မာတိကာသို့ ခုန်သွားရန်

မြန်မာ့အိုးခွက်လုပ်ငန်း

ဝီကီပီးဒီးယား မှ
(မြန်မာအိုးခွက်လုပ်ငန်း မှ ပြန်ညွှန်းထားသည်)

အိုးသည် ရှေးနှစ်ပေါင်း ၅ဝဝ ခန့်ကပင် ပေါ်ပေါက်လာခဲ့သည် ဟု ခန့်မှန်းရသည်။ ထိုအထောက်အထားကို တရုတ်နိုင်ငံ၌ တွေ့ရသည်။ ရှေးခေတ်က ကမ္ဘာသူ ကမ္ဘာသားတို့သည် ဝါးဆစ်ဗူး၊ သစ်ရွက်၊ ကျောက်ခွက် စသည်တို့ကို ထည့်စရာ အဖြစ် သုံးစွဲကြရာမှ အိုးကို တီထွင် ဖန်တီးခဲ့ခြင်း ဖြစ်လေ သည်။

မြန်မာနိုင်ငံ၌ ရှေးအခါက ထမင်းဟင်း စားသုံးသော မြေစလုံ၊ ပန်းကန်လုံး အကြီး၊ အငယ်၊ အလတ်စားတို့ကို မဲနယ်မှုန့်များ သုတ်လိမ်း၍ ပြုလုပ်ခဲ့ကြသည်။ ထို ပြာနှမ်း နှမ်းမြေစလုံအကျား အမျိုးမျိုးတို့ကို ပစ္စည်းဥစ္စာ ကြွယ်ဝ၍ ချမ်းသာသော ဥစ္စာရှင်များကသာ စားသောက်ကြရာ၌ သုံးစွဲနိုင် ကြလေသည်။ တောင်သူ လယ်သမား ဆင်းရဲသားတို့ကမူ နှီးကိုဖြာ၍ ရက်လုပ်ထားသည့် နှီးစားပျစ်နှင့်တစ်မျိုး၊ ဗန်း စကောကို သစ်ဆေးသုတ်နှင့်တစ်ဖုံ၊ စဉ့် သုတ်မထားသော မြေအိုး၊ မြေစလောင်းဖုံး၊ မြေပန်းကန်၊ မြေစလုံ သက်သက် တို့ဖြင့် တစ်လှည့် ထမင်းဟင်းလျာများကို ထည့်၍ စားသောက် ခဲ့ကြရလေသည်။ နောက်ပိုင်း ခေတ်များတွင် ချမ်းသာသူများ သုံးသည့် ကျွန်းသားကို တွင်ခဲထားသည့် ဗျပ်များပေါ်လာသည်။

(တွင်ခံသည် ဆိုသည်မှာ ပွတ်ခံထားခြင်းကို ဆိုလိုပေသည်။) ဗျပ်ကို ပြုလုပ်ရာ၌ တစ်ထောင်၊ တစ်ထောင့်ထွာ၊ နှစ် တောင်ရှိသည့် ကျွန်းပင်ချောချော ပင်လုံးပင်တံတို့ကို ငမန်း လွှကြီးဖြင့် ငါးလက်မမှ ခြောက်လက်မအထိ တိတိကျကျ ပိုင်းဖြတ်ပြီးလျှင် ထိပ်တည့်တည့်မှ ပွတ်ခံပေးရသည်။ ထိုအခါ အလယ်ခွက်၍ နှစ်လက်မခွဲ သုံးလက်မခန့် စောက်ရှိသော ကျွန်းသားအဝိုင်း ဗျပ် ဖြစ်လာ၏။ ထိုဗျပ်ကို သစ်စေး၊ ဟင်္သ ပြဒါး သုတ်ထားသဖြင့် နီမြန်းရဲတောက်သော အသွေးအရောင် ရှိသည်။ ထိုဗျပ်နှင့် အိမ်သူအိမ်သား လေးငါးခြောက်ယောက် တို့သည် ထမင်း၏အလယ်ဗဟိုတွင် ဟင်းခွက်ကို တည်၍ စား ကြရသည်။ ထိုသို့ ရှေးမြန်မာများသည် ဗျပ်ဝိုင်း၊ ဒေါင်းလန်း၊ စားပျစ်၊ မြေစလုံ၊ အင်တုံ စဉ့်သုတ်တို့နှင့် အစားအသောက် များကို စားသောက်ခဲ့ကြရလေသည်။

