အပ်ချုပ်စက်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ရှေးပဝေသဏီကစ၍ လွန်ခဲ့သောနှစ်ပေါင်း ၁ဝဝ ကျော်အထိ ကမ္ဘာပေါ်တွင် အဝတ်အထည်ဟူသမျှကို လက်ဖြင့်သာ ချုပ်လုပ်ခဲ့ကြလေသည်။ ခရစ် ၁၇၅ဝ ပြည့်နှစ် လောက်မှစ၍ အင်္ဂလန်ပြည်မှလည်းကောင်း၊ အမေရိကန်နိုင်ငံ မှလည်းကောင်း အသစ်အဆန်း တီထွင်လိုသူများစွာတို့က အဝတ်အထည်များကို လက်ဖြင့်ပင်ပင်ပန်းပန်း ချုပ်ရမည့်အစား စက်ဖြင့်ချုပ်နိုင်ရန် ကြံစည်ခဲ့ကြသည်။

အချုပ်ချုပ်သည့် အပ်သွားကို စက်တွင်တပ်ဆင်၍ ချုပ်လုပ်ရန် ပထမဆုံး စတင်အကြံဖြစ်ပေါ်သူမှာ အင်္ဂလိပ် လူမျိုး တောမတ်စိန့်ဆိုသူဖြစ်လေသည်။ စိန့်သည် အပ်ချုပ်စက် ပုံစံပေါင်း မြောက်မြားစွာကို ကြံစည်ရေးဆွဲကြည့်ပြီးလျှင် ၁၇၉ဝ ပြည့်နှစ်တွင် အပ်ချုပ်စက်ပုံစံတစ်ခုကို မှတ်ပုံတင်လိုက် လေသည်။ သို့ရာတွင် လက်တွေ့အားဖြင့် သူ၏ စိတ်ကူး တီထွင်ချက်ကို အသုံးမချခဲ့ရချေ။

၁၈၃ဝ ပြည့်နှစ်တွင် တစ်ဖန် ဗာတေးလမီး တီမွန်းည အမည်ရှိသော ပြင်သစ်အပ်ချုပ်သည် တစ်ဦးသည် အပ်ချုပ်စက် အကြမ်းစားတစ်မျိုးကို တီထွင်ပြီးနောက် မှတ်ပုံတင်ပြန်လေ သည်။

တီမွန်းညသည် ထိုစက်မျိုး ရှစ်ဆယ်ခန့်ဖြင့် အပ်ချုပ် စက်ရုံတစ်ရုံ တည်ထောင်နိုင်လေရာ လက်ချုပ်သမားများက မိမိတို့၏ စားပေါက်ကို ပိတ်သည်ဟုယူဆ၍ ဝင်ရောက် ဖျက်ဆီး ပစ်ကြသဖြင့် အပ်ချုပ်စက်များ ပျက်စီးကုန်ပြီးလျှင် တီမွန်းည ကိုယ်တိုင်မှာလည်း သေလုနီးပါးဒဏ်ရာများ ရရှိ သွားလေသည်။ ထိုနောက် တီမွန်းညသည် ပြင်သစ်နိုင်ငံမှ အင်္ဂလန်နိုင်ငံသို့ ပြောင်းရွှေ့သွားကာ အပ်ချုပ်စက်များကို တီထွင်ကြံစည်သေးသော်လည်း အောင်မြင်ထမြောက်ခြင်း မရှိတော့ချေ။ အပ်ချုပ်စက်များကို အမေရိကန်ပြည်ထောင်စုတွင်လည်း တီထွင်လုပ်ကိုင်ကြလေသည်။ ၁၈၃၂ ခုနှစ် လောက်တွင် နယူးယော့မြို့မှ ဝေါ်လတာဟန့် ဆိုသူသည် အပ်နဖားကို အပ်သွားအချွန်ဖက်နားတွင်ထား၍ ရက်ဖောက်တပ်ဆင်ကာ အပ်ပြန်ချုပ်ချုပ်ရသော အပ်ချုပ်စက်တစ်မျိုးကို တီထွင်လိုက် လေသည်။ သို့ရာတွင် ဝေါ်လတာဟန့်သည် ငွေကြေးနွမ်းပါးသူ ဖြစ်သဖြင့် မပြောပလောက်သော ငွေကလေးဖြင့် နယူးယော့မြို့ မှ ပန်းဘဲဆရာ ဂျော့အဲရိုးစမစ်အား ရောင်းစားခဲ့လေသည်။ အဲရိုးစမစ်ကလည်း ထိုတီထွင်ချက်ကို မှတ်ပုံမတင်မိချေ။ ဟန့်တီထွင်ထားမှုကိုမသိရှိဘဲ မိမိဖာသာ အပ်ချုပ်စက် တစ်ခုကို အနှစ်နှစ်အလလ ကြိုးစားကြံစည် စမ်းသပ်လုပ်ကိုင် နေသူမှာကား မက်ဆချုးဆက်ပြည်နယ်မှ အီလီယပ်ဟောင်း ဆိုသူဖြစ်သည်။ ဟောင်း၏ မျိုးရိုးအစဉ်အဆက်မှာ တီထွင်ကြံ စည် လုပ်ကိုင်ခဲ့ကြသူများဖြစ်၍ ဟောင်းမှာလည်း ဘမျိုး ဘိုးတူသူ ဖြစ်လေသည်။

