သမ္ဗူလဒေဝီ
ဤဆောင်းပါးသည် သဒ္ဒါ၊ သတ်ပုံ၊ ရေးဟန် စသည်တို့အတွက် ဝီကီစံညွှန်းနှင့်အညီ အရေးအသား တည်းဖြတ်ပေးရန် လိုအပ်နေသည်။ |
သမ္ဗုလာဇာတ်တော်မှ သမ္ဗူလဒေဝီ
နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ် စွာဘုရားသည် "ကာ ဝေဓမနာ" အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင် အပ်သော ဤသမ္ဗုလာဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေ တော်မူစဉ် မလ္လိကာမိဖုရားကို အကြောင်းပြု၍ ဟောတော်မူ၏။ အထူးကား ထိုမလ္လိကာမိဖုရားသည် မြတ်စွာဘုရားအား သုံးဆုပ် သော မုယောစိုင်အလှူ၏ အာနုဘော်ကြောင့် ထိုနေ့၌ပင်လျှင် ကောသ လမင်းကြီး၏ မိဖုရားအဖြစ်သို့ရောက်၍ လင်၏ ရှေးဦးစွာထခြင်း အစရှိသော ငါးပါးကုန်သော ကောင်းသောအကျင့် ကျေးဇူးနှင့် ပြည့်စုံ၏။ ဉာဏ်ပညာနှင့် ပြည့်စုံ၏၊ ဘုရားသခင်အား လုပ်ကျွေး သည်၊ လင်ကို နတ်ကဲ့သို့ ရိုသေသည် ဖြစ်၏။ ထိုမလ္လိကာမိဖုရား၏ လင်ကို နတ်ကဲ့သို့ ရိုသေသော အဖြစ်သည် အလုံးစုံသော သာဝတ္ထိ ပြည်၌ ကျော်စောထင်ရှား၏။ ထိုအခါ တနေ့သ၌ တရားသဘင်ဝယ် ရဟန်း တို့သည် ငါသျှင်တို့ မလ္လိကာမိဖုရားသည် ကျင့်ဝတ်နှင့်ပြည့် စုံ၏၊ လင်ကို နတ်ကဲ့သို့ ရိုသေသည်ဟု ပြောဆိုကြကုန်၏။ သဗ္ဗညု မြတ်စွာဘုရားသည် လာတော်မူသောအခါ ရဟန်းတို့ ယခုအခါ အဘယ် သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော် လျှောက်ကြကုန်သော အခါ ရဟန်းတို့ ဤမလ္လိကာသည် ယခုအခါ၌သာလျှင် ကျင့်ဝတ်နှင့် ပြည့်စုံသည်၊ လင်ကို နတ်ကဲ့သို့ ရိုသေသည် မဟုတ်သေး။ ရှေးအခါ က လင်ကို နတ်ကဲ့သို့ ရိုသေဖူးသည်သာတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းတွင် သောတ္ထိ သေနအမည်ရသော သားတော်ရှိ၏။ ဗြဟ္မဒတ်မင်းသည် အရွယ်ရောက်လာ သော သားတော်သောတ္ထိသေနမင်းသားကို အိမ်ရှေ့မင်းအဖြစ် ထား တော်မူ၏။ ထိုအိမ်ရှေ့မင်း၏ မိဖုရားကြီးသည် သမ္ဗူလအမည်ရှိ၏။ မြတ်သောအဆင်းကို ဆောင်၏။ ကိုယ်အရောင်အဆင်းနှင့် ပြည့်စုံ၏။ လေတိတ်ရာ၌ ထွန်းအပ်သော ဆီမီးအလျှံကဲ့သို့ ထင်၏။ နောင်အဖို့၌ သောတ္ထိသေနမင်း ကိုယ်၌ နူနာသည် ဖြစ်၏။ ဆေးသမားတို့သည် ကု ခြင်းငှါ မတတ်နိုင်ကုန်။ ထိုသောတ္ထိသေနမင်းသည် နူနာ ပေါက်ကွဲ သည်ရှိသော် စက်ဆုပ် ရွံ့ရှာသည်ဖြစ်၍ နှလုံးမသာခြင်းသို့ ရောက်၍ ငါ့အား မင်းအဖြစ်ဖြင့် အဘယ်အကျိုး ရှိအံ့နည်း။ တော၌ ကိုးကွယ်ရာမရှိ သော သေခြင်းဖြင့် သေအံ့ဟု ခမည်းတော် ဗြဟ္မဒတ် မင်းကြီးအား လျှောက်စေ၍ အလွန်နှစ်သက်ဘွယ်ရှိသော ရွှေအိမ်ရွှေ နန်းကို စွန့်၍ မြို့မှထွက်၏။
