အပ်ချုပ်ပညာ

ဝီကီပီးဒီးယား မှ

အပ်ချုပ်ပညာ[ပြင်ဆင်ရန်]

အိမ်ရှင်မအမျိုးသမီးများ တတ်သိနားလည် ထားအပ်သော အိမ်တွင်းမှုသိပ္ပံပညာရပ်များတွင် အပ်ချုပ်ပညာ သည်လည်း အရေးကြီးသော ပညာတစ်ရပ်အဖြစ်ပါဝင်လေ သည်။ အိမ်ထောင်တစ်ခု၌ ချုပ်လုပ်ရ သည့်အဝတ်အထည်များတွင် အဝတ်အစားများသာမက အိပ်ရာ ခင်း၊ ခေါင်းအုံးစွပ်၊ စားပွဲခင်း၊ အခန်းဆီး စသည်တို့လည်း ပါဝင်လေသည်။ အပ်ချုပ်ပညာဆိုရာ၌ စက်ချုပ်၊ လက်ချုပ်ဟူ၍ နှစ်မျိုးနှစ်စားရှိသည်။

တစ်ဆယ့်ကိုးရာစုနှစ်တွင် အပ်ချုပ်စက်များကောင်းမွန် စွာပေါ်ပေါက်လာချိန်မှစ၍ အဝတ်အထည်များ ချုပ်လုပ်ရာ၌ စက်ဖြင့်တွင်တွင်ကျယ်ကျယ် ချုပ်လုပ်ခဲ့ကြသည်။ စက်ဖြင့်ချုပ် ခြင်းသည် လျင်မြန်သဖြင့် အချိန်ကုန် လူပန်းမဖြစ်ချေ။ အပ်ချုပ်စက်တို့သည် ခြေနင်းစက်၊ လက်လှည့်စက်၊ လျှပ်စစ်စက်ဟူ၍ရှိသည်။


လက်လှည့်စက် ထက် ခြေနင်းစက်က အချုပ်ရလွယ်၍ ခြေနင်းစက်ထက် လျှပ်စစ်စက်က အချုပ်ရလွယ်သည်။ ခြေနင်းစက်ဖြင့် ချုပ်တတ် ပါက လက်လှည့်စက်၊ လျှပ်စစ်စက်တို့ဖြင့် ချုပ်တတ်ဖို့မခဲယဉ်း ချေ။ စက်ဖြင့် သာမန်ချုပ်ခြင်းသည် သီချုပ်ချုပ်ခြင်းဖြစ် သည်။ သို့သော် အသီကြီး၊ အသီကလေး စသည်ဖြင့် ချုပ်ရိုး အစိတ်အကျဲ ပြောင်းပေး၍ရသည်။ ယခုအခါ အပ်ချုပ်စက် ဖိ အမျိုးမျိုးပြောင်းလဲတပ်ဆင်ပေးခြင်းဖြင့် အနားလုံးခြင်း၊ အတွန့် ချုပ်ခြင်း၊ နားပတ်ကြီးတင်ခြင်း၊ မွေ့ယာချုပ်ခြင်းတို့ကိုလွယ်ကူ စွာ ပြုလုပ်နိုင်သည်။

အဝတ်အထည်များကို စက်ဖြင့်ချုပ်ရာတွင် အချိန်ကုန် လူပန်းခြင်းမှ သက်သာသော်လည်း သေသပ်ခိုင်ခန့်ခြင်း၌ လက်ချုပ်ထည်များကိုမမီဟု ယူဆသူတော်တော်များများရှိလေ သည်။ ထို့ပြင်လက်ဖြင့် ချုပ်သောအခါ လူ၏ကိုယ်အချိုးအစား အတိုင်းအထွာနှင့် ကိုက်ညီအောင် သေသပ်စွာချုပ်နိုင်သဖြင့် စက်ဖြင့်မချုပ်မီ တစ်ခါတစ်ရံ လက်ဖြင့်လိုသလို ချိုးဖိ ချုပ် လုပ်ကြရသည်။ နူးညံ့ပျော့အိသော အထည်အမျိုးအစားများကို လည်း စက်ဖြင့်ချုပ်လုပ်ပါက ပုံမကျပန်းမကျ သပ်သပ်ရပ်ရပ် မရှိလှချေ။ လက်ချုပ်ချုပ်ခြင်းသည် ရှေးနှစ်ပေါင်းထောင်သောင်း များစွာကတည်းက ပေါ်ပေါက်နေသော လက်မှုပညာတစ်ရပ် ဖြစ်သော်လည်း ယခုထက်တိုင် များစွာတိမ်ကောပြောင်းလဲခြင်း မရှိလှသေးချေ။

