အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှု

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

၁၉၈၃-ခုနှစ်၊ အောက်တိုဘာ (၉) ရက်တွင် ရန်ကုန်မြို့ရှိ အာဇာနည်ကုန်း၌ ဗုံးပေါက်မှု တစ်ရပ်ဖြစ်ပွားခဲ့သည်။ ထိုဗုံးပေါက်ကွဲမှုသည် တောင်ကိုရီးယားနိုင်ငံသမ္မတ ချန်ဒူးဝမ် အား[၁] လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံမှ [၂]ကင်ဂျုံအီ ၏ လက်ချက်ဟု ယူဆကြသည်။

ဗုံးခွဲတိုက်ခိုက်ခြင်း[ပြင်​ဆင်​ရန်​]

၁၉၈၃-ခုနှစ်၊ အောက်တိုဘာ (၉) ရက်တွင် တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ်နှင့်အဖွဲ့သည် ရန်ကုန်မြို့သို့ အလည်အပတ်လာရောက်ခဲ့သည်။ ထိုသို့ အလည်အပတ် လာရောက်စဉ် အတွင်းတွင် ရွှေတိဂုံဘုရား ခြေရင်းရှိ အာဇာနည်ဗိမာန်တွင် လွမ်းသူ့ပန်းခွေ ချရန် စီစဉ်ထားခဲ့သည်။ ထို အာဇာနည်ဗိမာန်မှာ အာဇာနည်နေ့တွင် ကျဆုံးခဲ့သော ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည် ခေါင်းဆောင်ကြီးများ အတွက် ရည်စူး၍ တည်ဆောက်ထားခြင်း ဖြစ်သည်။ မစ္စတာချန်ဒူးဝမ်နှင့်အဖွဲ့ အာဇာနည်ဗိမာန်၌ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုမည့် အစီအစဉ်ကို မြောက်ကိုရီးယားတို့က အခွင့်ကောင်းယူခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားကွန်မန်ဒိုများက သမ္မတနှင့်အဖွဲ့ကို လုပ်ကြံရန် ချိန်ကိုက်ဗုံး တပ်ဆင်ထားခဲ့သည်။ အောက်တိုဘာ ၉ ရက် နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့သည်။ တောင်ကိုရီးယား သမ္မတ မလာမီ ရှေ့ပြေးအဖွဲ့ရောက်ရှိချိန် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဇင်ဘိုက ချိန်ကိုက်ဗုံးကို တော်လှန်ရေးပန်းခြံအနီးရှိ ဝိဇယရုပ်ရှင်ရုံဘေးမှ ခွဲလိုက်ခြင်းဖြစ်သည်။ သမ္မတ၏ ဝန်ထမ်းများ အာဇာနည်ဗိမာန်အတွင်း စတင်စုရုံး ရောက်ရှိလာချိန်တွင် အာဇာနည်ဗိမာန်အဆောက်အအုံခေါင်မိုးနှင့် မျက်နှာကျက်အကြား ဝှက်ထားသော ဗုံး ၃လုံး ထဲမှ ၁လုံး စတင် ပေါက်ကွဲခဲ့သည်။ မြောက်ကိုရီးယား အကြမ်းဖက်သမားသည် အာဇာနည်ကုန်း အနီး ဦးဝိစာရ လမ်းမပေါ်ရှိ ရွှေလင်းယုန် မော်တော်ကားဆားဗစ် ဝင်းအတွင်းတွင် မော်တော်ကား ပြုပြင်ဟန်ဆောင်၍ စောင့်ဆိုင်းနေခဲ့ပြီး ခရာသံ ကြားသည့် အခါတွင် အဝေးထိန်းစနစ်ဖြင့် ဗုံးကို ဖောက်ခွဲခဲ့သည်ဟု ဆိုကြသည်။


ဗုံးသည် သမ္မတ မရောက်မီ တင်ကြို ပေါက်ကွဲရသည့် အကြောင်းမှာ ချန်ဒူးဝမ် ရောက်ရှိသည်ဟု အထင်မှားသည့် အတွက် ကြိုဆိုသည့် ခရာကို မိနစ် အနည်းငယ်မျှ စောပြီး မှုတ်မိသောကြောင့် ဖြစ်သည်။ သမ္မတ ချန်ဒူးဝမ်၏ ကားသည် ယာဉ်ကြောပိတ်ဆို့မှုကြောင့် အာဇာနည် ဗိမာန်သို့ အချိန်မီ မရောက်ဘဲ မိနစ် အနည်းငယ်မျှ နောက်ကျသွားသောကြောင့် မသေဆုံးပဲ လွတ်မြောက်ခဲ့ရသည်။

