အဇန္တလိုဏ်ဂူ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
အဇန္တ လှိုဏ်ဂူများ*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

Ajanta (63).jpg
တည်ရှိသည့် နိုင်ငံ  အိန္ဒိယ
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း i, ii,iii,vi
ကိုးကား ၂၄၂
ဒေသ** အာရှ နှင့် ပစိဖိတ်
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၃  (သတ္တမအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ
လှိုဏ်ဂူအမှတ် ၁၉၊ အာဂျန်တာ၊ ၅ ရာစုနှစ်မှ ဘာသာရေးခန်းမဆောင်

အာဂျန်တာ လှိုဏ်ဂူများ သည် အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ် အော်ရန်ဂါဘတ်ခရိုင်တွင် တည်ရှိသော ဘီစီ ၂ရာစုမှ အေဒီ ၄၈၀ ခုနှစ်အတွင်း ကျောက်ဂူကို ထွင်းထု တည်ဆောက်ခဲ့သည့် အခု ၃၀ ခန့် ရှိသော ဗုဒ္ဓဘာသာဆိုင်ရာ လှိုဏ်ဂူများ ဖြစ်ကြသည်။ [၁]ထိုလှိုဏ်ဂူများအတွင်း ပန်းချီများနှင့် ကျောက်တုံးကို ဖြတ်တောက်ထုဆစ်ထားသော ပန်းပုရုပ်များ ပါဝင်ပြီး ရှေးဟောင်းအိန္ဒိယ အနုပညာ၏ အကောင်းဆုံး ကြွင်းကျန်ရစ်သော လက်ရာများဟု ဖော်ပြလေ့ရှိကြပြီး အထူးသဖြင့် စိတ်ခံစားမှုကို လက်အမူအရာ၊ ကိုယ်နေဟန်ထား၊ ပုံစံတို့ဖြင့် ဖော်ပြထားသော လက်ရာမြောက် ပန်းချီများဖြစ်သည်။[၂][၃][၄]

ယူနက်စကို၏ အဆိုအရ ၎င်းတို့သည် ဗုဒ္ဓဘာသာဆိုင်ရာ အနုပညာများ၏ အကောင်းဆုံးလက်ရာများဖြစ်ပြီး နောက်ပိုင်း အိန္ဒိယအနုပညာအား လွှမ်းမိုးမှု ရှိသည်ဟု ဆိုသည်။[၅] လှိုဏ်ဂူများကို အပိုင်းအခြား ၂ ခု အတွင်း တည်ဆောက်ခဲ့ပြီး ပထမပိုင်းမှာ ဘီစီ ၂ရာစုခန့်တွင် စတင်ကာ ဒုတိယပိုင်းမှာ ရှေးခေတ်မှတ်တမ်းများ အရ အေဒီ ၄၀၀ မှ ၆၅၀ ခုနှစ်အတွင်း ဖြစ်ပြီး နောက်ပိုင်းတွေ့ရှိချက်များအရ အေဒီ ၄၆၀ မှ ၄၈၀ အတွင်းတွင် ဖြစ်သည်။ [၆] ထိုဒေသအား အိန္ဒိယ ရှေးဟောင်းသုတေသန ကွင်းဆင်းလေ့လာရေးဌာန မှ စောင့်ရှောက်ထိန်းသိမ်းထားပြီး [၇] ၁၉၈၃ ခုမှစ၍ အာဂျန်တာလှိုဏ်ဂူများအား ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းတွင် ထည့်သွင်းခဲ့သည်။

အာဂျန်တာလှိုဏ်ဂူများတွင်ရှေးဟောင်း ဘုန်းကြီးကျောင်းများနှင့် ဘုရားဝတ်ပြုရာ နေရာများ ပါဝင်ပြီး ၇၅-မီတာ (၂၄၆-ပေ) မြင့်သော ကျောက်သားပေါ်တွင် အမျိုးမျိုးသော ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာများနှင့် သက်ဆိုင်သော အရာများကို ထွင်းထု ပုံဖော်ထားသည်။ [၈][၉] ထိုလှိုဏ်ဂူများတွင် ဗုဒ္ဓဘုရားရှင်၏ ရှေးယခင်ဘဝများ နှင့် တဖန်ပြန်လည်ဝင်စားခြင်းနှင့် ဆိုင်သော စာဏကျ၏ ဇာတကဇာတ်တော်မှ ရုပ်ပြဇာတ်လမ်းများ ကို ဆေးဖြင့် ရေးဆွဲထားပြီး ဗုဒ္ဓဘာသာနှင့် ဆိုင်သော နတ်များကိုလည်း ကျောက်သားကို ထွင်းထု၍ ပန်းပုထုထားသည်။[၈][၁၀][၁၁] စာဖြင့်ရေးသားထားသော မှတ်တမ်းများအရ ထိုလှိုဏ်ဂူများမှာ သံဃာတော်များအတွက် မုတ်သုံကာလ အတွင်း သီတင်းသုံးရာ နေရာဖြစ်သကဲ့သို့ ရှေးခေတ် ကုန်သည်များနှင့် ဘုရားဖူးများ၏ နားခိုရာ နေရာလည်းဖြစ်သည်။ [၈] အိန္ဒိယနိုင်ငံ၏ သမိုင်းတွင် တောက်ပသော အရောင်များ အသုံးပြုခြင်းနှင့် နံရံဆေးရေးပန်းချီ ရေးဆွဲခြင်းတို့သည် ထင်ရှားသော်လည်း အာဂျန်တာ၏ လှိုဏ်ဂူအမှတ် ၁၆, ၁၇, ၁ နှင့် ၂ တို့သည် ရှေးခေတ် အိန္ဒိယ နံရံဆေးရေးပန်းချီတွင် အများပြားဆုံး အကြွင်းအကျန် အစုအဝေး ဖြစ်သည်။[၁၂]

အာဂျန်တာလှိုဏ်ဂူများအား အနီးအနားရှိ တောင်ကုန်းပေါ်မှ မြင်ရသော မြင်ကွင်းကျယ်

အာဂျန်တာ လှိုဏ်ဂူများ၏ အကြောင်းကို အလယ်ခေတ် တရုတ်နိုင်ငံမှ ဗုဒ္ဓဘာသာ အိန္ဒိယသို့ လာရောက်သော ခရီးသွားတို့၏ မှတ်တမ်းများတွင် ဖော်ပြထားပြီး ၁၇ ရာစု အစောပိုင်း မဂိုခေတ် အက္ကဘာမင်း လက်ထက် မင်းမှုထမ်းတို့၏ မှတ်တမ်းများတွင်လည်း ဖော်ပြထားသည်။[၁၃] ၎င်းတို့အား တောအုပ်များမှ ဖုံးအုပ်ထားပြီး ၁၈၁၉ ခုနှစ်တွင် ကိုလိုနီခေတ် ဗြိတိသျှအရာရှိ ကပ္ပတိန်ဂျွန်စမစ် မှ ကျား ၏နောက် အမဲလိုက်ရာမှ မတော်တဆ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ [၁၄] ထိုလှိုဏ်ဂူများသည် ဒက်ကန် ကုန်းမြေမြင့်ရှိ[၁၅][၁၆] ဝဂ္ဂါမြစ်၏ ပစောက်ပုံ ချောက်ကမ်းပါး မြောက်ဘက် ကျောက်တောင်နံရံအတွင်း တည်ရှိသည်။[၁၇] ချောက်ကမ်းပါးအတွင်း ရေတံခွန်များရှိနေပြီး မြစ်ရေတက်ချိန်များတွင် ရေတံခွန်များမှ ရေကျသံကို ဂူများ၏ အပြင်ဘက်မှ ကြားနိုင်သည်။[၁၈]

