အမရာ

ဝီကီပီးဒီးယား မှ

အမရာ၊ တော်ဝင်မိန်းမမြတ်တစ်ဦး၏ အမည်။ (ယင်းတော်ဝင် မိန်းမမြတ်ကား မဟောသဓ သုခမိန်၏ ဇနီးတည်း၊ ဤ၌တော်ဝင်မိန်းမမြတ် ဆိုသည်မှာ မိမိ၏ ခင်ပွန်း ယောကျ်ားအပေါ်၌ ရာနှုန်းပြည့် သစ္စာရှိလျက် အကျင့်ကောင်းသဖြင့် လူ့ရွာ လူ့ပြည်၌ “စံ”အဖြစ် ထားရသော အိမ်သူမမျိုး ဖြစ်သည်၊ ဗုဒ္ဓသာသနာ မြန်မာစာပေ လောက၌ တော်ဝင်မိန်းမမြတ် ဟု “စံ”အဖြစ် ထားရသူတို့မှာ—–[၁]

တော်ဝင်မိန်းမမြတ် လေးဦး[ပြင်ဆင်ရန်]

ဤလေးဦးသော မိန်းမမျိုး ရှားကြောင်းကို မဃဒေဝလင်္ကာ အပိုဒ် ၃၁၁-၌ “အမရာ, ကိန္နရီ၊ မဒ္ဒီ, သမ္ဗူ၊ ဤလေးဆူသို့၊ ကြည်ဖြူချစ်ဇော၊ ချစ်မနော နှင့်၊ သဘောဖြောင့်ကား၊ အလွန်ရှားခဲ့”ဟု ဖွဲ့ဆိုချီးမွမ်းထားသည်၊ [၁]

အမရာ၏ အရည်အချင်း[ပြင်ဆင်ရန်]

ထိုလေးဦးတို့တွင် ဤနေရာ၌ အမရာနှင့်သာဆိုင်သည်၊ ယင်းအမရာ၏မေတ္တာ-သစ္စာ-သတ္တိ-ဝီရိယရှိပုံ အိမ်ထောင်ရေး-လူမှုရေး ကျွမ်းကျင်ပိုင်နိုင်ပုံ တရား မှုခင်းအရေး-မင်းရေး-စိုးရေး၌ မနှေးမဖင့် အသင့်လက်ငင်း ရှင်းလင်း ဆောင်ရွက်နိုင်ပုံ ဉာဏ်ပရိယာယ်ကြွယ်ပုံ-စသော အကြောင်းသည် ဥမင်္ဂ (၅၄၂) ဇာတ်၌ အပြည့်အစုံပါသည်၊ [၁]

အမရာ၏ အဓိပ္ပါယ်[ပြင်ဆင်ရန်]

ဤနေရာ၌မူ အမရာက မိမိ၏ အမည်ကို ဝှက်ဆိုသော ပဟေဠိ (စကားထာ) တပုဒ်ကိုသာ ဖော်ပြမည်၊ အမရာဒေဝီသည် နံနက်စောစော၌ ဖခင်ရှိရာ လယ်တောသို့ ယာဂုပိုသွားစဉ် ဇနီးလောင်းရှာရန် ထွက်လာသော မဟောသဓာနှင့် လမ်း၌တွေ့၍ နာမည်ကို မေးသောအခါ ဘယ်ခေတ် ဘယ်အခါမျှ မရှိသူ၏ နာမည်သည် သူ၏နာမည် ဖြစ်၏ဟု စကားဝှက်၍ ပြောပြ၏။ အမရ (မသေသောသူ)မည်သည် ဘယ်ခေတ်ဘယ် အခါမျှ မရှိ၊ ထို့ကြောင့် အသင်၏နာမည်မှာ “အမရာ” ဖြစ်ရမည်ဟု မဟောသဓာက ဖြေ ဆိုပြရာ ဟုတ်မှန်ကြောင်း ဝန်ခံသည်။) [၂] [၁]

အမရာ ဇာတ်လမ်းအကျဉ်း[ပြင်ဆင်ရန်]