သေဆုံးမှု[ပြင်​ဆင်​ရန်​]

အဆိုပါဖောက်ခွဲမှုကြောင့် တောင်ကိုရီးယားဝန်ကြီးများအပါအဝင် ကိုရီးယားမြန်မာစုစုပေါင်း ၂၁ ဦးသေဆုံးပြီး ၄၆ ဦးဒဏ်ရာရခဲ့သည်။ ထိုသို့ သေဆုံးခဲ့သူများတွင် တောင်ကိုရီးယားနိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီး လီဘျွန်ဆျောက် (Lee Beom-seok)၊ စီးပွားရေး စီမံကိန်းဝန်ကြီး နှင့် ဒုတိယဝန်ကြီးချုပ် ဆူဆွခ်ဂျူး (Suh Suk Joo)၊ ကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်မှုဝန်ကြီး ကင်မ်ဒုန်ဝှီး တို့ အပါအဝင်ဖြစ်သည်။ အခြားသေဆုံးသူများမှာ သမ္မတ၏ အကြံပေးပုဂ္ဂိုလ်များ၊ သတင်းစာဆရာများ၊ လုံခြုံရေးဝန်ထမ်းများ ဖြစ်ကြသည်။ အများစုမှာ တောင်ကိုရီးယား နိုင်ငံသားများ ဖြစ်ကြပြီး မြန်မာနိုင်ငံသား သတင်းစာဆရာ ၃ ဦး အပါအဝင် စုစုပေါင်း ၄ ဦးသေဆုံးခဲ့ပြီး ၃၂ ဦး ဒဏ်ရာရခဲ့သည်။

လုပ်ကြံသည့်အဖွဲ့[ပြင်​ဆင်​ရန်​]

ထိုဗုံးပေါက်ကွဲမှုသည် မြောက်ကိုရီးယားတပ်မတော်မှ ဗိုလ်မှူးဇင်ဘိုအဖွဲ့မှ လုပ်ကြံခြင်းဖြစ်သည်။ မြောက်ကိုရီးယားဗိုလ်ချုပ်ကင်ချန်စု၏ တာဝန်ပေးချက်အရ ဗိုလ်မှူးဇင်ဘို ဦးဆောင်ပြီး ဗိုလ်ကြီးကင်မင်ချူးနှင့် ဗိုလ်ကြီးဆင်ကီချူးတို့က မြန်မာနိုင်ငံသို့ လာရောက်လုပ်ကြံခဲ့ခြင်း ဖြစ်သည်။ ဗုံးကို ဖောက်ခွဲခဲ့ပြီးနောက် သူတို့ သုံးဦးလူစုခွဲကာ ပင်လယ်ဝတွင် ပြန်ဆုံရန် ချိန်းဆိုခဲ့ကြသည်။