အိုးသည် လူအဖို့ မရှိလျှင် မဖြစ်သော ပစ္စည်းတစ်ခု ဖြစ်လေသည်။ မျက်မှောက်ခေတ်တွင် ဒန်အိုး၊ သတ္တုအိုး စသည်တို့ ပေါများလာသည်မှာ မှန်ပေသည်။ သို့သော် ၈၅ ရာခိုင်နှုန်းမျှသော မြန်မာလူမျိုးတို့သည် မြေအိုးကို လက် မလွှတ်ကြသေးချေ။ ထိုအချက်မှာ ထမင်း၊ ဟင်း ချက်ခြင်း၊ ရေနွေးကျိုခြင်း ဟူသော မီးဖိုချောင်သုံး အတွက်ကိုသာ ဆိုလို ခြင်း ဖြစ်သည်။ မြန်မာလူမျိုးတိုင်း မြေအိုးမှ အပ အခြား ပစ္စည်းကို အစားထိုး၍ မသုံးစွဲသေးသော နေရာတစ်နေရာရှိ၏။

ယင်းမှာ သောက်ရေအိုး ဖြစ်လေသည်။ အချို့ နိုင်ငံခြား တိုင်းပြည်များ၌ပင် သောက်ရေတည်ရန် မြေအိုးကို အသုံးပြု သည်ဟု သိရပေသည်။

မြန်မာ့ယဉ်ကျေးမှု တစ်ရပ် အဖြစ်ဖြင့် စေတီ၊ ပုထိုးများကို ရေချမ်းဆက်ကပ်သည့် နေရာတွင် မြန်မာလုပ် မြေအိုးသည် ပနံအရဆုံး ဖြစ်လေသည်။ သပြေပန်းထိုး၍ အောင်နိမိတ်ဆင် ကြသည့် ရေချမ်းအိုးမှာ မြေအိုးပင် ဖြစ်သည်။ နှစ်သစ်ကူး သင်္ကြန်ပွဲတော်၊ ကဆုန်ညောင်ရေသွန်းပွဲတော်စသော နေ့ထူး ရက်မြတ် အခါများတွင် မြန်မာအမျိုးသမီးကလေးများ ကျောင်း ကန်ဘုရားများသို့ ရွက်သွားကြသော ရေအိုးများမှာ မြေအိုးများ ဖြစ်ကြသည်။ တောလက်ကျေးရွာများ၌ နေဝင်ရိုးရီ အချိန်၌ တေးများ ကျူးရင့်၍ ရေခပ်ကြသော ကျေးတောသူ လုံမေတို့ အသုံးပြုကြသည့် ရေအိုးများမှာလည်း မြေအိုးများသာ ဖြစ်ကြ လေသည်။

လူသုံးပစ္စည်းတို့တွင် မရှိလျှင် မဖြစ်သလောက် အရေးပါ လှသော အိုးကို မည်သို့ မည်ပုံ ပြုလုပ်ပါသနည်း။ ပြုလုပ်ပုံမှာ ထုထောင်းပြီးသောမြေညက်များကို နူးနပ်၍ သမစေရန် ရေဖြင့် ဆွတ်လောင်းပြီးလျှင် အကြိမ်ကြိမ် မွှေနှောက်ပေးရသည်။

မြေညက်ဟု ဆိုရာတွင် တစ်နယ်မြေပေါ် မြေနက်တစ်ဆ၊ မြေနီ တစ်ဆခွဲ ရောစပ်ရသည်။ မြေနီက ကြမ်းနေလျှင် ဆတူ ရောစပ်ပေးရသည်။ ထိုသို့ ပြုလုပ်စီရင်ပြီးသော မြေကြီးသည် အိုးလုပ်ရန် အသင့် ဖြစ်နေပေပြီ။