သမ္ဗူလမိဖုရားလည်း ငါ၏အရှင်ဖြစ်သောမင်းသားကို တော၌ လုပ်ကျွေးမည်ဟု မင်းသားနှင့်အတူလိုက်လေသည်။ မင်းသားသည် အကြောင်းအမျိုးမျိုးပြ၍ ပြန်စေသော်လည်း မပြန်ပေ။ သောတ္ထိသေနမင်းသားသည် တောသို့ဝင်၍ သစ်သီးကြီးငယ် ရလွယ်လျက် အရိပ် ရေနှင့် ပြည့်စုံသောအရပ်၌ ကျောင်းဆောက်၍နေ၏။
သမ္ဗူလလည်း နံနက်စောစော အိပ်ရာမှ ထပြီးလျှင် တံမြက် လှည်း၏။ သောက်ရေ သုံးရေ တည်ထား၏။ မင်းသားအား မျက်နှာသစ်ရေ ဒန်ပူတို့ကို ဆက်ကပ်၏။ ထိုနောက် အထူးထူးသော ဆေးတို့ကို သွေး၍ နူနာတို့ကိုလိမ်းကျံ၏။ ချိုနိုးရာရာ သစ်သီးကြီးငယ် တို့ကို ပေး၏။ ကျောင်း၌ ပြုဖွယ်ကိစ္စပြီးလျှင် အရှင်မင်းသား မမေ့မလျော့နေရစ်ပါဟု မှာထား၍ ရှိခိုးပြီးလျှင် တောင်း တူရွင်း ချိတ် တံချူတို့ကိုယူလျက် တောသို့ သစ်သီးရှာသွား၏။
သမ္ဗူလမင်းသမီးသည် တောမှ ပြန်လာလျှင် သောတ္ထိသေန မင်းသားကို ရေချိုးစေပြီးလျှင် သစ်သီးကြီးငယ်တို့ကို ဆက် ကပ်ပြန်၏။ မိမိလည်းစား၏။ ညအခါမင်းသားကို အင်းပျဉ်တစ်ခုတွင် အိပ်စေ၍ ခြေလက်တို့ကို ဆုပ်နယ်ပြီးလျှင် မိမိလည်း အနီးတွင် ကပ်၍ အိပ်၏။ ဤနည်းဖြင့် နေ့စဉ်ဝတ်ကြီးဝတ်ငယ်ကိုပြု၏။
တနေ့သောအခါ သစ်သီးရှာသွားသည်ရှိသော် ချောင်းငယ်တစ်ခု တွင်ဆင်း၍ ရေချိုးပြီးလျှင် လျော်တေသင်္ကန်းကို ဝတ်ရုံ၍ ချောင်းကမ်းနားတွင် ခဏနားနေ၏။ ထိုအခိုက် ကိုယ်ရောင်ဖြင့် တတောလုံးလင်း၏။
ထိုအခါ ဒါနောဘီလူးသည် အစာရှာလှည့်လည်သည်ရှိသော် သမ္ဗူလမင်းသမီးကို မြင်လျှင် "မြတ်သောဥရူလက္ခဏာရှိသော အိုမိန်းမ တောင်ချောက်ကြား၌ တုန်လှုပ်သည်ကား အဘယ်သူနည်း။ အို ခါးသေးသောမိန်းမ ငါမေးပါ၏၊ အမည်နှင့်တကွ အမျိုးကို ပြောကြားပါလော့"
"ကောင်းခြင်းငါးပါးနှင့် ပြည့်စုံသော အို မိန်းမ ကျား ခြင်္သေ့တို့နေရာ မွေ့လျော်ဘွယ်ရှိသော တောအလုံးကို ကိုယ် ရောင်ဖြင့်ထွန်းပဘိ၏။ သင်ကားအဘယ်သူနည်း၊ အဘယ်သူ၏သမီးနည်း၊ သင့်အားရှိခိုးပါ၏၊ ရှိခိုးခြင်းဖြစ်ပါစေ" ဟု ဒါနောဘီလူးသည် ရှေးဦးစွာ မေးမြန်း၏။