အယ်လိုရာ လှိုဏ်ဂူများနှင့် အတူ အာဂျန်တာ လှိုဏ်ဂူများသည် မဟာရဋ္ဌပြည်နယ်အတွက် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်ရာ အဓိကနေရာတစ်ခု ဖြစ်သည်။ ဖာဒပူရ်မြို့မှ ၆ ကီလိုမီတာ (၃.၇ မိုင်) အကွာ၊ မဟာရဋ္ဌပြည်နယ်ရှိ ဂျယ်ဂါအွန်မြို့မှ ၅၉ ကီလိုမီတာ (၃၇ မိုင်) အကွာ၊ အော်ရန်ဂါဘတ်မြို့မှ ၁၀၄ ကီလိုမီတာ (၆၅ မိုင်) အကွာ နှင့် မွမ်ဘိုင်းမြို့ ၏ အရှေ့-အရှေ့မြောက်ဘက် ၃၅၀ ကီလိုမီတာ (၂၂၀ မိုင်) အကွာတွင် တည်ရှိသည်။ [၈][၁၉]အာဂျန်တာ လှိုဏ်ဂူများသည် ဟိန္ဒူဘာသာ၊ ဂျိမ်းဘာသာ နှင့် ဗုဒ္ဓဘာသာဆိုင်ရာ လှိုဏ်ဂူများရှိသော အယ်လိုရာ လှိုဏ်ဂူများမှ ၁၀၀ ကီလိုမီတာ (၆၂ မိုင်)အကွာတွင် ရှိပြီး ထိုလှိုဏ်ဂူများမှာလည်း အာဂျန်တာလှိုဏ်ဂူများနှင့် ခေတ်ချင်း အတူတူပင် ဖြစ်သည်။ အာဂျန်တာလှိုဏ်ဂူကဲ့သို့သော ပုံစမှားကို အယ်လိုရာလှိုဏ်ဂူများ နှင့် အတူ အခြားသော နေရာများဖြစ်သည့် အယ်လီဖန်တာ လှိုဏ်ဂူများ ၊ အော်ရန်ဂါဘတ် လှိုဏ်ဂူများ၊ ရှိဗလဲနီ လှိုဏ်ဂူများနှင့် ကနာဋကရှိ ဂူဘုရားကျောင်းများတွင် တွေ့ရသည်။[၂၀]




အိန္ဒိယသမ္မတနိုင်ငံ ယခင်ဟိုက်ဒရဗတ်ပြည်နယ်ယခု မဟာရဋ္ဌပြည်နယ်၏မြောက်ဘက် နယ်စပ်တွင်ရှိသော အဇန္တလိုဏ်ဂူသည် ဗိသုကာ၊ ပန်းတမော့နှင့် ပန်းချီ အတတ်တည်းဟူသော အနုပညာ သုံးရပ်၏ အကောင်းဆုံး လက်ရာများကို တစ်ပေါင်းတည်း တစ်ပြိုင်တည်း တွေ့ရှိရ သဖြင့် ထင်ရှားကျော်ကြားလေသည်။ အဇန္တလိုဏ်ဂူများရှိရာဒေသသည်ပင် သာယာကြည်နူးဖွယ်ရာကောင်းပေသည်။ ထိုဒေသသည် အိန္ဒိယနိုင်ငံ မြောက်ပိုင်းနှင့် တောင်ပိုင်းအစပ်၊ အညဒြီတောင်ကုန်းဒေသတွင် ပါဝင်၍၊ စိမ်းလန်းစိုပြည်သော သစ်ပင်တောအုပ်တို့ဖြင့် ဖုံးလွှမ်းလျက် ရှိပြီးလျှင် လျှိုမြောင်ချောက်ကမ်းပါးတို့လည်း ပေါများသည်။ ဝါဂုရမြစ်သည် ဒက္ခိဏကုန်းပြင်မြင့်၏ မြောက်ဘက်ဆင်ခြေလျှောကို ဖြတ်သန်းလာရာ၊ ထိုအရပ်တွင် တံတောင်ဆစ်ချိုးကွေ့ လျက် ဗီရာနယ်နှင့်တပ္ပတိမြစ်ဝှမ်း မြေပြန့်ဒေသတို့ စီးဝင်လေသည်။


တံတောင်ဆစ်ချိုးအကွေ့နေရာ၌ ကျောက်တောင်တို့သည် ဆန်းစလ၏ ပုံသဏ္ဌာန် ခပ်ကွေးကွေးတည်ရှိကြသည်။ ဆိုခဲ့ သောဝါဂုရမြစ်သည် ထိုနေရာ၌ နက်ရှိုင်းမတ်စောက်သော ချောက်ကမ်းပါး၏အဆုံး၌ ရေတံခွန်ခုနစ်ခုရှိသည်။ ယင်းသို့ ထူးခြားသော အနေအထားဖြင့် ရှိနေသည့် ကျောက်တောင်များ နှင့် လျှို၊ မြောင်၊ ချောက်ကမ်းပါး၊ ရေတံခွန်၊ စိမ့်စမ်းတို့သည် ထိုဒေသကို သာယာကြည်နူးဖွယ်ရာ တောတောင် သေလာအဖြစ် ဖန်တီးပေးကြလေသည်။မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက် နှစ်ပေါင်း ၃ဝဝ ခန့်အလွန်တွင် သာယာရှုမောဖွယ်ကောင်း၍ လူသူ ပေါက်ရောက် ရန် ခဲယဉ်းသော ထိုဒေသသို့ ဗုဒ္ဓဝါဒီရဟန်းတော်တစ်စုတို့ ရောက်ရှိလာသည်။ ထိုဒေသသည် ဝါတွင်း မိုးကာလ၌ ဝါကပ် ၍ ပရိယတ္တိ၊ ပဋိပတ္တိတို့ကို လေ့လာပြီးလျှင် ကမ္မဋ္ဌာန်း တရား အားထုတ်ရန်အတွက် လျောက်ပတ်သင့်လျော်သဖြင့် ထိုအရပ်၌ လိုဏ်ဂူတို့ကို ကျောင်းသင်္ခမ်းပြုကာ သီတင်းသုံးကြရန်ဆုံးဖြတ်ခဲ့ကြဟန်တူပေသည်။ဗုဒ္ဓရှင်တော်ဘုရားကလည်း တပည့်သားသံဃာတော်တို့ နေအပ်သော ဌာနငါးပါးတွင် လိုဏ်ဂူကျောင်းသင်္ခမ်းကိုလည်း တစ်ပါးအဖြစ် ထည့်သွင်း ခဲ့လေသည်။

