ပြည့်ဖြိုးမြဲစွမ်းအင်

ဝီကီပီးဒီးယား မှ
(အစားထိုးစွမ်းအင် မှ ပြန်ညွှန်းထားသည်)
လေစွမ်းအင်၊ နေရောင်ခြည်စွမ်းအင်နှင့် ရေအားလျှပ်စစ်တို့သည် တဖန်ပြန်လည်သုံးစွဲနိုင်သည့် စွမ်းအင်များဖြစ်သည်။

ပြည့်ဖြိုးမြဲ စွမ်းအင် ဆိုသည်မှာ နေရောင်ခြည်၊ လေ၊ မိုး၊ ဒီရေ၊ ရေလှိုင်း အစရှိသဖြင့် အသစ်ပြန်လည် ပြည့်ဖြိုးနေသော ရင်းမြစ်များမှ ရယူထားသည့် စွမ်းအင် ဖြစ်သည်။ ပြည့်ဖြိုးမြဲ စွမ်းအင်များ ရှာဖွေရခြင်း၏ အကြောင်းရင်းများစွာရှိသည်။ လေထု ညစ်ညမ်းစေသော အရာများနှင့် ဖန်လုံအိမ် အာနိသင်ဓာတ်ငွေ့များ လျှော့ချရေး ကြိုးပမ်းမှုအနေဖြင့် အမေရိကန်နှင့် နိုင်ငံ အများအပြား ရေးထိုးခဲ့ကြသော ကျိုတို သဘောတူညီချက်သည် ယနေ့ခေတ်၏ အဓိက အာရုံစိုက်နေသော အကြောင်းအရာ ဖြစ်သည်။ အစားထိုးစွမ်းအင် (သို့မဟုတ်) ပြန်လည် ဖြည့်တင်းနိုင်သော စွမ်းအင်ရင်းမြစ်များသည် လက်ရှိ စွမ်းအင် သုံးစွဲမှု၏ ဘေးထွက် ဆိုးကျိုး ဖြစ်သော အဆိပ်သင့်ပစ္စည်းများ ထုတ်လွှတ်မှုကို လျှော့ချနိုင်စေရန် အထောက်အကူပြုစေသည်။ အစားထိုး စွမ်းအင်သုံးစွဲခြင်းဖြင့် ဘေးဖြစ်စေသော ဘေးထွက်ပစ္စည်းထုတ်လွှတ်မှုကို တားဆီးနိုင်ရုံမက ယနေ့ခေတ်၏ အဓိက စွမ်းအင်ရင်းမြစ်အနေဖြင့် သုံးစွဲနေကြရသော သဘာဝ သယံဇာတရင်းမြစ်များကိုလည်း ယုတ်လျော့မှု မရှိစေအောင် ထိန်းသိမ်းနိုင်သည်။

စွမ်းအင် သည် ဖန်တီး၍ မရနိုင်သကဲ့သို့ ဖျက်စီး၍လည်း မရနိုင်ပေ။ အသွင် တစ်မျိုးမှ အခြားတစ်ခုသို့ ကူးပြောင်းခြင်းသာ ရနိုင်သည်။ ” (စွမ်းအင်တည်မြဲမှု နိယာမ)[၁]

ဖွံ့ဖြိုးမြဲစွမ်းအင်သည် နေရောင်ခြည်၊ လေ၊ ရေ၊ မိုး၊ အပူစွမ်းအင်၊ ဒီရေစသော သဘာဝအလျောက်ရရှိသည့် သမိုင်းအဆက်ဆက် လူသားများ အသုံးချခဲ့သော စွမ်းအင်ဟု ဆိုနိုင်သည်။[၂] ဖွံ့ဖြိုးမြဲ စွမ်းအင်သည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ရေကျိုချက်ခြင်း၊ လေအေးပေးစနစ်၊ ကူးသန်းသွားလာရေးနှင့် သီးခြား ပါဝါပေးစနစ်စသော အရေးပါသည့်ကဏ္ဍများ၌ ပါဝင်သည်။[၃] ၂၀၁၆ ခုနှစ် REN21 ၏ အဆိုအရ ဖွံ့ဖြိုးမြဲစွမ်းအင်မှ တစ်ကမ္ဘာလုံး စွမ်းအင်သုံးစွဲမှုပမာဏတွင် ၁၉.၂% မှ ၂၃.၇% အထိ ဖြည့်ဆည်းပေးသည်ဟု ဆိုသည်။ ဇီဝလောင်စာမှ ၈.၉%၊ အပူစွမ်းအင်မှ ၄.၂%၊ ရေအားလျှပ်စစ်မှ ၃.၉% နှင့် လေ၊ နေရောင်ခြည်စသည်တို့မှ ၂.၂% အသီးသီးရှိကြသည်။ ဖွံ့ဖြိုးမြဲစွမ်းအင်အတွက် တစ်ကမ္ဘာလုံး ရင်းနှီးမြုပ်နှံမှုမှာ ၂၀၁၅ ခုနှစ်အရ အမေရိကန်ဒေါ်လာ ၂၈၆ ဘီလီယံ ရှိသည်။ [၄]

