အားကစားကွင်း

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

အားကစားကွင်း (အင်္ဂလိပ်: Stadium)ဆိုသည်မှာ အားကစားနည်းများ (အထူးသဖြင့် ရုံတွင်းမဟုတ်ပဲ ရုံပြင်ပတွင်ဆော့ရသော အားကစားနည်းများ ဥပမာ-ဘောလုံး)၊ ဖျော်ဖြေပွဲများနှင့် အခြားပွဲစဉ်များအတွက် တည်ဆောက်ထားသော အဆောက်အဦးဖြစ်သည်။ထိုအဆောက်အဦးတွင် ကွင်းပြင် သို့မဟုတ် စင်မြင့်ပါပြီး ၎င်းကို ပွဲကြည့်စင်များက ဝန်းရံထားသည်။[၁]

အားကစားကွင်းအများစုသည် ဘောလုံးအားကစားနည်းအတွက် အသုံးပြုလေ့ရှိကြသည်။အချို့မှာမူ ခရစ်ကတ်၊ ဘေ့စ်ဘော၊ ကွင်းပြင်ဟော်ကီ စသည့် အားကစားနည်းများအတွက် အသုံးပြုကြသည်။အားကစားကွင်းအချို့တွင် ပွဲကြည့်စင်နှင့် ကွင်းပြင်အကြားတွင် ပြေးလမ်းများပါပြီး ပြေးခုန်ပစ်အားကစားနည်းအတွက် အသုံးပြုကြသည်။

​ဘေ့စ်​ဘောအားကစားကွင်း

အားကစားကွင်းများတွင် ဖျော်ဖြေပွဲများကိုပါ ကျင်းပလေ့ရှိသည်။

အမျိုးအစားများ[ပြင်ဆင်ရန်]

ဘောလုံးအားကစားကွင်း[ပြင်ဆင်ရန်]

အလယ်တွင် ဘောလုံးကစားရန် မြက်ခင်းပြင်ပါဝင်ပြီး ၎င်းကို ပွဲကြည့်စင်များက ဝန်းရံထားသည်။များသောအားဖြင့် ဘောလုံးအားကစားနည်းအတွက်သာ အသုံးချကြသည်။ဥပမာ- မန္တလေးမြို့ရှိ ဗထူးအားကစားကွင်း

ဝင်ဘ​လေကွင်း

ဘက်စုံသုံးအားကစားကွင်း[ပြင်ဆင်ရန်]

ဘက်စုံသုံးအားကစားကွင်းတွင် ပွဲကြည့်စင်နှင့် ကွင်းပြင်အကြားတွင် ပြေးလမ်းများ ပါသည်။ထိုကွင်းတွင် ဘောလုံးအားကစားနည်းအပြင် ပြေးခုန်ပစ်အားကစားနည်းများကိုပါ ကျင်းပလေ့ရှိသည်။မြန်မာနိုင်ငံ၏ အဓိကအားကစားကွင်းကြီးများဖြစ်သော အောင်ဆန်းအားကစားကွင်းသုဝဏ္ဏအားကစားကွင်းမန္တလာသီရိအားကစားကွင်းဝဏ္ဏသိဒ္ဓိအားကစားကွင်း စသည်တို့မှာ ဤပုံစံများဖြစ်ကြသည်။

ပြေးခုန်ပစ်အားကစားကွင်း[ပြင်ဆင်ရန်]

အားကစားကွင်းတစ်ခုလုံးအား ပြေးခုန်ပစ်အားကစားနည်းအတွက်သာ အသုံးပြုကြသည်။အားကစားကွင်းအတွင်းရှိ တပ်ဆင်ထားသော ပစ္စည်းများသည် ပြေးခုန်ပစ်အားကစားနည်းများအတွက် ရည်ရွယ်သည်။ဥပမာ- ဖိလစ်ပိုင်နိုင်ငံ၊ နယူးကလပ်မြို့ရှိ နယူးကလတ်ခ်ပြေးခုန်ပစ်အားကစားကွင်း။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

