အိန္ဒိယနိုင်ငံ၏ သမိုင်း

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

အိန္ဒိယသည် သမိုင်းခေတ်မတိုင်မီ အနှစ်ထောင်ပေါင်း များစွာကပင် လူနေအဆက်မပြတ်ခဲ့၍ အလွန်ရှေးကျလှသည့် ကာလက ပေါ်ထွန်းခဲ့သော တိုင်းပြည်ကြီးတစ်ပြည်ဖြစ်သည်။ ယခု ပါကစ္စတန်နိုင်ငံ၌ပါဝင်သော အိန္ဒုမြစ်ဝှမ်း၌ လွန်ခဲ့သည့် နှစ်ပေါင်း ၅ဝဝဝ ခန့်က ထွန်းကားခဲ့သော အိန္ဒိယရှေးခေတ် ယဉ်ကျေးမှုများထက်ပင် ပိုမိုအဆင့်အတန်းမြင့်၍ ပိုမိုကြွယ်ဝသည်ဟုဆိုနိုင်သော အထောက်အထားများတွေ့ရသည်။

ဘီစီ ၁၅ဝဝခန့်တွင် အာရိယန်လူမျိုးများသည် ခိုက်ဗာ တောင်ကြားလမ်းမှ ဒလကြမ်းဝင်ရောက်လာ၍ လုယက်တိုက် ခိုက် ဖျက်ဆီးမှုများကြောင့် အိန္ဒုမြစ်ဝှမ်းယဉ်ကျေးမှုကြီး ပျက်သုဉ်းခဲ့ရသည်ဟု အချို့ကယူဆကြသည်။ အိန္ဒုမြစ်ဝှမ်းတွင်ရှိနေ ကြသော တိုင်းရင်းသား ဒြာဗီးဒီးယန်းတို့သည် ထိုဒေသမှ ထွက်ပြေးခဲ့ကြ၍ အိန္ဒိယအလယ်ပိုင်းနှင့် မြောက်ပိုင်းသို့ အနှံ့ အပြားရောက်သွားကြသည်။ ထို့နောက်တွင် နှစ်ပေါင်းထောင်နှင့် ချီသော ကာလအပိုင်းအခြားအတွင်း၌ အာရိယန်တို့သည် ယင်း တို့၏ဘုန်းလက်ရုံးကို တဖြည်းဖြည်းချဲ့ခဲ့ရာ တစ်စတစ်စ နယ် ကျယ်ပြန့်လာ၍ ဂင်္ဂါမြစ်ဝှမ်းအထိ ရောက်လာကြပြီးလျှင် အိန္ဒိယမြောက်ပိုင်း တစ်ခွင်တစ်ပြင်လုံးကို လွှမ်းမိုးကြီးစိုးခဲ့ကြ လေသည်။