လက်ချုပ်ချုပ်ရာတွင် အဝတ်အထည်၏ ပုံပန်းသဏ္ဌာန် အမျိုးအစားကိုလိုက်၍ ချုပ်ရသောနည်း အမျိုးမျိုးရှိလေသည်။ ယင်းတို့တွင် အသီးကြီးချုပ်၊ အသီကလေးချုပ်၊ အပ်စောင်းချုပ်၊ အပ်ပြန်ပေါက်ချုပ်၊ ဝက်သိုးထိုးချုပ်၊ ငါးရိုးဖော်ချုပ်၊ ကြယ်သီး ပေါက်ချုပ်၊ ရက်၍ဖာခြင်း၊ အစသွင်း၍ဖာထေးခြင်း စသည် တို့မှာ အသုံးများသောအခြေခံ ချုပ်လုပ်နည်းများဖြစ်လေသည်။ ချုပ်လုပ်ရာတွင် အဝတ်အထည်နှင့် အပ်ကိုကိုင်တွယ်ပုံ အနေအထားကျနမှသာလျှင် စိတ်တိုင်းကျ လက်ရာကောင်း ကောင်း ရနိုင်ပေမည်။ ချုပ်ရာတွင် လက်ချောင်းများကို အပ် ပေါက်ခြင်းမရှိပဲ ကြာရှည်စွာချုပ်လိုပါက အပ်ထောက်ကို အသုံးပြုသင့်သည်။ အပ်ထောက်ကိုသုံးလျှင် လက်မနှင့် လက်ညှိုးတို့ဖြင့်ကိုင်ထားသော အပ်၏နဖားပေါက်သည် အပ် ထောက်၏ အပေါ်ပိုင်းတွင်တည်စေ၍ လက်ျာဘက်မှ စတင်ချုပ် လုပ်ရလေသည်။ (က) အပ်ပြန်ပေါက်ခြင်း၊ (ခ) ဝက်သိုးထိုး ခြင်း၊ (ဂ) အနားလုံး၍အပ်စောင်းချုပ်ခြင်း တို့တွင်ကား အပ် အနေအထားကို တစ်မျိုးတစ်ဖုံပြောင်းလဲ ကိုင်တွယ်ရလေသည်။ အပ်ချုပ်သင်စ အမျိုးသမီးကလေးများသည် ပထမတွင် အဝတ်အထည်အစုတ်များကို ပြုပြင်ပြင်ဆင်ချုပ်လုပ်ခြင်းဖြင့် စတင်သင်ကြား သင့်ကြလေသည်။ အဝတ်စနှစ်ခုကို ပူးတွဲ၍ ချုပ်ရမည်ဆိုလျှင် ပထမတွင် အသီကြီးသီ၍ အစနှစ်ခုကိုတွယ် ပြီးမှ အသီကလေးသီကာ ချုပ်သင့်လေသည်။ အသီကြီးသီ နည်းသည် အထည်၏အနားစာနှစ်ခုကို လက်ညှိုးလက်မတို့ဖြင့် ညှပ်ပူး၍ကိုင်ပြီးလျှင် လက်ယာဘက်မှစ၍ချုပ်ရသည်။ အပ်ချည် ထည့်သောအပ်ကို တစ်ဖက်သို့ပေါက်အောင် ထိုးသွင်း၍ ထိုဖက်မှ ကိုယ်လိုသလောက် အကွာအဝေးနေရာသို့ပြန်ထိုး၊ ထိုမှတစ်ဖက်သို့ပေါက်အောင် ပြန်ထိုးသွင်းခြင်းဖြင့်ချုပ်ရသည်။ အစအသားသွင်း၍ ဖာထေးချုပ်လုပ်ရာ၌လည်း ပထမဖာမည့် အစကို အသီကြီးသီ၍တွယ်ထားသင့်သည်။ ထို့နောက် အခြား ချုပ်ရိုးများချုပ်ပြီးမှ အပ်ချည်စကိုဆွဲထုတ်၍ အသီကြီးချုပ်ရိုးကို ဖျက်ပစ်ရလေသည်။

