ဝဏ္ဏသိဒ္ဓိ အားကစားကွင်း

ဝီကီပီးဒီးယား မှ

ကိုဩဒိနိတ်: 19°46′0.0″N 96°4′21.9″E / 19.766667°N 96.072750°E / 19.766667; 96.072750

ဝဏ္ဏသိဒ္ဓိ အားကစားကွင်း
ယခင်အမည်ဇမ္ဗူသီရိ အားကစားကွင်း (၂၀၁၂ - ၂၀၁၃)
တည်နေရာဇမ္ဗူသီရိမြို့နယ်နေပြည်တော်မြန်မာနိုင်ငံ
ပိုင်ဆိုင်သူအားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန
စီမံခန့်ခွဲသူအားကစားနှင့်ကာယပညာဦးစီးဌာန
ဝင်ဆံ့ပမာဏ၃၀,၀၀၀
မျက်နှာပြင်မြတ်ခင်းပြင်
တည်ဆောက်ခြင်း
ဖွင့်လှစ်၂၀၁၂ ခုနှစ်
ဗိသုကာမက်စ်မြန်မာ[၁]

ဝဏ္ဏသိဒ္ဓိ အားကစားကွင်း (အင်္ဂလိပ်: Wunna Theikdi Stadium) သည် နေပြည်တော်ပြည်ထောင်စုနယ်မြေဇမ္ဗူသီရိမြို့နယ်ရှိ ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ဝင်းအတွင်းတည်ရှိသော ဘက်စုံသုံး ခေတ်မီ အားကစားကွင်းဖြစ်သည်။ ပရိသတ် (၃၀,၀၀၀) ကျော် ဝင်ဆံ့ပြီး[၂] ဘောလုံးအားကစားနည်းနှင့် ပြေးခုန်ပစ် အားကစားနည်များကို အများဆုံး ကျင်းပလျက်ရှိသည်။

၂၀၁၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၂၀၁၄ အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲများ၏ အဓိကအားကစားကွင်းလည်းဖြစ်သည်။[၃] ထို့အပြင် ၂၀၁၅ အမျိုးသားအားကစားပြိုင်ပွဲ၂၀၁၈ အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ စသည့် အားကစားပြိုင်ပွဲများကိုလည်း လက်ခံကျင်းပခဲ့သည်။ လက်ရှိတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများကို လက်ခံကျင်းပလျက်ရှိသည်။

အားကစားကွင်းအတွင်း မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ရုံးခန်း၊ လူငယ်ရေးရာဦးစီးဌာန၏ ရုံးခန်းများ တည်ရှိသည်။[၄]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၂၀၁၃ခုနှစ်တွင် မြန်မာနိုင်ငံက အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ပြန်လည်လက်ခံကျင်းပခွင့် ရရှိခဲ့သည်။ ပြိုင်ပွဲကို မြို့တော်အသစ်ဖြစ်သော နေပြည်တော်မြို့တွင် အဓိက ကျင်းပရန် စီစဉ်ခဲ့ကြသည်။ ပြိုင်ပွဲအတွက်လိုအပ်သော အခြေခံအဆောက်အဦးအသစ်များကို နေပြည်တော်၌ ဇမ္ဗူသီရိမြို့နယ် ပညာသိဒ္ဓိရပ်ကွက်တွင်လည်းကောင်း၊ ဇေယျာသီရိမြို့နယ်တွင်လည်းကောင်း၊ မန္တလေးမြို့၌ ချမ်းမြသာစည်မြို့နယ်တွင်လည်းကောင်း တည်ဆောက်ခဲ့ကြသည်။

