသည့်မြေစေးကို ခြေဖြင့်နင်းမိလျှင် ခွက်သွား၏။ ထိုခြေရာခွက်သည် အပူရှိန်နှင့်တွေ့သည့်အခါ ပုံသဏ္ဌာန်မပျက် ခြောက်သွေ့ခိုင်မာသည်ကို မြင်မိရာမှ မြေစေးကိုကြိုက်ရာပုံသွင်းပြီးလျှင် မီးဖုတ်ကာ လိုရာအသုံးပြုရန် အကြံပေါ်လာကြသည်ဟု ယူဆရပေသည်။


ကြွေထည်မပေါ်သေးမီအခါက လူတို့သည် မြေအိုးမြေခွက်များကိုသာလျှင် သုံးစွဲခဲ့ကြသည်။ ထို့ကြောင့် ကြွေထည်၏ အစကား မြေထည်ပင်ဖြစ်လေသည်။ ရှေးလူတို့သည် ရွှံ့စေး၊ သို့မဟုတ် မြေစေးများကို အမှိုက်သရိုက်များ ကင်းစင်စေပြီးလျှင် မိမိတို့အလိုရှိသည့် မြေအိုးမြေခွက်များကို ပြုလုပ်ကြလေသည်။ ရှေးအခါက ယခုခေတ် ကဲ့သို့ ကောင်းမွန်သော ကိရိယာတန်ဆာပလာများ မပေါ်သေးသဖြင့် သူတို့သည် အိုးကိုလက်ဖြင့်လုပ်၏။ တစ်ခါတစ်ရံ သစ်သား သို့မဟုတ် ကျောက်တုံးများကို အိုးလုပ်ရာ၌အသုံးချ၏။ အလွန်တရာကြီးမားသော အိုးများကို လုပ်ကိုင်ရာတွင် သူတို့သည် ဖျာ သို့မဟုတ် ခြင်းကြီးများကိုရက်၍ ခိုင်မာစေရန် အသုံးပြုကြလေသည်။


ပထမ၌ လူတို့သည် အိုးခွက်များကို နေဖြင့်ခြောက် သွေ့ခိုင်မာစေ၏။ သို့သော် မီးကိုအသုံးများလာသောအခါ မီး ဖြင့်ဖုတ်ခြင်းအားဖြင့် ကျောက်ကဲ့သို့မာသောအိုးမျိုးရကြောင်း သိရှိလာ၏။ ဒေသတစ်ခု နှင့်တစ်ခု မြေအရောင်အဆင်းချင်း မ တူညီကြပေ။ မြေစေးအမျိုးမျိုးတို့ကိုရောစပ်ပြီး မြေထည်ကိုအလှ အပခြယ်နိုင်သည့် အခွင့်လည်းရလာလေသည်။ ယဉ်ကျေးမှုစတင်ထွန်းကားခဲ့သော တိုင်းနိုင်ငံကြီးများ ဖြစ်ကြသည့် အီဂျစ်၊ ဘက်ဘီလုံး၊ အဆီးရီးယား၊ တရုတ်၊ ကဲလဒီးယား၊ ဂရိ၊ ရောမ အစရှိသည့် တိုင်းနိုင်ငံကြီးများတွင် မြေထည်များကို သာလျှင် စတင်သုံးစွဲလာခဲ့ကြလေသည်။ ကရိကျွန်းတွင် ရှေးကနေထိုင်ခဲ့ကြသော လူမျိုးတို့မှာ ယဉ်ကျေးမှုအဆင့်အတန်း အတော်မြင့်လေသည်။ ဘီစီ ၂ဝဝဝ ကျော်က သူတို့ပြုလုပ်ခဲ့သော အိုးခွက်ပန်းကန်များမှာ စိတ်ကူး စိတ်သန်း ကောင်းမွန်စွာနှင့် ပြုလုပ်ထားသည်ကို တွေ့ရလေ သည်။ အတွန့်အချိတ်၊ အကွေ့အကောက်အရုပ်များကို အနီ၊ အဝါ၊ အဖြူ စသည့်အရောင်တို့ဖြင့် တောက်ပြောင်စွာ ရေးချယ် ပြုလုပ်ထားလေသည်။ ကရိလူမျိုးတို့ပင် ထိုလုပ်ငန်း၌ တဖြည်း ဖြည်းချဲ့ထွင် တိုးတက်ကာ ကြီးမားသောစရည်းအိုးခွက်များကို ပြုလုပ်နိုင်လာကြလေသည်။


