မာတိကာသို့ ခုန်သွားရန်

အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှု

ဝီကီပီးဒီးယား မှ

၁၉၈၃ ခုနှစ် အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှုသည် တောင်ကိုရီးယားနိုင်ငံသမ္မတ ချန်ဒူးဝမ်ကို[] လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံမှ []ကင်ဂျုံအီ ၏ လက်ချက်ဟု ယူဆကြသည်။

ဗုံးခွဲတိုက်ခိုက်ခြင်း

၁၉၈၃ ခုနှစ် အောက်တိုဘာလ ၉ ရက်တွင် တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ်သည် ရန်ကုန်မြို့သို့ အလည်အပတ်လာရောက်ခဲ့သည်။ ထိုသို့ အလည်အပတ် လာရောက်စဉ် အတွင်းတွင် ရွှေတိဂုံဘုရား ခြေရင်းရှိ အာဇာနည်ဗိမာန်တွင် လွမ်းသူ့ပန်းခွေ ချရန် စီစဉ်ထားခဲ့သည်။ ထို အာဇာနည်ဗိမာန်မှာ အာဇာနည်နေ့တွင် ကျဆုံးခဲ့သော ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည် ခေါင်းဆောင်ကြီးများ အတွက် ရည်စူး၍ တည်ဆောက်ထားခြင်း ဖြစ်သည်။

သမ္မတ၏ ဝန်ထမ်းများ အာဇာနည်ဗိမာန်အတွင်း စတင်စုရုံး ရောက်ရှိလာချိန်တွင် အာဇာနည်ဗိမာန်၏ ခေါင်မိုး အတွင်း ဝှက်ထားသော ဗုံး ၃လုံး ထဲမှ ၁လုံး စတင် ပေါက်ကွဲခဲ့သည်။ ထိုပေါက်ကွဲမှုမှ အောက်ဖက်ရှိ လူအုပ်အား ထိခိုက်စေပြီး ၂၁ ဦးသေဆုံးကာ ၄၆ ဦး ဒဏ်ရာရခဲ့သည်။ ထိုသို့ သေဆုံးခဲ့သူများတွင် တောင်ကိုရီးယားနိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီး လီဘျွန်ဆျောက် (Lee Beom-seok)၊ စီးပွားရေး စီမံကိန်း ဝန်ကြီး နှင့် ဒုတိယ ဝန်ကြီးချုပ် ဆူဆွခ်ဂျူး (Suh Suk Joo)၊ ကုန်သွယ်ရေးနှင့် ကုန်ထုတ်လုပ်မှု ဝန်ကြီး ကင်မ်ဒုန်ဝှီး တို့ အပါအဝင်ဖြစ်သည်။

အခြားသေဆုံးသူများမှာ သမ္မတ၏ အကြံပေးပုဂ္ဂိုလ်များ၊ သတင်းစာဆရာများ၊ လုံခြုံရေးဝန်ထမ်းများ ဖြစ်ကြသည်။ အများစုမှာ တောင်ကိုရီးယားနိုင်ငံသားများ ဖြစ်ကြပြီး မြန်မာနိုင်ငံသား သတင်းစာဆရာ ၃ ဦး အပါအဝင် စုစုပေါင်း ၄ ဦး ပါဝင်သည်။ သမ္မတ ချန်ဒူးဝမ် မသေဆုံးပဲ လွတ်မြောက်ခဲ့ရသည့် အကြောင်းမှာ သူ၏ ကားသည် ယာဉ်ကြောပိတ်ဆို့မှုကြောင့် အာဇာနည် ဗိမာန်သို့ အချိန်မီ မရောက်ဘဲ မိနစ် အနည်းငယ်မျှ နောက်ကျသွားသောကြောင့်ဖြစ်သည်။