အိန္ဒိယနိုင်ငံ၏ သမိုင်းခေတ်သည် ဘီစီခြောက်ရာစုက စတင်ခဲ့သည်။ ထိုအချိန်တွင် အာရိယန်တို့သည် အိန္ဒုမြစ်ဝှမ်း နှင့် ဂင်္ဂါမြစ်ဝှမ်းတို့၌ တိုင်းကြီး ၁၆ တိုင်းတည်ထောင်ကာ ဘုန်းမီးနေလ ထွန်းပနေကြသည်။ ဘီစီငါးရာစုမှ လေးရာစု အတွင်း အီရန်ဘုရင် ဒရိယတ်သည် အိန္ဒုမြစ်ဝှမ်းဒေသသို့ မိမိ၏တပ်များကို ချီတက်တိုက်ခိုက်စေခဲ့သော်လည်း ထိုဒေသကို ကြာရှည်တည်တံ့စွာ သိမ်းပိုက်မထားနိုင်ခဲ့ချေ။အိန္ဒိယနိုင်ငံ သမိုင်းတင်ခေတ်ဦးဖြစ်သော ခြောက်ရာစု အလယ်ခန့်တွင် ဂေါတမဘုရားသခင်သည် ဂင်္ဂါမြစ်ဝှမ်းရှိ မဇ္ဈိမ ဒေသ၌ ပွင့်တော်မူ၍ ဗုဒ္ဓသာသနာ စတင်ပွင့်လင်းခဲ့သည်။ ဂေါတမမြတ်စွာဘုရားသခင် လက်ထက်၌ပင် ဂျိန်းအယူဝါဒ ပေါ်ထွန်းခဲ့သည်။ ဗုဒ္ဓသာသနာ ရောင်ဝါထွန်းလင်းခဲ့သော်လည်း အရိုးစွဲ၍ အမြစ်တွယ်နေပြီဖြစ်သော ဗြဟ္မဏအယူဝါဒသည် လုံးဝပပျောက်သွားခြင်းမရှိပေ။ နောင်အခါ ဗြဟ္မဏအယူဝါဒီ မင်းများ တန်ခိုးကြီးလာ၍ ဗုဒ္ဓသာသနာ မှေးမှိန်ခဲ့ရလေသည်။ဘီစီ ၃၂၆ ခုနှစ်တွင် အိန္ဒုမြစ်ဝှမ်းသို့ ဂရိဧကရာဇ် မဟာ အလက်ဇန္ဒား၏တပ်များ ချီတက် တိုက်ခိုက်သိမ်း ပိုက်ခဲ့သည်။ ဂရိတို့ ထိုဒေသ စိုးမိုးနေစဉ်ကာလအတွင်း ဂရိ ယဉ်ကျေးမှုသည် တိုင်းရင်းသား ယဉ်ကျေးမှုအပေါ် အကျိုး များစွာ သက်ရောက်ခဲ့လေသည်။

မဟာအလက်ဇန္ဒား ၏ တာဝန်ပေးချက်အရ အိန္ဒုမြစ်ဝှမ်းကို စိုးမိုးအုပ်ချုပ်ရသော ဂရိတပ်မှူးတပ်ဗိုလ်များ သည် ထိုဒေသကို နှစ်ကာလရှည်မြင့်စွာ မသိမ်းပိုက်ထားနိုင်ကြ ချေ။ စန္ဒဂုတ္တမောရိယမင်းသည် ဂင်္ဂါမြစ်ဝှမ်းမှ တိုင်းများကိုပါ သိမ်းသွင်းပြီးလျှင် ကျယ်ပြန့်သော မောရိယနိုင်ငံတော်ကြီးကို ထူထောင်နိုင်ခဲ့သည်။ မောရိယမင်းဆက်မှ မင်းတစ်ပါးဖြစ်သော သီရိဓမ္မာသောကမင်းသည် အိန္ဒိယတစ်နိုင်ငံလုံးကို သိမ်းပိုက် ပေါင်းစည်းနိုင်ခဲ့သည်။ ထိုမင်းသည် ဗုဒ္ဓအယူဝါဒီအဖြစ် ကူး ပြောင်းပြီးနောက်တွင် စစ်မက်တိုက်ခိုက်ခြင်းကို မပြုဘဲ ဗုဒ္ဓ သာသနာကို လွန်စွာချီးမြှောက်ခဲ့သော သာသနာပြုမင်းတစ်ပါး ဖြစ်လာခဲ့လေသည်။ အသောကမင်းကို ဆက်ခံသော မင်းများလက်ထက် တွင်မူ နိုင်ငံတော်သည် အကွဲကွဲအပြားပြား ပြန်၍ဖြစ်ပြန်သည်။ ထိုအခါ အာရှတိုက်အလယ်ပိုင်းနှင့် အနောက်ပိုင်းမှ ဆီသီယန်၊ အာရပ်၊ ဂရိနှင့် ဗက်တြိယန်လူမျိုးတို့သည် နိုင်ငံတော်အတွင်း သို့ ဝင်ရောက်နှောင့်ယှက် ဖျက်ဆီးကြပြန်သည်။ ဆီသီယန် လူမျိုးတို့သည် အိန္ဒိယမြောက်ပိုင်း၌စိုးမိုးခဲ့ကြ၍ ထိုလူမျိုးဖြစ် သော ကနိသျှကမင်း(အေဒီတစ်ရာစု) သည် ဗုဒ္ဓအယူဝါဒီတစ်ဦး ဖြစ်လာပြီးလျှင် ဗုဒ္ဓသာသနာကိုအလွန်ချီးမြှင့်သည်။ အသောက မင်းကဲ့သို့ပင် သာသနာပြန့်ပွားထွန်းကားရန် ဆောင်ရွက်၍ သာသနာစင်ကြယ်သန့်ရှင်းစေရန် သင်္ဂါယနာတင်ခြင်းကိုလည်း ပြုခဲ့ပေသည်။

