အဇိတထေရ်

ဝီကီပီးဒီးယား မှ

အရှင်အဇိတထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ထေရုပ္ပတ္တိ[ပြင်ဆင်ရန်]

အဇိတထေရ်သည် သာဝတ္ထိပြည့်ရှင် ဘုရင်ကောသလမင်းကြီး၏ လေးလေးမြတ်မြတ် ဆည်းကပ်ကိုးကွယ်ထားသည့် မင်းဆရာနှင့် ပုဏ္ဏေးမတို့၏သားဖြစ်သည်။ အဇိတ သတို့သား ဖွားမြင်စဉ်အခါက ဂေါတမမြတ်စွာဘုရား ပွင့်တော် မမူသေးပေ။ အရွယ်သို့ရောက်လတ်သော် အိမ်ရာထောင်သည့် လူ့ဘောင်တွင် မမွေ့လျော်သဖြင့် ဗာဝရီရသေ့ကြီးထံတွင် ရသေ့ကလေး ပြုလုပ်နေလေသည်။

ဗာဝရီရသေ့ကြီးကား ယောက်ျားမြတ်လက္ခဏာနှင့် ပြည့်စုံသည့်ပြင် ဗေဒင်သုံးပုံနှင့်တကွ ကျမ်းဂန် အရပ်ရပ်ကို တတ်မြောက်သဖြင့် အိန္ဒိယနိုင်ငံ တစ်ဝန်းလုံးမှ မင်းအပေါင်းနှင့် တကွ တိုင်းသူပြည်သားတို့၏ ဝပ်တွားကော်ရော် ပူဇော်ခြင်းကို ခံရလေသည်။ တပည့်ရသေ့ပေါင်းများစွာနှင့် ဂေါဓာဝတီမြစ် ကမ်းအနီးတွင် တိုက်တာ အာရာမ်ကြီးဖွဲ့ပြီးလျှင် တခမ်းတနား နေထိုင်၏။ ထိုအခိုက်တွင် လောကသုံးပါး၌ ဂေါတမရှင်တော် မြတ်ဘုရားသည် ထင်ရှားစွာ ပွင့်၍လာလေသည်။ ဗာဝရီရသေ့ကြီးသည် သစ္စာလေးပါးကို သိမြင်သည့် ဘုရားရှင်ပွင့်တော်မူ ကြောင်း ကြားသိသောအခါ ဘုရားစစ် ဘုရားမှန် ဟုတ်မဟုတ် သိလိုသဖြင့် တပည့်ဖြစ်သော အဇိတရသေ့ကလေးအား ထောက် လှမ်းစုံစမ်းရန် ဘုရားရှင်ရှိရာသို့ စေလွှတ်လိုက် လေသည်။

အဇိတရသေ့သည် အဖော်ရသေ့များနှင့်အတူ ဘုရားရှင်ရှိရာ သို့သွား၍ ရောက်သောအခါ မဟာပုရိသ လက္ခဏာတော်ကြီး များနှင့်တကွ ဘုရားစင်စစ် အမှန်ဖြစ်သည့် နိမိတ်များကို စုံစမ်းစစ်ဆေးကြည့်ရှု၏။ ဘုရား စင်စစ် ဧကန်ဖြစ်ကြောင်း သိရသည်နှင့် အဇိတရသေ့သည် နှုတ်မမြွက်ဘဲ စိတ်ဖြင့်သာ လျှင် ပုစ္ဆာများကို မေးမြန်းလေသည်။ ရှင်တော်ဘုရားကလည်း မေးမြန်းသည့်ပုစ္ဆာအရပ်ရပ်ကို စိတ်တော်ဖြင့်သာလျှင် ဆုံးဖြတ် ဖြေကြားတော်မူ၏။ အဇိတရသေ့သည် အလွန်ကျေနပ် ဝမ်းမြောက်ပြီးလျှင် ဘုရားရှင်၌ သဒ္ဓါတရားဖြင့် လွန်စွာ ကြည်ညို ရကား သာသနာ့ဘောင်သို့ ဝင်ရန် ရဟန်းပြုလေသည်။ ရဟန်း ဖြစ်ပြီးသည့်အခါ၌လည်း အဇိတထေရ်ဟူ၍ပင် ထင်ရှား ကျော် စောလေသည်။ ရဟန်းဖြစ်ပြီးသည့်အခါ ဘုရားထံမှ သင့်လျော်သည့် ကမ္မဋ္ဌာန်းကိုတောင်း၍ ဆိတ်ငြိမ်ရာသို့ ကပ်ပြီးလျှင် ဝိပဿနာတရား အားထုတ်ရာ၌ ပါရမီအလျောက် မကြာမီပင် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁][၂]


ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ထေရာပဒါန်ပါဠိတော်၊ ပိလိန္ဒဝစ္ဆဝဂ်
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)