ဗုံးသည် သမ္မတ မရောက်မီ တင်ကြို ပေါက်ကွဲရသည့် အကြောင်းမှာ ချန်ဒူးဝမ် ရောက်ရှိသည်ဟု အထင်မှားသည့် အတွက် ကြိုဆိုသည့် ခရာကို မိနစ် အနည်းငယ်မျှ စောပြီး မှုတ်မိသောကြောင့် ဖြစ်သည်။ မြောက်ကိုရီးယား အကြမ်းဖက်သမားသည် အာဇာနည်ကုန်း အနီး ဦးဝိစာရ လမ်းမပေါ်ရှိ ရွှေလင်းယုန် မော်တော်ဆားဗစ် ဝင်းအတွင်းတွင် မော်တော်ကား ပြုပြင်ဟန်ဆောင်၍ စောင့်ဆိုင်းနေခဲ့ပြီး ခရာသံ ကြားသည့် အခါတွင် အဝေးထိန်းစနစ်ဖြင့် ဗုံးကို ဖောက်ခွဲခဲ့သည်ဟု ဆိုကြသည်။

နောက်ပိုင်း အဖြစ်များ

မြန်မာရဲတပ်ဖွဲ့မှ မသင်္ကာသူ ၃ ဦးအား ဖော်ထုတ်ခဲ့ပြီး ၎င်းတို့မှာ မြောက်ကိုရီးယားမှ ဗိုလ်မှူး တစ်ဦး နှင့် ဗိုလ်ကြီး တစ်ဦးတို့ဖြစ်သည်။ ရဲအဖွဲ့၏ စုံစမ်းမှု အရ သူတို့သည် ရန်ကုန် ဆိပ်ကမ်းတွင် ကပ်ထားသော သင်္ဘောတစ်စင်းပေါ်မှ တိတ်တဆိတ် ဆင်းသက်လာခဲ့ပြီး မြောက်ကိုရီးယား သံရုံးမှ ပေါက်ကွဲစေတပ်သော ပစ္စည်းများကို ရယူခဲ့သည်ဟု သိရသည်။ ထို ၃ဦးထဲမှ ကင်မေချူး နှင့် အခြားတစ်ဦးတို့မှာ ထိုနေ့တွင်ပင် လက်ပစ်ဗုံးဖြင့် မိမိကိုယ်ကို သေကြောင်းကြံရန် ကြိုးစားခဲ့သော်လည်း မသေဘဲ အဖမ်းခံခဲ့ရပြီး ကင်မေချူးမှာ လက်တစ်ဖက် ပြတ်ခဲ့သည်။

ကင်မေချူးသည် အာဇာနည်ကုန်း ခေါင်မိုးတွင် ဗုံးတက်ချိတ်သူဟု သိရသည်။ တတိယမြောက် မသင်္ကာသူ တစ်ဦးဖြစ်သော ဇင်ဘိုမှာ မြောက်ကိုရီးယားမှ လာရောက် ခေါ်ဆောင်မည့် ရေငုပ်သင်္ဘောရှိရာသို့ ထွက်ပြေးသည်ဟု ယူဆရသော်လည်း ပုဇွန်တောင်ချောင်း အနီးတွင် အဖမ်းခံခဲ့ရသည်။

သို့သော် အဖမ်းမခံရမီတွင် မြန်မာ စစ်သား ၃ ဦးကို သတ်ပစ်ခဲ့ပြီး သူ့အား ပစ်ခတ်ဖမ်းဆီးခဲ့ရသည်။ ကင်မေချူးက မြောက်ကိုရီးယား နှင့် ဆက်နွယ်နေမှုကို ဝန်ခံခဲ့ပြီး အစိုးရသက်သေ အဖြစ် ထွက်ဆိုခဲ့သဖြင့် သေဒဏ်မှ လွတ်ကင်းခွင့် ရခဲ့ပြီး ထောင်တစ်သက် ချမှတ်ခြင်း ခံခဲ့ရသည်။ အခြား နှစ်ဦးမှာ ကြိုးပေး အသတ်ခံခဲ့ရသည်။ မြောက်ကိုရီးယားက ကင်မေချူးသည် သူတို့နှင့် ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။ ကင်မေချူးအား အင်းစိန်ထောင်တွင် အကျဉ်းချထားခဲ့သည်။