အသီကြီးသီ၍ တွယ်ထားသောအစနှစ်ခုကို အသီကလေး သီကာ ချုပ်ရိုးဖော်သူများလည်း ရှိလေသည်။ အသီကလေး သည် အသီကြီးသီသကဲ့သို့ပင် ဖြစ်သော်လည်းချုပ်ရိုးပို၍ စိပ်လေသည်။

အပ်ပြန်ပေါက်ချုပ်နည်းသည် စက်ဖြင့်ချုပ်သောချုပ်ရိုး နှင့် တူသော်လည်း တစ်ဖက်လှမျှသာဖြစ်လေသည်။ ပင်တိုင်ကြိုး (အထည်တွင် တွယ်ထားပြီးသော အပ်ချည်ကြိုးကို ခေါ်သည်) ၏နောက်ဘက်တွင် အသားအနည်းငယ်ယူ၍ အပ်ကိုစိုက်ချ ထိုးသွင်းပြီးလျှင် ပင်တိုင်ကြိုး၏ရှေ့ဘက်တွင် အသားအနည်း ငယ်ကော်လျက် အပ်ကိုချုပ်နေသူ၏ဘက် (အလှဘက်)သို့ ဆွဲ ထုတ်ယူရသည်။ ထိုနည်းအတိုင်း ပင်တိုင်ကြိုးအနောက်ဘက်မှ ထိုးသွင်းလိုက်သော အပ်ချည်ကြိုးသည် ပင်တိုင်ကြိုး၏ ရှေ့ ဘက်တွင် ပေါ်ထွက်လာအောင် ဆက်လက်ချုပ်လုပ်သွားရလေ သည်။ ယင်းသည့်ချုပ်နည်းကို အပ်ပြန်ပေါက်ချုပ်နည်းဟု ခေါ် သည်။

အနားလုံး၍ အပ်စောင်းထိုးခြင်းကို အဝတ်အထည်၏ အနားများသေသပ်စွာ ရှိနေစေရန်အတွက် ပြုလုပ်ရလေသည်။ ပထမတွင် အနားကိုအနည်းငယ်ခေါက်ထား၍ ခေါက်ထားသော အစကို တစ်ဖန် မိမိအလိုရှိရာ ခေါက်ရိုးအနေ တစ်ဖန်ပြန်၍ ခေါက်ချရသည်။ သို့ခေါက်ချရာတွင် ခေါက်ရိုးညီညာစွာ ရှိစေ ရန် သတိပြုသင့်လေသည်။ ချုပ်ရာ၌လွယ်ကူစေရန် ခေါက်ရိုး များကို ပထမအသီကြီးသီပြီးမှ အပ်စောင်းထိုး၍ ချုပ်သွားသင့် ကြလေသည်။ အပ်စောင်းထိုးချုပ်ရာတွင် ခေါက်၍တွယ်ထား သောအစ၏ ညာဘက်မှနေပြီး အခေါက်၏အတွင်းဘက်မှ အပ် ထိုးသွင်း၍ အပ်ချည်မျှင်အစ တစ်လက်မခန့်ကျန်သည်အထိ ချုပ်သူ၏ဘက်သို့ဆွဲယူရမည်။ ကျန်သည့် အပ်ချည်ပင်အစကို အခေါက်၏အောက်ထဲသို့ ထိုးသွင်းရသည်။ ထို့နောက် အခေါက်နှုတ်ခမ်းသား အောက်ဘက်နားရှိ အထည်အသား အနည်းငယ်နှင့် ခေါက်ထားသည့်နေရာ နှုတ်ခမ်းသား အနည်း ငယ်ပါအောင် အပ်ကလေးကို ခပ်စောင်းစောင်းကလေး ထိုး သွင်းကော်ယူပြီးချုပ်ရသည်။ ဤသို့ အပ်စာအနည်းငယ်စီ ကော် ယူပြီး အပ်စောင်းစောင်းဖြင့် ဆက်လက်ချုပ်လုပ်သွားရသည်။ ပါးလွှာနူးညံ့လှပသောအထည်များကို ချုပ်ရာတွင်ကား အပ်စာနည်းနိုင်သမျှနည်းအောင် ကော်ယူ၍ အပ်ရာတစ်ချက်နှင့် တစ်ချက်ကိုခပ်ကျဲကျဲထား၍ ချုပ်ရိုးမမြင်ရလောက်အောင်ချုပ်ရ သည်။