ထို့နောက်တွင် မဂဓတိုင်းမှ ဗြဟ္မဏဝါဒီ ဂုတ္တမင်းများ ထင်ရှားလာသည်။ ထိုမင်းတို့သည် မိမိတို့နိုင်ငံတော်ကို ကျယ် ပြန့်အောင် စစ်မက်ရေးရာဖြင့် ဆောင်ရွက်ခဲ့ရာ အိန္ဒိယမြောက် ပိုင်းတစ်ခွင်ကို စိုးမိုးအုပ်ချုပ်နိုင်ခဲ့ကြသည်သာမက အာဖဂနိ စတန် တစ်စိတ်တစ်ဒေသနှင့် တောင်ဘက်ဝိန္ဒိယတောင်တန်း အထိ နယ်ချဲ့နိုင်ခဲ့ကြလေသည်။ ဂုတ္တမင်းများခေတ်တွင် နိုင်ငံ အတွင်း လွန်စွာသာယာဝပြောခဲ့သည်။ စာပေစသောယဉ်ကျေးမှု အနုပညာများ အလွန်ဖွံ့ဖြိုး၍ လှပခန့်ညားသောအဆောက်အအုံ များ၊ စည်ကားသော မြို့ပြကြီးငယ်များ ပေါ်ထွက်ခဲ့လေသည်။မြောက်ပိုင်းတွင် ဂုတ္တမင်းများ၏ နိုင်ငံတော်သည် ကျက်သရေအမျိုးမျိုးဖြင့် တင့်တယ်သာယာနေစဉ် တောင်ပိုင်း၌ လည်း အန္ဓရ၊ ပလ္လဝါနှင့် အခြားဟိန္ဒူမင်းဆက်များ စိုးစံသော ပြည်ထောင်များသည်လည်း သာယာတိုးတက်လျက် ရှိနေကြ သည်။ ဗြဟ္မဏအယူဝါဒီမင်းများစိုးစံသော ပြည်ထောင်များသည် အိန္ဒိယတောင်ပိုင်း၌ ရှေးမဆွကပင် ရှိနေခဲ့သော်လည်း ငါးရာစု နောက်ပိုင်းတွင်မှ ထင်ရှားထွန်းကားလာသည်။ အိန္ဒိယတောင် ပိုင်းသားများသည် ရေကြောင်းကျွမ်းကျင်သူများ ဖြစ်ကြ၍ ရေခြားမြေခြား၌ နယ်သစ် ပြည်သစ်ထူထောင်နိုင်ခဲ့ကြပြီးလျှင် မလ္လာယုကျွန်းဆွယ်၊ ထိုင်း (ယိုးဒယား)၊ အင်ဒိုနီးရှား၊ မြန်မာ စသည့် အရှေ့တောင်အာရှနိုင်ငံများတွင် အိန္ဒိယယဉ်ကျေးမှုကို ပြန့်ပွားကြီးထွားစေခဲ့လေသည်။

ဟိန္ဒူရာဇပုတ္တ မင်းညီမင်းသားတို့သည် အေဒီ ၈ဝဝ မှ ၁ဝဝဝ ခန့်အထိ တန်ခိုးကြီးမားနေခဲ့ကြ သည်။ ယင်းတို့၏ အဆက်အနွယ်အချို့သည် ဗြိတိသျှအစိုးရ လက်ထက်တိုင်အောင် တန်ခိုးအရှိန်အဝါ ရှိနေကြသေးသည်။