ရဟန်းတော်တို့သည် လူသူကင်းဝေး၍ ဆိတ်ငြိမ် သာယာ သော ထိုအရပ်တွင် မိမိတို့အတွက် သင့်တင့်လျောက် ပတ်ရုံမျှ ဂူလိုဏ်တို့ကို ပြုပြင်၍ ကျောင်းသင်္ခမ်းပြုကာ မူလက သီတင်း သုံးခဲ့ဟန်တူသော် လည်း ထိုရဟန်းတို့၏ ဂုဏ်သတင်းပျံ့နှံ့၍ အနီးအနားမှ သဒ္ဓါကြည်ညိုသူဒါယကာများ ပေါ်ပေါက်လာ ဟန်ရှိသည်။ ထိုဒါယကာများသည် လိုဏ်ဂူများကို ရဟန်း တော်များအတွက် မွေ့လျော်ဖွယ်ရှိသော ဝိဟာရ (ကျောင်း)များ အဖြစ် ရောက်အောင် တစတစ တိုးချဲ့မွမ်းမံပေးကြဟန်တူပေ သည်။ ထိုကြောင့် ၁၉၅၅ ခုနှစ်အထိ ထိုအရပ်၌ တွေ့ရှိရသော လိုဏ်ဂူအကြီးအသေး ၃၁ ခုအနက် ရဟန်းများ သီတင်းသုံး သော ဂူကျောင်း (ဝိဟာရ)အချို့ကို ရှေးအကျဆုံးလက်ရာများ အဖြစ် တွေ့ရှိရလေသည်။

ထိုလိုဏ်ဂူများတွင် ဝိဟာရ(ကျောင်း)နှင့်စေတီယ (ဘုရား တန်ဆောင်း)ဟူ၍ နှစ်မျိုးနှစ်စား တွေ့ရသည်။ ထိုကျောင်းနှင့် တန်ဆောင်းများ၏ အခြေအနေကို ထောက်ဆ၍လည်းကောင်း၊ ယင်းတို့၏ အမွမ်းအမံ အပြင်အဆင်ကို ထောက်ဆ၍လည်း ကောင်း ထိုလိုဏ်ဂူများသည် တစ်ခေတ်တည်းတွင် ပြုပြင် ဖန်တီးခဲ့သည် မဟုတ်ဘဲ ခရစ်မပေါ်မီ နှစ်ရာစုခန့်ကမှသည် ခရစ်နှစ် ရှစ်ရာစုနှစ်ခန့်တိုင်အောင် နှစ်ပေါင်း ၁ဝဝဝ နီးပါး ခန့်အတွင်း၌ တစ်စတစ်စ တိုးချဲ့လုပ်ကိုင်ခဲ့ကြောင်း သိရလေ သည်။ ထိုဒေသ၏ ဂုဏ်သတင်းသည် တစ်စတစ်စ ပျံ့နှံ့ခဲ့ သဖြင့် နှစ်ပေါင်း ၁ဝဝဝ ခန့်အတွင်း အဇန္တလိုဏ်ဂူများတွင် သီတင်းသုံး ရဟန်းတော်များဖြင့် အဆက်မပြတ် စည်ကားခဲ့ ဟန်တူပေသည်။ သို့သော် ဝိဟာရများ၏အနေအထား အရေ အတွက်ကို ထောက်ဆ၍ ထိုလိုဏ်ဂူများတွင် တစ်လကြိမ်လျှင် ရဟန်း ၃ဝဝ ခန့်သာလျှင် သီတင်းသုံးနိုင်မည်ဟု ခန့်မှန်းကြ လေသည်။ ထိုလိုဏ်ဂူများသည် ရဟန်းများ သီတင်းသုံးရာ သံဃာရာမတစ်ခုဖြစ်ကြောင်းကို ခရစ်နှစ် ၆၄ဝ ခန့်က အိန္ဒိယ နိုင်ငံသို့ ဘုရားဖူး ရောက်ရှိလာသော တရုတ်ပညာရှိ ခရီးသည် ကြီး ဟူအင်ဆန်က ယင်း၏ ခရီးသွားမှတ်တမ်းတွင် ဖော်ပြခဲ့ လေသည်။