အိုးခွက်လုပ်ကိုင်သော အတတ်ပညာသည် ကရိကျွန်းမှ တစ်ဆင့် ဂရိနိုင်ငံသို့ပျံ့နှံ့ကာ တစ်သီးတစ်ခြား ခမ်းနားစွာ ကြီး ပွားတိုးတက်ပြန်သည်။ သို့ရာတွင် ဂရိနိုင်ငံကို တိုင်းတစ်ပါးမှ မယဉ်ကျေးလှသေးသည့်လူမျိုးတို့ ချဉ်းနင်းတိုက်ခိုက် ဖျက်ဆီးခဲ့ သောကြောင့် ဂရိယဉ်ကျေးမှုအရပ်ရပ်တို့ တိမ်မြုပ်ပျောက်ကွယ် သွားခဲ့သဖြင့် အိုးခွက်လုပ်ငန်းအတတ်လည်း တစ်ပါတည်းဆိပ် သုဉ်းခဲ့၏။ ခရစ်မပေါ်မီ ရှစ်ရာစုနှစ်လောက်တွင် ထိုတိမ်မြုပ် သွားသောယဉ်ကျေးမှုများ ပြန်လည်ထွန်းကားလာပြန်ရာ အိုး ခွက်တို့မှာ လူတို့၏အိမ်ထောင်တွင် အလွန်အသုံးဝင်သော နေ့ စဉ်အသုံးပစ္စည်းဖြစ်သည်ကတစ်ကြောင်း၊ ထိုခေတ်လူများ သေ ဆုံးသောအခါ သူတို့၏အသုံးအဆောင် အိုးခွက်များကို အတူ တစ်ကွမြှုပ်နှံသော အလေ့ရှိသည်က တစ်ကြောင်းတို့ကြောင့် အိုးခွက်အတတ်မှာ အခြားလက်မှုပညာထက် ဦးစွာခေါင်းပြန် ဖော်နိုင်ခဲ့လေသည်။


ဂရိလူမျိုးတို့သည် အိုးခွက်ပန်းကန် အသုံးအဆောင် များပေါ်၌ အနီရောင်၊ အနက်ရောင် ရုပ်လုံးများဖော်ကြလေ သည်။ ဘီစီ ၅ဝဝ လောက်တွင် အိုးခွက်တို့ကို ပုံသဏ္ဌာန် အမျိုးမျိုးပြုလုပ်၍ မီးဖုတ်ပြီးမှ တစ်ဖန် စဉ့် သို့မဟုတ် ဖျော် ရည်များကို သုတ်လိမ်းကာ ထပ်မံမီးဖုတ်ပေးပြန်လေသည်။ ဤသို့ အားဖြင့် တောက်ပပြောင်လက်သော အိုးခွက်ပန်းကန် တို့ကို လုပ်ကိုင်ဖြစ်မြောက်လာကြလေသည်။ ဘီစီ ၂ဝဝ ခန့် တွင် အိုးခွက်ပန်းကန်တို့၏ဘေးတွင် အလှအပအချွန်အတက် အရုပ်ပုံသဏ္ဌန်အမျိုးမျိုး ပြုလုပ်မွမ်းမံကာ တန်ဆာဆင်ကြပြန် လေသည်။ ပျော့ပျောင်းသည့်ရွှံ့စေးကို သတ္တုဖြင့်ပြုလုပ်သည့် ပစ္စည်းများနှင့် ဆင်တူယိုးမှားဖြစ်အောင် ပြုလုပ်နိုင်ခဲ့ကြသည်။ ထိုအိုးခွက်ပန်းကန်လုပ်ငန်းတွင် ဂရိတို့သည်ပုံသဏ္ဌာန် အချိုးအစားကျနအောင်ပြုလုပ်နိုင်၍ အီဂျစ်လူမျိုးတို့မှာ စဉ့် အရောင်အမျိုးမျိုးတင်ရာ၌ အထူးကျွမ်းကျင်ကြပြီးလျှင် အလွန် တရာတောက်ပြောင်သော စဉ့်မျိုးကိုလည်း အသုံးပြုနိုင်ခဲ့ကြ သည်။ ရောမလူမျိုးများကလည်း ယင်းတို့၏ မြေထည်ပစ္စည်း များကို တစ်ပြည်လုံး သုံးစွဲနိုင်အောင် ဖြန့်ဖြူးခဲ့လေသည်။ အရှေ့အလယ်ပိုင်းနိုင်ငံများဖြစ်သော ဘက်ဘီလုံး၊ အဆီရီးယားနှင့် ကဲလဒီးယားစသည့် တိုင်းပြည်များကလည်း အီဂျစ်ပြည်မှ အတုယူ၍ဖြစ်စေ၊ သူတို့ဘာသာ ဉာာဏ်ထွင်၍ဖြစ် စေ ထိုမြေစေးဖြင့် အိုးခွက်ပန်းကန်များ လုပ်ကိုင်တတ်မြောက် ကြ၍ အဆောက်အဦးများအတွင်း၌ပင် ပုံသဏ္ဌာန်အမျိုးမျိုးကို စဉ့်ရုပ်လုံးများဖော်ကာ ပြုလုပ်ထားကြလေသည်။