ဖွံ့ဖြိုးမြဲ စွမ်းအင်နှင့်ဆက်နွယ်သော အလုပ်မှာ တစ်ကမ္ဘာလုံး ၇.၇ မီလီယံရှိပြီး [၅] ၂၀၁၅ ခုနှစ်အရ အသစ်တပ်ဆင်သော လျှပ်စစ်ဓာတ်အား ထက်ဝက်ကျော်သည် ဖွံ့ဖြိုးမြဲ စွမ်းအင်ဖြစ်သည်။[၆] ဖွံဖြိုးမြဲ စွမ်းအင်ကဏ္ဍ အလျင်အမြန် တိုးတက်လာခြင်းသည် စွမ်းအင်ကို အကျိုးရှိရှိ အသုံးချခြင်း၊ ရာသီဥတုပြောင်းလဲမှုအား ထိန်းညှိခြင်း၊ စီးပွားရေး အကျိုးကျေးဇူးများခြင်း စသောရလဒ်များကို ဖြစ်ထွန်းစေသည်။[၇]

လေစွမ်းအင်[ပြင်ဆင်ရန်]

လေအားလျှပ်စစ်ထုတ်စက်

လေအားလျှပ်စစ်ထုတ်စက် တာဘိုင်ရဲ့ ဒလက်များ လည်ပတ်စေဖို့အတွက် လေတိုက်ခတ်မှု စွမ်းအားကို အသုံးပြုပါတယ်။ ဒလက်များက လျှပ်ထုတ်စက် ဂျင်နရေတာကို လည်ပတ်စေခြင်းဖြင့် လျှပ်စီးရအောင် ပြောင်းလဲပေးပါတယ်။ ရှေးကျတဲ့ လေအားနဲ့လည်တဲ့ စက်တွေမှာ လေစွမ်းအင်ကို အသုံးချပြီး စက်ပစ္စည်းများကို လည်ပတ်စေခြင်းဖြင့် ပဲမျိုးစုံ ကြိတ်ခွဲခြင်း၊ ရေတင်ခြင်း အစရှိတဲ့ အလုပ်မျိုးကို လုပ်ဆောင်စေတယ်။ ဒလက်တပ်ထားတဲ့ တိုင်အမြင့် (တာဝါ) ကို လေတိုက်နှုံးမြင့်တဲ့ ကွင်းပြင်လို နေရာမျိုးမှာ တည်ဆောက်ရတယ်။ လေအားလျှပ်စစ်ကို ပမာဏ အမြောက်အမြားရအောင် ထုတ်ယူပြီး နိုင်ငံနဲ့ ချီတဲ့ လျှပ်စစ်ဓာတ်အားပေး စနစ်တွေမှာ အသုံးပြု သလို အိမ်တစ်လုံးချင်း သို့မဟုတ် သတ်မှတ်ထားတဲ့ နေရာ ဒေသ တစ်ခုအတွက် လေအားလျှပ်စစ် ထုတ်စက် တစ်လုံးချင်း တည်ဆောက်ပြီးလည်း သုံးကြတယ်။ သက္ကရာဇ် ၂၀၀၅ ခုနှစ်မှာတော့ တကမ္ဘာလုံး စုစုပေါင်း လေအားလျှပ်စစ် ထုတ်လုပ်မှု ပမာဏဟာ ၅၈,၉၈၂ မက်ဂါဝက် အထိ ရှိပြီး ဒီပမာဏဟာ တကမ္ဘာလုံး လျှပ်စစ်သုံးစွဲမှုရဲ့ ၁ ရာခိုင်နှုံးထက် နည်းသေးတာတွေ့ရတယ်။

အားသာချက်များ[ပြင်ဆင်ရန်]