ပုဇွန်တောင်ချောင်းအတွင်း ရေကူးပြီး ရန်ကုန်မြစ်ဝသို့ ပြေးသည့် ဇင်ဘိုကို ညောင်တန်းဆိပ်မှ ဒေါ်စန်းရီက တွေ့ရှိသွားသည်။ ဒေါ်စန်းရီ၏ အော်သံကြောင့် လူအများစုရုံးလာကြပြီး လှမ်းခေါ်သော်လည်း ဇင်ဘိုမှာ မနာခံပေ။ သို့ဖြစ်ရာ ကုန်တင်ကုန်ချ အလုပ်သမားများနှင့် ရပ်ကွက်နေလူထုက ဝိုင်းဝန်းဖမ်းဆီးရန် ကြိုးစားသည်။ ဇင်ဘိုက လူအုပ်ကို လက်ပစ်ဗုံးဖြင့် တုံ့ပြန်ရန် ကြိုးစားသည်။ လူအုပ်မှာ နောက်သို့ရှဲသွားသည်။ ရေကူးခတ်လာရ၍ ပင်ပန်းနွမ်းနယ်နေသဖြင့် ဇင်ဘို၏ဗုံးမှာ သူ၏အနီးတွင်ပင် ပေါက်ကွဲလေသည်။ ဒဏ်ရာရနေသော ဇင်ဘိုသည် ရေလယ်ရှိ တိုင်တစ်တိုင်ကို မှီနေချိန်တွင် စက်ပြင်ဆရာ ဦးဘိုကြီးနှင့် လူအချို့က ရေထဲဆင်းပြီး ဖမ်းဆီးခဲ့သည်။ "ဝုန်း" ဟူသော ပေါက်ကွဲသံကြီးကြောင့် ဗိုလ်ချုပ်လမ်းနှင့် ၅၁ လမ်းရှိ ပုဇွန်တောင်ရဲစခန်းမှ ရဲများအပြေးအလွှား ထွက်ခွာသွားကြသည်။ လမ်းတစ်လျှောက် လူအုပ်ကြီးက ဖွေးနေပြီး ညောင်တန်းဆိပ်တွင် လှည့်ကင်းပတ်နေသော ရဲတပ်ဖွဲ့ဝင် အချို့နှင့် ပြည်သူများ၏အလယ်တွင် ဒဏ်ရာများနှင့်ဇင်ဘိုကို တွေ့ရလေပြီ။ မြို့နယ်မှူးကို လှမ်းအကြောင်းကြားလိုက်သည်။ ဒဏ်ရာရနေသူ ဇင်ဘိုကို တပ်မတော်ဆေးရုံသို့ ရဲတပ်ဖွဲ့ဝင်များက ပို့ဆောင်ခဲ့ကြသည်။ ထိုစဉ်က ဖမ်းမိသည့်တရားခံသည် အာဇာနည်ကုန်း ဗုံးဖောက်ခွဲသူမှန်း မသိရှိကြပေ။ အကြမ်းဖက်ဖောက်ခွဲသူ ဇင်ဘိုသည် သူ၏လက်ပစ်ဗုံး ဖြင့်ပင် တစ်ကိုယ်လုံး ဒဏ်ရာရခဲ့သည်။ သို့သော် မြန်မာဆရာဝန်များက နှစ်နာရီကျော်ကြာ ခွဲစိတ်ကုသပေးခဲ့မှုကြောင့် သုံးရက်အတွင်း အခြေအနေပြန်ကောင်းလာခဲ့သည်။

ကော့မှူးအပိုင် သခွတ်ပင်ကျေးရွာအနီးသို့ ကင်မင်ချူးနှင့် ဆင်ကီချူးတို့ ထွက်ပြေးခဲ့ကြသည်။ ဒေသခံပြည်သူ၊ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့တို့၏ ဝိုင်းဝန်းဖမ်းဆီးမှုကြောင့် ကင်မင်ချူးကို အရှင်ဖမ်းမိပြီး ဆင်ကီချူးကို အသေဖမ်းမိသည်။ မြောက်ကိုရီးယား ကွန်မန်ဒိုများဘက်က ဗုံးဖြင့် ပြန်လည်တိုက်ခိုက်မှုကြောင့် တပ်မတော်သား သုံးဦး အသက်စွန့်ခဲ့ရပြီး တပ်မတော်သားတစ်ဦးနှင့် ရဲသုံးဦး ဒဏ်ရာရသည်။

နောက်ပိုင်း အဖြစ်များ[ပြင်​ဆင်​ရန်​]

မြန်မာရဲတပ်ဖွဲ့မှ မသင်္ကာသူ ၃ ဦးအား ဖော်ထုတ်ခဲ့ပြီး ၎င်းတို့မှာ မြောက်ကိုရီးယားမှ ဗိုလ်မှူး တစ်ဦး နှင့် ဗိုလ်ကြီး တစ်ဦးတို့ဖြစ်သည်။ ရဲအဖွဲ့၏ စုံစမ်းမှု အရ သူတို့သည် ရန်ကုန် ဆိပ်ကမ်းတွင် ကပ်ထားသော သင်္ဘောတစ်စင်းပေါ်မှ တိတ်တဆိတ် ဆင်းသက်လာခဲ့ပြီး မြောက်ကိုရီးယား သံရုံးမှ ပေါက်ကွဲစေတတ်သော ပစ္စည်းများကို ရယူခဲ့သည်ဟု သိရသည်။ ထို ၃ဦးထဲမှ ကင်မင်ချူးနှင့် အခြားတစ်ဦးတို့မှာ ထိုနေ့တွင်ပင် လက်ပစ်ဗုံးဖြင့် မိမိကိုယ်ကို သေကြောင်းကြံရန် ကြိုးစားခဲ့သော်လည်း မသေဘဲ အဖမ်းခံခဲ့ရပြီး ကင်မင်ချူးမှာ လက်တစ်ဖက် ပြတ်ခဲ့သည်။