သီတင်းသုံးရဟန်းများ များပြားလာသောအခါ သဒ္ဓါတရား ထက်သန်သော ဒါယကာများကလည်း လိုဏ်ဂူများကို ပိုမို တည်ဆောက်ကာ တခမ်းတနား မွမ်းမံခဲ့ကြသည်ဟု ယူဆ ရသည်။ လိုဏ်ဂူများကို တည်ဆောက် မွမ်းမံသည့် လက်ရာ များသည် အနုပညာမြောက်လှသဖြင့် ယင်းတို့ကို သီတင်းသုံး ရဟန်းတော်များကိုယ်တိုင် လုပ်ကိုင်ခဲ့သည်ဟု မတွက်ဆနိုင် ချေ။ ယင်းတို့သည် ကျွမ်းကျင်လက်မြောက ်သည့် အနုပညာ သည်များ၏ လက်ရာများဖြစ်ကြပေသည်။ အထူးသဖြင့် နောက်ပိုင်းကျသော ခရစ်နှစ်ခြောက်ရာစု၊ ခုနစ်ရာစုခေတ် လက်ရာများသည် အလွန်အနုပညာမြောက် ကြကြောင်း တွေ့ရ ပေသည်။ အနုပညာမြောက်လှစွာဖြင့် တခမ်းတနား ပြုပြင် မွမ်းမံထားသည်များကို ထောက်ထား၍ အဇန္တလိုဏ်ဂူ ဒါယကာ များတွင် ကုံလုံကြွယ်ဝသူအများအပြား ပါဝင်၍၊ ရေမြေ့ရှင် ဘုရင်တစ်ပါးပါးပင် ပါဝင်ကောင်း ပါဝင်ပေလိမ့်မည်။ အကြောင်းမူ လိုဏ်ဂူများကို ထုထွင်းမွမ်းမံထားသည့် လက်ရာ များသည် အလွန်ကျွမ်းကျင်သည့် အနုပညာသည်များ၏ လက်ရာဖြစ်သည့်ပြင် သာမန် လူတန်းစားတို့သည် ယင်းသို့ ခက်ရာခဲဆစ်နေရာတွင် ယင်းသို့ ကြီးကျယ်ခမ်းနားသော အဆောက်အအုံကြီးများကို ဖန်တီးဆောက်လုပ်လှူဒါန်းနိုင်ကြ မည် မဟုတ်ပေ။ ထိုပြင် ကျောက်တောင် ကျောက်သားကို ထိုကဲ့သို့သော ဂူကျောင်းတန်ဆောင်းများအဖြစ် ဖန်တီးရသည့် ပိသုကာလုပ်ငန်းအတွက်လည်း လုပ်သားထု အမြောက်အမြား လိုအပ်သောကြောင့်ပေတည်း။ အချို့ သုတေသီပုဂ္ဂိုလ်တို့၏ အယူအဆမှာ ထိုအဆောက်အအုံများကို တခမ်းတနား ဖန်တီး မွမ်းမံသည့်ခေတ်သည် အိန္ဒိယတောင်ပိုင်း ဒက္ခိဏကုန်းပြင်မြင့်၌ ဝေကေတကနှင့် စာလုကျမင်းများ ထွန်းကားသည့်ခေတ်ဟု ဆို ကြသည်။ ပလ္လဝါမင်းများ ကြီးစိုးလာသောအခါ ထိုလုပ်ငန်းကြီး များ တဖြည်းဖြည်း ရပ်ဆိုင်းသွားလေသည်။ အပြီးမသတ်ရသေးသော လိုဏ်ဂူတစ်ခုကို လေ့လာကြည့်ရ သူများကမူ ထိုဂူကျောင်းတန်ဆောင်းများကို အသေးစိတ် တိကျ သေချာစွာ ပန္နက်ပုံရိုက်ပြီးမှ ကျောက်သားကို ဖောက်ထွင်း ဆောက်လုပ်ခြင်း ဖြစ်ရမည်ဟု ဆိုကြသည်။ အချို့ လိုဏ်ဂူများ သည် ကျောက်တောင်အတွင်းသို့ ပေ ၁ဝဝ ခန့်ဝင်အောင် ထွင်း၍ ဂူကျောင်း တန်ဆောင်းများအဖြစ် ဖန်တီးထားသည်။ ယင်းသို့ ထွင်းနိုင်ခြင်းသည်ပင် ပိသုကာပညာဘက်၌ စွမ်း ဆောင်မှုတစ်ရပ် ဖြစ်ပေသည်။ အချို့လိုဏ်ဂူများမှာ နှစ်ထပ် သုံးထပ် ရှိသည်။ လိုဏ်ဂူ တစ်ခုသည်မူ အိန္ဒိယ၌ အနုပညာ လက်စွမ်းပြ အကောင်းဆုံးသော ဝိဟာရတစ်ခုဟု ဆိုကြသည်။ များစွာသော ဝိဟာရလိုဏ်ဂူများ၏ အဝင်ပေါက် အပေါ်တွင် မြင်းခွာပုံသဏ္ဌာန် လေသာပြတင်းများရှိလေရာ ထိုပြတင်း ပေါက်များမှ ဝင်ရောက်လာသော အလင်းရောင်အားဖြင့် အတွင်းပိုင်း အဆုံးတွင်ရှိသော ဝတ်ပြုဆောင်ရှိ ထူပါရုံ၊ သို့ မဟုတ် ဗုဒ္ဓရုပ်ပွားတော်ကို နေ့အခါ လင်းလင်းချင်းချင်းရှိစေ အောင် ဖန်တီးထားလေသည်။ ပိသုကာပညာသည်များက ယင်း သို့ ကျောက်သားကို ဖောက်ထွင်း၍ ပုံကြမ်းဖော်ပြီးနောက်တွင် ပန်းတမော့ပညာသည်နှင့် ပန်းချီပညာရှင်တို့က မျက်နှာစာများ၊ တိုင်လုံးများ၊ မျက်နှာကြက်များတွင် အနုစိတ်ပုံဖော်ကာ လက် စွမ်းပြထားကြလေသည်။

လိုဏ်ဂူများကို နှစ်ပေါင်း ၁ဝဝဝ ခန့်အတွင်း ခေတ်အမျိုးမျိုးကို ဖြတ်ကျော်၍ ရှည်လျားသော ကာလအတွင်း တစ်စတစ်စ တိုးချဲ့ဆောက်လုပ်ခဲ့ကြောင်းကို ဆိုခဲ့သည်။ မူလက ရဟန်းတော်များ သီတင်းသုံးရန် ဝိဟာရများကိုသာ စတင်ပြုလုပ်ခဲ့ကြသော်လည်း နောင်အခါ သီတင်းသုံးရဟန်း များ တိုးပွားလာသည့်အခါ စည်းဝေးခန်းမဆောင်များ ပါဝင် သော ဘုရားကျောင်း တန်ဆောင်းများကိုလည်း ထွင်းဖောက် တည်ဆောက်ခဲ့ကြသည်။ အထူးသဖြင့် ခမ်းနားကြီးကျယ်၍ အနုပညာမြောက်သော လက်ရာများဖြင့်ပြီးသည့် လိုဏ်ဂူများသည် ခရစ် ခုနစ်ရာစုနှစ်နှင့် ရှစ်ရာစုနှစ်အတွင်း ဂုတ္တမင်းများခေတ်က လိုဏ်ဂူများဖြစ်ကြသည်။ ထိုခေတ်သည် အိန္ဒိယ၌ ပန်းတမော့အတတ်နှင့် ပိသုကာပညာတို့ အလွန်ထွန်းကား ပြောင်မြောက်သောခေတ် ဖြစ်ပေသည်။ ထိုကြောင့်လည်း ထိုဂူ များများမှ အနုပညာသုံးရပ်၏ လက်ရာများသည် အံ့မခန်း ဖွယ်ရာဖြစ်ကြောင်း တွေ့ရပေသည်။ ထိုခေတ်လက်ရာဖြင့် ပြီးသော လိုဏ်ဂူများကိုလည်း ပိုမို တွေ့ရှိရသဖြင့် အဇန္တလိုဏ် ဂူများကို ဂုတ္တခေတ်တွင် ပိုမို တိုးချဲ့လုပ်ကိုင်ခဲ့သည်ဟု ခန့်မှန်းရလေသည်။