သမ္ဗူလမင်းသမီးလည်း ဘီလူး၏စကားကိုကြားလျှင် "အိုဘီလူး အကျွနု်ပ်ကား သမ္ဗူလ အမည်ရှိပါ၏။ ကာသိကမင်း၏ သားတော်သောတ္ထိသေနဟူ၍ ရှိပါ၏။ ထိုသောတ္ထိသေနမင်းသား၏ မယားဖြစ်ပါ၏"
"အိုဘီလူး အကျွနု်ပ်သည် သင်ဘီလူးအား ရှိခိုးပါ၏၊ ရှိခိုး ခြင်းဖြစ်ပါစေ။ သောတ္ထိသေနမင်းသားသည် နူနာရောဂါစွဲကပ် လျက် တော၌နေရသည်။
ထိုရောဂါနှိပ်စက်နေသော တစ်ယောက်တည်းသော မင်းသားကို လုပ်ကျွေးပြုစု၍နေရသည်။ တောထဲ၌ ကျားခြင်္သေ့စသည်တို့ စား ကြွင်းဖြစ်သော အသားတို့ကိုဆောင်ယူကာ ကျွေးမွေးစား သောက်ရသည်။ ယနေ့အဖို့ မင်းသားသည် ဆာလောင်၍ နေလိမ့်မည် တကား"ဟု အမျိုးအမည်နှင့်တကွ အကြောင်းစုံကို ပြောကြားလေ၏။
ထိုအခါ ဒါနောဘီလူးသည် တဏှာအစွမ်းဖြင့် တပ်မက်လျက် သမ္ဗူလမင်းသမီးအား "အိုသမ္ဗူလမင်းသမီး နူနာရောဂါကြီးကို အမြဲခံစားနေရသော သောတ္ထိသေနမင်းသားဖြင့် တောကြီထဲ၌ အသို့ ပြုရအံ့နည်း။ ငါသည် သင်၏လင် ဖြစ်ရလို၏"ဟု မိမိကို ကြိုက်နှစ် သက်ရန် သွေးဆောင်ဖြားယောင်းလေ၏။ ဒါနောဘီလူး၏ စကားကို ကြားလျှင် သမ္ဗူလမင်းသမီးသည် "အိုအရှင်ဒါနောဘီလူး ဆင်းရဲခြင်း စိုးရိမ်ခြင်းဖြင့် နှိပ်စက်၍ အထီးကျန်သော အကျွနု်ပ်အား အရောင်အဆင်း အဘယ်မှာ ရှိအံ့နည်း။ အကျွနု်ပ်ထက် လှပတင့်တယ်သော အခြားမိန်းမကို ရှာ၍ယူပါ"ဟု ဒါနောဘီလူး အား မိမိကိုချမ်းသာပေး၍ အခြားမိန်းမကိုယူရန် တောင်းပန်လေ၏။
ထိုအခါ ဒါနောဘီလူးသည် ကိလေသာဖြင့် ဖြားယောင်းကာ သမ္ဗူလ မင်းသမီးအား "အိုသမ္ဗူလမင်းသမီး လာပါ ဤတောင်သို့ တက်ပါ။ ငါ့မှာ မယားလေးရာရှိပါ၏၊ ထိုလေးရာတို့အပေါ်၌ သင့်ကို အကြီးအမှူးထားပါမည်၊ လိုရာ ပြည့်စုံပါစေမည်"
"အိုသမ္ဗူလမင်းသမီး ငါ့မှာ အသုံးအဆောင်တွေ များပြားလှ ပါ၏။ သင်အလိုရှိရာကို ရနိုင်ပါ၏။ ယနေ့ ငါနှင့် အတူမွေ့လျော်ပါ"
"အိုသမ္ဗူလမင်းသမီး သင်သည် ငါ၏မိဖုရားကြီး အကယ်၍ မပြု လုပ်လိုအံ့။ နက်ဖြန် နံနက်စာစားလောက်၏၊ နံနက်စာဖြစ်ဖြစ်ရ လိမ့်မည်"ဟု ဖြားယောင်းခြိမ်းခြောက်ပြီးလျှင် သမ္ဗုလာ မင်းသမီး၏လက်ကို အတင်းကိုင်ဆွဲလေ၏။
ထိုအခါ သမ္ဗူလမင်းသမီးသည် တောကြီးအလယ်တွင် ကိုးကွယ်ရာ မဲ့ဖြစ်၍ ငိုကြွေးမြည်တမ်းလျက်
"အို သမ္မာဒေဝ နတ်အများတို့. အကျွနု်ပ်အား ဒါနောဘီလူး အစား ခံရခြင်းကား ဆင်းရဲခြင်းမဟုတ်ပါ။ အကျွနု်ပ်လင် သောတ္ထိသေန မင်းသား တမျိုးတမည် စိတ်အထင်လွဲ ခံခြင်းသာ အလွန်ဆင်းရဲပါ၏"