ဝက်သိုးထိုးချုပ်နည်းသည် ချုပ်မည့်အထည်စအဖျားကို အတွင်းဘက်သို့ နားပတ်ဖြစ်အောင်ခေါက်ချ၍ ထိုနားပတ်ကို လှန်ချကာ နားပတ်နှုတ်ခမ်းသားနှင့် အောက်ခံသားကို ပူးကိုင် ထားရမည်။ ထို့နောက် ပူးကိုင်ထားသည့် အစညာဘက်မှနေ၍ ခေါက်ထားသည့်အစနှစ်ခုကြားသို့ အပ်သွင်းပြီး ချုပ်သူ၏ဘက် သို့ရောက်အောင် အပ်စာအနည်းငယ်ယူ၍ အပ်ကိုထိုးသွင်းကာ အပ်ချည်ပင်ကိုဆွဲထုတ်ရာတွင် ချည်ပင်စအနည်းငယ် တန်းလန်း ကျန်ခဲ့အောင် ထားရသည်။ ထိုတန်းလန်းကျန်ခဲ့သည့် ချည်ပင် စကို ခေါက်ထားသည့်ကြားထဲသို့ ခေါက်သွင်းထည့်ထားရသည်။ ထို့နောက် ပင်တိုင်ကြိုးကို နောက်ဘက်သို့ ကျော်ယူသွားပြီး ပထမထိုးသွင်းသော အပ်ချက်မှ အပ်စာအတိုင်း ခေါက်ထား သော အစနှစ်ခုစလုံးကိုဖောက်၍ နောက်ဘက်မှ ရှေ့ဘက်သို့ အပ်ကို ထိုးသွင်းဆွဲယူ ချုပ်ရသည်။ ရှေ့သို့ အစဆုံးသည်အထိ ဤနည်းအတိုင်း ချုပ်ရိုးခပ်စိပ်စိပ်ဖြင့် ဆက်လက်ချုပ်လုပ်သွားရ သည်။ အစဖွာ၍ထွက်သွားတတ်သော အထည်မျိုးကိုချုပ်လုပ်ရာ ၌ ဤချုပ်နည်းကို အသုံးပြုလေ့ရှိကြသည်။