ပါးရှင်းလူမျိုးတို့ကား အိုးခွက်လုပ်ငန်းတွင် အလွန် အဖိုးထိုက်တန်သော ရွှေရောင်ပေါက်သည့် စဉ့်ရည်အရောင်တင် ဖြင့်လုပ်ကိုင်နိုင်ကြလေသည်။ ထို့ကြောင့် ပါးရှင်းအိုးခွက် ပန်းကန်ပစ္စည်းများမှာ လှပပြောင်လက်ကာ ရောင်စုံထွက်နေလေ သည်။ ခရစ် ၇၁၁ ခုနှစ်တွင် စပိန်နိုင်ငံသို့ မွတ်ဆလင်လူမျိုး များရောက်သွားကြရာ အိုးခွက်ပန်းကန်ပညာရပ်သည်လည်း သူ တို့နှင့်အတူတကွပါသွား၍ ထိုဒေသတွင်များစွာ တိုးတက်ခဲ့လေ သည်။ ထိုနိုင်ငံမှတစ်ဆင့် အီတလီနိုင်ငံသို့လည်း ပျံနှံ့လေရာ မဂျော်လီကာ ခေါ် အီတလီနိုင်ငံလုပ် ပန်းကန်ခွက်ယောက် များမှာ အလှအပတွင်ထင်ပေါ်ကျော်ကြားလေသည်။ အီတလီ နိုင်ငံလုပ် ပန်းကန်ခွက်ယောက်တို့မှာ အလှအပထားရန်အတွက် ပြုလုပ်သည်သာများလေသည်။ ဖာယန်းခေါ် အရောင်မျိုးစုံဖြင့် ဆေးရေးထားသော ပန်းကန်ခွက်ယောက် စသည်တို့မှာ လက် ရွေးစင်အမျိုးအစားထဲမှဖြစ်၍ အီတလီနိုင်ငံ ဖာအင်ဇာမြို့တွင်ပြု လုပ်လေသည်။ ပြင်သစ်နိုင်ငံ၌လည်း ထိုပန်းကန်ခွက်ယောက် မျိုးကို လုပ်ကိုင်ကြရာ အတော်ပင်ကောင်းမွန်လှလေသည်။ ၁၆ဝဝ ပြည့်နှစ်တွင် ဒပ်ချလူမျိုးတို့သည် တောက် ပြောင်သော အဖြူရောင်စဉ့်ရည်တစ်မျိုးဖြင့် ပန်းကန်များကို အရောင်တင်၍ အပြာရောင်ဆေးခြယ်ထားသော ပန်းကန်များကို လုပ်ကိုင်အောင်မြင်ကြရာ ထိုအမျိုးအစားကို ဒဲ့ ဟုခေါ်လေ သည်။ အိုးခွက်လုပ်ငန်းကို လုပ်ကိုင်အောင်မြင်သော မြို့အမည် များကိုစွဲ၍ အမည်မှည့်ခေါ်လေသည်။


ပန်းကန်ခွက်ယောက်များကို တောက်ပပြောင်လက် သော အသွေးအရောင်ရရှိစေသည့် စဉ့်ရည်ကို တဖြည်းဖြည်း တိုးတက်ကောင်းမွန်အောင် ပြုပြင်နိုင်ကြသဖြင့် ပန်းကန်ခွက် ယောက်တို့မှာ ကြွေရောင်တောက်ကာ ပြောင်လက်နေလေသည်။ ၁၈ ရာစုနှစ်တိုင်အောင် ဥရောပနိုင်ငံများသည် ကြွေစစ်ပန်းကန် များကို လုပ်ကိုင်တတ်မြောက်ခြင်း မရှိသေးပေ။ ဖော်ပြခဲ့သော မြေထည်များကို စဉ့်ရည်ဖြင့် ကြွေရောင်တောက်အောင်သာ ပြု လုပ်နိုင်စွမ်း ရှိကြသည်။


ကြွေစစ်ပန်းကန်ထည်များကို တရုတ်နိုင်ငံတွင် နှစ် ပေါင်း ၂ဝဝဝ ကျော်ခန့်ကတည်းက စတင်လုပ်ကိုင်၍ အသုံးပြု ခဲ့လေသည်။ တရုတ်လူမျိုးတို့သည် ထိုပညာရပ် ပျံ့နှံသွားမည် ကိုစိုးရိမ်သဖြင့် ထိုကြွေပန်းကန် စသည်တို့ကို နိုင်ငံခြားသား များအား ရောင်းချသုံးစွဲခြင်းမပြုစေပဲ မိမိတို့အမျိုးသားများကို သာလျှင် နိုင်ငံတွင်း၌ သုံးစွဲစေခဲ့သည်။ ထိုကြွေပန်းကန်များကို လုပ်ကိုင်သည့် အတတ်ပညာကိုလည်း အထူးလျှို့ဝှက်ခဲ့လေ သည်။ အေဒီ ၁ဝဝဝ ပြည့်နှစ်ကျော်ခန့်တွင်မှ နိုင်ငံခြားသား များသို့ ရောင်းချခြင်းပြုခဲ့ရာ ထိုကြွေထည်များကို အဖိုးကြီးစွာ ပေး၍ အလွန်တရာ နှစ်သက်မြတ်နိုး တန်ဖိုးထားကာ သုံးစွဲကြ လေသည်။ ဘုရင်မင်းမြတ်၊ မင်းညီမင်းသား၊ သူဌေးသူကြွယ် များပင် ထိုကြွေစစ်ပန်းကန်ထည်များ သုံးစွဲနိုင်မှုကို ဂုဏ်ယူကြ လေသည်။

တရုတ်နိုင်ငံတွင် မြေထည်လုပ်ငန်းလည်း တိုးတက် လျက်ရှိလေသည်။ သို့သော် တရုတ်နိုင်ငံသည် ကမ္ဘာတွင် ကြွေ ထည်လုပ်ငန်းကို ပထမဦးဆုံးတီထွင်နိုင်ခဲ့သဖြင့် ကမ္ဘာ့အလယ် တွင် ကြွားကြွားဝင့်ဝင့် ရှိခဲ့သည်။