"အို သမ္မာဒေဝ နတ်အများတို့ သင်တို့မရှိကြကုန်ယောင်တကား။ အရပ်တပါးသို့ သွားနေကြကုန်ယောင်တကား။ ဤလောက၌ လူကိုစောင့် ရှောက်ကြကုန်သော လောကပါလနတ်တို့ မရှိကြကုန်ယောင်တကား။ ကိုယ်နှုတ်နှလုံးကို မစောင့်စည်းဘဲ နိုင်ထက်ကလူ ပြုမူသူ တို့ကို တားမြစ်နိုင်သော နတ်တို့ မရှိကြကုန်ယောင်တကား"ဟု သမ္မာဒေဝနတ်တို့ကို တိုင်ကြားပသလေ၏။
ထိုအခါ သမ္ဗူလမင်းသမီး၏ သီလအာနုဘော်ကြောင့် သိကြား မင်းဗိမာန်သည် တုန်လှုပ်၏။ ပဏ္ဍု ကမ္ဗလာကျောက်နေရာသည် ပူသော အခြင်းအရာကိုပြ၏။ ထိုအခါ သိကြားမင်းသည် ဆင်ခြင်လတ်သော် ထိုအကြောင်းကိုသိ၍ ဝရဇိန်လက်နက်ကို စွဲကိုင်ကာ လျင်ဲမန်စွာ လာပြီးလျှင် ဒါနောဘီလူး၏ ဦးခေါင်းပေါ်၌ ရပ်လျက် "ဟယ် ရက္ခိုသ် ဘီလူး ဤမိန်းမကား မိန်းမတကာတို့ထက် မြတ်၏။ အခြံ အရံများ၏၊ ဣန္ဒြေရှိ၏၊ ညီမျှသောအကျင့်ရှိ၏၊ ထက်မြက်သော တန်ခိုးရှိ၏၊ နင် ဤမင်းသမီးကို အကယ်၍ စားငြားအံ့၊ နင့် ဦးခေါင်း ခုနစ်စိတ်ကွဲလိမ့်မည်။ လင့်ဝတ်ပြည့်စုံသောမိန်းမကို မစားလင့်၊ ယခုလွှတ်လော့"ဟု ခြိမ်းချောက် ကြိမ်းမောင်းလေ၏။
ဒါနောဘီလူးသည် အလွန်ကြောက်ရွံ့သဖြင့် မင်းသမီးကို လွှတ်လေ ၏။ ထိုအခါ သိကြားမင်းသည် ဤဒါနောဘီလူးကား နောင်တဖန်လည်း ဤလိုအလုပ်မျိုး ပြုလုပ်ပြန်ရာ၏ဟု ကြံစည်လျက် သံခြေကျဉ်း ခတ်ကာ နောင်တဖန်မလာနိုင်အောင် သုံးခုမြောက်တောင်ကြား၌ လွှတ်လေ၏။ ထိုနောက် မင်းသမီးကို ဆုံးမပြီးလျှင် မိမိနေရာ တာဝတိံသာ နတ်ရွာသို့ သွားလေ၏။
မင်းသမီးလည်း နေဝင်လတ်သော် လရောင်ဖြင့် တဖြည်းဖြည်း လျှောက်၍လာရာ ကျောင်းသို့ရောက်လေ၏။
သမ္ဗူလမင်းသမီးသည် မင်းသားကို မတွေ့မြင်သော် အမိယစ်မသည် သားငယ်မရှိသော အသိုက်သို့ ရောက်သကဲ့သို့လည်းကောင်း၊ အမိနွားမကြီးသည် နွားငယ်မရှိသော နွားခြံသို့ ရောက်သကဲ့သို့ လည်းကောင်း ချစ်လင် သောတ္ထိသေနမင်းသားကို မမြင်ရလျှင် အရှင် သား ဘယ်သွားပါလိမ့်၊ ဘာဖြစ်ပါလိမ့်ဟု အလွန်စိုးရိမ် သောက ရောက်လျက် "အိုအရှင်သား အရှင်သားကို မမြင်ရသော အကျွနု်ပ် သည် ရဟန်း ပုဏ္ဏား သီလရှိသောရသေ့တို့ကို ရှိခိုးပါ၏၊ ကိုး ကွယ် ဆည်းကပ်ပါ၏"
"အို အရှင်ဘုရား အရှင်သားကို မမြင်ရသော အကျွနု်ပ်သည် ခြင်္သေ့ ကျား တပါးသောသားရဲတို့ကို ရှိခိုးပါ၏၊ ကိုးကွယ် ဆည်းကပ်ပါ၏"
