အထူးအာဏာရသူကြီး

ဝီကီပီးဒီးယား မှ

အထူးအာဏာရသူကြီး ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ လေးမြေရွာဇာတိသား တစ်ယောက်သည် ကာလပျက်သောအခါ ဝင်ဘိုရွာသို့ ပြောင်းရွေ့နေထိုင်သည်။ ဩဇာအာဏာ၊ ဥစ္စာပစ္စည်းကြွယ်ဝသူ ဖြစ်လေသောကြောင့် ရွာသူရွာသားတို့ သူကြီးမြှောက်ကြပြီး သေနတ်နှစ်လက်ကိုင် ရသည်။ ထိုသူကြီးသည် သဒ္ဒါသင်္ဂြိုဟ်တတ်သည်၊ စာရေးစာစီဝါသနာပါသည်ကို ဖွဲ့ဆိုထားသည်။

အထူးအာဏာရသူကြီး[ပြင်ဆင်ရန်]

လေးရွှေမြေ ရှေးဒေသက၊ မွေးဖခင်ဖေမေတို့၊ ရွှေငွေတွေ ကု ဋေဖူးလောက်တဲ့၊ အသရေထူးပုံဂုဏ်ကျော်ဟိုးထဲ့၊ ဦးတိုးစံတပွင်ငဲ့မှာ၊ ဖြိုးလျှံတင့်ကံမြင့်ခိုင်။

မ မ လ ရွာသာမဟိန်က၊ မာဃဝိန် တာဝတိမ်သို့ရောက်တော့၊ စိန်ကျောက်ဖြူကမ္ဗလာက၊ အသူရာဗြူဟာ လျှောလေသို့၊ သီပေါစံကြမ္မာ ခေသောကြောင့်၊ သတ္တဝါတွေ ကမ္ဘာဝေလို့ ပွက်ကြ၊ ပြေပျက်တွင် ရွှေဘိုသို့ဆိုက်တော့၊ ထိုတိုက်မှာ ရွာကြည်ညိုသောကြောင့်၊ ရာဇဂြိုဟ်ပြည်ကပြောင်းခဲ့တဲ့၊ တကောင်းစံ တဆူထီးကဲ့သို့၊ သူကြီးခံကလန်လို့ တားပြန်တော့၊ တပါးသခင်ဘုရင်မြတ်ကယ်က၊ အနားတွင် အစဉ်မပြတ်စေနှင့်၊ ဒါးသေနတ်ကိုင်။

ကစ္စည်းဆရာ၏၊ နည်းသဒ္ဒါ ဗျည်းအက္ခရာပုဒ်ကတို့၊ သုတ်ရုပ်ပါ၊ နှုတ်အာရွလို့၊ ဗုဒ္ဓမတ္တညုနှင့်၊ ရှင်အနူရုဒ္ဓါလင်းခဲ့တဲ့၊ စာသင်္ဂြိုဟ်ပရမာကျမ်းတို့၊ တက်ကျွမ်း၍ အခေါင်တိုင်၊ ဆောင်နိုင်တဲ့ မတ်ရှစ်သောင်း။

မင်းအလုပ်တွေက၊ စင်းကုတ်ပြန်ရှုပ်ဟန်ထွေးလှချည့်၊ ကိုယ့်ကျေးကိုယ့်ခရိုင်သို့၊ အရေးပိုင်နယ်ပိုင်တို့၊ ရောက်ကြလျှင်၊ မက်လောက်အောင် လက်ဆောင်ပြုလို့၊ ကြက်ဥတွေကြက်ကောင်ပေးရသည်၊ နောင်ရေးကို ကြံဖန်လို့၊ သူဌေးစံဘုရားဒကာတိုးငဲ့၊ ဘာဝနာမျိုးမှာ ပါရဂူတို့၊ အကျိုးယူ စိတ်ပုတီးနှင့်၊ ပုဆိုးဖြူ ပိတ်ကိုဆီးလို့၊ အမြတ်တကာတွင်၊ အရဟတ္တမာခွင်သို့၊ နီးရအောင် ပရမတ်ဆရာခံ၊ ရပ်ရွာကလန် သူကြီးကိုဖြင့်၊ ညီးလောက်သင့်ကောင်း။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ မဟိန် = မဟိန္ဒ (ဝါ) သိကြားမင်း။

၂။ မာဃဝိန် = သိကြားမင်း။

၃။ ဗြူဟာ = စစ်။

၄။ ဗုဒ္ဓမတ္တညု = ဘုရားသခင်၏ အလိုတော်ကို သိသူ။

၅။ ပရမာကျမ်း = ပရမတ္တတရားကို အလင်းပြသောကျမ်း။

၆။ စင်းကုတ် = မူကွဲမရ၍ ဤအတိုင်းထားသည်၊ အနက်ကြံ၍ မရ။

၇။ ကလန် = ရပ်ရွာအကြီးအကဲ။

၈။ ညီးလောက် = ဤတွင် မှီးလောက်သင့်ကောင်းဟု ဖြစ်မည်ထင်၏။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။