မွမ်ဘိုင်းမြို့

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

မွမ်ဘိုင်း (/mʊmˈbaɪ/; Marathi: मुंबई, Mumbaī, IPA: [mʊmbaɪ](နားထောင်ရန်)ဟု အသံထွက်သည်)သည် ဘုံဘေ(/bɒmˈbeɪ/)ဟု ရှေးယခင်က လူသိများခဲ့ပြီး အိန္ဒိယနိုင်ငံ၊ မဟာရရှ်တရာပြည်နယ်၏ မြို့တော် ဖြစ်သည်။ လူဦးရေ ၁၄သန်းခန့်ရှိပြီး အိန္ဒိယနိုင်ငံ လူဦးရေ အထူထပ်အများပြားဆုံး မြို့တော်ဖြစ်သလို ကမ္ဘာ့ ဒုတိယ လူဦးရေ အထူထပ်အများပြားဆုံး မြို့တော်လည်း ဖြစ်သည်။ အိမ်နီးနားချင်းများဖြစ်သည့် နဗီမွမ်ဘိုင်း၊ သိမ် အစရှိသည့် မြို့ပြများနှင့် အတူတကွ ကမ္ဘာ့လူဦးရေ အထူထပ်အများပြားဆုံး ဒေသများထဲမှ တစ်ခုဖြစ်သည်။ မွမ်ဘိုင်းသည် အိန္ဒိယနိုင်ငံ၏ အနောက်ဘက်ကမ်းရိုးတန်းတွင် တည်ရှိပြီး နက်ရှိုင်းသော သဘာဝ ဆိပ်ကမ်းတစ်ခုလည်း ရှိသည်။ မွမ်ဘိုင်းသည် အိန္ဒိယနိုင်ငံ၏ အကြွယ်ဝဆုံးမြို့ ဖြစ်သလို အာရှတောင်ပိုင်း၊ အနောက်ပိုင်းနှင့် အလယ်ပိုင်းရှိ ဂျီဒီပီ အမြင့်မားဆုံး မြို့တစ်ခုလည်း ဖြစ်သည်။

အမည်ဟောင်း ဘုံဘိုင်မြို့ဟုခေါ်သည့် မွမ်ဘိုင်းမြို့သည် ယခင် ဘုံဘိုင်ပြည်နယ်၏ မြို့တော်ဖြစ်သည်။ ၁၉၆ဝ ပြည်နှစ် က အသစ်ဖွဲ့စည်းလိုက်သော မဟာရဋ္ဌပြည်နယ်၏ မြို့တော် ဖြစ်၏။ အိန္ဒိယနိုင်ငံ၏ အနောက်ဘက် ကမ်းရိုးတန်း မြောက်ဘက်အဖျားရှိ ကျွန်းကလေးပေါ်တွင် တည်ရှိသည်။

ထိုကျွန်းသည် အလျား ၁၁ မိုင်ရှိ၍ အနံ ၃ မိုင်ခန့်ရှိသည်။ ပုံဏ္ဌာန်မှာ လက်မနှင့် လက်ညိုးကို အောက်ဘက်သို့ ခပ်ကွေကွေး ညွှန်ပြသော ဘယ်လက်နှင့်တူ၏။ လက်မ နှင့်တူသော အနောက်ပိုင်းမှာ ပေ ၂ဝဝ ခန့်ရှိသော တောင်ကုန်းဖြစ်၍ မာလာဗာတောင်ကုန်းဟု ခေါ်တွင်လျှက် ဘုံဘိုင်မြို့ရှိ ကြေးရတတ်များ နေထိုင်ရာရပ်ကွက် ဖြစ်သဖြင့် လှပသော နေအိမ်တိုက်တာများရှိ၏။ အစွန်ဆုံးနေရာ၌ ကျယ်ဝန်းသော ဥယျာဉ်ခြံကြီး အတွင်းတွင် ဘုရင်ခံ၏ အိမ်တော်တည်ရှိ၏။ လက်ညိုးထိပ်နှင့် တူသော နေရာတွင် မီးပြတိုက်ရှိ၍ အထက်သို့တက်လာလျှင် မြို့တွင်းသို့ ရောက်၏။ ကျွန်း၏ အရှေ့ဘက်ပိုင်း ဖြစ်ကာ လက်ညိုးနှင့် တူသော အပိုင်းရှိ ကမ်းရိုးတန်းနှင့် အိန္ဒိယကုန်းမတို့အကြား တွင် သဘာဝအားဖြင့် ကောင်းမွန်လှသော သင်္ဘောဆိပ်ရှိ၏။