  1. ရုပ်ကြွင်းလောင်စာတွေ မီးရှို့သုံးတာလိုမျိုး ဓာတုဓာတ်ပြုမှု မရှိတဲ့ အတွက် သဘာဝ ပတ်ဝန်းကျင်အတွက် ညစ်ညမ်းစေမှု ကင်းတယ်။ လေအားလျှပ်စစ်ထုတ်ယူမှုကနေ ဘေးထွက် ဆိုးကျိုးလည်း လုံးဝကို ကင်းရှင်းတယ်။
  2. ပြန်လည် ဖြည့်တင်းနိုင်တဲ့ စွမ်းအင် ရင်းမြစ်ဖြစ်တဲ့ အတွက်ကြောင့် စွမ်းအင် ကုန်ဆုံး ခမ်းခြောက်သွားဖို့ မရှိဘူး။
  3. လေအားလျှပ်စစ် ထုတ်စက် တည်ဆောက်ထားရာ နေရာမှာ လယ်ယာလုပ်ငန်း ဆက်လက် လုပ်ဆောင်နိုင်တဲ့ အတွက်ကြောင့်လည်း ဇီဝလောင်စာ ထုတ်လုပ်မှု ကိုလည်း အထောက် အကူ ပြုတယ်။
  4. လေအားလျှပ်စစ်ထုတ်စက်ကို ကမ်းလွန်ပင်လယ်ပြင်မှာလည်းပဲ တည်ဆောက်နိုင်တယ်။

အားနည်းချက်များ[ပြင်ဆင်ရန်]

  1. လေတိုက်နှုံးသည် တသမတ်တည်း မရှိဘူး။ ပုံမှန် စွမ်းအင် ပမာဏ ရရှိစေဖို့ လေတိုက်နှုံး တသမတ်တည်း လိုအပ်ပါတယ်။ အကယ်၍ လေတိုက်နှုံး လျော့သွား ခဲ့မယ်ဆိုရင် တာဘိုင်လည်နှုံး လျော့ကျသွားမှာ မို့လို့ လျှပ်စစ်ထုတ်လုပ်မှုလည်း လျော့ကျသွားပါလိမ့်မယ်။
  2. သဘာဝကွင်းပြင်ကျယ်မှာ ရှုခင်းအားဖြင့် အကျည်းတန်စေတယ်။

နေရောင်ခြည် စွမ်းအင်[ပြင်ဆင်ရန်]

နေစွမ်းအင်သုံးဆိုလာပြားများအား ဂြိုဟ်တုမှ တဆင့် တွေ့ရပုံ

နေစွမ်းအင်ကို အပူပေးခြင်း၊ ချက်ပြုတ်ခြင်း၊ လျှပ်စစ် ထုတ်ခြင်း သာမက ပင်လယ်ရေမှ ရေချိုထုတ်ခြင်း လုပ်ငန်းတွေမှာပါ ပုံမှန်အားဖြင့် အသုံးပြုတယ်။ နေရောင်ခြည် ထိတာနဲ့ လျှပ်စစ်ထုတ်လုပ်ပေးနိုင်တဲ့ နေစွမ်းအင်သုံး ဆဲလ်တွေနဲ့ နေရောင်ခြည်ကို ဖမ်းယူတယ်။ ဒါ့အပြင် နေရဲ့ နေရောင်ခြည်ကို အသုံးပြုပြီး ရေ (သို့မဟုတ်) လေကို အပူပေးနိုင်ဖို့လည်း အသုံးပြု ကြပါသေးတယ်။ ဘဲဥပုံ မှန်ခုံးကို အသုံးပြုပြီး နေရောင်ခြည်စွမ်းအင်နဲ့ ရေကို ကြိုချက်ပြီး ရေနွေးငွေ့ထုတ်လုပ်ခြင်း၊ အိမ်တွေမှာ ပြတင်းပေါက်၊ တရုပ်ကပ်တွေကို ဖွင့်ပြီး နေရောင်ခြည်ကို အခန်းတွင်း ဝင်ရောက်စေခြင်းဖြင့် အခန်းကို တဆင့်ခံ အနွေးဓာတ်ပေးခြင်းတို့တွေ အတွက်လည်း အသုံးပြုတယ်။

အားသာချက်များ[ပြင်ဆင်ရန်]