ထူးလွန်းကြမ်းလွန်းသော အထည်များကို နှုတ်ခမ်းလုံး ပြီး အပ်စောင်းထိုးချုပ်၍မရနိုင်ပေ။ ထိုသို့သော အထည်မျိုးကို ကင်းခြေတွယ်နည်းဖြင့် ချုပ်ရသည်။ ချုပ်ရာတွင်အထည်စကို အလိုရှိသည့်အနေ ခေါက်ချ၍ လက်ဝဲဘက်မှ စတင်ချုပ်လုပ်ရ သည်။ အပ်ချည်ပင်ကို အဖျား၌အထုံးကလေးထုံး၍ အခေါက် ၏အောက်ဘက်မှနေပြီး အပ်ကိုထိုးသွင်းကာ အထုံးကလေးကို လည်း ထိုအခေါက်ထဲသွင်းထားရသည်။ ချုပ်နေသူ၏ဘက်သို့ ထွက်လာသောအပ်ကို ဆွဲထုတ်ပြီးလျှင် အခေါက်၏နှုတ်ခမ်း အောက်ဘက်နား ညာဘက်သို့ ခပ်စောင်းစောင်းနေရာ အထည် သားတွင် အပ်ကိုစိုက်၍ တစ်ဖန်အပ်စိုက်ထားရာ၏ ဘယ်ဘက် အထည်သားတွင် အပ်စာအနည်းငယ်ကော်ယူပြီး အပ်ကိုဆွဲထုတ် ရသည်။ ထိုနေရာမှ တစ်ဖန် ကြက်ခြေခတ်ဖြစ်သွားအောင် အပေါ်ဘက်ခေါက်ထားသည့်နေရာ နှုတ်ခမ်းစပ်ညာဘက် ခပ် စောင်းစောင်းနေရာတွင် အပ်ကိုဆွဲထုတ်ချုပ်လုပ်ရပြန်သည်။ ဤသို့ဖြင့် အပေါ်နှင့်အောက် ကြက်ခြေခတ်ဖြစ်ပေါ်အောင် ဆက်လက်ချုပ်သွားပါကကင်းခြေသဏ္ဌာန်ဖြစ်ပေါ်လာလေသည်။ ထိုချုပ်နည်းကို အပေါ်အင်္ကျီကဲ့သို့ ထူထဲသောအစဖြင့် ချုပ်လုပ် ရသည့် အဝတ်အထည်များ ချုပ်လုပ်ရာတွင် အတွင်း၌ပိတ်သား တစ်ထပ်မခံမီ အင်္ကျီပုံပန်းများ နေရာတကျရှိနေအောင် ချုပ်လုပ် ရာတွင် အသုံးပြုကြသည်။ ထို့ပြင် ကလနားနှစ်ထပ်တွယ်ပြီး ချုပ်လုပ်ရာ၌လည်း အသုံးပြုကြလေသည်။ စောင် စသည့်နှစ် နံစပ်အထည်များ ကိုစပ်ရာ၌ ဤချုပ်နည်းကို အသုံးပြုကြလေ သည်။

အချုပ်အလုပ်ပညာရပ်များတွင် ကြယ်သီးပေါက်ဖောက် ခြင်း၊ ကြယ်သီးတပ်ခြင်းများလည်း ပါဝင်လေသည်။ ကြယ်သီး ပေါက်ဖောက်ရာတွင် ကြယ်သီးပေါက်ပြုလုပ်ရန် ခွဲဖောက်ထား သော အပေါက်နှုတ်ခမ်း ပတ်ပတ်လည်တစ်လျှောက်ကို ပထမ တွင် တစ်ကြောင်းအသီသီလိုက်ရသည်။ ထို့နောက် အပေါက် ဘက်မှနေ၍ အသီကြောင်းအောက်ဘက်နားသို့ အပ်ထိုးသွင်းပြီး လျှင် ချည်ပင်ကို လက်ဝဲဘက်သို့ ကျော့၍ချုပ်ယူရသည်။ အပေါက်၏ ဘေးထောင့်စွန်းများသို့ရောက်လျှင် အပ်ချည်ပင်ကို လက်ျာဘက်သို့ ကျော့၍ သုံးလေးချက်ချုပ်ရသည်။ သို့မှသာ ထောင့်စွန်းများမှ စုတ်ပြတ်ထွက်လွယ်ခြင်းမှ သက်သာလေ သည်။

ကြယ်သီးများတပ်ရာတွင်ကား ချည်ပင်ကို နှစ်ပင်ပူး ထားကာ တပ်မည့်နေရာတွင် အမှတ်အသားပြုလုပ်၍ ချည်ပင် အဖျားတွင် အထုံးကလေးပြုလုပ်ပြီးလျှင် အပ်ကိုအလှဘက်မှ ကျောဘက်သို့ထိုးသွင်း လိုက်ရသည်။ ထို့နောက် ကြယ်သီးကို မှတ်သားသောနေရာတွင်ထား၍ ကြယ်သီး၏အပေါက်များ အကြားတွင် တွယ်အပ်တစ်ချောင်းကို ကန့်လန့်ဖြတ်ထားကာ ကြယ်သီးအပေါက်များမှ တွယ်အပ်ကိုဖြတ်ကျော်၍အချက်ပေါင်း များစွာချုပ်ရလေသည်။ ခိုင်လောက်ပြီဟုထင်သောအခါကန့်လန့် ဖြတ်ခံထားသော တွယ်အပ်ကို ဆွဲထုတ်ပြီးလျှင် ကြယ်သီးကို ချည်ပင်များတင်းနေသည့်တိုင်အောင် အပေါ်သို့ထား၍ ကြယ် သီးနှင့် အထည်အကြားတုပ်ထားသော ချည်ပင်တိုင်များကို ပို၍ ခိုင်စေရန် ထပ်၍သုံးလေးပတ်မျှရစ်ပတ် ပေးရသည်။ ထို့နောက် အပ်ကို ကျောဘက်သို့ထိုးသွင်းပြီးလျှင် ကြက်ခြေခတ်ချုပ်ခြင်း ဖြင့်လည်းကောင်း ချည်ပင်ကိုဖြတ်၍ အထုံးချီလိုက်ခြင်းဖြင့် လည်းကောင်း အစသတ်ရသည်။