အမရာသည် ပညာရှိ မဟော်သဓာ၏ ဇနီးမယား ဖြစ်သည်။ ဂေါတမ မြတ်စွာဘုရားသည် သဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ပညာပါရမီတော်ကို အကြောင်းပြု၍ ဟောကြားတော်မူသော မဟော်သဓာဇာတ်တော်၌ ပါရှိသည်။ အမရာကို အမရာဒေဝီဟုလည်း ခေါ်ကြသည်။ မြန်မာအမျိုးသမီးများ၏ တော်ဝင်စံထားရသူ မိန်းမမြတ် လေးဦး တော်လေးဝ ဖြစ်သည်။

မဟော်သဓာသည် အသက် ၁၆ နှစ်သို့ရောက်သော် ဥဒုမ္ဗရဒေဝီလည်း သင့်မြတ်သော သတို့သမီးနှင့် ထိမ်းမြားရန် ပြောရာ မဟော်သဓာက မိမိအလိုက်အလျောက် ရှာဖွေလိုကြောင်းဖြင့် ခွင့်တောင်း၍ အပ်နှင့်ချည်ခင်တို့ကို ဆောင်လျက် ဆင်းရဲသား အပ်ချုပ်သမားအသွင်ဖြင့် ဥတ္တရယဝမဇ္ဈဂုံးရွာသို့ သွားသည်။

ဥတ္တရယဝမဇ္ဈဂုံးရွာတွင် စည်းစိမ်ပျက်သော သူဌေးဟောင်း လင်မယားတွင် အမရာမည်သော သမီးတစ်ယောက်ရှိသည်။ ဇနီးလောင်း အရှာသွားသော မဟော်သဓာသည် အမရာနှင့် လမ်းဝယ်တွေ့ရာ အပြန်အလှန် မေးဖြေ ပညာစမ်းကြပြီးနောက် အမရာ၏ အိမ်သို့ မဟော်သဓာ သွားသည်။ ထိုနောက် အပ်ချုပ်သည်ဟန်ဖြင့် အဝတ်အထည်စုတ်များကို ချုပ်သည်။ ထိုနောက် အမရာ၏ စိတ်နေသဘောထားနှင့် ပညာအဆင့်အတန်းကို အမျိုးမျိုးစုံစမ်းပြီးနောက် နှစ်သက်သဖြင့် မိဖုရားကြီးအား လျှောက်ထား၍ ဆောင်ယူ လက်ထပ်သည်။

ထိုနောက် အမတ်ကြီး ၄ ပါးသည် မဟော်သဓာကို မလိုလားသဖြင့် ခိုးသူဖြစ်ဟန် ပရိယာယ်ဆင်၍ မင်းကြီးကို လျှောက်တင်ကြသည်။ မင်းကြီးလည်း လျှောက်တင်ချက်ကို ယုံကြည်၍ အပြစ်ဒဏ်ခတ်ရန် မိန့်မှတ်သဖြင့် မဟော်သဓာသည် တောင်မဇ္ဈဂုံးရွာသို့ အလွတ်တိမ်းရှောင်ရလေသည်။ ထိုအခါ အမရာသည် မိမိပညာဉာဏ်ဖြင့် အမတ်ကြီး ၄ ဦးတို့ ကြံစည်သော အပြစ်တို့ကို ထင်ရှားစေပြီးလျှင် အမတ်ကြီးတို့အားလည်း အရှက်ရအောင်ပြု၍ မင်းကြီးအား အမှန်ကို လျှောက်ထားသည်။ ယင်းသို့အခါတွင် ထီးချက်စောင့် နတ်သမီးက ပုစ္ဆာ ၄ ရပ်ကို မေးရာ ဖြေနိုင်သူမရှိသောကြောင့် မင်းကြီးသည် မဟော်သဓာအာ ရှာဖွေစေလျက် အိုးထိန်းသည် အိမ်မှ ပြန်၍ ခေါ်ယူကာ ဖြေကြားစေသည်။ မဟော်သဓာ ဖြေဆိုနိုင်သဖြင့် စစ်ဘုရင် သေနာပတိအဖြစ် ချီးမြှောက်ခံရပြန်သည်။


ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ တိပိဋကအဘိဓာန် အတွဲ-၃
  2. မဟောသဓဿ ဘရိယာ အမရာ နာမ ဣတ္ထီ။ မိလိန္ဒ၊၂၀၂။ လောကေ အမရာ နာမ နတ္ထိ၊ တွံ အမရာ နာမ ဘဝိဿတိ။ ဇာ၊ဋ္ဌ၊၆၊၂၀၅။