အိန္ဒိယမြောက်ပိုင်းတွင် အေဒီခုနစ်ရာစုမှ ၁၃ ရာစုနှစ် အထိ ဟိန္ဒူမင်းများသည် အညီအညွတ် အစည်းအလုံးမရှိဖြစ် နေသည်။ စန္ဒဂုတ္တမင်း၊ အသောကမင်းတို့ကဲ့သို့ နိုင်ငံကို တစ်လုံးတစ်စည်း သိမ်းရုံးအုပ်ချုပ်နိုင်သော အာဇာနည်မင်းများ လည်း မပေါ်ထွက်ခဲ့ချေ။ ထိုအခါ မျိုးခြား၊ အယူဝါဒခြားဖြစ် သော အာရပ်၊ အာဖဂန်နှင့် မွန်ဂိုတို့သည် နိုင်ငံအတွင်းသို့ ဝင် ရောက်စိုးမိုးကြသည်။ ပထမတွင် အာရပ်တို့သည် စီးပွား ကုန်သွယ်ရေးနှင့် အစ္စလာမ်အယူဝါဒ ပြန့်ပွားရေးအတွက် ဝင် ရောက်စိုးမိုးကြသည်။ တိုင်းရင်းသားတို့က ပုန်ကန်သည့်အခါ ပြန်ထွက်သွားကြသည်။ သို့သော် ဇာတ်စနစ်မရှိသော အစ္စလာမ် အယူဝါဒသည် အိန္ဒိယမြေ၌ အမြစ်တွယ်စပြုလေသည်။အာရပ်တို့ထွက်သွားပြီးနောက် အာဖဂန်တို့သည် အိန္ဒိ ယမြောက်ပိုင်းကို ကြိမ်ဖန်များစွာဝင်ရောက် နှောင့်ယှက်ကြ သော်လည်း ပိုင်ပိုင်နိုင်နိုင် သိမ်းပိုက်ခြင်းမပြုချေ။ ၁၁ ရာစုနှစ် တွင် အာဖဂန်ဘုရင်မာမွတ်သည် အိန္ဒိယမြောက်ပိုင်းကို တစ် စိတ်တစ်ဒေသ အုပ်စိုးသည်။ ထိုမင်းသည် စစ်အတတ် ကျွမ်း ကျင်၍ အစ္စလာမ်အယူဝါဒ ပြန့်ပွားရေးကိုလည်း ဆောင်ရွက် သည်။ ထိုမင်းလွန်သော် အိန္ဒိယမြောက်ပိုင်းသည် အခြေအနေ ကစင့်ကလျား ဖြစ်ပြန်လေသည်။ သို့သော် ယခုပန်ဂျပ်နှင့် သိန္ဒုပြည်နယ်တို့တွင် အစ္စလာမ်အယူဝါဒသည် ခြေကုတ်ရခဲ့လေသည်။

တစ်ဆယ့်နှစ်ရာစုနှစ်တွင် အာဖဂန်တို့သည် ဝင်ရောက် လာပြန်၍ နောက်ဆုံးတွင် အိန္ဒိယမြောက်ပိုင်းနှင့် တောင်ပိုင်း ကိုပါ ယင်းတို့သိမ်းသွင်းနိုင်ခဲ့သည်။ မြောက်ပိုင်းနှင့်တောင်ပိုင်း အိန္ဒိယပြည်နယ်ကြီးများကို စိုးမိုးနိုင်ခဲ့သော အာဖဂန်မင်းကား ရှဟတ်ဥဒင်ဂုရီ ဖြစ်သည်။ ထိုမင်း၏ အဆက်အနွယ်တို့သည် နှစ်ပေါင်း ၁၅ဝ ခန့်အတွင်း အိန္ဒိယအရှေ့ပိုင်းနှင့် တောင်ပိုင်းရှိ ဒေသအချို့ကိုအုပ်စိုးခဲ့ကြ၍ အစ္စလာမ်အယူဝါဒနှင့် ယဉ်ကျေးမှု တို့ကို ပြန့်ပွားစေခဲ့ကြသည်။ ယင်းသို့ဖြင့် အိန္ဒိယနိုင်ငံအတွင်း ၌ ဟိန္ဒူနှင့် မွတ်စလင်မင်းတို့ ထီးပြိုင် နန်းပြိုင် စိုးစံနေကြ၍ တစ်ပြည်ထောင်နှင့် တစ်ပြည်ထောင်လည်း စစ်ခင်းနေကြရာ၊ ဝါးအစည်းပြေသကဲ့သို့ ရှိနေကြသဖြင့် ၁၆ ရာစုနှစ်တွင် ဝင်ရောက်တိုက်ခိုက်လာသော မွန်ဂို (မဂို) များလက်အောက်သို့ ဝပ်စင်းကြရလေတော့သည်။