အိုးလုပ်ရန် လိုအပ်သော ကိရိယာတို့မှာ(၁)အိုးထိန်းစက် (အိုးတွင်းစက်ဟုလည်း ခေါ်ကြသည်။) (၂) ပလာ (၃)လက်ခု တို့ ဖြစ်ကြသည်။ အိုးထိန်းစက် ဆိုသည်မှာ အကျယ် တစ်တောင်ခန့် ရှိသော သစ်သားဝိုင်းတစ်ခုကို အလယ်တွင် ဝင်ရိုးတိုင်ကဲ့သို့ တိုင်တိုကလေးစိုက်ထား၍ ထိုတိုင်ငုတ်ကလေးတွင် အ ကျယ် တစ်တောင်ခန့်ရှိသော သစ်ပြား ဝိုင်းတစ်ခုကို ဆုံလည်ကဲ့သို့ စရွေးစွပ်ထားခြင်း ဖြစ်သည်။ ထိုသစ်ပြား ဝိုင်း၏ ဘေးနှစ်ဘက်တွင် လက်ကိုင်ရန် သစ်သားစွန်းက လေးနှစ်စ ပြုလုပ်ထားသည်၊ ထိုအစွန်းကလေးနှစ်စကို လက်နှင့်ကိုင်၍ လှည့်လျှင်သစ်ပြားဝိုင်းကလေးသည် အလွယ်တကူ လည်ပတ်နိုင်လေသည်။


ပလာဆိုသည်မှာ အရှည် တစ်ပေခန့်နှင့် ပြက် သုံး လက်မခန့် ရှိသော သစ်သားလက်ရိုက်တစ်မျိုး ဖြစ်သည်။ ထိုပလာတွင် (က) ပြည် ပလာ (ခ) မော်လုံး ပလာ (ဂ)ပန်းပလာ ဟူ၍ သုံးမျိုး ရှိပြန်သည်။ ပြည်ပလာကို အိုးအထူအပါး ညီစေရန် ညိ|ရာ၌ အသုံးပြုသည်။ မော်လုံး ပလာကို အိုးအထူအပါး ညိ|ရာ၌ပင် အိုး၏ ဖင်ပိုင်းကဲ့သို့ ရွှံ့သား ထူသည့်နေရာမှ ရွှံ့သားပါးသည့် နေရာသို့ ဖြန့်ညိ| ရာ၌ အသုံးပြုသည်။ ပန်းပလာကိုမူ အထူအပါးညိ|၍ စိတ်ကြိုက်ပုံစံသို့ ရောက်သည့်အခါ မှန်ကူကွက်ကလေး များ၊ ပန်းနွယ်ပန်းပွင့် ကလေးများ၊ ကျေးရုပ်ကလေးများ စသည်ဖြင့် အိုးကို အလှဖော်ရာ၌အသုံးပြုလေသည်။


လက်ခု ဆိုသည်မှာ မြေညက်ကို မီးဖုတ်ထားသောလက် သီးဆုပ် သာသာ အရွယ်ရှိသည့် ခုံးပြားပြား ပုံသဏ္ဌာန် ရှိသော ကိရိယာတစ်မျိုး ဖြစ်သည်။ လက်ခုတွင် ခတ် လက်ခုနှင့် လုံးလက်ခုဟူ၍ နှစ်မျိုးရှိသည်။ ခတ်လက်ခုကို အိုး၏အထူအပါးကို ညိ|ရာ၌ ပြည်ပလာ၊ ပန်းပလာတို့နှင့် တွဲဖက်၍အသုံးပြုသည်။ လုံး လက်ခုကိုမူ ရွှံ့သားထူသည့် နေရာမှ ရွှံ့သားပါးသည့် နေရာသို့ ဖြန့်ညိ|ရာ၌ မော်လုံး ပလာနှင့် တွဲဘက်၍ အသုံးပြုသည်။ ဖော်ပြပါ အိုးထိန်း စက်၊ ပလာ၊ လက်ခုတို့နှင့် ရွှံမြေညက်ကိရိယာများ ရှိနေ လျှင် အိုးကိုပြုလုပ်နိုင်ပေပြီ။

