အဆုတ်ရောင် ဘီရောဂါကာကွယ်ဆေး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

အဆုတ်ရောင် ဘီရောဂါကာကွယ်ဆေး (အင်္ဂလိပ်: Hib vaccine)သည် ဟေမိုဖီလပ်စ် အင်ဖလူရန်ဇေး Haemophilus influenzae (English) ဟုခေါ်သော ဘက်တီးရီးယားပိုး ဘီအမျိုးအစားကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးသော ကာကွယ်ဆေးတစ်မျိုးဖြစ်သည်။[၁] ဤကာကွယ်ဆေးကို ပုံမှန်ထိုးသင့်သော ကာကွယ်ဆေးများစာရင်းထဲတွင် ထည့်သွင်းထားသောနိုင်ငံများတွင် ပြင်းထန်သည့် အဆုတ်ရောင် ဘီရောဂါဖြစ်ပွားမှုနှုန်း (၉၀)ရာခိုင်နှုန်းထက်ပို၍ ကျဆင်းသွားကြောင်းတွေ့ရသည်။ ထို့အတူ ဦးနှောက်အမြှေးရောင်ခြင်း (meningitis)၊ အဆုတ်ရောင်ခြင်း (pneumonia)နှင့် လေပြွန်ဖုံးရောင်ခြင်း (epiglottitis)တို့ ဖြစ်ပွားမှုနှုန်းများပါ ကျဆင်းသွားသည်။ [၁]

အဆုတ်ရောင် ဘီရောဂါကာကွယ်ဆေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် အမေရိကန်နိုင်ငံ ရောဂါကာကွယ်ရေးနှင့်တိုက်ဖျက်ရေး ဗဟိုဌာနကပါ အသုံးပြုရန် အကြံပြုထားသည်။[၁][၂] ကလေးအသက်(၆)လမတိုင်ခင်တွင် (၂)ကြိမ် သို့မဟုတ် (၃)ကြိမ်ပေးရသည်။ ပထမအကြိမ်ဆေးကို ကလေးအသက်(၆)ပတ်ခန့်တွင် ပေးရပြီး နောက်ပိုင်းအကြိမ်များကို နောက်ထပ်(၄)ပတ်စီခြား၍ ပေးရသည်။ အကယ်၍ နှစ်ကြိမ်သာ ထိုးခံခဲ့ပါက နောက်တစ်ကြိမ်ထပ်ထိုးသင့်သည်။ ဤကာကွယ်ဆေးကို ကြွက်သားအတွင်းသို့ ထိုးနှံရသည်။[၁]

အဆုတ်ရောင် ဘီရောဂါကာကွယ်ဆေးကြောင့် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်လေ့မရှိပါ။ (၂၀-၂၅)ရာခိုင်နှုန်းခန့်၌ ကာကွယ်ဆေးထိုးသည့်နေရာတွင် နာကျဉ်ခြင်းဖြစ်တတ်ပြီး (၂)ရာခိုင်နှုန်းခန့်တွင် ကိုယ်ပူခြင်းဖြစ်တတ်သည်။ ပြင်းထန်သော ဆေးမတည့်သည့်တုံ့ပြန်မှုနှင့် သက်ဆိုင်ကြောင်း အထောက်အထားမရှိပါ။ ဤကာကွယ်ဆေးကို သီးသန့်ဆေးအဖြစ်နှင့် အခြားကာကွယ်ဆေးများဖြင့် ရောစပ်ထားသောဆေးအနေဖြင့်ပါ ရရှိနိုင်သည်။ မေးခိုင်ဆုံဆို့ကြက်ညှာရောဂါကာကွယ်ဆေးများနှင့် ရောစပ်ထားသောဆေး၊ အသည်းရောင်အသားဝါ ဘီရောဂါကာကွယ်ဆေးနှင့် ရောစပ်ထားသောဆေးတို့အနေဖြင့် ရရှိနိုင်သည်။ ဤကာကွယ်ဆေးများသည် ရောဂါပိုး၏ပဋိဇာတ်နှင့် သယ်ဆောင်ပေးသောပရိုတိန်းတို့ကို ပေါင်းစပ်ထားသော ကွန်ဂျုဂိတ်ကာကွယ်ဆေး(conjugate vaccine) အမျိုးအစားများဖြစ်သည်။[၁] ပထမဆုံး အဆုတ်ရောင် ဘီရောဂါကာကွယ်ဆေးကို (၁၉၇၇)ခုနှစ်တွင် စတင်ပြုလုပ်ခဲ့ပြီး (၁၉၉၀)နှစ်ပိုင်းတွင် ပို၍အကျိုးသက်ရောက်မှုရှိသောဆေးဖြင့် အစားထိုးအသုံးပြုခဲ့သည်။ (၂၀၁၃)ခုနှစ်တွင် နိုင်ငံပေါင်း(၁၈၄)နိုင်ငံတွင် ဤကာကွယ်ဆေးကို ပုံမှန်ထိုးသင့်သော ကာကွယ်ဆေးအဖြစ် သတ်မှတ်ခဲ့ကြသည်။[၁] ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသည့် အခြေခံကျန်းမာရေးစနစ်အတွက် အဓိကလိုအပ်သောဆေးများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။[၃] (၂၀၁၄)ခုနှစ်တွင် လေးမျိုးစပ်ဆေး၏ လက်ကားဈေးမှာ (၁၅.၄၀)ဒေါ်လာဖြစ်ပြီး[၄] အမေရိကန်နိုင်ငံတွင် (၂၅-၅၀)ဒေါ်လာခန့် ပေးရသည်။[၅]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ "Haemophilus influenzae type b (Hib) Vaccination Position Paper – July 2013."
  2. "Haemophilus b conjugate vaccines for prevention of Haemophilus influenzae type b disease among infants and children two months of age and older.
  3. "WHO Model List of EssentialMedicines" (PDF).
  4. "Vaccine, Pentavalent".
  5. Hamilton, Richart (2015).