ဥရောပနိုင်ငံများသည် ထိုအမျိုးကောင်း အဆင်းသန့် ကျက်သရေရှိလှသော ကြွေပန်းကန်မျိုး လုပ်ကိုင်နည်းကို တရုတ်လူမျိုးတို့ထံမှရရှိရန် အမျိုးမျိုးအဖုံဖုံ ကြိုးစားကာ နှစ် ပေါင်းများစွာ စမ်းသပ်ကြံစည် လုပ်ကိုင်ခဲ့ကြသော်လည်း အောင်မြင်ဖြစ်မြောက်ခြင်း မရှိခဲ့ပေ။ တရုတ်နိုင်ငံ၌ ရှေးနှစ်ပေါင်း ၂ဝဝဝ ခန့်ကစ၍ ကြွေ ထည်လုပ်ငန်းရှိခဲ့သော်လည်း မင် မင်းများ လက်ထက် ခရစ် နှစ် ၁၃ဝဝ ကျော်ရောက်မှ အထူးချောမောသော ကြွေထည် များကိုတွင်ကျယ်စွာ အလုပ်များခေတ်စားလာခဲ့သည်။ ဂျန်ဆီနယ်ရှိ ဂျင်ဒုဂျွန်မြို့ကို ကြွေထည်မြို့တော်ဟုပင် ခေါ်ရ၏။ ယနေ့တိုင် ဂျင်ဒုဂျွန်ကြွေထည်ကို မီသောကြွေထည် မရှိဟု သိရသည်။ ကြွေထည်ဖြစ်ပေါ်လာခြင်းနှင့်စပ်လျဉ်း၍ ပုံ တိုပါဌ်စအမျိုးမျိုးရှိရာ ပုံဝတ္ထုတစ်ခုမှာ အလွန်တရာအံ့ဩဖွယ် ကောင်းလေသည်။


တရုတ်ဧကရာဇ် ဘုရင်တစ်ပါးသည် သူ၏ကြင်ယာ လောင်းထံ လက်ဆောင်ပေးရန်အတွက် အိုးလုပ်ကျွမ်းကျင်သူ အရာရှိအား သုံးလအတွင်း အလွန်တရာဖြူစင်သန့်ရှင်းသည့် ပန်းအိုးကြီးတစ်လုံး ပြုလုပ်ပေးရန် အမိန့်တော်ချမှတ်သည်ဟု အဆိုရှိ၏။ အိုးလုပ်သူသည် ကြိုးကြိုးပမ်းပမ်း လုပ်ကိုင်သော် လည်း မအောင်မြင်ဘဲရှိနေသဖြင့် အလွန်တရာ စိတ်ပျက်လာ လေသည်။ နောက်ဆုံးတွင်မူ သူသည် ဘုရင်၏ဆန္ဒပြည့်ဝစေ ရန်အတွက် သူ့ကိုယ်ဖြင့် မီးနတ်ကိုပူဇော်ပြီးလျှင် လိုအပ်သည့် ပန်းအိုးကို ပြုလုပ်ရန် ဆုံးဖြတ်လိုက်လေသည်။ သူသည်မသေမီအတွင်း သူ၏လက်ထောက်အရာရှိများ အား ပန်းအိုးကိုမည်သို့ ပြုလုပ်ရမည်ကို သေချာစွာမှာကြား လေသည်။ သူသည်မီးဖိုအတွင်းသို့ ခုန်ချမည်ဖြစ်ကြောင်း၊ သူ့ ကိုယ်မှရရှိသော အရိုးပြာများနှင့် မြေဖြူမှုန့်တို့ကိုရောစပ်ပြီးလျှင် ပန်းအိုးကိုပြုလုပ်ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သဖြင့်သူ၏တပည့် များက ဆရာမှာသည့်အတိုင်း ပြုလုပ်သောအခါတွင် ဘုရင်က မျှော်မှန်းထားသည်ထက် ကောင်းမွန်သောပန်းအိုးကြီးကို ထူး ဆန်းစွာရရှိခဲ့သည်ဟု ဆိုလေသည်။ ထိုဖြစ်ရပ်ကိုအကြောင်းပြု၍ ကြွေပန်းအိုးကို တရုတ်ပြည်အရိုးဟု ခေါ်စမှတ်ပြုခဲ့လေသည်။ ကြွေထည်မှာ အလွန်တရာခိုင်မာသဖြင့် ကြာရှည်စွာ အသုံးခံ လေသည်။


