အဆိပ်ဖြေဆေး

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

နာဖျားမကျန်းရှိသူတစ်ဦး တွင် ရောဂါပိုးများသည် လူနာ၏သွေးသားတို့ကို စားသောက် ခြင်းဖြင့် ရောဂါဝေဒနာကို ဖြစ်စေသည်ဟု ထင်မှတ်တတ်ကြ ၏။ သို့သော် အကယ်စင်စစ်မှာ ထိုသို့မဟုတ်ပေ။ ပိုးတို့မှ ဖြစ်သောအဆိပ်တို့သည် လူနာ၏ကိုယ်ခန္ဓာတစ်လျှောက် ပျံ့နှံ့ သွားသောကြောင့်သာလျှင် ရောဂါဝေဒနာဖြစ်လေသည်။ ဤ အချက်ကို သိပ္ပံပညာရှင်ကြီးများက အောက်ပါအတိုင်း သက်သေပြကြလေသည်။ ပထမဆုံးသူတို့သည် ရောဂါဖြစ်စေ တတ်သော ပိုးများကို ပိုးပျိုးယူသော အရည်များတွင် မွေးမြူ၍ စစ်ထုတ်လိုက်သည်။ ထို့နောက် တိရစ္ဆာန်တစ်ကောင်ကို ထို အရည်ဖြင့် ဆေးထိုးပေးရာ ထိုတိရစ္ဆာန်၏ ကိုယ်ခန္ဓာတွင် ပိုး များ မဝင်ရောက်သော်လည်း ထိုတိရစ္ဆာန်တွင် ရောဂါရရှိသည် ကို တွေ့ရသည်။


လူ၏ကိုယ်ခန္ဓာတွင် ရောဂါပိုးတို့ကြောင့် ဖြစ်သော အဆိပ်များအနက် မေးခိုင်ရောဂါကိုဖြစ်စေတတ်သည့် အဆိပ် သည် ကျွန်ပ်တို့ သိရှိသမျှသော အဆိပ်တို့အနက် အပြင်းထန် ဆုံးဖြစ်၏။ ထိုအဆိပ်သည် စတြစ်နင်းခေါ် အဆိပ်ထက် အဆ နှစ်ရာ့ငါးဆယ်မျှ ပိုမိုပြင်းထန်လေသည်။ ထိုအဆိပ်ကို တစ်စက် သို့မဟုတ် နှစ်စက်ခန့်ထိုးပေးရုံနှင့် ဆင်ကဲ့သို့သတ္တဝါ ကြီးမျိုးပင် သေဆုံးသွားနိုင်သည်။ ယခုအခါ ဆေးဖက်ဆိုင်ရာ ဓာတုဗေဒပညာရှင်ကြီးများ၏ စွမ်းဆောင်မှုကြောင့် ထိုအဆိပ် ကို ပြယ်စေနိုင်သော အန်တီတော့ဆင်ခေါ် အဆိပ်ဖြေဆေးကို တွေ့ရှိပေပြီ။ ဆင်ကောင်အားသေစေနိုင်လောက်သောအဆိပ် ဖြင့် ထိုးပေးထားသည့် ပူးကို ဤအဆိပ်ဖြေဆေးဖြင့် ကုသပေး သောအခါ ပူးသည် ပကတိကျန်းမာလျက်ရှိလေသည်။


အန်တီတော့ဆင် အဆိပ်ဖြေဆေးကို တွေ့ရှိလာခဲ့ခြင်း မှာ လူနှင့်တကွသောသတ္တဝါဟူသရွေ့၏ ကိုယ်ခန္ဓာတွင် သဘာဝ အလျောက် အဆိပ်ကိုကာကွယ်ပေးနိုင်သော ဆေးများရှိသည်ဟူ သော အချက်ကို သိရှိလာခဲ့ခြင်းကြောင့်ဖြစ်သည်။ အကယ်၍ သက်ရှိသတ္တဝါတို့၏ ကိုယ်ခန္ဓာတွင် ရောဂါပိုးများကြောင့် အဆိပ်ဖြစ်သည်ဟု ဆိုပါစို့။ ထိုအခါ ကိုယ်ခန္ဓာတွင် ထိုအဆိပ် ကိုပြယ်သွားစေရန် အဆိပ်ဖြေဆေးများ အလိုလို ဖြစ်ပေါ်လာ လေသည်။

အဆိပ်သည် အဆိပ်ဖြေဆေးထက်များလျှင် လူနာ သေဆုံးသွားတတ်၍ အဆိပ်ဖြေဆေးထက်နည်းသောအခါ လူနာ တွင် ရောဂါပျောက်ကင်းသွားတတ်ပေသည်။ အဆိပ်ကိုပြယ်စေ နိုင်သောသတ္တိသည် သွေး၏ အကြည်ရည်ထဲတွင်ဖြစ်သည်။ ဤ သို့အဆိပ်ကို ပြယ်စေနိုင်သော သွေးကြည်ရည်ကို အဆိပ်ဖြေ သွေးကြည်ရည်ဟုခေါ်၍ ပိုးများကိုသေစေနိုင်သော သွေးကြည် ရည်ကိုမူကား ပိုးသေသွေးကြည်ရည်ဟု ခေါ်သည်။