  1. နေစွမ်းအင်ဟာ ပြန်လည်ဖြည့်တင်းနိုင်သော စွမ်းအင်ရင်းမြစ်ဖြစ်တယ်။ နေ တည်ရှိနေသမျှ ကာလပတ်လုံး နေစွမ်းအင်သည် ကမ္ဘာမြေကို ကျရောက်နေမှာဖြစ်တယ်။
  2. လောင်စာများ လောင်ကျွမ်းမှု မရှိတဲ့ အတွက် နေစွမ်းအင် ထုတ်လုပ်မှုကနေပြီး ရေလေ ညစ်ညမ်းစေမှု လုံးဝ မရှိပါဘူး။
  3. အပူပေးခြင်း အလင်းရောင်ပေးခြင်း တို့အတွက် နေစွမ်းအင်ကို အလွန်အကျိုးရှိစွာ အသုံးချနိုင်တယ်။
  4. ရေကူးကန်၊ ရေတိုင်ကီ တို့မျိုး အပူပေးခြင်းစတဲ့ အကျိုးကျေးဇူး တွေကတော့ အလွယ်တကူ မြင်လွယ်တွေ့လွယ်ပါတယ်။

အားနည်းချက်များ[ပြင်ဆင်ရန်]

  1. နေမပူတဲ့ အချိန်ဆိုရင် နေစွမ်းအင် ထုတ်လို့ မရဘူး။ ညဖက်တွေနဲ့ တိမ်ဖုံးတဲ့နေ့တွေမှာ ထုတ်လုပ်နိုင်တဲ့ စွမ်းအင်ပမာဏ အကန့်အသတ်ရှိတယ်။်
  2. နေစွမ်းအင်ထုတ်စက် တည်ဆောက်မှု ကုန်ကျစရိတ် အလွန်ကြီးမားတယ်။

ဘူမိအပူစွမ်းအင်[ပြင်ဆင်ရန်]

ဘူမိအပူစွမ်းအင်ထုတ် စက်ရုံ

စာပေ အသုံးအနှုံးအရ ဘူမိအပူဆိုသည်မှာ မြေကမ္ဘာ၏ အပူဖြစ်ပါတယ်။ မြေအောက်တွင် သိုအောင်း လျက်ရှိသော အပူဓာတ်ကို ထုတ်ယူအသုံးချခြင်း ဖြစ်ပါတယ်။ အပူဓာတ် ခိုအောင်းလျက် ရှိတဲ့ ကျောက်လွှာများက ရေကို အပူပေးကာ ရေနွေးငွေ့အဖြစ် ပြောင်းလဲစေတယ်။ မြေပြင်ကို လွန်သွားများဖြင့် တွင်းများ တူးပြီး ပန်းထွက်လာသော ရေနွေးငွေ့ကို သန့်စင်ကာ တာဘိုင်များ လည်ပတ်စေရန် အသုံးပြုပြီး လျှပ်စစ်ထုတ်လုပ်သည်။

အားသာချက်များ[ပြင်ဆင်ရန်]

  1. စည်းစနစ်မှန်ကန်စွာ လုပ်ဆောင်မယ်ဆိုရင် ဘူမိအပူစွမ်းအင်သည် ဘေးထွက် ဆိုးကျိုးဖြစ်ပစ္စည်း မထွက်ပါဘူး။
  2. ဘူမိအပူလျှပ်စစ်ထုတ်စက်ရုံ တစ်ကြိမ်တည်ဆောက်ပြီးရင် ပုံမှန်အားဖြင့် စွမ်းအင်ကို အကျိုးရှိစွာ အသုံးချနိုင်တယ်။
  3. ဘူမိအပူစွမ်းအင်ထုတ်စက်တွေဟာ အများအားဖြင့် သေးငယ်ပြီး သဘာဝ မြေမျက်နှာပြင်သွင်ပြင်ကို ထိခိုက်စေမှု နည်းတယ်။

အားနည်းချက်များ[ပြင်ဆင်ရန်]

  1. တည်ဆောက်ပုံ မှားယွင်းမယ်ဆိုရင်တော့ ဘူမိအပူစွမ်းအင်ဟာ ညစ်ညမ်းမှု ထုတ်လွှတ်နိုင်ပါတယ်။
  2. မြေပြင်ကို ထွင်းဖောက်တူးတဲ့ အခါမှာ ပုံစံမကျခဲ့ရင် ဘေးဖြစ်စေတတ်တဲ့ သတ္တုနဲ့ ဓာတ်ငွေ့တွေ ထွက်လာတတ်တယ်။
  3. ဘူမိအပူ လျှပ်စစ်ထုတ်စက် တွေမှာ ရေနွေးငွေ့တွေ ပန်းထွက်တာမျိုး ဖြစ်လေ့ဖြစ်ထရှိတယ်။