ထိုဗုံးခွဲတိုက်ခိုက်မှုကြောင့် မြန်မာ အစိုးရက မြောက်ကိုရီးယား သံအဖွဲ့ကို မောင်းထုတ်ခဲ့ပြီး မြောက်ကိုရီးယားနှင့် သံတမန် အဆက်အသွယ် ဖြတ်တောက်ခဲ့သည်။ ဗုံးမကွဲမီ အချိန်က မြောက်ကိုရီးယား၊ တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့အား သုံးပွင့်ဆိုင် ဆွေးနွေးရေး အတွက် ဦးဆောင်ခဲ့သော တရုတ်နိုင်ငံက မြောက်ကိုရီးယားကို နိုင်ငံပိုင် သတင်းစာမှ တဆင့် ရှုံ့ချ ပြောဆိုခဲ့သည်။ ထိုမှစ၍ လပေါင်းများစွာတိုင်အောင် တရုတ် အရာရှိတို့သည် မြောက်ကိုရီးယားနှင့် တွေ့ဆုံဆွေးနွေးခြင်းအား ရပ်ဆိုင်းထားခဲ့သည်။

ကင်မေချူးသည် မြန်မာနိုင်ငံတွင် သက်တမ်း အရှည်ဆုံး ထောင်ဒဏ် ကျခံနေရသော အကျဉ်းသား တစ်ဦးဖြစ်သည်။ ထောင်တွင်းရှိ အခြား အကျဉ်းသားများ၏ အဆိုအရ သူသည် မြန်မာစကားကို ကျွမ်းကျင်စွာ ပြောဆိုတတ်သည်ဟု သိရသည်။ မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားတို့ သံတမာန် အဆက်အသွယ် ပြန်လည် ဖွင့်လှစ်ခဲ့ခြင်းကြောင့် ကင်မေချူး၏ ကံကြမ္မာကို မည်သူတစ်ဦး တစ်ယောက်မှ မပြောဆိုနိုင်ကြပေ။ အဘယ်ကြောင့်ဆိုသော် မြောက်ကိုရီးယားမှ သူသည် မြောက်ကိုရီးယားနိုင်ငံသား တစ်ဦးဖြစ်ကြောင်း ငြင်းဆိုထားသဖြင့် သူ့အား နိုင်ငံမရှိသူဟု သတ်မှတ်ရမည် ဖြစ်သည်။

ကင်မေချူးသည် မြောက်ကိုရီးယားသို့ မပြန်လိုပေ။ အကြောင်းမှာ သူ့အား သစ္စာဖောက် အဖြစ် သတ်မှတ်ထားသောကြောင့် ဖြစ်သည်။ တောင်ကိုရီးယား အနေနှင့် လုပ်ကြံသတ်ဖြတ်မှု အတွက် သူ့အား တရားစွဲမည် ဖြစ်သောကြောင့် သူ့အနေနှင့် တောင်ကိုရီးယားသို့လည်း မသွားလိုပေ။ ၂၀၀၆ ခုနှစ်တွင် တောင်ကိုရီးယား ဂရင်း နေရှင်နယ် ပါတီမှ ယခင် ထောက်လှမ်းရေး ဝန်ထမ်းဟောင်း တစ်ဦးဖြစ်သော ချန်ဟွမ်ကွမ်း (Chung Hyung-Keun) က ကင်မေချူးအား တောင်ကိုရီးယားသို့ ပြန်လည်ခေါ်ဆောင် နိုင်ရေး အတွက် ဥပဒေကြမ်း တစ်စောင် တင်သွင်းခဲ့သည်။ ကင်မေချူးသည် ၂၀၀၈ ခုနှစ် မေလ ၁၈ ရက်တွင် အသည်းကင်ဆာ ရောဂါဖြင့် သေဆုံးခဲ့သည်။

  1. "Materials on massacre of Korean officials in Rangoon"၊ Korea & World Affairs၊ Historical Abstracts, EBSCOhost၊ 7 (4): 735၊ Winter 1983 |access-date= က |url= ကို လိုအပ်သည် (အကူအညီ).
  2. Aung၊ Htet (23 April 2007)၊ "Status of North Korean Terror Prisoner May Change"The Irrawaddy27 April 2007 တွင် ပြန်စစ်ပြီး