ကင်မင်ချူးသည် အာဇာနည်ကုန်း ခေါင်မိုးတွင် ဗုံးတက်ချိတ်သူဟု သိရသည်။ တတိယမြောက် မသင်္ကာသူ တစ်ဦးဖြစ်သော ဇင်ဘိုမှာ မြောက်ကိုရီးယားမှ လာရောက် ခေါ်ဆောင်မည့် ရေငုပ်သင်္ဘောရှိရာသို့ ထွက်ပြေးသည်ဟု ယူဆရသော်လည်း ပုဇွန်တောင်ချောင်း အနီးတွင် အဖမ်းခံခဲ့ရသည်။

သို့သော် အဖမ်းမခံရမီတွင် မြန်မာ စစ်သား ၃ ဦးကို သတ်ပစ်ခဲ့ပြီး သူ့အား ပစ်ခတ်ဖမ်းဆီးခဲ့ရသည်။ ထို့နောက် ဇင်ဘိုနှင့် ကင်မင်ချူးကို တရားဥပဒေအရ ရုံးတင်စစ်ဆေးပြီးနောက် သေဒဏ်ပေးခဲ့သည်။ ဇင်ဘိုနှင့် ကင်မင်ချူးတို့က အယူခံခဲ့ကြသေးသော်လည်း ရုံးတော်က ပလပ်ခဲ့သည်။ အမှုစစ်ဆေးစဉ် ဇင်ဘိုသည် ဖြောင့်ချက်မပေးဘဲ ရေငုံနှုတ်ပိတ်နေခဲ့သည်။ ကင်မင်ချူးက ဖြောင့်ချက်ပေးပြီး ကျူးလွန်ခဲ့ပုံများကို ပြန်လည်ပြောပြသည်။ ကင်မင်ချူးက မြောက်ကိုရီးယား နှင့် ဆက်နွယ်နေမှုကို ဝန်ခံခဲ့ပြီး အစိုးရသက်သေ အဖြစ် ထွက်ဆိုခဲ့သဖြင့် သေဒဏ်မှ လွတ်ကင်းခွင့် ရခဲ့ပြီး ထောင်တစ်သက် ချမှတ်ခြင်း ခံခဲ့ရသည်။ ဇင်ဘိုမှာ ကြိုးပေး အသတ်ခံခဲ့ရသည်။ မြောက်ကိုရီးယားက ကင်မင်ချူးသည် သူတို့နှင့် ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။ ကင်မင်ချူးအား အင်းစိန်ထောင်တွင် အကျဉ်းချထားခဲ့သည်။

ကင်မင်ချူးသည် မြန်မာနိုင်ငံတွင် သက်တမ်း အရှည်ဆုံး ထောင်ဒဏ် ကျခံနေရသော အကျဉ်းသား တစ်ဦးဖြစ်သည်။ ထောင်တွင်းရှိ အခြား အကျဉ်းသားများ၏ အဆိုအရ သူသည် မြန်မာစကားကို ကျွမ်းကျင်စွာ ပြောဆိုတတ်သည်ဟု သိရသည်။ မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားတို့ သံတမန် အဆက်အသွယ် ပြန်လည် ဖွင့်လှစ်ခဲ့ခြင်းကြောင့် ကင်မင်ချူး၏ ကံကြမ္မာကို မည်သူတစ်ဦး တစ်ယောက်မှ မပြောဆိုနိုင်ကြပေ။ အဘယ်ကြောင့်ဆိုသော် မြောက်ကိုရီးယားမှ သူသည် မြောက်ကိုရီးယားနိုင်ငံသား တစ်ဦးဖြစ်ကြောင်း ငြင်းဆိုထားသဖြင့် သူ့အား နိုင်ငံမရှိသူဟု သတ်မှတ်ရမည် ဖြစ်သည်။ ကင်မင်ချူးသည် မြောက်ကိုရီးယားသို့ မပြန်လိုပေ။ အကြောင်းမှာ သူ့အား သစ္စာဖောက် အဖြစ် သတ်မှတ်ထားသောကြောင့် ဖြစ်သည်။ တောင်ကိုရီးယား အနေနှင့် လုပ်ကြံသတ်ဖြတ်မှု အတွက် သူ့အား တရားစွဲမည် ဖြစ်သောကြောင့် သူ့အနေနှင့် တောင်ကိုရီးယားသို့လည်း မသွားလိုပေ။ ၂၀၀၆ ခုနှစ်တွင် တောင်ကိုရီးယား ဂရင်း နေရှင်နယ် ပါတီမှ ယခင် ထောက်လှမ်းရေး ဝန်ထမ်းဟောင်း တစ်ဦးဖြစ်သော ချန်ဟွမ်ကွမ်း (Chung Hyung-Keun) က ကင်မင်ချူးအား တောင်ကိုရီးယားသို့ ပြန်လည်ခေါ်ဆောင် နိုင်ရေး အတွက် ဥပဒေကြမ်း တစ်စောင် တင်သွင်းခဲ့သည်။ ကင်မင်ချူးသည် ပြစ်ဒဏ်လျှော့ပေါ့ခံရပြီး ၂၀၀၆ တွင် တောင်ကိုရီးယားနိုင်ငံသို့ ခိုလှုံခွင့်ရခဲ့ကာ ၂၀၀၈ ခုနှစ် မေလ ၁၈ ရက်တွင် အသည်းကင်ဆာ ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