လိုဏ်ဂူများကို မတ်စောက်စောက်တောင်ခါးပန်း၏ ခုလတ်တွင် ဖောက်ထွင်းပြုလုပ်ထားသည်။ ခြားနားချက်ရှိသဖြင့် ဝိဟာရနှင့်ဘုရားတန်ဆောင်းဟူ၍ လိုဏ်ဂူနှစ်မျိုးနှစ်စားရှိကြောင်း ဆိုခဲ့ခြင်းဖြစ်ရာ၊ ထိုခြားနားချက်ကား ဝိဟာရများတွင် အရှေ့မျက်နှာစာ၌ ကျယ်ဝန်းသော ဆင်ဝင်လသာဆောင်များရှိ၍ အတွင်းဘက်၌ အဝင်ပေါက်ကို မျက်နှာမူလျက် ဘုရားဝတ်ပြု ဆောင်ရှိလေသည်။ အကြီးဆုံးသော လိုဏ်ဂူတစ်ခုသည် ၈၉ ပေ ပတ်လည်ရှိသည်။ အရှည်လျားဆုံးသောလိုဏ်ဂူသည် ၉၄ ပေ ရှိသည်။ များသောအားဖြင့် လိုဏ်ဂူ အမိုးအမြင့်သည် ပေ ၂ဝ ကျော် ရှိသည်။ ဘုရားတန်ဆောင်းများတွင် ကျောက်သား ကို ထုထွင်း၍ ပန်းတမော့ လက်ရာ ဖော်ထားသော ကျောက်တိုင်လုံးကြီးများသည် မျက်နှာကြက်ကို ထောက်ပင့်ထား၍ ထို တိုင်လုံးကြီး များအားဖြင့် ဘုရားဝတ်ပြုရာ နေရာနှင့်စင်္ကြံတို့ကို အခန်းဖွဲ့၍ ပိုင်းခြားထားသည်။ ဝိဟာရများတွင်မူ နံရံသုံးဘက် တစ်လျှောက် မျက်နှာကြက်ကို ထောက်မထားသော တိုင်လုံး များရှိ၍၊ ရဟန်းများ သီတင်းသုံးသော ဂူပေါက်အခန်းငယ်များသည် အလယ်ခန်းမဆောင်ဘက်ကို မျက်နှာမူလျက် နံရံသုံးဘက်ပတ်လည်၌ ရှိကြသည်။ ဝိဟာရများ၏ ဆင်ဝင် ဘက်မျက်နှာစာ၌လည်း ပန်းတမော့လက်ရာ ရုပ်လုံးရုပ်ကြွ အပြောက်အမွမ်းတို့ဖြင့် လက်စွမ်းပြထားပြီးလျှင်၊ ဆင်ဝင်ကို ထောက်မထားသော ကျောက်သား တိုင်လုံးကြီးများကိုလည် တင့်တယ်ခံ့ညားသော ပန်းတမော့အနုပညာလက်ရာတို့ဖြင့် ပုံဖော်ထားလေသည်။

ကျောက်တောင်ကြီး၏ ကျောက်သားကို ဖဲ့ထုတ်ထုထွင်း၍ ထိုကဲ့သို့သော ခမ်းနားကြီးကျယ်သည့် ဂူကျောင်း၊ တန်ဆောင်းအဖြစ် ဖန်တီးရခြင်းသည် အလွန်ခက်ခဲလက်ဝင်လှ၍ တိကျမှု လိုအပ်လှပေသည်။ ကျောက်ဆတ်သမားသည် တစ်နေရာ၌ တစ်ချက်ကလေး တိမ်းသွားရုံမျှနှင့် အဆောက်အအုံကြီး တစ်ခု လုံးအတွက် ပုံပျက်ပန်းပျက်ဖြစ်သွားနိုင်ပေရာ အဇန္တလိုဏ်ဂူ များကို တိကျသေချာစွာ ထုထွင်းလုပ်ကိုင်ခဲ့ကြောင်း အထောက်အထားများ တွေ့ရပေသည်။ ထိုပြင် ဂန္ဓကုဋိတိုက်များ၏ အပြင်အဆင် အမွမ်းအမံများ ကို ထောက်ထား၍ အဇန္တလိုဏ်ဂူများတွင် သီတင်းသုံးခဲ့သော ရဟန်းတော်များ၏ ယုံကြည်ကိုးကွယ်မှု အသွင်ပြောင်းလာ သည်ကိုလည်း တွေ့ရသည်။ ရှေပိုင်းကျသော ဂန္ဓကုဋိတိုက် များတွင် လိုဏ်ဂူ၏အဆုံးပိုင်း၌ ရဟန်းတော်များ ဘုရားဝတ် ပြုရန် ထူပါရုံများကို ကျောက်သားမှ ထုထွင်းပူဇော်ထားသည် ကိုသာ တွေ့ရ၍ ထေရာဝါဒဂိုဏ်း၏ အသွင်အပြင် လက္ခဏာ အတိုင်း အပြင်အဆင် အမွမ်းအမံ မများဘဲ ရိုးရိုးရှင်းရှင်း မျှသာ ဖြစ်ပေသည်။ နောင်အခါ ဘုရား၏ပုံတော်ကို ထုလုပ် ကိုးကွယ်သည့်ဓလေ့ ခေတ်စားလာသောအခါ ထိုထူပါရုံမာတွင် ဗုဒ္ဓမြတ်စွာ၏ ရုပ်တုတော်များကို မုဒြခေါ် ဟန်အမူအယာ အနေအထား အမျိုးမျိုးဖြင့် ထုထွင်းပူဇော်ထားသည်ကို တွေ့ရ သည်။ နောက်ပိုင်းတွင် မဟာယာနဂိုဏ်း၏ အသွင်အပြင် လက္ခဏာများဖြစ်သော ခမ်းနားကြီးကျယ်သည့် အပြင်အဆင် အမွမ်းအမံများ ပါဝင်လာသည်ကိုလည်း တွေ့လာကြရလေ သည်။ ပို၍နောက်ပိုင်းကျသောအခါတွင် ဘုရားဆင်းတုတော် များကို ဉာဏ်တော်အမျိုးမျိုး မုဒြခေါ် အနေအထား အမျိုးမျိုးတို့ဖြင့်ကျောက်သားကို ထုတွင်းပုံဖော် ထားလေသည်။ အချို့ ဆင်းတုတော်များသည် ဉာဏ်တော်ငါးတောင်ခန့်ရှိ၍ အချို့သည် ဉာဏ်တော် ဆယ်တောင်ခန့် ရှိသည်။ ရုပ်ပွားတော်ကြီး တစ်ဆူ သည် အလွန် ကြည်ညိုဖွယ်ကောင်းလှ၍ အိန္ဒိယ တစ်နိုင်ငံလုံး တွင် ရုပ်လုံးထုလက်ရာ အကောင်းဆုံး ရုပ်ပွားတော်တစ်ဆူဟု ဆိုကြလေသည်။

ဝိဟာရလိုဏ်ဂူများ၏အတွင်းအပြင်၌ ပြောင်မြောက်သော ပန်းတမော့လက်ရာများကို တွေ့ရပြီးလျှင် လိုဏ်ဂူအတွင်း မျက်နှာကြက်နှင့် နံရံများတွင်မူ အံ့ချီးဖွယ်ရာ ပန်းချီခန်းများကို တွေ့ရသည်။ မျက်နှာကြက် များတွင် ရောင်စုံကျောက်ပြားချပ် ငယ်များဖြင့် ခြူးပန်းခြူးနွယ်၊ ကနုတ်ပန်းတို့ကို တစ်ခုနှင့် တစ်ခု ပုံစံချင်း မထပ်ရလေအောင် ဆန်းကြယ်လှပစွာ ပုံဖော်ထားလေသည်။