တစ်ခါသော် ဟောင်း၏အလုပ်ရှင်ဖြစ်သူက အပ်ချုပ် စက်တစ်ခုကို တီထွင်နိုင်သူသည် သူဋ္ဌေးဖြစ်လာနိုင်ကြောင်းကို အခြားသူတစ်ယောက်အား ပြောကြားနေသည်ကို ဟောင်းသည် မှတ်သားလိုက်မိလေသည်။ များမကြာမီ ဟောင်းသည် ဖျားနာ ၍အိပ်ရာတွင်လဲနေစဉ် ဟောင်း၏ဇနီးသည် အိမ်သုံးဈေးဖိုးရရှိ ရန် အဝတ်အထည်များကို အငှားလက်ချုပ်ချုပ်ရလေသည်။ ဤသို့တကုန်းကုန်းနှင့် ညဉ့်နက်သန်းကောင်အထိ ချုပ်လုပ်နေရ ရှာသော ဇနီးသည်ကိုမြင်ရသောအခါ ဟောင်းသည် အပ်ချုပ် စက်တစ်ခုကို တီထွင်ရန် စိတ်ပိုင်းဖြတ်လိုက်၍ စတင်ကြံ စည်လုပ်ကိုင်လေတော့သည်။

ဟောင်းရင်ဆိုင်ရသော အခက်အခဲကား အပ်နှင့်ဆိုင်သော အခက်အခဲဖြစ်သည်။ နောက်ဆုံးတွင် ထွင်းရာပေးထားသော အပ်သွားအဖျားနားတွင် အပ်နဖားပေါက်ဖောက်၍ အပ်ပြန် ချုပ်ရိုးဖြစ်ပေါ်စေရန် အောက်ဘက်မှ ရက်ဖောက်တစ်ခုထည့် ပေးရန် ရုတ်တရက်အကြံရသဖြင့် စမ်းသပ်လုပ်ကိုင်ကြည့်ရာ ၁၈၄၆ ခုနှစ်တွင် ထမြောက်အောင်မြင်သွားလေသည်။ အပ်ချက် ချလျှင် အပ်နဖား၌ပါသွားသော အပ်ချည်သည်ကြိုးကွင်းဖြစ်၍ အောက်ရှိ ရက်ဖောက်အတွင်းမှချည်က တင်းအောင်ထိန်းလိုက် လေသည်။ သို့ဖြင့် အထက်အောက်ကြိုးများတင်းကာ အပ်ချုပ် ကြောင်းဖြစ်သွားနိုင်သည်။ သို့ရာတွင် ချုပ်ကြောင်းအဖြောင့် သာချုပ်နိုင်သည်။ ချုပ်ကြောင်းလည်း ရှည်ရှည်မရသေးချေ။ ယင်းသို့ဖြင့် အီလီယပ်ဟောင်းသည် အချိန်နှင့် လုပ်အားကို များစွာသက်သာစေသော အပ်ချုပ်စက်တစ်မျိုးကို အောင်မြင်စွာ တီထွင်နိုင်ခဲ့သည်။ သို့ရာတွင် အဝတ်အထည် များကိုသာ လက်ဖြင့်ချုပ်လုပ်၍ အသက်မွေးကြသော အပ်ချုပ်သမားများ သည် မိမိတို့အလုပ်အကိုင် ကျပ်တည်းဆုံးရုံးမည်ကို တွေးတော ပူပန်၍ အပ်ချုပ်စက်တည်ထွင်သူ ဟောင်းအား မလိုမုန်းထားရုံ မက ဆူပူကန့်ကွက်ကြသဖြင့် ပထမတွင် သူ့စက်ကို အသုံး နည်းလေသည်။ ၁၈၅၄ ခုနှစ်တွင်မှ ဟောင်းတီထွင်သော အပ်ချုပ်စက်ကို လူအများသုံးစွဲလာကြသည်။ ဟောင်းသည် လည်း မိမိ၏စက်ကိုမူပိုင်အတုယူ ပြုလုပ်ကြသူများနှင့် တရား တပေါင်ဖြစ်ပြီး အနိုင်ရသောအခါမှ အစိုးရရုံးတော်ကသူ့အား မူပိုင်အခွင့်အရေးသတ်မှတ်ပေးသဖြင့် နှစ်ပေါင်း ၂၅ နှစ်တိုင် တိုင် ဟောင်းသည် သူ၏တီထွင်မှုအတွက် အကျိုးခံစားခွင့်ရ သည်။