"အိုအရှင်သား အရှင်သားကို မမြင်ရသော အကျွနု်ပ်သည် မြက်ပင်စောင့်နတ် နွယ်ပင်စောင့်နတ် ဆေးပင်စောင့်နတ် တောင်စောင့်နတ် တောစောင့်နတ်တို့ကို ရှိခိုးပါ၏၊ ကိုးကွယ်ဆည်းကပ်ပါ၏"
"အိုအရှင်သား အရှင်သားကို မမြင်ရသော အကျွနု်ပ်သည် ကြာညိုပန်းနှင့် တူသော နက္ခတ်ပန်းတို့ဖြင့် ဆန်းကြယ်သောညဉ့်ကို ရှိခိုးပါ၏၊ ကိုးကွယ်ဆည်းကပ်ပါ၏"
"အို အရှင်သား အရှင်သားကို မမြင်ရသော အကျွနု်ပ်သည် လှည့်လည်နေသော မြစ်အပေါင်းတို့ရေကိုခံယူသော ဂင်္ဂါမြစ်စောင့်နတ်ကို ရှိခိုးပါ၏၊ ကိုးကွယ်ဆည်းကပ်ပါ၏"
"အို အရှင်သား အရှင်သားကို မမြင်ရသော အကျွနု်ပ်သည် တောင်တကာတို့ထက် မြတ်၍ကျောက်အတိဖြစ်သော ဟိမဝန္တာ တောင်စောင့်နတ်ကို ရှိခိုးပါ၏၊ ကိုးကွယ်ဆည်းကပ်ပါ၏"ဟု ငိုကြွေးမြည်တမ်းလျက် ပူဇော်ပသလေ၏။
သောတ္ထိသေနမင်းသားသည် ငိုကြွေးမြည်တမ်းနေသော သမ္ဗူလ မင်းသမီးကိုမြင်လျှင် ဤသမ္ဗုလာကား အလွန်ငိုကြွေးမြည်တမ်း ဘိ၏။ စင်စစ်ကား သူ့စိတ်သဘောကို ငါမသိ၊ အကယ်၍ ငါ၌ချစ်မြတ်နိုး သဖြင့် ငိုယိုမြည်တမ်းနေအံ့ နှလုံးကွဲရာ၏။ ငါစုံစမ်းအံ့ဟု သွား၍ကျောင်းတံခါး၌နေ၏။ ထိုအခါ သမ္ဗူလလည်း ငိုကြွေးလျက် ကျောင်းတံခါးသို့သွားရာ သောတ္ထိသေနမင်းသားကို မြင်လျှင် ခြေတို့ကို ရှိခိုး၍ "အရှင်သား အဘယ်သို့သွားသနည်း"ဟု မေးလေ၏။
ထိုအခါ မင်းသားသည် သမ္ဗူလအား "အို မင်းသမီး သင်ကား အလွန်မိုးချုပ်မှ ပြန်လာဘိ၏။ ယနေ့ ဘယ်သူနှင့်တွေ့နေကြသနည်း။ သင့်အား ငါ့ထက်သာလွန်၍ချစ်သောသူကား ဘယ်သူနည်း"ဟု ယုံမှားသံသယရှိသဖြင့် တဖန်ပြန်၍မေးလေ၏။
ထိုအခါ သမ္ဗူလမင်းသမီးသည် "အရှင့်သား အကျွနု်ပ်သည် သစ်သီးတို့ကို ရှာဖွေ၍ပြန်လာရာ ဒါနောဘီလူးသည် အကျွနု်ပ်၌ တက်စွန်းသောစိတ်ဖြင့် လက်ကိုဆွဲကိုင်ကာ အကယ်၍ ငါ့စကား ကိုမလိုက်နာလျှင် သင့်ကိုငါစားမည်ဟု ပြောပါ၏။ ထိုအခါ အကျွနု်ပ်သည်(ဤဒါနောဘီလူး အစားခံရခြင်းကား ဆင်းရဲခြင်း မဟုတ်ပါ။ အကျွနု်ပ်လင်ဖြစ်သော သောတ္ထိသေနမင်းသားသည် တမျိုး တမည် စိတ်အထင်လွဲခံရခြင်းသာ အလွန်ဆင်းရဲလှပါ၏)ဟု ပြောဆိုကာ အရှင့်သားအတွက်သာ အဖန်ဖန် ငိုကြွေးမည်တမ်းမိပါ၏။ ဘီလူးထံမှ လွတ်မြောက်ရန် မတတ်နိုင်သဖြင့် သမ္မာဒေဝနတ်များကို တိုင်တည်၍ ပူဇော်ပသသောအခါမှ ဝရဇိန်လက်နက်ကိုစွဲကိုင်လျက် သိကြားမင်း ကိုယ်တိုင်လာ၍ ခြိမ်းခြောက်ကာ လွှတ်စေပြီးလျှင် ဒါနော ဘီလူးကို သံခြေကျင်းခတ်၍ သုံးခုမြောက်တောင်ကြား၌ ပစ်ချကာ သွားသည်"ဟု ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို အကုန်အစင် ပြောကြား လျှောက်ထားလေ၏။