အဇန္တလိုဏ်ဂူများတွင် တွေ့ရသော အနုပညာလက်ရာသုံးမျိုးအနက်၊ နံရံပန်းချီခန်းအတွက် အဇန္တသည် ပိုမိုကျော်ကြားလေသည်။ ဘီစီ နှစ်ရာစုနှစ်မှ အေဒီ (ခရစ်နှစ်) ခုနစ်ရာစု နှစ်တိုင် ခေတ်အမျိုးမျိုးကို ကျော်ဖြတ်၍ ရှည်လျားသော ကာလအတွင်း ရေးဆွဲခဲ့သော ပန်းချီခန်းများ ဖြစ်ကြသော်လည်း တစ်ခေတ်တည်း တစ်လက်ရာတည်းကဲ့သို့ သဘောအယူအဆ တူညီခြင်း၊ ရေးဆွဲပုံစနစ် တစ်သမတ်တည်း ရှိခြင်းသည် အံ့ချီး ဖွယ် ကောင်းလှသည်။

ပန်းချီခန်းများတွင် သရုပ်ဖော်ထားသော အကြောင်းရပ် တို့မှာ ဇာတ်နိပါတ်တော်များမှလည်းကောင်း၊ ဗုဒ္ဓ ဝင်ထွက် အခန်းခန်းတို့မှလည်းကောင်း ကောက်နုတ်ပြီးလျှင် လွမ်းစရာ၊ ဆွေးစရာဖြစ်အောင် ရေးဆွဲထားသည်။ မဟာယာနဆိုင်ရာ ဗောဓိသတ္တဘုရားလောင်းနတ်သားပုံကိုလည်း ရေးဆွဲထားကြ သည်။ အဇန္တပန်းချီ ဆရာတို့သည် ဗုဒ္ဓအယူဝါဒဆိုင်ရာ ရတနာ သုံးပါးကြည်ညိုမှုကို အဓိကထား၍ရေးဆွဲသည်ဟု ဆိုရသော် လည်း မိမိတို့ ခေတ်အလိုက် နန်းတွင်းသူနန်းတွင်းသားတို့၏ အနေအထိုင်နှင့် ကုန်သည်လယ်လုပ်တို့၏ အနေအထိုင်ကို လည်း ဖော်ပြထားသည်။ ထိုကြောင့် အနှစ်ရှစ်ရာခန့်အတွင်းက ရှေးလူတို့၏ ဓလေ့ထုံးစံ ယဉ်ကျေးမှုတို့ကိုလည်း လေ့လာ ခန့်မှန်းနိုင်ကြရပေသည်။ ရှေးခေတ် အိန္ဒိယပန်းချီသည် ခရစ်နှစ် ငါးရာစုနှစ်နှင့် ခြောက်ရာစုနှင့်အတွင်း အထွတ်အထိပ်သို့ ရောက်ခဲ့ရာ ထိုစဉ် က အကောင်းဆုံး လက်ရာမွန်တို့ကို အဇန္တလိုဏ်ဂူ၌ တွေ့ကြ ရသည်။ အဇန္တပန်းချီဆရာတို့သည် မျဉ်းရေးဆေးခြယ် နည်းဖြင့် မိမိတို့ရေးဆွဲလိုသော အကြောင်းရပ်တို့ကို သရုပ်ပေါ်အောင် ဖော်နိုင်ခဲ့ကြသည်။ ထိုဆရာတို့ ရေးဆွဲပုံမှာ ကျောက်သားနံရံ ပေါ်တွင် မြေစေး၊ နွားချေး၊ ကျောက်မှုန့်တို့ကို တေ၍ သုတ် လိမ်းပြီးလျှင် ထိုအပေါ်တွင် အင်္ဂတေပါးပါး တစ်ဖန် သုတ် လိမ်းပြန်သည်။ ထိုအင်္ဂတေမခြောက်မီ လိုရာအရုပ်ကို ရေးချယ် သည့်နည်းကို အသုံးပြုခဲ့ကြသည်။ ရှေးဦးစွာ ပုံကြမ်းကို ဆေးနီ ဖြင့်ဖြစ်စေ၊ ဆေးနက်ဖြင့် ဖြစ်စေ၊ တစ်ခါတစ်ရံ မီးသွေးချောင်း ဖြင့်ဖြစ်စေ ရေးဆွဲပြီးလျှင် မလိုသည်ကို ဖျက်၍ လိုသည်ကို ဖြည့်ကာ အချောကိုင်သည်။ အင်္ဂတေ မခြောက်မီ လိုအရာ အခန်းကို အပြီးရေးဆွဲရသည်ဖြစ်သောကြောင့် တစ်ကြောင်း ဆွဲမျဉ်းဖြင့် အလျင်အမြန်ရေးဆွဲရသည်။ ထိုနောက် ရေဖြင့် ဖျော်ထားသော ပန်းချီဆေးတို့ကို လိုရာတွင် ချယ်လေသည်။

ပန်းချီဆေးများကို အပြာရောင်နှင့် အနက်ရောင်ဆေးများမှ တစ်ပါး အခြားဆေးရောင်များကို အနီးအနား ပတ်ဝန်းကျင် တောင်ကုန်းများမှ အလွယ်တကူ ရရှိသောပစ္စည်းများဖြင့် ဖော်စပ်အသုံးပြုကြသည်။ အဖြူကို မြေဖြူမှ၊ အဝါကို မြေဝါ ဆေးဒန်းမှ၊ အနီကို မြေနီဟင်္သာပဒါးဂွေနီတို့မှ အစိမ်းကို ဒုတ္ထာစိမ်းမှ ဖော်စပ်နိုင်ကြလေသည်။ အနက်ရောင်ကို ရေနံ မှိုင်း၊ ဆီမှိုင်းတို့မှလည်းကောင်း၊ အပြာရောင်ကို မဲနယ်မှ လည်းကောင်း ဖော်စပ်ကြလေသည်။ ဆေးစွဲအောင် တမာ စေးကိုလည်းကောင်း၊ အရောင်တောက်အောင် ငါးသည်းခြေကို လည်းကောင်း ရောနှောသုံးစွဲကြသည်။ မြန်မာနိုင်ငံ ပုဂံခေတ် ပန်းချီသည် အိန္ဒိယ ပန်းချီမျိုးစေ့မှ ပွားခဲ့သည် ဖြစ်ရာ ရေးခြယ် ပုံစနစ်နှင့် ဆေးရောင်ဖော်စပ်သုံးစွဲပုံတို့သည် အိန္ဒိယပန်းချီစနစ်အတိုင်း ဖြစ်လေသည်။ အဇန္တနံရံ ပန်းချီခန်းတို့၏ ထူးခြားမှု တရပ်မှာ သုံးစွဲရေးခြယ်သော ဆေးရောင်တို့၏ ပြေပြစ်မှုဖြစ် လေသည်။ အရောင်တစ်မျိုးတည်း၏ ကဲမိုးတောက်ပနေခြင်းကို မတွေ့ရဘဲ အနီ၊ အဝါ၊ အပြာ၊ အစိမ်းစသည့် အရောင်တို့၏ အနုအရင့် ပြေပြစ်စွာ ရှက်လိမ်တောက်ပကာနေပုံသည် နှစ်သက်ဖွယ် ဖြစ်လေသည်။