များသောအားဖြင့် လူသတ္တဝါတို့၏သွေးတွင် ဖြစ်လာ သည့် အဆိပ်ဖြေဆေးသည် ရောဂါကို ပျောက်ကင်းစေရုံမျှမက နောင် ရောဂါမဖြစ်ပေါ်အောင်လည်း ကာကွယ်နိုင်လေသည်။ တစ်နည်းအားဖြင့်ဆိုသော် လူနာတစ်ဦးတွင် ဒစ်ဖသီးရီးယား ရောဂါစွဲကပ်၍ ပျောက်ကင်းသွားလျှင် တစ်သက်လုံးထိုရောဂါ မဖြစ်တော့သည်ကို ဆိုလိုသည်။ ဤသို့ဖြစ်ရခြင်းမှာ လူနာ၏ သွေးတွင် ရောဂါပိုးများကို အဆိပ်များမထုတ်လွှတ်နိုင်မီ သုတ် သင်ပစ်နိုင်သော သတ္တိရှိလာခြင်းကြောင့်သော် လည်းကောင်း၊ အဆိပ်ဖြေဆေးသည် လူနာ၏ကိုယ်တွင် အချိန်ကြာမြင့်စွာရှိနေ ခြင်းကြောင့်သော်လညေ်းကာင်း ဖြစ်ဟန်တူပေသည်။ ဤအချက် ကိုသိသောအခါ ဓာတုဗေဒပညာရှင်များသည် ရောဂါဝေဒနာကို တွန်းလှန်ဖြိုဖျက်ရန် နည်းနှစ်နည်းကို အသုံးပြုကြလေသည်။ ပထမနည်းမှာ ကိုယ်ခန္ဓာတွင် အဆိပ်ဖြေသွေးကြည် ရည် သို့မဟုတ် ပိုးသေသွေးကြည်ရည်ကို ဖန်တီးနိုင်အောင် ပြု လုပ်ပေးသောနည်းဖြစ်၍ ဒုတိယနည်းမှာမူ အခြားသတ္တဝါများမှ ရရှိသော အဆိပ်ဖြေသွေးကြည်ရည် သို့မဟုတ်ပိုးသေသွေးကြည် ရည်ကို ကိုယ်ခန္ဓာတွင်းသို့ ထိုးပေးသောနည်းဖြစ်သည်။


ပထမနည်းကား ကာကွယ်လိုသောရောဂါ အလွန်အား နည်းသည့်ပိုးများဖြင့် ကျန်းမာနေသော လူတစ်ဦးအား ထိုးပေး ခြင်းဖြစ်သည်။ ယင်းသို့ ထိုးပေးလိုက်သည်နှင့် ထိုလူတွင် ထို ရောဂါပိုးများကို တွန်းလှန်နိုင်သောသတ္တိ ပေါ်ပေါက်လာပြီး ရောဂါကိုမဖြစ်ရအောင် ကာကွယ်လေသည်။ ကျောက်ထိုး ဆေး၊ တိုက်ဖွိုက်ရောဂါ ထိုးဆေးများသည် ဤသဘောကိုယူ၍ စီမံထားသော ဆေးများဖြစ်ကြသည်။ ဒုတိယနည်းတွင် ရောဂါ ပိုးများကို မြင်းကဲ့သို့သော တိရစ္ဆာန်တို့၏ ကိုယ်တွင်ထိုးပေး သည်။ ထိုတိရစ္ဆာန်များတွင် ရောဂါကို ခုခံကာကွယ်နိုင်လာ သောအခါ သွေးကိုအနည်းငယ်စီထုတ်၍ သွေးမှတစ်ဖန်အကြည် ရည်ကိုယူသည်။ ထိုသွေးကြည်ရည်ကို လူ၏ ကိုယ်ခန္ဓာတွင် ထိုးပေးသောအခါ ထိုလူတွင် မြင်းများမှာကဲ့သို့ ရောဂါကိုခုခံ ကာကွယ်နိုင်သော သတ္တိရှိလာလေသည်။


အဆိပ်ဖြေဆေးတစ်မျိုးသည် အဆိပ်တစ်မျိုးကိုသာ ဖြေ နိုင်သည်။ ဒစ်ဖသီးရီးယားဆုံဆို့နာ၊ မေးခိုင်နာ၊ စကားလက် ဖျား၊ မြွေဆိပ်တက်ခြင်း၊ ဗော်တျူလိုင် အဆိပ်တောက်ခြင်း၊ အနာမီးစသော အနာရောဂါတို့အတွက် အဆိပ်ဖြေဆေးများ အသီးအခြားရှိကြလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)