အိုးပုံ လောင်းရာ၌ လူနှစ်ယောက် လုပ်ကိုင်တတ်ကြသည်။ ပထမ လူတစ်ယောက်က အိုးထိန်းစက်ကို ချာချာလည် အောင်လှည့်ပေးရသည်။ ဒုတိယ လူတစ်ယောက်က အ သင့်ရှိပြီး ဖြစ်သော ရွှံ့မြေညက်ကိုလုံး၍ ချာချာလည်နေ သော အိုးထိန်းစက်၏ အလယ်ဗဟိုတွင် တည်ကာ လက် နှစ်ဘက်ဖြင့် အလိုရှိသော အိုးပုံစံသို့ ရောက်အောင် ပြုပြင် ပေးသည်။ ထိုသို့အိုးပုံလောင်းခြင်းသည် သုံးမိနစ်မျှကြာ လျှင် ပြီးစီးသည်။ အိုး၏အကြီးအငယ်ကိုလိုက်၍ ရွှံ့မြေကို မှန်းဆကာ ယူငင်ပြီးလျှင်ချာချာလည်နေသော အိုးထိန်းစက် ပေါ်သို့ တင်လိုက်ပုံသည်လည်းကောင်း၊ ထိုရွှံ့တုံးကို လက် နှစ်ဖက်ဖြင့် ပြုပြင်ပေးရုံမျှဖြင့် တဖြည်းဖြည်း အိုးဖြစ်လာပုံ သည်လည်းကောင်း အလွန်ကြည့်၍ကောင်းပေသည်။ ထို လုပ်ငန်းကို အိုးထွင်းသည်ဟု ခေါ်ကြသည်။ ထွင်းပြီး (ပုံလောင်းပြီး)သော အိုးကို အိုးခတ်မည့်သူထံပို့ရလေသည်။

အိုးခတ်သူသည် အထက်တွင် ဖော်ပြခဲ့သော လက်ခုကို အိုး၏ အတွင်းဘက်မှ ခု၍ ခံ၍ အပြင်ဘက်မှ ပလာဖြင့် ခတ်၍ ပုတ်၍ အထူအပါးကို ညိ|ပေးသည်။ ထိုသို့ အထူ အပါးညိ|ရာ၌ မြေနက်၊ မြေနီ ရောစဉ်က အချိုးမကျခဲ့လျှင် ပလာတွင် ရွှံမြေညက်များကပ်၍ ပါလာတတ်သည်။ ထိုသို့ ဖြစ်လျှင်သဲကြမ်းကို ဖြူး၍ ပေးရသည်။ သဲကြမ်း အဖြူး များသော အိုးသည် နောင်အခါ၌ ရေစိမ့်များ၍ ရေအေး သည်။ ပြာသိုလတွင်ပြုလုပ်သည့် ရေအိုးသည် အေးသည် ဟု ဆို၍ သောက်ရေအိုးတည်ရန် ပြာသိုအိုးကို ရွေးချယ်၍ ဝယ်လေ့ရှိ ကြသည်။

အမှန်မှာ ပြာသိုလတွင် လုပ်သဖြင့် ရေအေးသည် မဟုတ် ပေ။ အိုးခတ်စဉ်က သဲကြမ်းများများ ဖြူးပေးခြင်းကြောင့် သာအေးခြင်းဖြစ်သည်။ အိုးခတ်၍ ၁၅ မိနစ်ခန့်ကြာသော အခါမှန်ကူကွက် စသော ပန်းပုံကလေးများ ဖော်ပြီးသည် အထိအိုးတစ်လုံးကို အချောကိုင်ပြီး ဖြစ်လေသည်။ အချော ကိုင်ပြီးလျှင် နေပူရာတွင်ဖြစ်စေ၊ လေသလပ်ရာတွင်ဖြစ်စေ ဖြန့်ချထားရသည်။

