အစာချေခြင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ကျွန်ုပ်တို့ စားလိုက်သော အစာသည် ခန္ဓာကိုယ်၌ အားအင်ပြည့်တင်း၍ အသားအရေ ကောင်းလာစေရန်အတွက် မြူမှုန်ကလေး(ဝါ) မောလီကျူးများဖြစ်သွားအောင် ကြိတ်ချေပေးရခြင်းကို အစာချေသည်ဟု ခေါ်သည်။ ဤသို့ အစာကြေသွားခြင်းအားဖြင့် အစာမှုန်ကလေး များသည် အူနံရံများမှတဆင့် သွေးထဲသို့ ရောက်ရှိသွားနိုင် လေသည်။ သွေးကြောမှတဆင့် ခန္ဓာကိုယ် တစ်ခုလုံးသို့ ပျံ့နှံ့ သွားလေသည်။ အစာကြောင်း အားလုံးလောက်မှာပင် အစာချေ ခြင်းကိစ္စကို ပြုလုပ်လျက် ရှိသည်။ ဤအစာကြောင်း များတွင် အစာသည် အင်ဇိုင်းခေါ် ဓာတ်ပစ္စည်းတစ်မျိုးနှင့် ရောသွား၏။ ဤအင်ဇိုင်းသည် အစာကို လျင်မြန်စွာ ကြေသွားအောင် ကူညီ ပြုလုပ်ပေးသော ဓာတ်ကူပစ္စည်း ဖြစ်သည်။

ကစီ၊ သကြား (ဝါ) ကာဗိုဟိုက်ဒရိတ်၊ အဆီနှင့် ပရိုတင်း စသော အစာများသည် အလွန်ရှုပ်ထွေးသော မော်လီကျူးတို့ဖြင့် ဖွဲ့စည်းနေရကား ကြေအောင် ချေပေးရမည် ဖြစ်သည်။ အစာ ကြေသွားပြီးသောအခါ ကစီနှင့် ရှုပ်ထွေးသော သကြားများ သည် သကြားရိုးရိုးအဖြစ်သို့ ပြောင်းလဲဲသွား၍ အဆီများသည် ဖက်ဘီး အက်ဆစ်နှင့် ဂလစ်ဆရင်အဖြစ်သို့ ပြောင်းလဲကာ ပရိုတင်းများမှာ အမီနိုအက်ဆစ်အဖြစ်သို့ ပြောင်းသွားလေသည်။ ရိုးရိုး သကြား၊ ဖက်ဘီး၊ အက်ဆစ်၊ ဂလစ်ဆရင်နှင့် အမီနို အက်ဆစ်များသည် ကြေပြီးအစာများ ဖြစ်သည် အားလျော်စွာ သွေးကြောများထဲသို့ ရောက်သွားနိုင်လေသည်။ ဗီတာမင် ်သတ္တု ဓာတ်နှင့် ရေတို့ကား နူးညံ့သော အစာများဖြစ်သောကြောင့် ချေရန် မလိုချေ။

အစာချေခြင်း ကိစ္စကို ပါးစပ်တွင်ပင် အစပြုသည်။ ပါးစပ်တွင် အစာထည့်၍ ဝါးလိုက်ခြင်းသည်ပင် အစာချေ ခြင်းအတွက် အလွန်အရေးကြီး၏။ ဝါးပြီးသော အစာသည် အလွန်သေးငယ်သော အမှုန့်ကလေးများ အဖြစ်သို့ ရောက် သွားသောအခါ အင်ဇိုင်းပါသော အစာချေရည်သည် ထိုအစာ များနှင့် ကောင်းစွာ ရောနှော သွားပြီးလျှင် စိုစွတ်လာသည်။ တံတွေးတွင် သွားရည်ပါစကခေါ်သော အင်ဇိုင်းပါရှိရာ ယင်း သည် ကစီအချို့ကို သကြားအဖြစ်သို့ ပြောင်းလဲပေးလိုက်လေ သည်။

အစာကို မျိုချလိုက်သောအခါ အစာသည် အစာပြွန်မှတဆင့် အစာအိမ်သို့ ရောက်သွား၏။ ရောက်သွားသော အစာကို အစာ ချေရည်များက ခပ်ပြင်းပြင်း ရောနှော မွှေနှောက်ပေးလိုက်၏။ ဤသို့ ရောနှော မွှေနှောက်ပေးနိုင်ခြင်းမှာ အစာအိမ်နံရံရှိ သန်မာသော ကြွက်သားများ၏ ရှုံ့လိုက်ကြွလိုက် လုပ်ပေးမှုများ ကြောင့် ဖြစ်သည်။ အစာအိမ်ရှိ အစာများချေရည်ကို အစာအိမ် ရည်ဟု ခေါ်သည်။ ယင်းတွင် ဟိုက်ဒရို ကလောရစ်အက်ဆစ် နှင့် ပက်ပဆင်တို့ ပါရှိသည်။ အစာအိမ်ရှိ အစာများအားလုံး အစာအိမ်ရည်နှင့် သမအောင် ရောနှောသွားသည်အထိ ဆက်လက်၍ မွှေလျက်ရှိနေလေသည်။