အိန္ဒိယနိုင်ငံ အနောက်ဘက်ကမ်းခြေတွင် ဘုံဘိုင်မြို့သင်္ဘော ဆိပ်သည် အထူးကောင်း မွန်သောကြောင့် အိန္ဒိယနိုင်ငံတွင် အရေးပါဆုံး ဆိပ်ကမ်း ဖြစ်ရုံမကဘဲ ကမ္ဘာတွင်လည်း ထိပ်တန်း သင်္ဘောဆိပ် တစ်ခုဖြစ်၏။ ဘုံဘိုင် သင်္ဘောဆိပ် သည် အဝ ၇ မိုင်ခန့်ကျယ်၍ အတွင်းသို့ကျဉ်းဝင်သွားကာ လုံခြုံသော ဆိပ်ကမ်းဖြစ်၏။ ဘုံဘိုင်သင်္ဘောကမ်းတွင် သင်္ဘော ကျင်းများ လည်းရှိသည်။ ကမ္ဘာ အရပ်ရပ်မှပင်လယ်ကူးသင်္ဘော များ ဆိုက်ကပ်သည်နှင့်အညီ ပင်လယ်ကြောင်း ကုန်သွယ်မှု ဖွံ့ဖြိုးပေးသည်။ ဘုံဘိုင်မြို့သည် အိန္ဒိယနိုင်ငံ၏ တံခါးမတစ်ခု ဖြစ်ကာ ခေတ်မီတိုးတက်သော မြို့ပြကြီးတစ်ခုဖြစ် ၏။

အိန္ဒိယနိုင်ငံ၏ ဒုတိယ အကြီးဆုံး မြို့လည်းဖြစ်သည်။ မြို့တွင်း၌လည်း ထယ်ဝါ ခန့်ညားလှပသော အစိုးရ ရုံးများ၊ ကျောင်းများ၊ ဆေးရုံး၊ တက္ကသိုလ် အစရှိသည့် အဆောက် အအုံများ ရှိလျက် စည်ကားလေသည်။ ခရစ် ၁၉၅ဝ ပြည့်နှစ် ဧပြီလတွင် မဟာဘုံဘိုင် စီမံကိန်းအရ မြို့ကို တိုးချဲ့ ခဲ့ရာတွင် မြို့တော်အကျယ်အဝန်းကို စတုရန်းမိုင် ၂၅ မိုင်မှ ၉၁ မိုင်ဖြစ်အောင် ဆင်ခြေဖုံးရပ်ကွက်များကိုဘုံဘိုင်မြို့အတွင်း သို့သွတ်သွင်းခဲ့၏။ သို့အားဖြင့် လူဦးရေမှာလည်း ၅၁ဝဝဝဝ ယောက်ခန့်ထပ်တိုးလာ၏။ ဘုံဘိုင်မြို့၏ လူဦးရေမှာ ၂၈၃၉၂၇ဝ ဖြစ်သည်။

ဘုံဘိုင်မြို့သည် ပင်လယ်ကြောင်း ကုန်သွယ်မှုဖွံ့ဖြိုး သော သင်္ဘောဆိပ်မြို့ဖြစ်သည်သာမက မီးရထားလမ်းများ ဆုံရာမြို့လည်း ဖြစ်၏။ ထို့ကြောင့် မီးရထားဖြင့်လည်း သယ်ယူပို့ဆောင်နိုင်သဖြင့် ကုန်သွယ်မှု အထူးတလည် ကောင်းမွန်ဖွံ့ဖြိုး၏။ ဘုံဘိုင်မြို့သည် စက်မှုလက်မှုလုပ်ငန်း၏ အချက်အချာ ဒေသလည်းဖြစ်၏။ အထူးသဖြင့် ချည်ထည် လုပ်ငန်းတွင် ကျော်ကြားထင်ရှား၏။ ချည်ထည်များ ရက်လုပ်ထုတ်ဝေရုံသာမဟုတ် နိုင်ငံခြားမှ သွင်းသောချည်ထည် များကို ဖြန်ဖြူးရာ၌လည်း ဘုံဘိုင်မြို့သည် အချက်အချာ ဌာနဖြစ်သည်။ ချည်ထည်လုပ်ငန်း မှ တစ်ပါး အခြားလုပ်ငန်း များမှာ ဆေးဆိုးလုပ်ငန်း၊ သားရေးနယ်လုပ်ငန်းနှင့် ကြေးထည် ငွေထည်လုပ်ငန်းများ ဖြစ်၏။ ဝါရိုင်း၊ ကောက်သီးကောက်နှံ များနှင့် သစ်စေ့များ စသည်တို့မှာ အဓိက ထုတ်ကုန် များဖြစ်လျက် အဓိက သွင်းကုန်များကား သတ္တု၊ စက်ကိရိယာ များနှင့် အထည်အလိပ်များပင်တည်း။