တရုတ်နိုင်ငံတွင်ကြွေထည်များကို အကြီးအကျယ်လုပ် ကိုင်နိုင်သည့် အကြောင်းတစ်ရပ်မှာ မြေဖြူမှုန့် ပေါများခြင်း ဖြစ်လေသည်။ မြေဖြူသည် ကြွေထည်လုပ်ကိုင်ရာ၍ အဓိကလို အပ်သည့် ပစ္စည်းတစ်ခု ဖြစ်လေသည်။ ၁၇ဝ၉ ခုနှစ်တွင် ဂျာမန်လူမျိုး ယိုဟန်းဖရက်ဒရစ် ဗော့ဂျာဆိုသူသည် တရုတ်တို့ ကြွေထည် ပန်းကန်များပြုလုပ် သည့် မြေစေးအမျိုးအစားကို ဥရောပတိုက်၌ စတင်တွေ့ရှိလေ သည်။ ထိုမြေစေး အမျိုးအစားမှာ ကေအိုလင်နှင့် ပီတန်ဇီခေါ် မြေစေးအမျိုးအစားဖြစ်လေသည်။ ထိုမြေစေးဖြင့် ပန်းကန်များ ကို စမ်းသပ်လုပ်ကိုင်ကြည့်သောအခါ တရုတ်ပြည်ဖြစ်ကြွေ ပန်းကန်ကဲ့သို့ ထမြောက်အောင်မြင်လေသည်။ ဆက်ဆွန်နီပြည့် ရှင်ပထမ ဖရက်ဒရစ်0x100သဂတ်စတပ် ဘုရင်သည် ဗော့ဂျာနှင့် သူ့ တပည့်အလုပ်သမားတို့ကို ကြွေထည်များပြုလုပ်နိုင်သည့်သတင်း ပေါက်ကြားသွားမည်စိုး၍ ရဲတိုက်တစ်ခုအတွင်း၌ အကျဉ်းချ ထားပြီးလျှင် ကြွေပန်းကန်များကို လုပ်ကိုင်စေသည်။ အဘယ် ကြောင့်ဆိုသော် ထိုခေတ်က ကြွေပန်းကန်များ လုပ်ကိုင်နိုင် လျှင် မြေကြီးမှရွှေသီးသောကြောင့်တည်း။ မိမိတစ်ဦးတည်းကြီး ပွားချမ်းသာလိုသောလောဘကြောင့် ဘုရင်ကိုယ်တိုင် ပန်းကန် စက်တစ်ခုကို တည်လေသည်။ ထိုစက်ရုံမှလုပ်သော ကြွေ ပန်းကန်များကို ဒရက်ဇဒင်ကြွေထည်ဟု ခေါ်သည်။ ဗော့ဂျာကို အကျဉ်းချထား၍ လုပ်ကိုင်စေရုံသာမက ထိုပန်းကန်စက်တွင် လုပ်ကိုင်သူ အလုပ်သမားများအား ကြွေထည်များလုပ်ကိုင်နိုင် သည့်၊မြေစေးအမျိုးအစားတွေ့ရှိပုံ စသည့်သတင်းများကို ပေါက် ကြားအောင်ပြုလုပ်ပြောဆိုလျှင် သေဒဏ်ပေးမည်ဟု အမိန့်ချ မှတ်ထားလေသည်။ ၁၄ နှစ်မျှ ဗော့ဂျာနှင့် တပည့်များမှာ အကျဉ်းခံနေခဲ့ရပြီးမှ ထွက်ပြေးလွတ်မြောက်သွားရာ လျှို့ဝှက် ထားခဲ့သောသတင်းများလည်း ဥရောပတစ်တိုက်လုံးသို့ ပေါက် ကြားပျံ့နှံ့သွားလေသည်။


ကေအိုလင်ခေါ် မြေစေးဖြင့် ကြွေပန်းကန်များ လုပ် ကိုင်အောင်မြင်သည့်သတင်း ပျံ့နှံ့သွားသော်လည်း ထိုမြေစေးမျိုး မှာ နေရာတိုင်းတွင်မရှိချေ။ သို့ရာတွင် ဥရောပ၌ကြွေပန်းကန် များလုပ်ကိုင်လာနိုင်သဖြင့် အခြားနိုင်ငံမှလာသော ပန်းကန်များ မှာတဖြည်းဖြည်း ခေတ်တိမ်စပြုလာသည်။ ထို့ကြောင့် အတိုင်း တိုင်းအပြည်ပြည်တို့သည် ကြွေထည်များလုပ်ကိုင်နိုင်ရန် မိမိတို့ တိုင်းပြည်အတွင်း၌ ကေအိုလင် မြေမျိုးကို ရှာဖွေကြလေသည်။ ၁၇၅၆ ခုနှစ်တွင် ပြင်သစ်နိုင်ငံတောင်ပိုင်း လီမိုးခေါ် ဒေသ၌ ထိုမြေမျိုးကိုတွေ့ရှိသဖြင့် ကြွေပန်းကန်များ လုပ်ကိုင် နိုင်ကြ၍ ပြင်သစ်နိုင်ငံမှ ကြွေထည်များကို ဆဲဗားဟုခေါ်လေ သည်။ ထိုဆဲဗားကြွေပန်းကန်မျိုးကား ကမ္ဘာပေါ်ရှိအကောင်းဆုံး ကြွေပန်းကန် အမျိုးအစားတွင် ပါဝင်လေသည်။ ဂျာမနီနိုင်ငံမှ ကေအိုလင်မြေစေးမျိုးဖြင့် ကြွေပန်းကန် များလုပ်ကိုင်ဖြစ်မြောက်ကြောင်း သတင်းကိုကြားရသောအခါ အင်္ဂလန်နိုင်ငံတွင်လည်း ထိုမြေမျိုးကိုလိုက်လံရှာဖွေရာ ၁၇၅၅ ခုနှစ်တွင် ကွန်ဝေါနယ်တွင် တွေ့ရှိသဖြင့် ကောင်းမွန်လှပသော ကြွေပန်းကန်များလုပ်ကိုင်နိုင်လေသည်။ အင်္ဂလန်နိုင်ငံဖြစ် ကြွေ ပန်းကန်များကို တရုတ်ပန်းကန်များဟုခေါ်လေသည်။ အင်္ဂလိပ် ကြွေပန်းကန်ထည် လုပ်သူများထဲတွင် ဂျိုဆီယာဝက်ဂျဝုသည် ထင်ရှားကျော်ကြားလှလေသည်။ ထိုပုဂ္ဂိုလ်ကြီးသည် ထူးခြား သောပန်းကန်များကို လုပ်ကိုင်နိုင်သူဖြစ်၍ ကြွေထည်များကို မပြုလုပ်ပဲ ကြွေရည်စိမ် လှပဆန်းကြယ်သော မြေပန်းကန်ခွက် ယောက်များကို ပြုလုပ်လေသည်။


