အက္ကဘာမင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
မဂိုဘုရင် အက္ကဘာမင်း


အက္ကဘာမင်း(Akbar)သည် အိန္ဒိယနိုင်ငံမြောက်ပိုင်း မဂိုအင်ပါယာ၏ ဧကရာဇ်မင်းဖြစ်သည်။ အက္ကဘာသည် ဆင်းပြည်နယ်၊ အူမာကော့မြို့(ယခု ပါကစ္စတန်)တွင် မွေးဖွားခဲ့သည်။ ပထမမြောက် အယ်လိဇဘက်ဘုရင်မကြီး အင်္ဂလန်နိုင်ငံ၏ ထီးနန်းကို စိုးစံစဉ်ကာလက အက္ကဘာဘုရင်သည် အိန္ဒိယနိုင်ငံအတွင်း မဂိုအင်ပါယာကို အုပ်ချုပ်ခဲ့သည်။ သူ၏နန်းသက်နိဂုံးကမ္ပတ် အဆုံးသတ်ချိန်တွင် သူ၏ ပိုင်နက်နယ်မြေသည် ဥရောပတိုက်လောက် ကျယ်ဝန်းခဲ့သည်။ သူသည် မည်သည့်ဥရောပ ဘုရင်များထက် မဆို ပိုတန်ခိုးအာဏာ ကြီးထွားခဲ့လေသည်။

အက္ကဘာသည် ဘုရင်ဖြစ်စဉ်က အသက် ၁၄-နှစ်သာ ရှိသေးသည်။ သူသည် စစ်ပွဲပေါင်းများစွာ ပြင်းထန်စွာ တိုက်ခဲ့ပြီး သူ့အာဏာကို တည်ဆောက်ခဲ့သည်။ တစ်ခါတစ်ရံ အင်မတန် ရက်စက်ခဲ့လေသည်။ သို့သော် ငြိမ်းငြိမ်းချမ်းချမ်း နေရသည်ကို ပိုသဘောကျ၏။ ထို့ကြောင့် သူ့နယ်မြေ အများစုကို စာချုပ်စာတမ်းများဖြင့် ၎င်း၊ လက်ထပ်ခြင်းဖြင့်၎င်း ရယူခဲ့သည်။ အက္ကဘာသည် ယခင် မဂိုဧကရာဇ်များနည်းတူ မွန်စလင် တစ်ယောက်ဖြစ်သည်။ သို့သော် သူ၏လက်အောက်ခံ အများစုမှာ ဟိန္ဒူများ ဖြစ်လေသည်။ ၎င်းတို့၏ ယုံကြည်မှုကို သူ အလေးထားကြောင်း ပြသရန်အတွက် ဟိန္ဒူမင်းသမီးတစ်ပါးကို လက်ထပ်ခဲ့သည်။ သူ့လက်အောက်ခံများ၏ ဘာသာရေးယုံကြည်မှုများနှင့် ပတ်သက်၍ ထိုအချိန်က သက်ရှိထင်ရှား ရှိခဲ့သော ဥရောပ အုပ်စိုးသူတွေထက် ပို၍ သဘောထားကြီးခဲ့လေသည်။

အက္ကဘာ၏ လှပသော ဥယျာဉ်ပန်းခြံပါသော ခံ့ညားထည်ဝါသော နန်းတော် အဆောင်ဆောင် ရှိသည်။ ချီတာ ကျားသစ်နှင့်အတူ အမဲလိုက်ခြင်းကို ဝါသနာထုံသည်။ ကြောက်စရာကောင်းသော ကုလားအုပ်များနှင့် စစ်ဆင်များ စီးရခြင်းကို နှစ်သက်သည်။ ပိုလိုကစားခြင်းကို ခုံမင်မြတ်နိုးသည်။ သူသည် ပန်းချီဆွဲရာ၌လည်း တော်သည်။ ရုပ်ပုံများ ဖော်ထားသော ရွှေချည်ထိုး ငွေချည်ထိုး ကမ္ဗလာထည်နှင့် ကောဇောများကိုလည်း ရက်သည်။ ဆွေးနွေးရသည်ကို သူပျော်သည်။ စာကောင်းကောင်း မတတ်သော်လည်း ဧရာမစာကြည့်တိုက်ကြီးတစ်ခု အပြည့် စာအုပ်များစုဆောင်းခဲ့သည်။ အဂ္ဂရာမြို့နားတွင် ဖာတက်ပါစီကရီ အမည်ရှိ ခမ်းနားထည်ဝါသော မြို့ကို တည်ဆောက်ခဲ့သည်။ ယင်းမြို့သည် ယခုတိုင် လုံးဝလောက် ပြောင်းလဲခြင်း မရှိဘဲ တည်ရှိနေသေးသည်။ ထိုမြို့က ကျွန်တော်တို့အား အက္ကဘာ၏ အိန္ဒိယကို သတိရစေပါသည်။

အက္ကဘာမင်းသည် အသက် ၆၃-နှစ်အရွယ်၊ ၁၆၀၅-ခုနှစ်တွငိ ကွယ်လွန်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်မောင်ထွန်း ရေး ကမ္ဘာကျော် ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိအဘိဓာန်၊ ၂၀၁၁၊ ဇူလိုင်လ၊ စာ-၁