ထိုအခါ သောတ္ထိသေနမင်းသားသည် မိန်းမတို့သည် မယုံကြည် အပ်သောအကြောင်းကို သမ္ဗူလမင်းသမီးအား ပြောကြားလို သဖြင့် "အဘယ် ခိုးကျင့်ခိုးကြံ ပြုတတ်၍ မာယာများသော မိန်းမတို့၌ မှန်သော စကားမဖြစ်နိုင် မှန်သောစကားကို ရနိုင် ခဲ့၏။ မိန်းမတို့အလိုကို သိနိုင်ခဲ၏။ ရေ၌ ငါးသွားရာကို မသိ နိုင်သကဲ့သို့တည်း"ဟု ပြောသမျှစကားကို ယုံကြည်ဖို့ခဲယဉ်း ကြောင်းကို ပြောလေ၏။
ထိုအခါ သမ္ဗူလမင်းသမီးသည် မိမိအကျင့် မှန်ကန်ခြင်း အကြောင်းကို သစ္စာပြု၍ ယုံကြည်စေလိုသဖြင့် "အရှင့်သား မယုံကြည်သော် အရှင့်သား၏နူနာရောဂါကြီးကို အကျွနု်ပ်သည် မှန်ကန်သောသစ္စာ၏ အစွမ်းဖြင့် ကုစားပါအံ့"ဟု လျှောက်ကြား ပြီးလျှင် အိုးကိုရေဖြင့် ပြည့်စေပြီး၍ "အရှင့်သား အကျွနု်ပ် သည် တပါးသော အရှင်သားထက် သာလွန်၍ချစ်သောသူကို မသိစဘူးပါ။ အကျွနု်ပ်၏စကားသည် အကယ်၍မှန်သည်ရှိသော် သစ္စာတရားသည် အကျွနု်ပ်ကို ယခုအခါ၌လည်း စောင်မပါစေသော်၊ နောင်အခါ၌လည်း စောင်မပါလတံ့။ ဤသို့မှန်သောစကားကို ဆိုရခြင်းကြောင့် အရှင့်သား၏နူနာသည် ပျောက်ကင်းပါစေသော်"ဟု သစ္စာဓိဋ္ဌာန်ပြု၍ သောတ္ထိသေနမင်းသား၏ ဦးခေါင်းပေါ်၌ ရေအိုးဖြင့်ရေကို သွန်း လောင်းလေ၏။ သစ္စာ၏အစွမ်းဖြင့် သောတ္ထိသေနမင်းသား၏ နူနာရောဂါ ကြီးသည် ကြေးနီ၏အညစ်အကြေးကို ချဉ်ရေဖြင့် ဆေးကြောသကဲ့ သို့ ခဏချင်းလျှင် ပျောက်ကင်းလေ၏။
ထိုအခါ မင်းသားမင်းသမီးတို့သည် တော၌ နှစ်ရက်သုံးရက် နေပြီးလျှင် မြို့တော်သို့ပြန်၍ ဥယျာဉ်တော်၌ နေကုန်၏။ ခမည်းတော်ဗြဟ္မဒတ်မင်းကြီး သိတော်မူလျှင် ဥယျာဉ်တော်သို့ လာ၍ သောတ္ထိသေနမင်းသားကို မင်းအဖြစ် သမ္ဗုလာမင်းသမီးကို မိဖုရားကြီးအဖြစ် အဘိသိက်သွန်းပြီးလျှင် ထီးနန်းကို အပ် နှင်းလေ၏။ မိမိမူကား ကာမဂုဏ်တို့ကို စွန့်၍ ရသေ့ပြုပြီးလျှင် ဥယျာဉ်တော်၌နေ၍ သားတော်မင်းကြီး၏နန်းတော်၌ အမြဲဆွမ်း ဘုဉ်းပေးတော်မူ၏။