သံအဆက်ဖြတ်[ပြင်​ဆင်​ရန်​]

ထိုဗုံးခွဲတိုက်ခိုက်မှုကြောင့် မြန်မာ အစိုးရက မြောက်ကိုရီးယား သံအဖွဲ့ကို မောင်းထုတ်ခဲ့ပြီး မြောက်ကိုရီးယားနှင့် သံတမန် အဆက်အသွယ် ဖြတ်တောက်ခဲ့သည်။ ဗုံးမကွဲမီ အချိန်က မြောက်ကိုရီးယား၊ တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့အား သုံးပွင့်ဆိုင် ဆွေးနွေးရေး အတွက် ဦးဆောင်ခဲ့သော တရုတ်နိုင်ငံက မြောက်ကိုရီးယားကို နိုင်ငံပိုင် သတင်းစာမှ တဆင့် ရှုံ့ချ ပြောဆိုခဲ့သည်။ ထိုမှစ၍ လပေါင်းများစွာတိုင်အောင် တရုတ် အရာရှိတို့သည် မြောက်ကိုရီးယားနှင့် တွေ့ဆုံဆွေးနွေးခြင်းအား ရပ်ဆိုင်းထားခဲ့သည်။

မြန်မာတို့၏အထင်ကရနေရာတွင် ဖြစ်ပွားခဲ့သော ဖောက်ခွဲမှုမှာ လုံခြုံရေးကျိုးပေါက်မှုကြောင့် မျက်နှာပျက်ခဲ့ရသော်လည်း သုံးရက်အတွင်း တရားခံများကို ဖမ်းမိခဲ့ခြင်းကြောင့် မျက်နှာပန်းပြန်လှခဲ့သည်။

အာဇာနည်ဗိမာန် ဗုံးပေါက်ကွဲမှုသည် မြန်မာ့သမိုင်းကို အပြောင်းအလဲအချို့ဖြစ်စေခဲ့သည်။ လက်ရှိ မြင်နေရသော အမိုးမပါသည့် အာဇာနည်ဗိမာန်ဒီဇိုင်းသည် ဇင်ဘိုတို့ အမိုးထဲ ဗုံးထည့်ခဲ့၍ဖြစ်သည်။ ဗိသုကာပညာရှင်များ၏ အတွေးအခေါ်ကို ဗုံးပေါက်ကွဲမှု၏ ခြောက်လှန့်မှုကြောင့် အာဏာပိုင်များက အပြည့်အဝမဖော်ဆောင်ခဲ့ပေ။ အဆိုပါဖြစ်ရပ်ကြောင့် တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးအောင်ကိုးနေရာကို ဦးခင်ညွန့်နှင့် အစားထိုးခံရသည်။ [၃]


ကိုးကား[ပြင်​ဆင်​ရန်​]

  1. "Materials on massacre of Korean officials in Rangoon", Korea & World Affairs (Historical Abstracts, EBSCOhost) 7 (4), Winter 1983: 735  .
  2. Aung, Htet (23 April 2007), "Status of North Korean Terror Prisoner May Change", The Irrawaddy, retrieved 27 April 2007 
  3. 7 day news, 20.july.2016