အာရှအလယ်ပိုင်းသား မဂို(မွန်ဂို) တို့သည် ၁၃ ရာစု နှစ် ဂျင်ဂစ်ခန်မင်း လက်ထက်မှစ၍ အိန္ဒိယကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ကြသည်။ သို့သော် ကြာရှည်အုပ်စိုးရန် မရည်ရွယ် သဖြင့် လုယက်ဖျက်ဆီးရုံမျှသာ ပြုခဲ့ကြသည်။ ၁၄ ရာစုနှစ် တွင် ဒေလီမြို့အထိဝင်ရောက် တိုက်ခိုက်ခဲ့သော မဂိုမင်း တမာလိန်သည်လည်း ထိုနည်းအတူပင် လုယက်ဖျက်ဆီးခြင်း သာပြုခဲ့သည်။ ၁၆ ရာစုနှစ်တွင် ဝင်ရောက်တိုက်ခိုက်လာသော မဂိုမင်း ဗေဗာမှာမူ သိမ်းပိုက်မိသမျှသော ပြည်ထောင်ကြီးငယ် များကို စုစည်းပြီးလျှင် အိန္ဒိယ၌ မဂိုနိုင်ငံတော်ကို ထူထောင်၍ စိုးစံလေသည်။

အိန္ဒိယ၌စိုးစံသော မဂိုမင်းဆက်များအနက် ဗေဗာမင်း ၏မြေးတော် အက္ကဗာသည် အထူးချွန်ဆုံးဖြစ်သည်။ မဂိုမင်း ဆက်များသည်လည်း အစ္စလာမ်ဝါဒီများဖြစ်ကြ၍ ထိုအယူဝါဒ ပြန့်ပွားရေးကို အားပေးခဲ့ကြသဖြင့် မွတ်စလင်ယဉ်ကျေးမှုများ ထွန်းကားခဲ့လေသည်။

မဂိုနိုင်ငံတော်ကြီးသည် အက္ကဗာ၏ အဆက်အနွယ်ဖြစ် သော အော်ရမ်ဇစ်လက်ထက်၌ အကျယ်ပြန့်ဆုံးဖြစ်ခဲ့၍ ထိုမင်း လက်ထက်မှစတင်ပြီးလျှင် နိုင်ငံတော်ကြီး ယိုယွင်းလာခဲ့သည်။ ထိုမင်းသည် အစ္စလာမ်အယူဝါဒီ မဟုတ်သူတို့အား အလွန် နှိပ်ကွပ်သဖြင့် ပန်ဂျပ်မှဆစ်လူမျိုးများ ပုန်ကန်ကြသည်။ အိန္ဒိယအလယ်ပိုင်းမှ မာရတ္ထလူမျိုးများလည်း ထကြွကြသည်။ ထို့ကြောင့် နိုင်ငံတော်ကြီး အင်အားဆုတ်ယုတ်လာရာ အော်ရမ် ဇစ်၏နောက် စိုးစံကြသော မဂိုမင်းများသည် ဒေလီမြို့တော် တစ်ဝိုက်၌သာ တန်ခိုးအာဏာရှိကြလေတော့သည်။ ထိုအချိန် တွင် အီရန်နိုင်ငံသည် အင်အားတောင့်တင်းလာ၍ အီရန်ဘုရင် နာဒါရှားသည် အိန္ဒိယမြောက်ပိုင်းကို တိုက်ခိုက်လာပြန်သည်။ တစ်နိုင်ငံလုံးသည် ကစင့်ကလျားရှိနေ၍ ပြည်ထောင် အများ အပြားသည် ထီးပြိုင် နန်းပြိုင် ဖြစ်နေကြသည်။ ထိုကာလ၌ အိန္ဒိယကမ်းရိုးတန်း နေရာကောင်းများ၌ ခြေကုတ်ရနေခဲ့သော အင်္ဂလိပ်၊ ပြင်သစ်၊ ပေါ်တူဂီတို့သည် အိန္ဒိယနိုင်ငံကို တဖြည်း ဖြည်း ဝါးမျိုစပြုလေပြီ။