အဝတ်အစားများကို ချုပ်လုပ်ခြင်းကဲ့သို့ပင် အရေးပါ၍ အမျိုးသမီးတိုင်း တတ်ကျွမ်းထားအပ် သော အဝတ်အစုတ်များ၊ အပေါက်အပြဲများကို ဖာထေးခြင်း၊ ပြန်လည်ပြုပြင်ပေးခြင်းတို့ သည်လည်း အပ်ချုပ်ပညာတစ်ရပ် ဖြစ်လေသည်။ အဝတ် အပေါက်အပြဲများကိုဖာထေးရာတွင်အသားထိုး၍ဖာခြင်း၊ ရက်၍ ဖာခြင်းဟူ၍နှစ်မျိုးရှိသည်။ အသားထိုး၍ဖာခြင်းသည် ဖာရမည့် အဝတ်စမျိုးရနိုင်ပါက အကောင်းဆုံးဖြစ်လေသည်။ အသား ထိုး၍ဖာရမည့်အစသည် ဖာရမည့်အပေါက်ထက် နှစ်ဆမျှကြီး စေရမည်။ ဖာထေးမည့်အပေါက်ကို ပထမ အပေါက်၏နှုတ်ခမ်း သားများ သပ်ရပ်စွာရှိစေရန် ကိုက်ညိ|ပေးရသည်။ ထို့နောက် အစားထိုးမည့်အစကို အပေါက်ကျောဘက်တွင်ကပ်၍ တွယ်အပ် ဖြင့်တွယ်ထားပြီးလျှင် အပေါက်၏နှုတ်ခမ်းသားများနှင့် အစား ထိုးမည့်အစ၏ ဘေးစများကိုခေါက်သွင်းကာ အသီကြီးသီပေးရ လေသည်။ အသီကြီးသီပြီးနောက် အစားထိုးထားသည့် အစ၏ ဘေးနားများကို အပ်စောင်းဖြင့်လိုက်၍ချုပ်ရသည်။ အပေါက် နှုတ်ခမ်းသားများ လုံးထားသည်ကိုလည်း တစ်ဖန် အပ်စောင်း လိုက်ရပြီးလျှင် အသီကြီးသီထားသော ချည်ပင်စကို ဆွဲထုတ်ပစ် ရသည်။ ပိုမိုသေသပ်စွာဖာထေးလိုပါက အပေါက်ကိုလေးထောင့် ဖြစ်အောင်ကိုက်ညိ|လိုက်ပြီး ထောင့်များတွင် ထောင့်တန်း အနည်းငယ်ည|ပ်ပြီး နှုတ်ခမ်းသားများကို ခေါက်သွင်းချုပ်လုပ် ရသည်။ အသားထိုးသွင်းသည့်အစသည် အပေါက်ကိုသာမက အပေါက်နားတစ်ဝိုက်ရှိ ပါးလိုက်လာ၍ ပေါက်ပြဲလုနီးပါးဖြစ် နေသော ပိတ်သားများကိုပါ ဖုံးအုပ်နိုင်လောက်အောင် ကြီးမား သင့်ပေသည်။