တစ်ဆယ့်ရှစ်ရာစုနှစ် အလယ်လောက်တွင် အင်္ဂလန် နိုင်ငံ၌ အရိုးမှုန့်ကြွေထည်များကို လုပ်ကိုင်ကြလေသည်။ ထို ပန်းကန်မျိုးပြုလုပ်ရာတွင် ကြွေရည်ထဲ၌ အရိုးမှုန့်များကိုထည့်၍ လုပ်ကိုင်လေရာ ကြွေထည်များမှာ ဖြူစင်ကြည်လင်၍ ချောမွေ့ ခိုင်မာပြီးလျှင် ဈေးပေါပေါနှင့်လည်း ရောင်းချနိုင်၍ ကမ္ဘာပေါ် ရှိကြွေထည်များတွင် တန်ဖိုးအထားရဆုံး ကြွေထည်တစ်မျိုးဖြစ် လေသည်။

ထိုပန်းကန်ခွက်ယောက် လုပ်ငန်းမှာ အင်္ဂလန်နှင့် ဥရောပနိုင်ငံများ၊ တရုတ်နိုင်ငံနှင့်အမေရိကန် ပြည်ထောင်စုတို့၌ အကြီးအကျယ် လုပ်ကိုင်ကြလေသည်။ ရှေးအခါက လက်ဖြင့် လုပ်ကိုင်ကြသော်လည်း ယခုအခါ စက်ဖြင့်လုပ်ကိုင်လျက်ရှိရာ တစ်နေ့တစ်ခြား တိုးတက်ကြီးပွားလျက်ရှိလေသည်။ ရှေးအခါကလုပ်ကိုင်ပုံမှာ မြေစေးကိုအမှိုက်သရိုက်များ စင်ကြယ်သန့်ရှင်းအောင်ပြု၍ စေးပိုင် သည့်တို်င်အောင်နယ်ပြီး လျှင် လည်လျက်ရှိသော အိုးထိန်းစက်ပေါ်သို့ တင်လိုက်လေ သည်။ အိုးထိန်းစက် ဆိုသည်မှာ ပျဉ်ပြားအဝိုင်းကလေးတစ်ခု ကိုလည်လျက်ရှိသော မဏ္ဍိုင်ထိပ်ပေါ်တွင် တပ်ထားခြင်းဖြစ်လေ သည်။ ထိုပျဉ်ချပ်ကလေး လည်ပတ်နေသည်ကို အိုးထိန်းသည် ကအိုးလုပ်ရင်း အနှေးအမြန် လိုသလို ပြုပြင်ပေးနိုင်သည်။ မဏ္ဍိုင်လည်စေရန် အိုးထိန်းသည်က သာမန်နည်းအရ လက်ဖြင့် လည်းကောင်း၊ ရှေးအီဂျစ်လူမျိုးတို့နည်းအရ ခြေနင်းစက်ဖြင့် လည်းကောင်း လှည့်ပတ်ပေးရလေသည်။


ထိုသို့ လည်လျက်ရှိစဉ် ပျဉ်ချပ်ပေါ်တွင်တင်လိုက် သောမြေစေးခဲကို အလိုရှိရာပုံဖြစ်အောင် အောက်ခြေမှ အပေါ် သို့မြှင့်တင်ကာ လက်ဖြင့်ပုံသွင်းသွားရသည်။ မိမိလုပ်သော ပစ္စည်းနှင့် ပေးထားသောပုံစံ တူမတူကိုလည်း မကြာခဏ နှိုင်းယှဉ်၍ လုပ်ကိုင်ရလေသည်။ ကိုင်း၊ လက်ကိုင်၊ နှုတ်သီး စသည်တို့ကို တစ်ခြား သပ်သပ်ပုံသွင်းပြုလုပ်ပြီးမှ မြေစေးရည် ဖြင့် ကော်ကပ်သကဲ့သို့ ဆက်ပေးရလေသည်။ မိမိ ပြုလုပ်ရ မည့်ပစ္စည်းပြီးသွားလျှင် အိုးထိန်းစက်ကိုရပ်၍ သေးမျှင်သော ချည်မျှင်တစ်ချောင်းဖြင့် မိမိ ပြုလုပ်ပြီးစီးသည့်ပစ္စည်းကို ပျဉ် ချပ်နှင့်ကပ်လျက် ဖြတ်ယူရလေသည်။ ကျင့်သားရပြီးသူများအဖို့ အံ့ဩစရာကောင်းလောက်အောင် ကျွမ်းကျင်စွာ ပြုလုပ်နိုင်ကြ လေသည်။