ဗက်စကိုဒါဂါးမသည် ဗာလဗာကမ်းရိုးတန်းရှိ ကလီ ကတ်၌ ခြေချသည်မှစ၍ နှစ်ပေါင်း ၂ဝဝ အတွင်း ဥရောပ နိုင်ငံကြီးများသည် ကြွယ်ဝသောအိန္ဒိယအား ကုန်သွယ်ရေး အကြောင်းပြုပြီးလျှင် သိမ်းပိုက်နိုင်ရန် အပြိုင်ကြိုးပမ်းလာကြ သည်။ ယင်းတို့အနက် ဗြိတိသျှသည် စားကျက်လုဘက် အခြား ဥရောပနိုင်ငံသားများအား ကတုံးပေါ်ထိပ်ကွက်နိုင်ကာ မဂို၊ မာရတ္ထစသော အခြားအိန္ဒိယတိုင်းရင်းသား မင်းညီမင်းသားများ ကို နှိမ်နင်းသိမ်းသွင်းခဲ့သည်။ ၁၉ ရာစုနှစ်အလယ်ပိုင်းတွင် ဗြိတိသျှတို့သည် ကြွယ်ဝသော မြစ်ဝှမ်းဒေသကြီးများနှင့် ကမ်း ရိုးတန်းလွင်ပြင်ဒေသများကို အပိုင်စီးမိထားလေပြီ။ ကျန်အစိတ် အပိုင်းတို့သည် မဟာရာဇာစော်ဘွားများနှင့် ပဒေသရာဇ်မင်းညီ မင်းသားများ၏ လက်အောက်ခံများဖြစ်ကြသော်လည်း စင်စစ် ဗြိတိသျှတို့၏ သွယ်ဝိုက်သော ဩဇာခံများ ဖြစ်ကြလေသည်။ဗြိတိသျှတို့လက်အောက်သို့ ရောက်ခဲ့သည့်အချိန်မှစ၍ အိန္ဒိယမျိုးချစ်တစ်စုသည် နိုင်ငံခြားသား စိုးမိုးမှုအောက်မှ လွတ်မြောက်ရန် အင်အားစုခဲ့ကြသည်။ ၁၈၈၅ ခုနှစ်တွင် အိန္ဒိယနေရှင်နယ်ကွန်ဂရက်ခေါ် အိန္ဒိယအမျိုးသားအစည်းအရုံး ပေါ်ပေါက်ခဲ့သည်။ မဟတ္တမဂန္ဓီသည် အမျိုးသားလှုပ်ရှားမှု များ၏ ခေါင်းဆောင်ဖြစ်လာသည်။ လက်နက်မစွဲကိုင်ဘဲ အနု နည်းဖြင့် ဗြိတိသျှအစိုးရအား ဆန့်ကျင်ရေးလမ်းစဉ်ကိုသာ ဂန္ဓီမဟတ္တမ ကျင့်သုံးခဲ့သည်။