အခြားအံချီးဖွယ်ရာ တစ်ရပ်မှာ အချို့လိုဏ်ဂူများအတွင်း၌ အလင်းရောင် လုံလောက်စွာ မရရှိပေ။ ယင်းသို့ မလင်းတလင်း လိုဏ်ဂူအတွင်းရှိ နံရံပန်းချီခန်းများ၊ အထူးသဖြင့် ပို၍မှောင်ရိပ် ကျသော ထောင့်နေရာများရှိ ပန်းချီခန်းများကိုလည်း အထက် တွင် ဆိုခဲ့သည့်အတိုင်း အရောင်အသွေး ပြေပြစ်စွာ ရေးဆွဲထား သည်ကို ယခုခေတ်၌ ထိုဂူများအတွင်း မီးများထွန်း၍ ကြည့် သည့်အခါ တွေ့ကြရပေရာ ထိုခေတ်က ပန်းချီဆရာတို့သည် ယင်းကဲ့သို့ အရောင်အသွေး မှန်ကန်ပြေပြစ်စွာရလေအောင် မည်ကဲ့သို့ ဖန်တီးရေးဆွဲခဲ့ကြပါသနည်းဟု တွေးတောနေခဲ့ကြရလေသည်။

အဇန္တလိုဏ်ဂူ၏ အနုပညာလက်ရာတို့ကား ထူးကဲလှပါပေသည်။ အံ့မခန်းနိုင်စရာ ရှိပါပေသည်။ ထိုကြောင့် အနုပညာ ဝေဖန်သူ အင်္ဂလိပ်တစ်ဦးက ကမ္ဘာ့သမိုင်းတွင် အဇန္တလိုဏ်ဂူ များကဲ့သို့ ဗိသုကာ၊ ပန်းတမော့နှင့် ပန်းချီတည်းဟူသော အနုပညာသုံးရပ်၏ အကောင်းဆုံးလက်ရာများကို တစ်ပြိုင် တည်း တွေ့နိုင်သည့် နေရာမျိုး တွေ့ခဲ့လှသည်ဟု ဆိုလေသည်။

အဇန္တလိုဏ်ဂူများဟု ခေါ်ဝေါ်ခြင်းမှာ ယင်းအရပ်မှ အရှေ့ တောင်ဘက် လေးမိုင်ခန့်အကွာရှိ အဇန္တ ဟူသော ရွာဇနပုဒ် ကလေးကို အစွဲပြု၍ ခေါ်ဝေါ်ခဲ့ခြင်း ဖြစ်ပေသည်။ အဇန္တ လိုဏ်ဂူများသည် ခရစ်နှစ် ရှစ်ရာစုအထိ သံဃာရာမတစ်ခု အဖြစ် ထင်ရှားစည်ကားပြီးသည့်နောက်ပိုင်းတွင် အကြောင်း ကြောင်းတို့ကြောင့် မှေးမှိန် ခေတ်တိမ်လာခဲ့ဟန် ရှိသည်။ လောကဓံတရား သဘောအတိုင်းပင် ဘီစီ နှစ်ရာစုနှစ်ခန့်မှ အေဒီ ရှစ်ရာစုခန့်အထိ နှစ်ပေါင်း ၁ဝဝဝ ခန့် စည်ကားဖွံ့ဖြိုး သော သံဃာရာမတစ်ခုဖြစ်ခဲ့သည့် အဇန္တလိုဏ်ဂူများသည် အေဒီကိုးရာစုခုနှစ်မှ ၁၉ ရာစုနှစ်ခန့်တိုင်အောင် ကာလဖြစ် သော နှစ်ပေါင်း ၁ဝဝဝ ခန့်အတွင်း လူသူကင်းမဲ့၍ ဆိတ်သုဉ်း နေခဲ့ပြန်လေသည်။ ၁၉ ရာစုနှစ်၏ နောက်ပိုင်းတွင်မှ အဇန္တ လိုဏ်ဂူများ၏ ဂုဏ်သတင်းသည် ပြန်လည် ပျံ့သင်းကျော်ကြား လာခဲ့သည်မှာ ကမ္ဘာချဉ်း သည့်တိုင်အောင် ဖြစ်လေသည်။

သို့သော် အဇန္တလိုဏ်ဂူများ ပြန်၍ တစခန်းထလာခြင်းသည် ရှေးသကဲ့သို့ သံဃာရာမတစ်ခုအဖြစ်ဖြင့် မဟုတ်တော့ချေ။ စံထားလောက်သော အနုပညာလက်မွန် လက်ရာကောင်းများဖြင့် ပြီးသည့် ဗုဒ္ဓအယူဝါဒဆိုင်ရာ အဆောက်အအုံ တစ်ရပ်အဖြစ် ဖြင့် ပြန်လည် ကျော်ကြားလာခဲ့ခြင်း ဖြစ်ပေသည်။နှစ်ပေါင်း ၁ဝဝဝ ခန့် လူသူနှင့်ကင်းဝေးနေခဲ့သော အဇန္တ လိုဏ်ဂူများသည် ချုံနွယ်ပိတ်ပေါင်းတို့ဖြင့် ဖုံးအုပ်နေလျက် ရုတ်တရက် တွေ့မြင်နိုင်ခဲသော အခြေအနေသို့ ရောက်ရှိနေခဲ့ သည်။ ၁၈၁၉ ခုနှစ်တွင် ဗြိတိသျှ တပ်သားတစ်စုတို့သည် အမဲပစ်ထွက်ရာမှ အမှတ်မထင် ထိုလိုဏ်ဂူများကို တွေ့ရှိခဲ့ကြ သည်။ သဘာဝအလျောက် ဖြစ်ပေါ်နေသော ဂူပေါက်များ မဟုတ်ပဲ လူသားတို့၏ မွမ်းမံမှုတို့ဖြင့် တခမ်းတနား ရှိနေ သော ထိုလိုဏ်ဂူများကိုပြန်လည် တွေ့ရှိစအခါက ထိုလိုဏ်ဂူ များကို အဘယ်ကြောင့် ယင်းသို့ တခမ်းတနားပြုလုပ်ခဲ့သည့် အကြောင်းရင်းကိုမူ တွေးဆ မရခဲ့ကြပေ။ အံ့ဩဖွယ်ရာ ထုထွင်းထားသော ပန်းတမော့ လက်ရာနှင့် နံရံပန်းချီခန်းတို့ကို ထောက်ဆ၍ လူနေမှု အဆင့်အတန်း အလွန်မြင့် သူများ၏ လက်ရာများ ဖြစ်ကြောင်းလောက်ကိုသာ ရိပ်စားမိကြသည်။ အနုပညာ လက်ရာကောင်းများဖြင့်ပြီးသော လိုဏ်ဂူများကို တွေ့ရှိရသည့်သတင်း ထိုခေတ်က ပျံ့နှံ့ခဲ့သည်တိုင်အောင် ထို လိုဏ်ဂူများ၏ မူလရည်ရွယ်ချက်နှင့် သမိုင်းစဉ်ကို ဖော်ထုတ် နိုင်သူ မပေါ်ပေါက်ခဲ့ပေ။