ထိုလုပ်ကိုင်ပုံထက် ပိုမိုလျှင်မြန်သောနည်းမှာ ပုံသွင်း လုပ်ကိုင်ခြင်းဖြစ်သည်။ ရုပ်လုံးသဏ္ဌာန်များ ပြုလုပ်ရသော ပန်းကန်ခွက်ယောက် အသုံးအဆောင်များကို ပြုလုပ်သူမှာ ရုပ် လုံးထုဆရာများသာ ဖြစ်ကြလေသည်။ ပုံသွင်းပြုလုပ်ပုံမှာ မြေစေးကို ခပ်ပျစ်ပျစ်အရည်ဖျော်၍ ပုံစံခွက်များထဲသို့ လောင်း ထည့်ရလေသည်။ သို့ လောင်းထည့်ရာတွင် အရည်မှာ အောက် သို့စီးထွက်သွားသော်လည်း ပုံစံခွက်နံရံတွင် အလွှာ ကပ်ကျန်ခဲ့ သည်။ အလွှာမှာ အနည်းငယ်တင်းမာလာလျှင် ပုံစံခွက်ကိုဖွင့်၍ အထဲမှပန်းကန်ပုံကိုယူရလေသည်။ ထို့နောက် ထိုပန်းကန်ပုံ၏ အလွှာကို လက်ဖြင့်သော်လည်းကောင်း၊ တွင်စက်ဖြင့်သော် လည်းကောင်း အထူအပါးညီညာစေရန် ည|ိပေးရလေသည်။ ထို့နောက် မီးခံနိုင်သောသံဗန်း သို့မဟုတ် အိုးကြီး များထဲတွင် ပုံစံခွက်မှထုတ်ယူထားသော ပန်းကန်ထည်များကို ထည့်၍ မီးဖုတ်သောဖိုကြီးများထဲတွင် ဖုတ်ရလေသည်။ ထိုဖို ကြီးများမှာ ရှေးတရုတ် နှင့် အီဂျစ်လူမျိုးတို့ ပြုလုပ်ထားခဲ့ သောပုံစံအတိုင်းပင် ဆက်လက်အသုံးပြုလျက် ရှိသေး၏။ ပန်းကန်များထည့်သော သံဗန်းကြီးများသည် ရဲရဲတောက်ပူပြင်း သော်လည်း ပုံပန်းပျက်သွားခြင်း မရှိသည့်ပြင် အထဲတွင်ထည့် ထားသော နုနယ်လှသည့် ပန်းကန်ခွက်ယောက်တို့၏ ပုံပန်း အချိုးအစား ပျက်ပြားမသွားအောင်လည်း ကာကွယ်ပေးလေ သည်။ သံဗန်းကြီးများသည် အဝိုင်းကြီးဖြစ်၍ စောက်မနက်လှပဲ ယင်းတို့ကို မီးဖိုကြီးထဲတွင် ဆင့်ကာဆင့်ကာ တင်ထားလေ သည်။ ထို့နောက် မီးဖိုပေါက်ကိုပိတ်၍ မီးထည့်ပေးရသည်။ အချိန်ပြည့်သောအခါ မီးကိုလျှော့လိုက်၍ နာရီပေါင်း ၆ဝ မျှ အပူရှိန်အေးသွားအောင် ထားပြီးလျှင် မီးဖိုမှထုတ်ယူရ သည်။ အချို့သော အိုးလုပ်စက်ရုံများကမူ ဥမင်လိုဏ်ခေါင်း ကဲ့သို့ ရှည်လျားသည့် ဖိုမျိုးကို တစ်ဖက်မှအခြားတစ်ဖက်သို့ တဖြည်းဖြည်း ရွေ့လျားသွားစေခြင်းအားဖြင့် အပူချိန်ကိုမြှင့်တင် ပေးနိုင်အောင် စီမံထားလေသည်။


မီးဖုတ်ပြီးသောအခါ ပန်းကန်ခွက်ယောက်များမှာ အနည်းငယ်ကျုံ့သွားသည်ကို တွေ့ရ၏။ ထို့နောက် အဖြူထည် ပန်းကန်ခွက်ယောက်များကို ကြွေရည်စိမ်ခြင်း၊ သို့မဟုတ် အလှ အပခြယ်ခြင်း ပြုလုပ်ရလေသည်။ အချို့မှာ ကြွေအရောင်တင် ရန်၊ ခြယ်လှယ်ရန်ပင်မလိုပဲ လှပကောင်းမွန်လှ၍ အဖြူထည် အတိုင်းပင် ရောင်းချရလေသည်။


ကြွေရောင်ကဲ့သို့ တောက်ပြောင်လာစေရန် စဉ့်ရည်ဖြင့် သုတ်လိမ်း၍သော်လည်းကောင်း၊ ပက်ဖျန်း၍သော်လည်းကောင်း၊ ထိုအရည်ထဲတွင် နှစ်၍သော်လည်းကောင်း ပြုလုပ်ကြရလေ သည်။ ထိုကဲသို့ ကြွေရည်တင်ရာတွင် ညီညာစေရန် ကျွမ်းကျင် မှု အတော်ပင်လိုလေသည်။ စဉ့်ရည်မှာ ခပ်ကျဲကျဲ ရှိစေရ၍ အချို့မှာ ကျောက်ဖြူရောင်၊ အချို့မှာ ကြည်လင်တောက်ပြောင် ၍ အချို့မှာ ဓာတ်သတ္တုတို့ရောစပ်ထားကာ အရောင်အသွေး အမျိုး မျိုးဖြစ်လေသည်။ မြေထည်ပန်းကန်ခွက်ယောက်များကို ကြွေ ရောင်တင်သည့်အခါ ဆား၊ လက်ချား သို့မဟုတ် ပိုတက်အမှုန့် များ ထည့်ပေးရလေသည်။ ထိုကြွေရောင်တင်ပြီး ပန်းကန်ထည် များကို တစ်ဖန် မီးဖိုကြီးထဲသို့ထည့်ကာ မီးပေးရပြန်လေသည်။ မီးပေးလိုက်သည့်အခါ အသွေးအရောင် မှာ တစ်မျိုးတစ်ဖုံပြောင်း သွားတတ်သည်။ ရွှေရောင်ကို မီးဖုတ်လိုက်သောအခါ ညိုမှိုင်းမှိုင်းအရောင်ပြောင်းသွား၍ အပြာရောင်မှာ အနက်ဖြစ်သွားလေသည်။ အချို့ပန်းကန်များကို အလိုရှိသည့်အရောင်မျိုးရရှိရန် အထူးပြုပြင်စီမံထားသော မီးဖိုထဲတွင် ရှစ်ကြိမ်၊ ကိုးကြိမ်မျှ ထည့်သွင်းမီးပေးရလေသည်။