ရေအားလျှပ်စစ်[ပြင်ဆင်ရန်]

ရေအားလျှပ်စစ် စက်ရုံ

ဆည်တွေ ရေကာတာတွေနဲ့ သိုလှောင်ထားတဲ့ ရေကို ဖွင့်ချစီးဆင်းစေရာက ရတဲ့ ရေစီးအားနဲ့ တာဘိုင်နဲ့ လျှပ်စစ်ထုတ်စက်တွေကို လည်ပတ်စေရာကနေ လျှပ်စစ်ထုတ်ယူတယ်။ ရေအားလျှပ်စစ် ထုတ်နည်း နောက်တစ်နည်းကတော့ သိုလှောင်ထားစရာ မလိုတဲ့ ဒီရေလိုမျိုး အတက်အကျရှိတဲ့ ရေအားကို အသုံးပြု၍ လျှပ်စစ်ထုတ်ယူခြင်း ဖြစ်တယ်။ ရေကာတာ (သို့မဟုတ်) တူးမြောင်း လိုမျိုး တစ်နေရာကနေ ဆီးပြီး မြစ်ရဲ့ ကမ္ဘာမြေဆွဲအားကြောင့် ဖြစ်ပေါ်လာတဲ့ စီးဆင်းမှု အရှိန်ကို အသုံးချပြီး ရေအားလျှပ်စစ်ထုတ်လုပ်တယ်။ အဲဒီ ဆည်တည်ထားတဲ့ နေရာမှာ ဖြစ်ပေါ်တဲ့ ရေရဲ့ ဖိအားစီးနင်းတဲ့ အရှိန်ကို တာဘိုင်ဒလက်တွေ လည်စေဖို့ အသုံးချတယ်။ ရေအားနဲ့ ထုတ်ယူရရှိတဲ့ လျှပ်စစ်ကနေပဲ ရေကို နောင်တစ်ချိန်သုံးစွဲနိုင်စေဖို့ မော်တာနဲ့ ပြန်လည် မောင်းတင် ထိမ်းသိန်းထားနိုင်တယ်။

အားသာချက်များ[ပြင်ဆင်ရန်]

  1. ရေကို လှောင်ကန်နဲ့ လှောင်ပြီး ပြန်လည် လွှတ်ချတယ်။ ဒါ့ကြောင့် အခြား အစားထိုး စွမ်းအင်တွေနဲ့ မတူတာက ချက်ချင်း လိုအပ်တဲ့ ရေအားပမာဏ၊ ရေရရှိနိုင်မှုကို ထိခိုက်စေမဲ့ ပြင်ပသက်ရောက်မှုတွေ မရှိတဲ့ အတွက် လျှပ်စစ်စွမ်းအင်ကို ပုံမှန်နှုံးနဲ့ ထုတ်ယူနိုင်တယ်။
  2. စွမ်းအင်ထုတ်လုပ်မှု အတွက် ဓာတု ဓာတ်ပြုမှု မရှိတဲ့ အတွက် ပတ်ဝန်းကျင် ညစ်ညမ်းစေမှု မရှိဘူး။
  3. ရေအားလျှပ်စစ်အတွက် သုံးသော ရေကို ပြန်လည် သုံးစွဲနိုင်သည်။

အားနည်းချက်များ[ပြင်ဆင်ရန်]

  1. ရေလှောင်ကန်ဆည်များ တည်ဆောက်မှု ကုန်ကျငွေ မြင့်မားသည်။
  2. စွမ်းအင်ထုတ်လုပ်မှုအတွက် လိုအပ်သော ရေစီးအားနှင့် လုံလောက်သော ပမာဏ ရရှိရန် လိုအပ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. https://www.feynmanlectures.caltech.edu/I_04.html
  2. "Renewable energy resources: Current status, future prospects and their enabling technology" (2014). Renewable and Sustainable Energy Reviews 39: 748–764 [749]. doi:10.1016/j.rser.2014.07.113. 
  3. REN21 (2010). Renewables 2010 Global Status Report p. 15.
  4. REN21, Global Status Report 2016. Retrieved 8th June 2016.
  5. IRENA, Renewable energy and jobs, Annual review 2015, IRENA.
  6. Renewables made up half of net electricity capacity added last year | Environment | The Guardian
  7. International Energy Agency (2012)။ Energy Technology Perspectives 2012