ပညာသိဒ္ဓိရပ်ကွက်ရှိ (၁၅၀)ဧကအကျယ်ရှိ[၅] ​မြေ​ပေါ်တွင် ဘက်စုံသုံးအားကစားကွင်း၊ မိုးလုံလေလုံအားကစားရုံရေကူးကန်၊ မြားပစ်ကွင်း၊ တင်းနစ်ကွင်း၊ ဖူဆယ်ဘောလုံးကွင်း၊ လေ့ကျင့်ရေးကွင်း စသည်တို့ပါဝင်သော အားကစားပြိုင်ဝင်းကြီးတစ်ခု တည်ဆောက်ခဲ့သည်။ ထိုအားကစားပြိုင်ဝင်း၏ ပင်မအားကစားကွင်းဖြစ်သော ဝဏ္ဏသိဒ္ဓိအားကစားကွင်းကို ၂၀၁၀ပြည့်နှစ်မှစ၍ တည်ဆောက်ခဲ့သည်။ မူလက ဇမ္ဗူသီရိ အားကစားကွင်းဟု အမည်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းဟု အမည်ပေးခဲ့သည်။ ဤအားကစားကွင်းနှင့် ပုံစံတူမှာ မန္တလေးမြို့ရှိ မန္တလာသီရိအားကစားကွင်းနှင့် ဇေယျာသီရိမြို့နယ်ရှိ ဇေယျာသီရိအားကစားကွင်းတို့ ဖြစ်ကြသည်။ ဤကွင်းများသည် မြန်မာနိုင်ငံ၏ ပထမဆုံးသော အမိုးအပြည့်မိုးထားသည့် အားကစားကွင်းကြီးများဖြစ်ကြသည်။

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ရုံးခန်း

တည်ဆောက်ခြင်း[ပြင်ဆင်ရန်]

အားကစားကွင်းကို မက်စ်မြန်မာကုမ္ပဏီမှ တည်ဆောက်ခဲ့သည်။ ၂၀၁၀ပြည့်နှစ် ဇန်နဝါရီလ (၁၂) ရက်နေ့တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးနှင့် နေပြည်တော်မြို့တော်ဝန် ဗိုလ်မှူးကြီး သိန်းညွန့်၊ ဆောက်လုပ်ရေးဝန်ကြီး ဗိုလ်ချုပ် ခင်မောင်မြင့်၊ စီမံကိန်း အတွင်းရေးမှူး ဗိုလ်မှူးကြီးကံချွန်၊ မက်စ်မြန်မာကုမ္ပဏီဥက္ကဋ္ဌ ဦးဇော်ဇော်တို့က ပန္နက်တင်ပေးခဲ့ကြသည်။ အားကစားကွင်းကို (၂၅)ဧက အကျယ်ရှိ​သော ​မြေ​ပေါ်တွင် တည်​ဆောက်ထားသည်။[၅]

အချက်အလက်များ[ပြင်ဆင်ရန်]

ဝဏ္ဏသိဒ္ဓိအားကစားကွင်းသည် ဘဲဥပုံစံရှိကာ (၂၆၃)မီတာ ရှည်လျားပြီး (၂၃၁)မီတာ ကျယ်ဝန်းကာ (၂၅) မီတာ မြင့်သည်။ ပွဲကြည့်စင်မှာ အဆင့် (၃) ဆင့်ဖြစ်သည်။ မြက်ခင်းပြင်နှင့် ပွဲကြည့်စင်အကြားတွင် ပြေးလမ်းများ ပါရှိသည်။ မြောက်ဘက် နှင့် တောင်ဘက် ပွဲကြည့်စင်များတွင် LEDဘုတ်များ တပ်ဆင်ထားသည်။ အနောက်ဘက်ပွဲကြည့်စင်တွင် အရေးကြီးပုဂ္ဂိုလ်နေရာများ၊ အရေကြီးပုဂ္ဂိုလ်များအတွက် အထူးပွဲကြည့်ခန်း၊ မီဒီယာစင်တာ စသည်တို့ပါဝင်သည်။ ကွင်းအတွင်း အလင်းရောင်ကောင်းမွန်စွာ ရရှိရန်အတွက် ခေတ်မီမီးစနစ်များကိုလည်း တပ်ဆင်ထားသည်။ အစည်းအဝေးခန်းမများ၊ နားနေခန်းများလည်း ထည့်သွင်းတည်ဆောက်ထားသည်။[၆] ကားရပ်နားရန်နေရာအတွက် (၁၅) ဧကကျယ်ဝန်းသည့် ရပ်နားကွင်း ပါဝင်သည်။[၅][၇]

အစည်းအ​ဝေးခန်းမများ

၂၀၁၃ ဘောလုံးပွဲ အကြမ်းဖက်မှုဖြစ်စဉ်[ပြင်ဆင်ရန်]