အဆင်ပန်းများခြယ်နည်း[ပြင်ဆင်ရန်]

ပန်းကန်ခွက်ယောက်များကို ပန်းချီဆရာများက အလှ အပခြယ်လှယ် မွမ်းမံပေးလေသည်။ ထိုသို့ ခြယ်လှယ်ရာ၌ကြွေ ရည်မတင်မီခြယ်လှယ်ခြင်းနှင့် ကြွေရည်သုတ်ပြီးမှ ခြယ်လှယ် ခြင်းဟူ၍ နှစ်မျိုးရှိ၏။ ခြယ်လှယ်ရာတွင်လည်း အချို့မှာ ပန်းကန်ခွက်ယောက်များပေါ်တွင် စုတ်တံဖြင့်ဆေးခြယ်၍ အချို့ မှာ အဆင်ပုံစံရိုက်ထားသော ဝါးတားပစ်ချာခေါ် ရေစိမ်၍ကပ်ရ သောစက္ကူများမှ ပန်းနွယ်ပန်းခက် စသည်တို့ကို ကူပြောင်းကပ် ယူကြလေသည်။ ကြွေရည်မတင်မီ ခြယ်လှယ်သောနည်းမှာ ခြယ်လှယ်ပြီးလျှင် သံအိုး များတွင်ထည့်၍ မီပြင်းပြင်းပေးရ၏။ ကြွေရည်တင်ပြီးမှ ခြယ်လှယ်သောနည်းမှာကား မီးခပ်မျှင်းမျှင်း ကလေးထပ်ပေးရပြန်၍ ဤနည်းဖြင့်ပြုလုပ်လျှင် စုစုပေါင်း မီး သုံးကြိမ်မျှပေးရသည်။ ကြွေရည်တင်ပြီးမှ အဆင်ပန်းများခြယ် သောနည်းမှာ အရောင်မမြဲတတ်ချေ။


ပန်းကန်ခွက်ယောက်များမှာ အိမ်ထောင်တိုင်းအိမ် ထောင်တိုင်း၌ နေ့စဉ်သုံးစွဲနေရ၍ အိမ်ရှင်မများ၏ မရှိမဖြစ် သောလက်စွဲ အသုံးအဆောင်ဖြစ်လေသည်။ စားသောက်သုံး ဆောင်မှုအတွက် မရှိလျှင်မဖြစ်သော ထိုပစ္စည်းများကား ယခု အခါမှသာမဟုတ် ရှေးနှစ်ပေါင်းများစွာကပင် လူတို့သုံးစွဲလာခဲ့ ကြလေသည်။ ထိုပစ္စည်းများကို လုပ်ကိုင်သည့်ပညာရပ်မှာလည်း ကမ္ဘာပေါ်ရှိလူမျိုးတိုင်း တတ်မြောက်ကြသော ပညာဖြစ်၍ ပြု ပြင်တိုးတက်မှု၌သာ ကွာခြားလေသည်။ မယဉ်ကျေးသောလူမျိုး တို့လည်း မယဉ်ကျေးသည့်အလျောက်၊ ယဉ်ကျေးသည့်လူမျိုး များလည်း ယဉ်ကျေးသည့်အလိုက် တိုးတက်ချဲ့ထွင်ပြုလုပ်သွား ကြရာ ယခုအခါ ခမ်းနားပြောင်လက်သော စားပွဲပေါ်တွင် ပါး လှပ်ကြည်လင် တောက်ပြောင်၍ လှလှရွရွကလေး နေသည့် ပန်းကန်စုံများ၏ အရင်းမူလမှာ မြက်ပင်ကြိုးကြိမ်တို့ကို ရက် လုပ်၍ ရွှံ့စေးတို့ဖြင့် လိမ်းကျံမွမ်းမံကာ မီးဖုတ်ထားသော အိုး ခွက်တို့ပင်ဖြစ်ပေသည်။ လက်မှုစက်မှုပညာ တိုးတက်သည်နှင့် အမျှ တိုးတက်ကောင်းမွန် လှပပြောင်လက်အရောင်ထွက်နေ သည့် ပန်းကန်ခွက်ယောက် စသည်တို့ကား အိမ်ရှင်မတို့၏စိတ် ကြည်နူးစရာ ဂုဏ်ယူစရာပစ္စည်းများလည်း ဖြစ်ကြပေသည်။ ယခုအခါ ကမ္ဘာပေါ်တွင် မြေထည်ကြွေထည် အကြီး အကျယ်လုပ်ကိုင်လျက်ရှိသည့် နိုင်ငံကြီးများမှာ အင်္ဂလန်နိုင်ငံ၊ ဂျာမန်ပြည်ထောင်စုသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ အီ တလီနိုင်ငံ၊ အမေရိကန်နိုင်ငံ နှင့် ဆွီဒင်နိုင်ငံတို့ဖြစ်လေသည်။ မြန်မာအိုးခွက်လုပ်ငန်း[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)