နောင်အနှစ် ၂ဝ ခန့်အကြာတွင် အရှေ့အိန္ဒိယကုမ္ပဏီ၏ ရှေးဟောင်း သုတေသန အရာရှိကြီးတစ်ဦးဖြစ်သော မစ္စတာ ဂျိမ်းဖာဂဆန်သည် ထိုလိုဏ်ဂူများရှိရာသို့ သွားရောက်လေ့လာ ကြည့်ရှုသောအခါ ယင်းတို့၏ မူလရည်ရွယ်ချက်နှင့် အလွန် အဆင့်အတန်းမြင့်သော အနုပညာ တန်ဖိုးရှိမှုကို ဖော်ထုတ်နိုင် ခဲ့လေသည်။ ထိုကြောင့် အဇန္တလိုဏ်ဂူများ၏ ဂုဏ်သတင်း ကြီးမြင့်လာလေရာ၊ ထိုစဉ်က ဟိုက်ဒရဗတ် နယ်၏ နီဇမ်မဟာ ရာဇာစော်ဘွားကြီးသည် မိမိပိုင်နက်အတွင်းရှိသော အဇန္တ လိုဏ်ဂူများကို ချုံနွယ်ပိတ်ပေါင်း ရှင်းလင်းစေလျက် ထိန်းသိမ်း စောင့်ရှောက်ခြင်းများကို ပြုခဲ့သည်။ ပန်းတမော့လက်ရာ၊ ပန်းချီလက်ရာတို့မှာ နှစ်ကာလ ပရိစ္ဆေဒကြာမြင့်မှုကြောင့်လည်း ကောင်း၊ အချို့ မသိနားမလည်သူများ၏ လက်ဆော့မှုကြောင့် လည်းကောင်း ယိုယွင်းပျက်စီးမှုများလည်းကောင်း အတော် အတန် ရှိခဲ့လေသည်။ ယင်းသို့ ယိုယွင်းပျက်စီးမှုများကို ထိန်းသိမ်းနိုင်သမျှ ထိန်းသိမ်းနိုင်လေအောင် ထိုနီဇမ်မဟာ ရာဇာ၏ လက်ထက်တွင် လည်းကောင်း၊ အိန္ဒိယ သမ္မတ အစိုးရလက်ထက်တွင်လည်းကောင်း ဆက်လက် စောင့်ရှောက် ထိန်းသိမ်းလျက် ရှိလေသည်။ ထိုလိုဏ်ဂူများသည် ဗုဒ္ဓအယူ ဝါဒဆိုင်ရာ အနုပညာရပ်အတွက် အကောင်းဆုံးစံပြ အဆောက် အအုံများသဖွယ် ဖြစ်နေသဖြင့်လည်း အိန္ဒိယနိုင်ငံသို့ ဒေသန္တရ ဗဟုသုတရှာမှီးရန် လာရောက်ကြသော နိုင်ငံခြားသား ခရီး သည်များ မလွတ်တမ်း သွားရောက်လေ့လာကြရသော ဌာန တရပ်လည်း ဖြစ်နေပေသည်။ ထိုအရပ်သို့ သွားရေးလာရေး အတွက် လွယ်ကူစေရန်လည်း နိုင်ငံပိုင် အစိုးရက စီစဉ်ပေး ထားသည်။ အဇန္တလိုဏ်ဂူများသို့ တစ်ဆင့်သွားရန် အနီးဆုံးနှင့် အဆင်အပြေဆုံး မီးရထားလမ်းမြို့သည် ဘုံဘေ-ကာလတ္တား- ဒေလီ မီးရထား လမ်းပေါ်ရှိ ဂျာလဂါအွန်မြို့ဖြစ်၍ ယင်းမှ တဆင့် မော်တော်ကားဖြင့် သွားရသည်။ ထိုပြင် ဟိုက်ဒရဗတ် မြို့သို့သွားသော မီးရထားလမ်းပေါ်ရှိ ဩရန်ဂါဗတ်မြို့မှလည်း မော်တော်ကားဖြင့်တဆင့် သွားရောက်နိုင်လေသည်။[၂၁]

ကိုးကား[ပြင်ဆင်ရန်]

  1. Gopal, Madan (1990). in K.S. Gautam: India through the ages. Publication Division, Ministry of Information and Broadcasting, Government of India, 173။ 
  2. (2012) Asia and Oceania. Routledge, 17, 14–19. ISBN 978-1-136-63979-1 
  3. (2005) A World History of Art. Laurence King, 228–230. ISBN 978-1-85669-451-3 
  4. Michell 2009, p. 336.
  5. Ajanta Caves, India: Brief Description, UNESCO World Heritage Site. Retrieved 27 October 2006.
  6. Ajanta Caves: Advisory Body Evaluation, UNESCO International Council on Monuments and Sites. 1982. Retrieved 27 October 2006., p.2.
  7. Ajanta Caves။ 19 May 2012 တွင် ပြန်စစ်ပြီး။
  8. ၈.၀ ၈.၁ ၈.၂ ၈.၃ Richard Cohen (2013). in William M. Johnston: Encyclopedia of Monasticism. Routledge, 18–20. ISBN 978-1-136-78716-4 
  9. Aravinda Prabhakar Jamkhedkar (2009). Ajanta. Oxford University Press, 61–62, 71–73. ISBN 978-0-19-569785-8 
  10. Richard S. Cohen (1998), Nāga, Yakṣiṇī, Buddha: Local Deities and Local Buddhism at Ajanta, History of Religions, University of Chicago Press, Vol. 37, No. 4 (May, 1998), pages 360–400
  11. (1998) The Ajanta caves: artistic wonder of ancient Buddhist India. Harry N. Abrams, 164, 226. ISBN 978-0-8109-1983-9 
  12. Harle 1994, pp. 355–361; 460.
  13. Cohen 2006, pp. 32, 82
  14. Walter M. Spink (2005). Ajanta: History and Development, Volume 5: Cave by Cave. BRILL Academic, 3, 139. ISBN 978-90-04-15644-9 
  15. Map of Ajanta Caves, UNESCO
  16. Narayan Sanyal (1984). Immortal Ajanta. Bharati, 7။ 
  17. variously spelled Waghora or Wagura
  18. Spink (2006), 2
  19. Indian Railways (1996). Bhusawal Division: Tourism (Ajanta and Ellora), 40–43။ 
  20. Harle 1994, pp. 118–122.
  21. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)