သောတ္ထိသေနမင်းကြီးလည်း သမ္ဗူလမင်းသမီးကို မိဖုရားကြီး အရာကိုသာပေး၍ တစုံတရာ ချီးမြှောက်ထောက်ပံ့ခြင်းမရှိ၊ တပါး သောမိန်းမတို့နှင့်သာ မွေ့လျော်ပျော်ပါးကာ နေ၏။ သမ္ဗူလ မိဖုရားကြီးသည် ချစ်လင်မင်းကြီးပြုမူပုံကို မကြေနပ်သဖြင့် စိုးရိမ်သောကရောက်လျက် အအိပ်အစားပျက်၍ အကြောပြိုင်းထကာ ကြုံလှီလျက် ဖြော့တော့သော အဆင်းရှိ၏။ တနေ့သ၌ စိုးရိမ်သောက ကို ဖျောက်မည်ဟု ကြံစည်လျက် ဆွမ်းဘုဉ်းပေးကြွလာသောယောက္ခမ ရှင်ရသေ့ထံသွား၍ ရှိခိုးလျက်နေ၏။
ရှင်ရသေ့လည်း ညှိုးနွမ်းသော သမ္ဗူလမိဖုရားကြီးကိုမြင် လျှင် "ချစ်သမီးသမ္ဗုလာ လက်နက်စွဲကိုင်လျက် သူရဲကောင်းတို့ စီးနင်းကုန်သော မြတ်သော ဆင်ခုနစ်ရာတို့ရှိကုန်၏။ လေးသမား တထောင့်ခြောက်ရာတို့လည်း ရှိကုန်၏။ နေ့ညမပြတ် ဗာရာဏသီ ပြည်ကြီးကို စောင့်ကုန်၏။ ဘယ်ရန်သူကို ချစ်သမီး မြင်သနည်း" ဟု ရှေးဦးစွာ မေးလေ၏။
သမ္ဗူလမိဖုရားကြီးသည် ယောက္ခမရှင်ရသေ့ကို "ဘခင်မင်းကြီး အရှင်မင်းကြီး၏ သားတော်သည် တန်ဆာဆင်ကုန်လျက် ပဒုမာပွင့် ချပ်ကဲ့သို့သော အရေအဆင်း ဟင်္သာကဲ့သို့ သာယာသော အသံရှိ ကုန်သော မိန်းမတို့ကိုသာ ကြည့်ရှုဘိ၏။ သီချင်းသံ တီးသံ မှုတ်သံတို့ကို နားထောင်ကာ အကျွနု်ပ်အား ရှေးအခါကဲ့သို့ မကျင့်ပါ"
"ဘခင်မင်းကြီး လည်တွင် ရွှေတဘက် ဝတ်ဆင်ကာ ကာမဂုဏ်ဖြင့် အဖမ်းအဆွဲ အလွန်ကောင်းကြ၍ တန်ဆာခပ်သိမ်းကို ဆင်မြန်းလျက် လူမိန်းမဖြစ်လင့်ကစား နတ်သမီးနှင့် တူကုန်သော မင်းသမီးတို့ သည် ဘခင်၏သားတော်ကို ဖျားယောင်းကြကုန်၏"
"ဘခင်မင်းကြီး အကျွနု်ပ်ကို မထေမဲ့မြင်မပြုဘဲ အကယ်၍ မြတ်နိုးတနာပြုပါအံ့။ ရှေးအခါကဲ့သို့ ကျင်ပါအံ့။ ဤသို့ကျင့်ခဲ့သော် အကျွနု်ပ်သည် တဖန် တော၌ သစ်သီးရှာမှီးကာ ကျွေးမွေးပါအံ့။ အကျွနု်ပ်အား ဤဗာရာဏသီ ပြည်ကြီးထက်လည်း တောအရပ်သည် မြတ်ပါ၏"
"ဘခင်မင်းကြီး အကြင်မိန်းမသည် စီရင်အပ် များမြတ်သောထမင်း အဖျော်ရှိသော အိမ်ကြီး၌ ပြေပြစ်သော တန်ဆာကိုဆင်လျက် နေရ၏။ ထိုမိန်းမတို့သည် လင်ကိုနေ့ညမပြတ်
၁။ လင်၏ ရှေးဦးစွာထလေ့ရှိခြင်း
၂။ လင်၏ နောက်မှ အိပ်လေ့ရှိခြင်း
၃။ လင်အလို လိုက်၍ပြုလေ့ရှိခြင်း
၄။ ချစ်နှစ်သက်ဖွယ် ကျင့်လေ့ရှိခြင်း
၅။ ချစ်နှစ်သက်ဖွယ် ပြောဆိုလေ့ရှိခြင်း
ဤအင်္ဂါငါးပါးနှင့် ပြည့်စုံ၏။ ထိုမိန်းမကို လင်သည်မချစ်အပ်။ မချစ်သောမိန်းမအား လင်အိမ်နေရခြင်းထက် သေရခြင်းသည် မြတ်လှ သေး၏"
"ဘခင်မင်းကြီး စင်စစ်အကြင်မိန်းမသည်ဆင်းရဲ၏၊ အထီးကျန်၏၊ ကိုးကွယ်ရာမရှိ၊ ဖျာတချပ်သာအဖော်ရှိ၏။ ထိုမိန်းမကို လင်သည် ချစ်မြတ်နိုး၏၊ ဤလင်ချစ်သော မိန်းမသာ မြတ်၏။ မချစ်သောမိန်းမ မှာ အလုံးစုံအင်္ဂါ ပြည့်စုံသော်လည်း မမြတ်ပါ"ဟု ဘခင်ရသေ့ ကြီးအား အကြောင်းစုံ လျှောက်ထားလေ၏။