အနုနည်းလမ်းစဉ်ကို ကျင့်သုံးလင့်ကစားအမျိုးသားလှုပ်ရှားမှုများ ပို၍ပို၍ပြင်းထန်လာ သည်။ ကိုယ်ပိုင်အုပ်ချုပ်ရေးတောင်းဆိုသံများ ပိုမိုကျယ်လောင် လာသည်။ ဒုတိယကမ္ဘာစစ်အတွင်းက အိန္ဒိယအမျိုးသားတို့ သည် မဟာမိတ်တပ်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း ကိုယ်ပိုင်အုပ်ချုပ်ရေးတောင်းဆိုမှုများ ပို၍ပြင်းပြလာလေသည်။ကို်ယ်ပိုင်အုပ်ချုပ်ရေး၊ လွတ်လပ်ရေးအတွက် လှုပ်ရှား တောင်းဆိုမှုများ ပြင်းထန်လာသဖြင့် ၁၉၄၇ ခုနှစ်၊ ဩဂုတ်လ တွင် ဗြိတိသျှအစိုးရသည် အိန္ဒိယကိုလက်လွှတ်ရလေတော့ သည်။ မဟာမက်အလီဂျင်းနား ခေါင်းဆောင်သော မွတ်စလင် အမျိုးသားများ၏ ဆူပူတောင်းဆိုမှုကြောင့် ဗြိတိသျှအစိုးရက အိန္ဒိယနှင့် ပါကစ္စတန်ဟူ၍ နှစ်နိုင်ငံခွဲခြား ဖွဲ့စည်းပေးလိုက်ပြီး သည့်နောက်တွင် ဟိန္ဒူ-မွတ်စလင်အဓိကရုဏ်းများ ဆက်လက် ဖြစ်ပွားနေခဲ့သေးသည်။ ဗြိတိသျှအစိုးရအုပ်ချုပ်ရေး ရုပ်သိမ်း သွားပြီးနောက်တွင် အိန္ဒိယသည် ဒိုမီနီယံအုပ်ချုပ်ရေးစနစ်ကို အခိုက်အတန့်အားဖြင့် လက်ခံထား၍ အုပ်ချုပ်ရေးစနစ် ရေးဆွဲ ပြီးစီးသောအခါ ၁၉၅ဝ ပြည့်နှစ် ဇန်နဝါရီလ ၂၆ ရက်နေ့၌ အိန္ဒိယသည် ဗြိတိသျှဓနသဟာရအဖွဲ့ဝင် အချုပ်အချာအာဏာ ပိုင် ပြည်ထောင်စုသမ္မတနိုင်ငံအဖြစ် ကြေညာခဲ့လေသည်။

ဒေါက်တာ ရာဂျင်ဒြာပရာဆတ်သည် အိန္ဒိယသမ္မတနိုင်ငံ၏ ပထမဆုံးသမ္မတဖြစ်ပြီးလျှင် ရှရီနေရူးသည် လွတ်လပ်သည့် အိန္ဒိယနိုင်ငံဖြစ်လာသည့် အချိန်မှစ၍၁၉၄၆ ခုနှစ် မေလ၂၇ ရက်နေ့၌ ကွယ်လွန်သည်အထိ အိန္ဒိယအစိုးရ၏ဝန်ကြီးချုပ် အဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၁၉၄၇ ခုနှစ် ဩဂုတ်လ ၂ဝ ရက်နေ့တွင် ပဉ္စမမြောက်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရသူမှာ ဖာခရူဒင် အလီအာမက် ဖြစ်သည်။ ဝန်ကြီးချုပ်မှာ ၁၉၆၆ ခုနှစ် ဇန်နဝါရီလမှ အစပြု၍ ဝန်ကြီးချုပ်အဖြစ် လူဦးရေသန်းပေါင်း ငါးရာကျော် ရှိသော နိုင်ငံကြီးကိုထိန်းမတ် ပဲ့ကိုင်လျက်ရှိသည့် (ရှရီနေရူး၏ သမီး) မစ္စက်အင်ဒီရာဂန္ဓီဖြစ်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)