အစာအိမ်ရည်သည် အသား၊ ဥနှင့် နို့ကဲ့သော ပရိုတင်း အစာများကို စတင်ချေသည်။ ကီ၊ သကြားနှင့် အဆီများကို အစာအိမ်ရည်က မချေပေ။ အစသည် အစာအိမ်၌ အစာအမျိုး အစားကိုလိုက်၍ နှစ်ရာရီမှ ၅ နာရီထိ တည်သည်။ အစာအိမ် ရည်သည် အစာများကို ရောမွှေ၍ တစိတ်တဒေသ ကြိတ်ချေပြီး သောအခါ မူလက ခဲနေသော အစာသည် ပျော့အိအိ ဖြစ်လာ သည်။ ထိုအခါ အစာသည် အစာအိမ်မှ အူသိမ်သို့ သက်ဆင်း သွားလေသည်။

အူသိမ်တွင် တစ်စိတ်တစ်ဒေသ ကြေခဲ့ပြီးသော အစာကို ပန်ကရိရည်၊ အူရည်နှင့် သည်းခြေရည်တို့က တစ်ဖန် ချေကြ ပြန်သည်။ ပန်ကရိမှ ဖြစ်ပေါ်လာသော ပန်ကရိရည်သည် အူသိမ်သို့ ပြွန်မှတစ်ဆင့် ဝင်လာသည်။ ပန်ကရိရည်တွင် အင်ဇိုင်းများဖြစ်ကြသော တြစ်ပဆင်၊ အမီလော့ ပဆင်နှင့် စတီ အပ္ပဆင်တို့ ပါဝင်ကြရာတွင် တြစ်ပဆင်သည် တစ်စိတ် တစ်ဒေသ ကြေခဲ့ပြီးသော ပရိုတင်းကို ထပ်၍ချေ၏။ အမီ လော့ပဆင်က ကစီကို သကြားအဖြစ်သို့ ပြောင်းပေး၏။ စတီအပ္ပဆင်ကမူ အဆီကို ဖက်တီးအက်ဆစ်နှင့် ဂလစ်ဆရင် အဖြစ် ခွဲပေးလိုက်သည်။ အူရည်သည် အူသိမ်နံရံများမှ ဖြစ်ပေါ်လာ၍ ပန်ကရိရည်လောက် အစာချေရာတွင် ခရီး မရောက်လှချေ။ သည်းခြေရည်သည် သည်းခြေအိတ်တွင်ရှိသော အသည်းမှ ထွက်၍ သည်းခြေပြွန်မှ တစ်ဆင့် အူသိမ်ထဲသို့ စီးဝင်သွားလေသည်။ သည်းခြေရည်သည် အဆီကိုချေ၍ အစာ ကို မပုပ်မသိုးအောင် ဆောင်ရွက် ပေးသည်။

အစာသည် လုံးလုံးကြေသွားသောအခါ နို့ရည်နှင့် ဆင်တူ၍ အနည်းငယ်ချဉ်သည်။ ပျော့အိအိလည်း မဖြစ်တော့ချေ။ ဤ ကြေပြီးသားအစာများကို အူသိမ်နံရံများရှိ သေးငယ်သောသွေး ကြောများနှင့် သွေးဖြူကြော များက စုတ်ယူသွားသည်။ ထိုမှ တစ်ဆင့် ခန္ဓာကိုယ် အာဟာရဓာတ် ဖြည့်တင်းရေးအတွက် တစ်ကိုယ်လုံးသို့ လှည့်ပတ်သွားလေသည်။ အစာမှုန့်များသည် လုံးဝကြေသွားမှသာ အူနံရံများနှင့် သွေးကြောများသို့ ရောက် သွားနိုင်သည်။

အူမတွင် အစာချေခြင်းကိစ္စ မရှိသလောက်ပင်ဖြစ်သည်။ ယင်းသည် အစာဟောင်းသို့ သိုလှောင်၍ ရေနှင့်သတ္တုဓာတ် အနည်းငယ်လောက်ကို စုတ်ယူသည်။ အူမတွင် စု၍နေသော အစာဟောင်းကား ချေ၍ မရနိုင်သောအစာကြမ်းများဖြစ်ရာ ယင်းတို့ကို မကြာမကြာ ခန္ဓာကိုယ်မှ စွန့်ထုတ်ရလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)