ဘုံဘိုင်မြို့သည် မြို့တော်ကြီးတစ်ခု ဖြစ်သည့် အလျောက် လူမျိုးပေါင်းစုံ နေထိုင်ရာ မြို့ဖြစ်၏။ အများစုမှာ ဟိန္ဒူအယူဝါဒီ အိန္ဒိယတိုင်းရင်းသားများ ဖြစ်၏။ ထို့အပြင် ဥရောပတိုက်သားများ၊ အာရပ်ကုန်သည်များ၊ အာဖဂန် လူမျိုးများ၊ သီဟိုဠ်လူမျိုးများ၊ တိဗက်လူမျိုးများ စသည် တို့လည်း နေထိုင်ကြသည်။ အိန္ဒိယသမုဒ္ဒရာ အရှေ့ပိုင်း၌ ခိုဂျာမွတ်စလင်များသည် ကူးသန်းရောင်းဝယ်မှုတွင် သွက်လက်၏။ သို့သော် စက်မှုလက်မှု၊ ကုန်သွယ်မှုနှင့် အခြားအသက်မွေးမှု လုပ်ငန်းအဝဝတွင် ရှေ့တန်းမှနေ၍ အချုပ်အခြာဖြစ်လျက် ဩဇာကိတ္တိရှိသူတို့မှာ လူနည်းစု ဖြစ်သော ပါရစီလူမျိုးတို့ဖြစ်၏။ အိန္ဒိယနိုင်ငံ၏ စီးပွားရေး သည် ယင်းလူမျိုးတို့လုပ်ကိုင်ဆောင် ရွက်ချက်ကြောင့် များစွာတိုးတက်ခဲ့၏။

ဘုံဘိုင်ဟူသော အမည်သည် ဟိန္ဒူနတ်မင်း သိဝ၏ ဇနီးဘန်းဘေမံဘနတ်သမီးကို မှည့်ခေါ်သော အမည် ဖြစ်၏။ ဘုံဘိုင်မြို့ကို ၁၃ ရာစုနှစ်အတွင်းက စတင်တည်ထောင်ခဲ့၏။ ခရစ် ၁၃၄၈ ခုနှစ်အထိ ဟိန္ဒူတို့လက်အောက်တွင် ရှိနေခဲ့၍ ထိုနှစ်တွင် ဂူဂျရတ်မှ မွတ်စလင်တို့လာရောက်တိုက်ခိုက် သိမ်းပိုက်သဖြင့် ၁၅၃၄ ခုနှစ်အထိ ဂူဂျရတ်ပိုင် နယ်ဖြစ်ခဲ့လေ သည်။ ၁၅၃၄ ခုနှစ်တွင် စူလတန်ဗဟာဒူးက ဘုံဘိုင်မြို့ကို ပေါ်တူဂယ်နိုင်ငံ သို့ပေးအပ်ခဲ့၏။ ပေါ်တူဂီတို့လက်မှ တစ်ဆင့် ၁၆၆၁ ခုနှစ်တွင် အင်္ဂလိပ်တို့လက်သို့ရောက်ရှိ ခဲ့သည်။ အင်္ဂလန် ပြည့်ရှင် ဒုတိယမြောက် ချားဘုရင်နှင့် ပေါ်တူဂီ မင်းသမီး ကက်သရင်းတို့စုလျားရစ်ပတ်ရာတွင် ဘုံဘိုင်မြို့ကို မင်္ဂလာလက်ဖွဲ့အဖြစ် ပေါ်တူဂယ်နိုင်ငံက ပေးလိုက်၏ ခရစ် ၁၉၄၇ ခုနှစ်တွင် အိန္ဒိယနှင့် ပါကစ္စတန် ဟူ၍ နှစ်နိုင်ငံ ခွဲလိုက်သောအခါ ဘုံဘိုင်ပြည်နယ်၏ မြို့တော် ဘုံဘိုင်မြို့သည် အိန္ဒိယသမ္မတနိုင်ငံတွင် ပါဝင်လာခဲ့၏။ ၁၉၆ဝ ပြည့်နှစ်တွင် ယခင်ဘုံဘိုင်ပြည်နယ်ကို ဂူဂျရတ်ပြည်နယ်နှင့် မဟာရဋ္ဌပြည်နယ်ဟူ၍ ခွဲလိုက်သောအခါ ဘုံဘိုင်မြို့သည် မဟာရဋ္ဌပြည်နယ်၏ မြို့တော်ဖြစ်လာလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)