နောက်လူများသည် ဟောင်းတီထွင်ခဲ့သောအပ်ချုပ်စက် ကို အခြေခံထား၍ တိုးတက်ပြုပြင် လုပ်ကိုင်လာခဲ့ကြရာမှ ယခု ခေတ်တွင် ကျွနု်ပ်တို့အသုံးပြုလျက်ရှိသော အခြေအနေအဆင့် အတန်းမျိုးသို့ ရောက်ရှိလာကြခြင်းဖြစ်သည်။ ယခုအခါ ချုပ်ရိုး အမျိုးမျိုး ပြုလုပ်ပေးနိုင်သည့် အပ်ချုပ်စက်များ၊ အထပ်အတွန့် အပေါက်ဖောက်နိုင်သည့် အပ်ချုပ်စက်များ၊ ကြယ်သီးတပ်ပေး နိုင်သည့် အပ်ချုပ်စက်များ စသည်ဖြင့် အပ်ချုပ်စက်အမျိုးမျိုး ပေါ်ပေါက်လျက်ရှိလေပြီ။ ဤသို့ အပ်ချုပ်စက်အမျိုးမျိုးကို ကြံ စည်ပြုပြင် တီထွင်ခဲ့သူများတွင် ဂျွန် ဗိချ အဲလဒါ၊ အဲလင် ဗီ ဝီလဆန်၊ ဝီလျံ အို ဂရိုးဗား၊ ဂျိမ်း အေအီးဂစ်နှင့် အိုင်ဇပ် ဆင်းကားတို့မှာ ထင်ရှားသည်။

အဲလင်ဗီ ဝီလဆန်၏အပ်ချုပ်စက်များတွင် အဝတ်ကို ချုပ်ရင်း တစ်ဖြည်းဖြည်း ရှေ့သို့ဆွဲရွှေ့ပေးသွားသော ခွေးသွား စိတ်များတပ်ထားသည့် သတ္တုပြားကလေးပါရှိလေသည်။ ထို အချက်မှာ အပ်ချုပ်စက်များတွင် အတော်ပင်အရေးပါသော တိုး တက်မှုတစ်ရပ်ဖြစ်လေသည်။ ဂျိမ်းဂစ်ကမူ အပ်ချုပ်စက်ဖြင့် ဖွတ်မြီးချုပ်ရိုးချုပ်နိုင်အောင် တီထွင်ပြုလုပ်လေသည်။ မြန်မာနိုင်ငံတွင် အသုံးများလှသော ဆင်းကားအပ်ချုပ် စက်များသည် အိုင်ဇပ်ဆင်းကားဆိုသူ တီထွင်သော အပ်ချုပ် စက်ဖြစ်သည်။ ဆင်းကားသည် ပထမတွင် အပ်ချုပ်စက်များ မူပိုင်ပြုလုပ်ရောင်းချရေးနှင့်စပ်လျဉ်း၍ အီလီယပ်ဟောင်းနှင့် တရားတပေါင်ဖြစ်ရသေးသည်။ ဆင်းကားစက်များတွင် ရက် ဖောက်ကို ပိုမိုကောင်းမွန်အောင် ပြုပြင်လုပ်ကိုင်ထားလေသည်။ အထက်ဖော်ပြပါ အပ်ချုပ်စက်များအပြင် အခြားအမျိုး အစားအမည်မြောက်မြားလှသော အပ်ချုပ်စက်များလည်း ရှိပေ သေးသည်။ အချို့သောစက်များသည် လက်ဖြင့်လှည့်ရ၍ အချို့ မှာခြေဖြင့်နင်းရသည်။ ယခုတမူ လျှပ်စစ်ဓာတ်အားဖြင့် လည် သော စက်မျိုးပေါ်လျက်ရှိသည်။ အချုပ်သင်ရသော အပ်ချုပ် စက်ကလေးများမှာ အလွန်သေးငယ်၍ အလေးချိန်နှစ်ပေါင်ခွဲမျှ သာရှိပြီးလျှင် အကြီးစားအပ်ချုပ်စက်များမှာကား နှစ်တန်ခွဲခန့် အလေးချိန်ရှိ၍ အထူတစ်လက်မခွဲခန့်ရှိသော သားရေကြိုးပြား များကို ချုပ်ပေးနိုင်လေသည်။

အပ်ချုပ်စက်များကို တီထွင်စက တစ်မိနစ်လျှင် ချုပ်ချက်ပေါင်း ၂၅ဝ မျှသာပြီးစီး၍ လက်ချုပ်သည် ခုနစ်ဦး ချုပ်နိုင်သမျှသာပြီးသော်လည်း ယခုအခါ တစ်မိနစ်လျှင် ချုပ် ချက်ပေါင်း တစ်သောင်းနှစ် ထောင်အထိပင် ပြီးစီးသောစက်မျိုး ပေါ်ပေါက်လျက်ရှိလေပြီ။

အပ်တစ်ချောင်းဖြင့်သာ ချုပ်ရသော စက်မျိုးသာမက၊ အပ်နှစ်ချောင်း၊ လေးချောင်း၊ ခြောက်ချောင်း၊ ရှစ်ချောင်း ပါ သော စက်များလည်း ပေါ်ပေါက်လျက်ရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)