အချောကိုင်ပြီး သွေ့ခြောက်ပြီးသော အိုးများကို မီးဖုတ် ပေးရန် လိုသေးသည်။ မီးဖုတ်ရာ၌ အိုးပေါင်း ၃ဝဝ မှ ၅ဝဝ အထိ တစ်ပြိုင်တည်း မီးဖုတ်ပေးကြသည်။ အိုးဖုတ် ရန် မီးဖိုဟူ၍ အထူးအခြား မရှိချေ။ အိုးအနည်းအများ အလိုက် မြေနေရာကို သတ်မှတ်ပေးပြီးလျှင် ကောက်ရိုး၊ နွားချေး စသောလောင်စာများကို ခင်းထားကြသည်။ ထို နောက် လောင်စာများအပေါ်တွင် အိုးများကို ဆင့်ကာဆင့် ကာ စီ၍ တင်ထားပြီးသော် ယင်းအိုးများ၏ ဘေးပတ် လည်၌လည်းကောင်း၊ အပေါ်၌လည်းကောင်း လောင်စာ များကို ထည့်ပေးကြသည်။

မီးတောက်အရှိန်ညီစေရန် ပြင်ဆင်ပြီးသောအခါတွင် မီးရှို့ပေးသည်။ ထိုသို့ ပြုလုပ်သည်ကို အိုးဖို သည်ဟူ၍ လည်းကောင်း၊ အိုးဖုတ်သည်ဟူ၍လည်းကောင်း ခေါ်ကြ သည်။ နှစ်နာရီခန့် ကြာ၍ မီးအရှိန်ကျသွား သောအခါ အိုး၏နခမ်းကိုတီးခေါက်၍ ကြည့်လျှင် 'ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်'ဟူသောအသံ ထွက်ပေါ် လာသည်။ ထိုအခါ အိုးအဖြစ်သို့ အပြီးတိုင် ရောက်ရှိသွားလေပြီ။ ခြောက်သွေ့သော အိုးခွက်တို့ကို ဆေးဒန်းမှုန့် ဖျော်ထား သော ရေဖြင့် သုတ်လိမ်း၍ မီးဖုတ်လိုက်လျှင် စဉ့်ရည် သုတ်ပြီး နီဝါသဏ္ဌာန် အသွေးအရောင် ဖြစ်လာလေသည်။ ဆေးဒန်းမှုန့်အစား ကန့်မှုန့်၊ ဇဝက်သာမှုန့်၊ ဒုတ္တာမှုန့်များ ကိုလည်း သုတ်နိုင်ပေသည်။ စိန်နှင့် ဟင်းရိုင်းချော်များ သည် အနီရောင်ကိုပေးနိုင်သောကြောင့် သုတ်လိမ်းခြင်း နည်းပါးခဲ့သည်။