အသားထိုး၍ ဖာလောက်အောင်မဟုတ်ဘဲ အနည်းငယ် မျှရိသော အဝတ်အထည်များကိုကား အပ်ချည်ပင်များဖြင့်ရက်၍ ဖာထေးပေးနိုင်လေသည်။ ထိုသို့ ဖာထေးရာတွင် ဖာရမည့်နေရာ အောက်၌ ခုံးဝိုင်းဝိုင်းအရာတစ်ခုခုခံထား၍ ဖာရမည့်အဝတ်နှင့် တစ်ရောင်တည်းဖြစ်သောချည်နှင့် ဖာထေးသင့်ပေသည်။ ဖာရ မည့် အထည်စမျိုးမှ ချည်မျှင်ကိုထုတ်၍ ဖာထေးနိုင်လျှင်ကား အကောင်းဆုံးဖြစ်၍ ဖာထေးသည့်နေရာကိုပင် ရုတ်တရက် မမြင်နိုင်ချေ။

ဖာထေးမည်ပြုလျှင် အဝတ်အောက်တွင် အဝတ်ဖုတပ် ထားသော အောက်ခံပစ္စည်းကို ခံထားပါက ရက်ရဖာရပို၍လွယ် သည်။ ပါးလွှာသည့်အထည်ဖြစ်ပါက အထည်ကိုပိုမိုတောင့်တင်း အောင် အသီကလေး စိပ်စိပ်သီရသည်။ ဤသို့ပြုလုပ်ရာ၌ အထည်နှင့်အရောင်တူသောချည်ပင်ကို သုံးစွဲသင့်သည်။ အထည် ၏ မလှဘက်မှနေ၍ အစုတ်ပေါက်နေရာနှင့် လက်မဝက်ခန့် ကွာသည့်နေရာမှ စတင်ကာ ရက်သည့်နေရာ နှုတ်ခမ်းနားအထိ အသီကလေးသီလာ၍ ထိုနှုတ်ခမ်းနားမှ တစ်ဖက်နှုတ်ခမ်းအစပ် သို့ရောက်အောင် ချည်ပင်ကိုယူလာကာ တစ်ဖန်နှုတ်ခမ်းအစပ်မှ ဆက်လက်၍လက်မဝက်ခန့် ဆက်သီချုပ်သွားရသည်။ ထိုနေရာ မှတစ်ဖန် ပြည်လှည့်သီချုပ်လာ၍ အပေါက်တွင်နောက်ချည်ပင် တစ်ပင် တန်းရပြန်သည်။ ဤနည်းဖြင့် အပေါက်တွင် တန်း လျက်သားချည်ပင်ကလေးများပြည့်သွားအောင် အပေါက်ဟိုဘက် သည်ဘက် အပြန်အလှန် ကူးပြောင်းချုပ်သွားရသည်။ ချည်ပင် ကလေးများ တန်းပြီးသောအခါ ယင်းတို့ကို ကန့်လန့်ဖြတ် အပေါက်နှုတ်ခမ်းဘေးတွင် သီလာပြီး၍ ချည်ပင်တန်းကလေး များသို့ရောက်လျှင် တစ်ပင်ကျော်တစ်ပင်ချ ရက်သွင်းကာ တစ်တန်းပြီးတစ်တန်း အပေါက်ကလေးများပိတ်သွားအောင် ဖာ ထေးပေးရလေသည်။ ယင်းသို့ ဖာထေးသွားရာတွင် နှုတ်ခမ်း ဘေးပတ်လည်ရှိ အထည်သားပေါ်သို့ ကျရောက်သည့်အခါတိုင်း သီချုပ်သွားရလေသည်။

ပြဆိုခဲ့သော နည်းလမ်းများကား အဝတ်အထည်များ ချုပ်လုပ်ဖာထေးရာတွင် အသုံးများသော အခြေခံချုပ်လုပ်နည်း များဖြစ်ပေသည်။ သို့ရာတွင် ခေတ်ကြီးသည်တိုးတက်ပြောင်းလဲ နေသည်။ နောက်ခေတ်များတွင် အဝတ်အထည်များကို ပန်းပွင့် ပန်းနွယ် ဇာပန်းထိုးများဖြင့် လှပနုနယ်အဆန်းတကြယ် ဖြစ် အောင် ချုပ်လုပ်ကြ၍ တစ်နေ့တစ်ခြား ဆန်းသစ်သော ချုပ် လုပ်နည်းများကိုလည်း တီထွင်လျက်ရှိပေသည်။ လက်ချုပ်ပညာ တွင် တရုတ်လူမျိုး၊ ဂျပန်လူမျိုး၊ အနောက်အိန္ဒိယကျွန်းစု တိုင်းရင်းသားများ၊ ဖိလစ်ပိုင်ကျွန်း တိုင်းရင်းသားများနှင့် ဥရောပတိုက် တောင်သူလယ်သမားများသည် ကောင်းမွန် သေသပ်လှပခိုင်ခန့်စွာ ချုပ်လုပ်နိုင်ကြ၍ အပ်ချုပ်ဝိဇ္ဇာများ ဖြစ် ကြလေသည်။ ဇာထိုးပန်းထိုး

