အထက်ဗဟိုက ကြွက်ဂြိုဟ်

ဝီကီပီးဒီးယား မှ

အထက်ဗဟိုက ကြွက်ဂြိုဟ် ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

ကမ္ဘာအစက မဟာသမတမင်းတို့ စိုးစံတော်မူစဉ် စကြဝဠာတံတိုင်း၌ ဓမ္မတာ အစဉ်ရှိသော လောကီဗေဒင်ကျမ်းများကို ရသေ့ ဆယ်ဦးတို့ ကူးယူခဲ့ကြောင်း၊ ဂြိုဟ်လမ်းတို့ မမှန် ဖောက်ပြန်နေကြောင်း၊ ကြာသပတေးဂြိုဟ်တလုံး ထွန်းလင်းနေကြောင်း စသည်ဖြင့် ဖွဲ့ဆိုထားသော ကြာသပတေးဂြိဟ်ဖွဲ့ သံချို ဖြစ်သည်။

အထက်ဗဟိုက ကြွက်ဂြိုဟ်[ပြင်ဆင်ရန်]

ကမ္ဘာတွင်၊ မဟာသမတရယ်တို့၊ ရဇတငွေရွှေပေရွက်ကယ်နဲ့၊ ခြွေသက်ကာစကြဝဠာနရမ်းတွင်မှ၊ စာတမ်းစဉ်ဓမ္မတာထားခဲ့၊ စိန်သွားချွန်ကညစ်ဖူးရယ်နဲ့၊ ရှေးခါဝယ်ရသေ့ဆယ်ဦးရယ်တို့၊ ကူးယူခဲ့ကျမ်းဗေဒင်။

အကူးမှာဦးသာဝတဲ့၊ အစသည်တွင်ရုံးခဲ့၊ (လ) သုံးဆယ်နောင်တာရှည်၍၊ ဂြိုဟ်စနေမမှန်ပြီဘု၊ လမ်းမညီကြာသပတေးသာပ၊ ပြည်ရေးရာတွေးကာသိနိုင်ဘု၊ နိယဠုံ သီဟဇာနှင့်၊ ကလီကမာ ဖီလာရွေ့သော်ကြောင့်၊ ဂဏန်းမှာစမ်းကာမတွေ့ဘု၊ လမ်းကောက်ကွေ့ဝင်။

မုသိကာ လူ့ရွာကြွက်တွေဘို့၊ အမျက်အလွန်ကြီးသည်ဟု၊ ဖျက်ဆီးကာမိအောင်ဖမ်းရမတဲ့၊ ကြေချမ်းမယ် သည်လိုကိန်းရယ်နဲ့၊ ငြိမ်းမယ်လို့ ဟန်မထင်၊ မြန်ခွင်ရှိနယ်အဝန်း။

အကောက်သည်လိုဉာဏ်နှင့်၊ ဖောက်ပြန်ကာဤလိုပြုချင်တော့၊ ခြောက်ခုကြိမ်မိန်ရာသီက၊ ဒွာဒသီအိပ်နေကြနှင့်၊ မိဿမှာ ရာသီခံလို့၊ (လ) သင်္ကြန်ပြန်မဖြေ့ပြီဘု၊ ဇီဝှာဂြိုဟ် သီဟဇာသို့မွှေ့တာမို့၊ ဟိုရှေ့မေဓုန်သို့ကူးချည်တော့၊ ကြုံဘူးပေါင်သည်အခက်လို့ဖြင့်၊ ကောင်းကင်တွင်မောင်းဆင်တဲ့ ကြွက်ကိုတဲ့၊ မြင်ရက်ပင် မိအောင်မဖမ်းနိုင်ဘု၊ ယောင်ယမ်းကာလူ့ရွာကြွက်တွေဘို့၊ ကြေပျက်ခါမရဏာသို့ ဆုံးရှာကြ၊ ထက်ဗဟိုတွင်၊ စက်ခိုအုံးပေတဲ့၊ မပျက်ပြိုနိုင်၊ ကြွက်ဂြိုဟ်တလုံးရယ်၊ ဘုန်းတောက်လို့ထွန်း။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ ဦးသာဝ = တနင်္ဂနွေ၊ သောကြာ၊ ဗုဒ္ဓဟူးဂြိုဟ်တို့သည် တရာသီတွင် တလသာနေကြ၏။

၂။ နိယဠုံ = နိယထုံ၊ ရှေ့သို့သွားသင့်လျက် မသွားပဲနေရ၌ အချိန်ပို၍ နေခြင်း။

၃။ သီဟဇာ = မသွားသင့်သေးပဲလျက် ရှေ့သို့တိုးတက်ခြင်း။

၄။ ဗျဂ္ဃဇာ = ကျားကဲ့သို့ရှေ့သို့ခုန်လိုက် နောက်သို့ပြန်လိုက်ပြုခြင်း။

၅။ မုသိကာ = ကြွက်။

၆။ ဇီဝှာဂြိုဟ် = ကြာသပတေးဂြိုဟ်။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။