သမိုင်းကြောင်းတွင် အစောဆုံးဟု သတ်မှတ်နိုင်သော အားကစားကွင်းမှာ ဂရိနိုင်ငံ၊ အိုလံပီယာမြို့ရှိ အားကစားကွင်းဖြစ်သည်။

အိုလံပီယာမြို့ရှိ အားကစားကွင်း

ထိုကွင်းတွင် ၇၇၆ဘီစီမှစ၍ ရှေးခေတ်အိုလံပစ်ပြိုင်ပွဲများ ကျင်းပခဲ့သည်။ဂရိနိုင်ငံနှင့် ရောမနိုင်ငံတို့တွင် ရှေးဟောင်းအားကစားကွင်း များစွာတွေ့ရတတ်သည်။လက်ရှိတွင် တူးဖော်ပြီး ပြန်လည်ပြုပြင်ထားသော ပန်နာသမ်းမစ် အားကစားကွင်းသည် ရှေးဟောင်းအိုလံပစ်ပွဲများကို ကျင်းပခဲ့သည်သာမက ယနေ့ခေတ်တွင် ကျင်းပနေသည့် ခေတ်သစ်အိုလံပစ်ပွဲများ၏ ပထမဆုံးပွဲဖြစ်သော ၁၈၉၆ နွေရာသီ အိုလံပစ်ပြိုင်ပွဲကိုလည်း လက်ခံကျင်းပခဲ့သည်။

၁၈၉၆ ​နွေရာသီအိုလံပစ် ဖွင့်ပွဲ
ယ​နေ့​ခေတ် ပန်နာသမ်းမစ်အားကစားကွင်း

ခေတ်သစ်အားကစားကွင်းများ[ပြင်ဆင်ရန်]

ယနေ့ခေတ်၏ အားကစားကွင်းများသည် ပရိသတ်ဝင်ဆံ့မှုများစေရန် ဦးတည်၍ တည်ဆောက်လာကြသည်။အထူးသဖြင့် ဗြိတိန်တွင် ဝိတိုရိယ ဘုရင်မခေတ်တွင် ခေတ်စားလာသော ဘောလုံးအားကစားနည်း၊ အမေရိကန်တွင် ဘေ့စ်ဘောအားကစားနည်း စသည်တို့တွင် လူစိတ်ဝင်စားမှုများလာ၍ အားကစားကွင်းများကို ပရိသတ်များစွာ ဝင်ဆံ့လာနိုင်စေရန် ရည်ရွယ်တည်ဆောက်လာကြသည်။ထိုအားကစားကွင်းများတွင် စတမ်းဖို့ဘရစ်ချ် အားကစားကွင်းအန်းဖီးအားကစားကွင်း စသည်တို့သည် ၁၉ရာစုက တည်ဆောက်ခဲ့ကြသည့် အစောဆုံးကွင်းများဖြစ်ကြသည်။

၁၉၀၉ခုနှစ်က ​တွေ့ရ​သော စတမ်းဖို့ဘရစ်ချ် အားကစားကွင်း

၂၀ရာစုနှင့် ၂၁ရာစုမှ အားကစားကွင်းများ[ပြင်ဆင်ရန်]

အားကစားကွင်းအဟောင်းများသည် ၁၉၀၀ကျော်ကာလများတွင် ပုံစံအသစ်များဖြင့် ပြန်လည်တည်ဆောက်လာခဲ့ကြသည်။ထို့အတူ ပုံစံအသစ်ဖြင့် အားကစားကွင်းအသစ်များလည်း တည်ဆောက်လာခဲ့ကြသည်။ယခင် သစ်သားပွဲကြည့်စင်များနေရာတွင် အုတ်နှင့် ကွန်ကရိပွဲကြည့်စင်များ အစားထိုးလာကြသည်။၂၁ရာစုတွင် ဖွင့်နိုင်ပိတ်နိုင်သော အမိုးများပါဝင်သည့် အားကစားကွင်းကြီးများကို တည်ဆောက်လာကြပြီဖြစ်သည်။သို့သော် ဤအမိုးများသည် ကုန်ကျစရိတ် ကြီးမားသည်။ထို့အပြင် ပွဲကြည့်စင် အရှင်များလည်း တပ်ဆင်လာနိုင်ကြသည်။