အားကစားကွင်း တည်ဆောက်ပြီးစီးပြီးနောက် ၂၀၁၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မစတင်မီ ၂၀၁၃ခုနှစ် ဩဂုတ်လ (၄) ရက်နေ့တွင် ရန်ကုန်ယူနိုက်တက်နှင့် နေပြည်တော် ဘောလုံးအသင်းတို့၏ ဘောလုံးပွဲကို ယှဉ်ပြိုင်ခဲ့ကြသည်။ ပွဲချိန်အတွင်း နှစ်ဖက်ကစားသမားများ ခိုက်ရန် ဖြစ်ပွားခဲ့ပြီး ထိုးကြိတ်၊ ကန်ကျောက်မှုများပါ ဖြစ်ခဲ့သည်။ ထို့အပြင် အိမ်ရှင် နေပြည်တော်ပရိသတ်များက ခုံများရိုက်ချိုးခြင်း၊ ကွင်းအတွင်းဆင်းလာပြီး ဒိုင်နှင့် တစ်ဖက်အသင်းကစားသမားများအား ရန်မူခြင်းများ ပြုလုပ်ခဲ့သည်။ ထို့ကြောင့် ပထမပိုင်းမပြီးမီအချိန်တွင် ပြိုင်ပွဲအား ရပ်နားခဲ့ရသည်။ဤသည်မှာ မြန်မာနေရှင်နယ်လိဂ်သမိုင်းကြောင်းတွင် အဆိုးရွားဆုံး ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့သည်။ ထိုအကြမ်းဖက်မှုများကြောင့် အားကစားကွင်းအသစ်ကြီး၏ ထိုင်ခုံ​​ပေါင်း (၁၅၀) ကျော် ရိုက်ချိုး ဖျက်ဆီးခံခဲ့ရသည်။[၈][၉][၁၀]

ထင်ရှားသော လက်ခံကျင်းပမှုများ[ပြင်ဆင်ရန်]

၂၀၁၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ နှင့် ၂၀၁၄ အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ[ပြင်ဆင်ရန်]

၂၀၁၃ခုနှစ် ဒီဇင်ဘာလ (၁၁) ရက်နေ့နှင့် (၂၂) ရက်နေ့များတွင် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဖွင့်ပွဲပိတ်ပွဲ အခမ်းအနားများကို ကျင်းပခဲ့သည်။ ထို့အပြင် ထိုအားကစားပြိုင်ပွဲ၏ ပြေးခုန်ပစ်အားကစားပွဲစဉ်များကိုလည်း လက်ခံကျင်းပခဲ့သည်။ ထို့အပြင် ၂၀၁၄ခုနှစ် ဇန်နဝါရီလတွင်လည်း (၇)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကိုလည်း ကျင်းပခဲ့သည်။

၂၀၁၈ အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲ[ပြင်ဆင်ရန်]

၂၀၁၈ခုနှစ် ဒီဇင်ဘာလတွင် (၁၉)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲ၏ ဘောလုံးပွဲစဉ်များကို လက်ခံကျင်းပခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Max Myanmar building NPT stadium - Myanmar Times။ Mmtimes.com။ 26 March 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-12-27 တွင် ပြန်စစ်ပြီး။
  2. Wunna Theikdi Football Stadium (Zabu Thiri stadium) - Soccerway။ Int.soccerway.com (2013-01-09)။ 2013-12-27 တွင် ပြန်စစ်ပြီး။
  3. Myanmar SEA Games 2013။ 27th SEA Games > Myanmar 2013။ 27seagames2013.com။ 23 December 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-12-27 တွင် ပြန်စစ်ပြီး။
  4. အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ဆိုင်းဘုတ်တင်ပွဲ/ ရုံးခန်း ဖွင့်ပွဲမင်္ဂလာအခမ်းအနားနှင့် အလေးမအားကစားနည်းပြိုင်ပွဲအသွင် ဆန်းစစ်ပြိုင်ပွဲ အခမ်းအနားတက်ရောက်
  5. ၅.၀ ၅.၁ ၅.၂ မြန်မာ့အလင်းသတင်းစာ (၁၃.၁.၂၀၁၀)
  6. အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရေးအတွက် သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိ ပုဂ္ဂိုလ်များအား တွေ့ဆုံအမှာစကားပြောကြား
  7. Let the Games begin
  8. သိက္ခာမဲ့သည့် ဝဏ္ဏသိဒ္ဓိ အားကစား ပြိုင်ဝင်း အရေးအခင်း
  9. နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းမှာ ရုန်းရင်းဆန်ခတ် ဖြစ်ပွား
  10. နေပြည်တော်ဘောလုံးကွင်းမှာ အကြမ်းဖက်သူတွေကို အရေးယူတော့မယ်