အပ်ချုပ်ပညာတွင် ရိုးရိုးချုပ်အပြင် အလှချုပ်၊ ပန်း ထိုး၊ အထည်ဖြစ်ချုပ်၊ တစ်ချောင်းထိုး၊ နှစ်ချောင်းထိုး၊ လေး ချောင်းထိုး စသောပညာများလည်း ပါဝင်လေသည်။ အလှချုပ်ဟူရာတွင် ချည်မျှင်ထုတ်၍ချုပ်ခြင်း၊ ချည်မျှင် နှုတ်ထားသည်ကို ကင်းခြေတွယ်၊ တုပ်ချုပ်၊ တစ်ချက်လိမ်၊ နှစ်ချက်လိမ်၊ စက်ဝိုင်းရက်၊ ပင့်ကူအိမ်ချုပ်၊ ဘီဒင်ကဲ့သို့ လက်ချုပ်ဖြင့် ဆက်နည်း တို့ဖြစ်သည်။ ပန်းထိုးခြင်းသည် လိုသောပန်းပုံရေး၍ အပ်ချည်အဖြူ၊ သို့မဟုတ် အရောင်စုံတို့ဖြင့် အဖောင်း၊ ထပ်ပန်း၊ ဖောက်ပန်း စသည့် ထိုးနည်းဖြစ်သည်။

အထည်ဖြစ်ချုပ်ခြင်းမှာမူ ကလေးအင်္ကျီ၊ ဘောင်းဘီ၊ လူကြီးအင်္ကျီ၊ ဘောင်းဘီ၊ မွေ့ရာ၊ ခြင်ထောင် စသည်ချုပ်ခြင်း ဖြစ်သည်။ မည်သို့ပင်ချုပ်စေကာမူ အထက်တွင်ပြဆိုခဲ့သော အခြေခံချုပ်လုပ်နည်း တစ်ခုမဟုတ်တစ်ခုကိုပင် အသုံးပြုရလေ သည်။

တစ်ချောင်းထိုး၊ နှစ်ချောင်းထိုး၊ လေးချောင်းထိုး စသည်တို့သာလျှင် အထက်ပါအခြေခံချုပ်လုပ်နည်းနှင့်မတူသော အပ်ချုပ်ပညာတစ်ရပ်ဖြစ်သည်။ တစ်ချောင်းထိုး၊ နှစ်ချောင်းထိုး၊ လေးချောင်းထိုးအပ်များသည်အပ်နဖားပေါက်မရှိချေ။ တစ်ချောင်း ထိုးအပ်သည် အဖျား၌ ချိတ်ကောက်ကလေးပါ၍ ထိုချိတ် ကောက်ကလေးဖြင့် အပ်ချည်ကို ချိတ်ဆွဲကွင်းလျှိုရန် အသုံးပြု ရသည်။

နှစ်ချောင်းထိုး၊ လေးချောင်းထိုးအပ်များမှာမူ အပ်နဖား လည်းမပါ၊ အဖျားချိတ်လည်းမပါ၊ အဖျားသွယ်၍ အရင်းတုတ် သော စင်းချောအပ်များဖြစ်သည်။ ယင်းအပ်များတွင် သိုးမွေး၊ သို့မဟုတ် အပ်ချည် အလုံးကြီးကြီးဖြင့် ကွင်းလျှို၍ တစ်ခုပေါ် တစ်ခု ယှက်တင်ထိုးသွားရလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)