စင်ကာပူ အမျိုးသားအားကစားကွင်း၏ ပိတ်နိုင်​ဖွင့်နိုင်​သောအမိုး

မြန်မာနိုင်ငံရှိ အားကစားကွင်းများ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံရှိ အစောဆုံးဟုဆိုနိုင်သည့် ခေတ်မီအားကစားကွင်းများမှာ ရန်ကုန်မြို့ရှိ အောင်ဆန်းအားကစားပြိုင်ကွင်းနှင့် မန္တလေးမြို့ရှိ ဗထူးအားကစားပြိုင်ကွင်းများ ဖြစ်ကြသည်။ကိုလိုနီခေတ်က အင်္ဂလိပ်လူမျိုးများ အသုံးပြုရန် အဆင့်မြှင့်တင်ခဲ့ကြခြင်းဖြစ်သည်။လွတ်လပ်ရေးရပြီးချိန်တွင် ရုရှားနိုင်ငံမှ ပရိသတ် ၈၀,၀၀၀ ဝင်ဆံ့သည့် အားကစားကွင်းကို လက်ဆောင်ပေးရန် ကမ်းလှမ်းခဲ့သော်လည်း ကွန်မြူနစ်တို့ထံမှ လက်ဆောင်အား မယူလိုဟုဆိုကာ ဖဆပလ ခေါင်းဆောင်များက ကန့်ကွက်ခဲ့သည်။ထို့ကြောင့် မြန်မာပြည်တွင် မဆောက်ဖြစ်ပဲ အင်ဒိုနီးရှားနိုင်ငံသို့သာ လက်ဆောင်ပေးဖြစ်ခဲ့သည်။[၂]မြန်မာနိုင်ငံတွင် သုဝဏ္ဏကွင်း တည်ဆောက်သည့် ၁၉၈၅ခုနှစ်မတိုင်မီအထိ အောင်ဆန်းအားကစားကွင်းသာ ခေတ်မီစွာ တည်ရှိခဲ့သည်။သို့သော် ၂၀၁၉ခုနှစ်တွင် အောင်ဆန်းကွင်းမှာ အိုဟောင်းလာပြီး ပြန်လည်တည်ဆောက်ရမည့် အားကစားကွင်းအဖြစ် သတ်မှတ်ခဲ့သည်။[၃]

၂၇ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပရန်ရှိလာချိန်တွင် အားကစားကွင်းများကို အဆင့်မြှင့်တင်ခဲ့ပြီး အသစ်များလည်း တည်ဆောက်ခဲ့သည်။တစ်ကွင်းလုံး အမိုးအပြည့်ပါသည့် အားကစားကွင်းအသစ် (၃)ကွင်းကို မန္တလေးမြို့နှင့် နေပြည်တော်တွင် တည်ဆောက်ခဲ့သည်။လက်ရှိအချိန်တွင် ဤကွင်းများမှာ ခေတ်အမီဆုံးဟု ဆိုနိုင်သည်။သုဝဏ္ဏကွင်းမှာမူ မူလဒီဇိုင်းအရ အမိုးအပြည့်မိုးရန် စီစဉ်ခဲ့သော်လည်း မမိုးဖြစ်ခဲ့ပေ။နိုင်ငံတကာအားကစားပွဲများကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းနှင့် မန္တလေးမြို့ရှိ မန္တလာသီရိကွင်းတို့တွင် အများဆုံး ကျင်းပနေကာ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ပြည်တွင်းအားကစားပွဲများကို ကျင်းပနေသည်။ဇေယျာသီရိကွင်းမှာမူ တပ်မတော်ပိုင်ဖြစ်သည်။

သုဝဏ္ဏကွင်း
မန္တလာသီရိအားကစားကွင်း

ကိုးကား[ပြင်ဆင်ရန်]