ရှင်ရသေ့လည်း သားတော်မင်းကြီးကို ခေါ်စေ၍ "ချစ်သား သောတ္ထိသေန သင့်မှာ နူနာရောဂါနှိပ်စက်၍ တောသို့သွားသည်ရှိ သော် ဤသမ္ဗုလာကား သင်နှင့်အတူလိုက်ပါ၍ အဆင်းရဲခံကာ အရို အသေလုပ်ကျွေးခြင်း သစ္စာ၏အစွမ်းဖြင့် နူနာကိုပျောက်ကင်း စေ ခြင်း စသည်ဖြင့် သင်မင်းအဖြစ်ရရှိကြောင်းကို ပြုလုပ်ပေး သဖြင့် အလွန်ကျေးဇူးများသော မိန်းမဖြစ်လျက် နေရာအရပ်ကိုမျှ သင်မသိ၊ မသင့်လျော်သောအမှုကို ပြုဘိ၏။ အဆွေခင်ပွန်းကို ပြစ်မှား ခြင်းမည်သည်ကား အလွန်ယုတ်မာလှ၏"ဟု ပြောကြားဆုံးမလေ၏။
သောတ္ထိသေနမင်းကြီးလည်း ခမည်းတော်ရသေ့ကြီး ကြွတော်မူ လျှင် သမ္ဗုလာမိဖုရားကြီးကို ခေါ်စေ၍ "အရှင်မိဖုရား ဤမျှ လောက်သောကာလ ငါပြုမိသောအပြစ်ကို သည်းခံပါ။ အလုံးစုံသော စည်းစိမ်ကို ရှင်မိဖုရားအား ငါပေးပါ၏"ဟု ပြောဆို တောင်းပန် ပြီးလျှင် အပ်နှင်း၍ "အရှင်မိဖုရားကြီး အရှင်မိဖုရားကြီး သည် အကယ်၍ များမြတ်သော စည်းစိမ်တို့ကို ရသော်လည်း ငြူစူ စောင်းမြောင်းလျက် သေခြင်းသို့ ရောက်ရလတံ့။ ငါနှင့်အလုံး စုံသော မင်းသမီးအပေါင်းတို့လည်း သင်၏စကားကို လိုက်နာ ပါကုန်အံ့"ဟု အလုံးစုံသောစည်းစိမ်ကို အပ်နှင်းပြီးလျှင် မိမိနှင့်တကွ မင်းသမီးအလုံးစုံလည်း အပ်နှင်းလေ၏။
ထိုအခါမှစ၍ မင်းကြီးနှင့် မိဖုရားတို့သည် သင့်တင့်ညီညွတ် စွာနေကြကုန်လျက် ဒါနစသောကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်၍ သေလွန်သောအခါ ကံအားလျော်စွာ လားကြကုန်၏။ ခမည်းတော် ရှင်ရသေ့လည်း ဈာန်အဘိညာဉ်ကို ဖြစ်စေ၍ ဗြဟ္မာပြည်သို့ လားလေ၏။
ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ် ပစ္စုပ္ပန်နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက် ရဟန်းတို့ ထိုအခါ
- သမ္ဗူလသည် ယခုအခါမိလ္လိကာမိဖုရားကြီး
- သောတ္ထိသေနသည် ကောသလမင်းကြီး
- အဘရသေ့သည် ငါဘုရားဖြစ်လာပြီ
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ကိုးကားချက်များ
[ပြင်ဆင်ရန်]၁။ ပဌမကျော်ဦးကြီးဖေ၏ ၅၅၀နိပါတ်တော်စကားပြေ အမှတ်၈
၂။ မင်္ဂလာဘုံကျော်ညောင်ကန်ဆရာတော်၏ ပုံတော်စုံ၅၅၀ဇာတ် ဝတ္ထု စတုတ္တတွဲ
၃။ သမ္ဗုလာဇာတ် တိံသနိပါတ်