ထိုဓာတ်ဆေးမှုန့်ကို တမာစေးကျဲကျဲနှင့် ဖျော်၍ သုံးလျှင် အကျိုး ရှိနိုင်ပေသည်။

အိုးဆိုရာတွင် အိုးပုတ်မှ စ၍ ချိုးရုပ်၊ စလယ်ဝင်အိုး၊ ခွက်ဝင်အိုး၊ အိုးစရည်း၊ အိုးကြီးထုတ်များ အထိ ပုံစံအရွယ် အမျိုးမျိုး ရှိလေသည်။ အချို့အရပ်များတွင် သောက်ရေအိုး၊ ရေတကောင်း၊ လက်ဖက်ရည် ကရား စသည်တို့တွင် ကိန္နရာရုပ်၊ နဂါးရုပ်၊ ဘီလူးရုပ် စသည်ဖြင့် အနုပညာ လက်ရာများဖော်ထားသည်ကို တွေ့ရ လေသည်။ မြန်မာ ဘုရင်များ အုပ်စိုးစဉ်က အိုးလုပ်ငန်းကို အရေးတယူ အသားပေးခဲ့ကြသဖြင့်အိုးတော်ဆက် အမှုထမ်းများ နေထိုင် ရန် ရပ်ကွက်များကိုပင် သီးသန့်၍ ပေးခဲ့ကြလေသည်။ ထိုကြောင့် စစ်ကိုင်း၊ အမရပူရ၊ မန္တလေး၊ ရွှေဘိုစသော ထီးစိုက်နန်းတည် မြို့ကြီးများ၌ ယခုတိုင် အိုးတော်ရပ် အိုးဖိုရပ်ဟူသော အမည် များဖြင့်ရပ်ကွက်များ တည်ရှိ နေကြသည်။ တွံ့တေးမြို့၊ မော်လမြိုင်မြို့တို့၌လည်း အိုးခွက် လုပ်သော လုပ်ငန်းများ ရှိကြသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ ခေတ်သစ် မြေထည်၊ ကြွေထည် လုပ်ငန်း လိုအပ်သည့်အတွက်လည်းကောင်း၊ မြန်မာနိုင်ငံရှိ မြေထည်၊ ကြွေထည်လုပ်ငန်းများ၏ အဆင့်အတန်း တိုး တက်အောင် ပြုလုပ်ပေးရန်အတွက် လည်းကောင်း၊ ၁၉၅၄ ခုနှစ်နှစ်ဦးပိုင်က ပြည်ထောင်စု မြန်မာနိုင်ငံ လက်တွေ့သု တေသနလုပ်ငန်းအဖွဲ့တွင် မြေထည်ကြွေထည်လုပ်ငန်း သု တေသနဓာတ်စမ်းခန်းတစ်ခုကို ဖွင့်လှစ်ခဲ့လေသည်။ ထိုသုတေသန ဓာတ်စမ်းခန်းကို တည်ဆောက်ရာတွင် ဒိန်းမတ်နိုင်ငံကကုလသမဂ္ဂမှ တစ်ဆင့် အကူအညီ များစွာ ပေးခဲ့သဖြင့် ဓာတ်ခွဲခန်းရှိ ကိရိယာ တန်ဆာပလာအများ အပြားမှာ ဒိန်းမတ်နိုင်ငံဖြစ်များ ဖြစ်ကြပေသည်။ ထို့ပြင် မြေအိုး၊ မြေခွက် လုပ်ငန်းဆိုင်ရာ ဒိန်းမတ်နိုင်ငံသား ပါရ ဂူတစ်ဦးကိုလည်း ကုလသမဂ္ဂမှ တစ်ဆင့် မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့ပေသည်၊ ဓာတ်စမ်းခန်း ဆောက်လုပ်ပြီးစီးသည့် ၁၉၅၄ ခုနှစ် နှောင်းပိုင်းလောက်အချိန်မှ စ၍ မြန်မာရွှံမြေ များနှင့် အခြားမြေထည်ကြွေထည်လုပ်ငန်းဆိုင်ရာ ပစ္စည်း များကို စနစ်တကျစုဆောင်း စမ်းသပ် စစ်ဆေး လာခဲ့ကြ ပေသည်။ ယင်းသို့ စမ်းသပ်စစ်ဆေးရာတွင် မြန်မာနိုင်ငံ တွင်းရှိ မြေထည်လုပ်ငန်းများ၌ အသုံးပြုသော သဘာဝ ပစ္စည်းရိုင်းများကို ဓာတ်သဘောအရ စမ်းသပ်ခြင်း မြေထည်၊ ကြွေထည် ပစ္စည်းသစ်များတိုးတက်ဖြစ်မြောက် အောင် လုပ်ဆောင်ပေးခြင်း၊ ကြွေထည်ပစ္စည်းမျာ၊ မီးခံ အုတ်၊ နံရံကပ် ကြွေပြား နှင့်အိမ်တွင်း လက်မှု လုပ်ငန်းများအတွက် အုတ်ကြွပ်ပြားများ ဖြစ်မြောက်လာရေး အတွက် စမ်းသပ်မှု များ ပြုလုပ်ပေးခြင်း အစရှိသည်တို့ ပါရှိကြလေသည်။ ထို့ပြင် မြန်မာနိုင်ငံတွင်းရှိ အိုးဖိုများအ တွက်မြေထည် ကြွေထည် ပြုလုပ်ရန် နည်းသစ်များကို စီမံပေးသော လုပ်ငန်းများလည်း ပါရှိလေသည်။

[]


ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)