မြေစေး

ဝီကီပီးဒီးယား မှ

နှမ်းဖတ်ကျောက်များ ကြေမွပျက်စီးသောအခါ၌ ဖြစ်လာသော ပစ္စည်းများတွင် ဖဲလစပါးခေါ် ကြွေကျောက်ပါဝင်သည်။ ကြွေကျောက် ကြေမွပျက်စီးသော အခါ မြေစေး ဖြစ်လာသည်။ မြေစေးသည် ပေါင်းစပ် ပါဝင်သော တွင်းထွက်ပစ္စည်းများကို လိုက်၍ အမျိုးအမည်ကွဲပြားသည်။ မြေစေးတွင် အများအားဖြင့် သံ၊ အလူမီနီယမ် ဆီလီကိတ်နှင့် အယ်လကာလီတို့ အဓိကပါရှိကြသည်။ ဖွဲ့စည်းပါရှိသည့် အမှုန့်များမှာ အချင်း . ဝဝ၅ မီလီမီတာအထိ ရှိအောင်ပင် သေးငယ်ကြ၏။ တစ်ခါတစ်ရံ ထိုအမှုန့်များသည် ကော်လွိုက်ဒဲအခြေတွင်ရှိလောက်အောင် သေးငယ်ကြသည်။ မြေစေးတွင် ဆီလီကာသည် ရာခိုင်နှုန်း ၄၆. ၃ ခန့်ပါရှိသဖြင့် အများဆုံး ဖြစ်၍ အလူမီနီယမ်မှာ ၃၉. ၈ ပါရှိသောကြောင့် ဒုတိယအများဆုံး ဖြစ်သည်။ မြေစေးသည် စေးကပ်သော သဘောရှိ၏။ ခြောက်သွေ့နေစဉ် တစ်ခုနှင့်တစ်ခု ဖွဲ့စည်းတည်ရှိနိုင်ခြင်း၊ စိုစွတ်သောအခါ ပျော့ပျောင်းခြင်း၊ ရေကို ထန်းသိမ်းထားနိုင်ခြင်း၊ ရေဆွတ်ပေးသော အခါ၊ သို့မဟုတ် ရေငွေ့နှင့် တွေ့ထိလာသောအခါ မြေနံ့သင်းစေတတ်ခြင်းစသော သတ္တိများရှိ၏။ စင်တီဂရိတ်ဒီဂရီ ၃ဝဝ အထိ အပူတိုက်ပေးပါက ပျော့ပျောင်းခြင်း သတ္တိမှာ ထပ်မံပြုပြင်၍ မရနိုင်လောက်အောင်ပျက်သွားသည်။ မြေအောက်တွင်ကဲ့သို့ ဖိအားကြီးစွာဖြင့် ဖိနှိပ်ခံရသောအခါ မြေစေးသည် နုံးကျောက်၊ မြေစေးကျောက်နှင့် သင်ပုန်းကျောက်ဟူ၍ အသီးအသီး ဖြစ်လာသည်။ နုံးကျောက်နှင့် သင်ပုန်းကျောက်ကို အမှုန့်ပြုလုပ်၍ ရေဖြင့်ရောပေးသောအခါ မြေစေးကိုပြန်လည်ရရှိသည်။ မြေစေးသန့်သန့်ကို သဘာဝတွင်တွေ့ရခဲသည်။ အချို့မြေစေးတွင် အညစ်အကြေးများသည် ပကတိမျက်စိဖြင့် မြင်နိုင်လောက်အောင် ကြီးမားကြ၏။ အချို့တွင်မူကား အညစ်အကြေးများကိ မိုက္ကရိုစကုပ်ခေါ် အဏုကြည့်မှန်ပြောင်းဖြင့် စစ်ဆေးကြည့်မှသာ တွေ့မြင်နိုင်သည်။ မြေစေးများတွင် တွေ့မြင်ရသော အရောင်အမျိုးမျိုးသည် ဤအညစ်အကြေးတို့ကြောင့် ဖြစ်သည်။ အတွေ့ရဆုံးသော အညစ်အကြေးများမှာ သစ်ဆွေးတို့ကဲ့သို့ ဩဂဲနစ်ပစ္စည်းမျာ၊ ရုပ်ကြွင်းကျောက်များ၊ ထုံးကျောက်များ၊ အိုင်းယန်းဆာလဖိုဒ်၊ အိုင်းယန်းအောက်ဆိုက်နှင့် သဲများဖြစ်ကြသည်။ အချို့အသုံးအဆောင်များအတွက် မြေစေးတွင် အညစ်အကြေးများ ကင်းစင်ရ၏။ သို့သော် တစ်ခါတစ်ရံအချို့လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အညစ်အကြေး အနည်းနှင့်အများပါရှိကြရသည်။


မြေစေး၏ အသုံးဝင်ပုံကို အလွန်ရှေးကျသော ခေတ်အခါကပင် လူတို့ သိရှိခဲ့ကြသည်။ မြေစေးကို ပန်းကန်ခွက်ယောက်များ ပြုလုပ်၍ အသုံးချခဲ့ကြ၏။ ဗက်ဗီလုံးနီးယန်း၊ အဆီးရီးယန်းနှင့် ဆူမားရီးယန်းလူမျိုးတို့သည် မြေစေးရွှံ့ပြားများပေါ်တွင် စာများရေး သားခဲ့ကြသည်။ အဆီးရီးယန်းလူမျိုးတို့ ကောင်းစားစဉ်အခါက စာကြည့်တိုက်ကြီးများကို တည်ထောင်ခဲ့ရာ စာကြည့်တိုက်တစ်တိုက်တွင် မြေစေးဖြင့် ပြု လုပ်ထားသည့် စာအုပ်ပေါင်း ၂ဝ,ဝဝဝ ခန့် ရှိသည်ဟု ရှေး မှတ်တမ်းများတွင်တွေ့ရသည်။ ယခုအခါ မြေစေးကို အိုးဖုတ်ရန်နှင့် ပန်းကန် ခွက်ယောက် ပြုလုပ်ရန် အသုံးပြုကြသည့် အပြင် အုတ်ကြွပ်၊ ရေပိုက်၊လမ်းခင်းကျောက်ပြား၊ လျှပ်စစ်ဓာတ်ပစ္စည်း စသော အသုံးအဆောင်များ ပြုလုပ်ရန်လည်း အသုံးပြုကြသည်။ မြေစေးဟူသမျှကို အုတ်နှင့် အုတ်ကြွပ်ဖုတ်ရသည်။ အုတ်နှင့် အုတ်ကြွပ်တို့၏ အရောင်မှာ ဖုတ်လုပ်ပုံနည်းနှင့် မြေစေးတွင် ပါရှိသည့် အညစ်အကြေးတို့အပေါ်၌ တည်သည်။ သို့သော် အကောင်းဆုံးအုတ်များကို ရလိုပါက မီးဖုတ်ရာ၌ ကျုံ့ဝင်မသွားရ အောင် သဲရာခိုင်နှုန်း ၃ဝ ခန့် ပါသော မြေစေးကို အသုံးပြုရသည်။ အုတ်ကြွပ်အတွက်မူကား သဲ ထိုမျှလောက် များများစားစား မလိုချေ။ မီးခံမြေစေးသည် အပူကိုခံနိုင်သည်။ ဤမြေစေးမျိုးတွင် အယ်လကာလီနှင့် အယ်လကာလီမြေသတ္တုဟူ၍ လုံးဝမပါရှိချေ။ အကယ်၍ ပါပြန်ကလည်း အနည်းအကျဉ်းလောက်သာ ပါရှိ တတ်သည်။ မီးခံမြေစေးကို အများအားဖြင့် မီးခံအုတ်ပြုလုပ်ရာ၌ အသုံးများသည်။ တစ်ခါတစ်ရံ မြေစေးတွင် အလူမီနီယမ်ကို လည်းတွေ့ရတတ်၏။ အလူမီနီယမ်ပါရှိသော မြေစေးမျိုးကို ဗောက်ဆိုက်တစ်မီးခံမြေစေးဟု ခေါ်သည်။ ကြွေထည်ပြုလုပ်ယူသည့် မြေစေးဖြူကို တစ်မျိုးအားဖြင့် ကေအိုလင်ဟူ၍လည်း ခေါ်သည်။ ကေအိုလင်ဟူသော ဝေါဟာရမှာ တရုတ်စကားဖြစ်၍ ကုန်းမြင့်ဟု အဓိပ္ပာယ် ရသည်။ မြေစေးဖြူကို ၁၇၁၃ ခုနှစ်ကပင် ဂျာမနီနိုင်ငံ ဒရက်ဇဒင်မြို့အနီး၌ တွေ့ရှိခဲ့၍ ကြွေထည်လုပ်ရာ၌ အသုံးပြုခဲ့ရာ ထိုအရပ်ထွက် ကြွေထည်ကို ဒရက်ဇဒင်ကြွေထည်ဟု ခေါ်တွင်ခဲ့သည်။ ဗြိတိန်နိုင်ငံ၊ ကွန်ဝေါနယ်၌ မြေစေးဖြူရှိမှန်း မသိမီက မြေစေးဖြူကို နိုင်ငံခြားမှ မှာယူ၍ ကြွေထည်များ ပြုလုပ်ခဲ့ကြသည်။ သို့သော် ကွန်ဝေါနယ်၌ မြေစေးဖြူ တွေ့ရှိပြီးနောက်၌မူကား ကြွေထည်များကို ထိုမြေစေးဖြူဖြင့် ပြုလုပ်ယူခဲ့ကြလေသည်။ မြေစေးဖြူကို ဥရောပတိုက်ရှိ နိုင်ငံများနှင့်တကွ တရုတ်နှင်ငံနှင့် ဂျပန်နိုင်ငံများမှလည်း ရရှိသည်။ ကမ္ဘာမှထွက်သမျှ မြေစေးဖြူ အတိုင်းအဆ၏ တစ်ဝက်မျှကို အမေရိကန်နိုင်ငံတွင် အထူးသဖြင့် အရှေ့တောင်ပိုင်းရှိ ပြည်နယ်များ မှတူးဖော်ရရှိသည်။ မြေစေးဖြူသည် ကျောက်နှမ်းဖတ်နှင့် အခြားအလားတူကျောက်တို့ ကြေမွပျက်စီးရာမှ ဖြစ်လာသည်။ ဓာတ်သဘောအားဖြင့် မြေစေးဖြူမှာ ရေပါသော အလူမီနီယမ်ဆီလီကိတ်ဖြစ်သည်။ မြေစေးဖြူကို မြေအိုးမြေခွက်လုပ်ငန်းအပြင် စက်မှုလက်မှုလုပ်ငန်း မြောက်မြားစွာတွင် အသုံးပြုသည်။ စက္ကူလုပ်ငန်းတွင် စက္ကူကို ခိုင်မာစေရန်နှင့် စက္ကူအသားချောစေရန် ထည့်သွင်း အသုံးပြုသည်။ မြေစေးဖြူမှ ကြမ်းတမ်းသော အရာဝတ္ထုများကို ဖယ်ရှားသန့်စင်လိုက်လျှင် ဆေးဖက်၌ အသုံးဝင်သည့် ကေအိုလင်ကိုရသည်။ ကေအိုလင်၌ စုပ်ယူတတ်သည့် သတ္တိရှိခြင်းကြောင့် ဝမ်းဗိုက်နှင့် သက်ဆိုင်သည့် ရောဂါများ ကုသရာ၌ အသုံးဝင်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)